← Chapters

ပညာရှင်တွေ ရူးကုန်ပြီ

Vol. 8 Ch. 33

ပညာရှင်တွေ ရူးကုန်ပြီ

Vol. 8 Ch. 33

မိန့်ခွန်းပြောမယ့်အချိန် ရောက်လာပြီ။

ဂျင်ကယ်ရီက သူ့နာရီကို ငုံကြည့်လိုက်တယ်။ သူက ဒီနေရာကို ကြိုစောရောက်နေတာ။ ဂျင်က အချိန်ကို လေးစားပြီး အမြဲတမ်းအချိန်တိကျတဲ့သူပါ။ သူ့ရဲ့ရေပန်းစားမှုကို လုယူသွားသူနှစ်ယောက်ကို သူစောင့်နေတာ။

“ဘာမဟုတ်တဲ့ အပျော်တမ်းသမားနှစ်ယောက်က ငါ့ကိုကျော်တက်သွားရတယ်လို့။” ဂျင်ကယ်ရီက နယူးယောက်ပညာရေးဘုတ်အဖွဲ့လူကြီးအဖြစ် နှစ်ခါတိတိ တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ ဒီနယ်ပယ်နဲ့ပတ်သက်လာရင် အတော်ကျွမ်းကျင်မှုရှိပြီး လူစိမ်းဟုတ်မနေဘူး။ သူက ဖုန်းကိုထုတ်လိုက်ပြီး သူ့မန်နေဂျာပေးထားတဲ့ အချက်အလက်တွေကို ထုတ်ကြည့်ပါတယ်။အဲဒီအချက်အလက်တွေက လင်ဒါနဲ့ဖလေရာတို့ရဲ့အကြောင်းတွေပါ။

“တစ်ယောက်က CEO လား၊ တခြားတစ်ယောက်က ရဲစခန်းမှူးပေါ့။ ရဲတွေ ဒီလောကထဲဝင်လာတာမဆန်းပေမဲ့ စီးပွားရေးသမားတွေကတော့ ဝင်လာခဲတယ်။ ဝင်လာပြီဆိုရင်လည်း ပြဿနာအကြီးအကျယ်ရှာကြတာချည်းပဲ။ လွယ်တော့မလွယ်ဘူး။” သူမှတ်ချက်ချလိုက်တယ်။

မကြာခင်မှာပဲ မြို့တော်ဝင်ရုံးရှေ့ကို ကားတန်းနှစ်စီး စိုက်ရောက်လာတယ်။ ကားတန်းတစ်ခုက ရဲကားတွေဖြစ်ပြီး တခြားကားတန်းတစ်ခုကတော့ မာစီးဒီးကားတွေပါ။ မြို့တော်ဝန်ရုံးရှေ့က လူအုပ်က အဲဒီကားတန်းတွေကိုမြင်တာနဲ့ စပြီးလက်ခုပ်တီးကြပါတယ်။

ပထမဆုံးအနေနဲ့ ဖလေရာက သူ့ရဲ့မာစီးဒီးခြောက်ပေါက်ကားပေါ်ကနေ ဆင်းလာတယ်။ ဖလေရာက စီးပွားရေးသမား အမျိုးသမီးတွေ ဝတ်နေကျ အဖြူခံပေါ်မှာမှ အနက်ရောင်ဘောလုံးအကွက်လေးတွေပါတဲ့ ဘလောက်အင်္ကျီနဲ့ အနက်ရောင်မီနီစကပ်ကိုဝတ်ထားပါတယ်။ အနက်ရောင် စတော့ကင်အရှည်ကိုလည်း ဝတ်ထားသေးပြီး ပေါင်တံရှည်က လူကြားထဲမှာ အထင်းသားပါ။ သူ့ကိုတော့ မက်တယ်ပလာဒင် ကုမ္ပဏီက ဝန်ထမ်းတွေက ဝန်းရံထားကြတယ်။

တစ်ဖက်မှာတော့ မစ်ရှင်အဖွဲ့အတွက် မဟာမိတ်က သတ်မှတ်ပေးထားတဲ့ ရုံးတက်ယူနီဖောင်းကို ဝတ်ထားတဲ့ ဖလေရာရှိနေပြီး အဲဒီအမျိုးသမီးရုံးတက်ယူနီဖောင်းက ရဲမေဝတ်စုံနဲ့နည်းနည်းဆင်တူတယ်။ နက်ပြာရောင်ဖြစ်ပြီးတော့ ခါတိုင်းဝတ်နေကျ ဒေါက်ဘွတ်ဖိနပ်ကိုပဲ ဝတ်ဆင်ထားတာပါ။ ပြီးတော့ ခေါင်းပေါ်မှာ အရာရှိအဝတ်ဦးထုပ်အပြာကို စောင်းထားပြီးအင်မတန်စတိုင်ကျနနေတယ်။ သူ့ကိုတော့ နယူးယောက်ရဲဌာနက ရဲသားတွေက ဝန်းရံထားကြပါတယ်။ ဒီလူတွေက သူတို့အရာရှိဟောင်းလင်ဒါရဲ့လုံခြုံရေးဗန်းပြပြီး လိုက်လာကြတာ။

မိန်းမလှလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်တွေလိုမျိုး ကြည့်လိုက်ကြပြီး ပြိုင်တူလက်ပိုက်လိုက်ကြတယ်။

“ဟွန့်၊ ဖလေရာရေ။ ငါက နင့်ရဲ့မိတ်ဆွေအရင်းခေါက်ခေါက်ကြီးဆိုတော့ သတိပေးပါရစေ။ နယူးယောက်မြို့တော်ဝန်ရာထူးက တစ်ကြိမ်မှာတစ်ယောက်ပဲ တာဝန်ထမ်းဆောင်လို့ရတာနော်။ အချိန်မနှောင်းခင် တခြားမြို့တစ်မြို့မှာ မြို့ဝန်လုပ်ဖို့တွေးသင့်တယ်လို့မထင်ဘူးလား။ မဟုတ်ရင် မှတ်ပုံပြန်တင်ဖို့ နောက်ကျသွားလိမ့်မယ်နော်။”

လင်ဒါက ဖလေရာကို ပြောင်တဲ့အနေနဲ့ တခိခိရယ်လိုက်တယ်။ ဖလေရာကလည်း သွားပေါ်အောင်ပြုံးပါတယ်။ နည်းနည်းလေးမှ တွန့်ဆုတ်သွားတဲ့ပုံမပေါ်ဘူး။

“အာရာ့၊ အဲဒီစကားက တို့ပြောရမယ့်စကားပါနော်။ အချစ်လေးလင်ဒါ။ နယူးယောက်က အရှေ့ဘက် ကမ်းရိုးတန်းမှာ အကြီးဆုံးမြို့လေ။ ဒီနေရာကို တို့က လက်လွှတ်စရာလား။”

မိန်းကလေးနှစ်ယောက်ကြောင့် ပတ်ဝန်းကျင်လေထုက သိပ်သည်းမွန်းကျပ်လာနေတယ်။ ဒါကြောင့် ဂျင်ကယ်ရီတစ်ယောက် တံထွေးမျိုချလိုက်မိလေရဲ့။ ခုအချိန်မတိုင်ခင်အထိ မစ်ရှင်အဖွဲ့ကနေပြီး အပျော်ဝင်ပြိုင်တဲ့နှစ်ယောက်ဆိုပြီး သူက ပေါ့ပေါ့တန်တန်ပဲ တွေးခဲ့တာပါ။ ဒါပေမဲ့ အခုသူတို့နှစ်ယောက်ဖော်ပြနေတဲ့ ဖိအားက သူ့လိုဝါရင့်သူတစ်ယောက်ကိုတောင်နေရကျပ်စေတယ်။ နဂါးနဲ့ကျား လယ်ပြင်မှာတွေ့နေတာကို ဘေးကနေကြည့်ခွင့်ရတဲ့ ယုန်သူငယ်လိုပဲ။

“ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့။” ဖလေရာက မြို့ဝန်ရုံးတံခါးပွင့်သွားတာကိုမြင်တော့ အခုလို ပြောလိုက်ပြီး ကျောက်လှေကားပေါ်ကို ခြေစလှမ်းလိုက်တယ်။ လင်ဒါကလည်း နှာမှုပ်လိုက်ပြီး နောက်ကနေလိုက်တယ်။

တကယ်ပွဲမစခင်အထိ ကြိမ်းဝါးနေခဲ့တဲ့ မစ္စတာဂျင် ကယ်ရီကတော့ နောက်ကနေ တိတ်တိတ်ကလေး ကပ်ပါလာလေရဲ့။

....

မြို့ဝန်ရုံးခန်းမထဲမှာတော့ လူလေးရာကျော်ပါတဲ့ ပညာရှင်အဖွဲ့ထိုင်နေတယ်။ ဒီလူတွေက မြို့ခံပညာရှင်တွေဖြစ်ကြပြီးတော့ မြို့ဝန်အဖြစ်ဝင်ပြိုင်မယ့်သူတွေကို မေးခွန်းမေးမယ့်သူတွေဖြစ်ပါတယ်။ မြို့ဝန်လောင်းတွေကို စာမေးပွဲစစ်တဲ့နေရာလို့ပြောရပါမယ်။ တစ်ခုခုဒီမှာမှားပြောမိတာနဲ့ မီဒီယာတွေကနေတစ်ဆင့် အပြင်ကိုသတင်းပြန့်သွားမှာဖြစ်ပြီး မြို့ဝန်ဖြစ်မယ့်အခွင့်အရေးကို လက်လွှတ်ရမှာပါ။

‘ဟုတ်ပြီ၊ အားတင်းထားစမ်း ဂျင်။ ဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်ဖို့အတွက် ငါအမြဲတမ်းပြင်ဆင်ထားခဲ့တာပဲ။ ဘာမှကြောက်စရာမလိုဘူး၊ ဟိုကောင်မလေးနှစ်ယောက်က ဘာမှမပြင်ဆင်ဘဲတက်လာတာသေချာတယ်။’ သူက ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ရင်း မြို့ဝန်လောင်းတွေအတွက် ပြင်ဆင်ပေးထားတဲ့ စင်ပေါ်ကခုံတစ်ခုံပေါ်မှာ ဝင်ထိုင်လိုက်တယ်။ မြို့ဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့လိုလူတစ်ဒါဇင်လောက်ရှိပေမဲ့ ကောင်မလေးနှစ်ယောက်က အထင်ရှားဆုံးဖြစ်နေလို့ စိုးရိမ်စိတ်ကိုတော့ သူလျှော့ချလို့မရဘူးဖြစ်နေတယ်။

မကြာခင်မှာပဲ အစီအစဥ်ဆင်ဆက်သူရောက်လာပြီး လုပ်ငန်းစဥ်တွေကိုရှင်းပြတယ်။ သက်တမ်းနှစ်ဆက်တာဝန်ယူခဲ့ပြီး အငြိမ်းစားအဖြစ်နေတော့မယ့် မြို့ဝန်ဟောင်းအဖိုးကြီးလည်း စင်ပေါ်တက်ပြီးမိန့်ခွန်းပြောလိုက်ပါသေးတယ်။ သိပ်မကြာခင်မှာပဲ မြို့ဝန်လောင်းတွေကို ပညာရှင်တွေက စပြီးမေးခွန်းတွေမေးတယ်။ မြို့ယဥ်ကြောကျပ်တာတွေ ဘယ်လိုရှင်းမလဲ၊ ရေနှုတ်မြောင်းသန့်ရှင်းရေးကိစ္စတွေကို ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စသည်ဖြင့်ပေါ့။

မကြာခင်မှာပဲ ဂျင်ကယ်ရီအလှည့်ရောက်လာတယ်။

သူ့ဘေးမှာထိုင်နေတဲ့ မြို့ဝန်လောင်းက မေးခွန်းဖြေပြီးတဲ့နောက် သူ့ကိုမိုက်ကမ်းပေးလိုက်လေရဲ့။ စိတ်လှုပ်ရှားလွန်းလို့ လက်တွေတုန်နေပေမဲ့ မိုက်ကိုကိုင်ထားပြီး စင်မြင့်ရှေ့ကို ထွက်လာလိုက်တယ်။ သူ့ကိုမေးခွန်းမေးဖို့ မိုက်ကိုင်ထားတဲ့သူကလည်း အသင့်ပါ။

“မေးခွင့်ပြုပါ၊ မြို့ဝန်လောင်း ဂျင်ကယ်ရီရှင့်။ လက်ရှိပိုးကောင်တွေနဲ့ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် မြို့ထဲမှာ အလုပ်လက်မဲ့တွေ များသည်ထက်များလာပါတယ်။ စာရင်းအင်းတွေအရ နယူးယောက်မြို့သားသုံးဆယ်ရာခိုင်နှုန်းက အလုပ်လက်မဲ့ဖြစ်နေပြီး စံချိန်တင်အလုပ်လက်မဲ့ဖြစ်နေတာပါ။”

ဂျင်ကယ်ရီက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး သူပြင်ဆင်ထားတဲ့ အဖြေကိုပြောလိုက်တယ်။ “နယူးယောက်မြို့သားတွေ အလုပ်လက်မဲ့ဖြစ်မှုက တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေပါ။ ကျွန်တော်မြို့ဝန်ဖြစ်လာရင် မြို့သားတွေအလုပ်ရရှိဖို့အတွက် အစိုးရဆောက်လုပ်ရေးပရောဂျက်တွေကို ပိုပြီးမြန်မြန်ဆန်ဆန်ခွင့်ပြုပေးသွားပါမယ်။ စက်ရုပ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးချမှုကို ခတ္တရပ်ဆိုင်းပြီး မြို့သားတွေကိုလုပ်ခွင့်ပေးမယ်ဆိုရင် အလုပ်အကိုငိအကျပ်အတည်းကို မြန်မြန်ဖြေရှင်းနိုင်မယ်လို့ ကျုပ်ထင်ပါတယ်။ ကုမ္ပဏီတွေရဲ့ဉာဏ်ရည်တုအပေါ်အလွန်အမင်းမှီခိုနေရမှုကိုလည်း လျှော့ချသွားပါမယ်။”

ပညာရှင်တချို့က ခေါင်းခါလိုက်ကြတဲ့အတွက် ဂျင်ကယ်ရီမျက်နှာပျက်သွားပါလေရောလား။ ဒီစီမံကိန်းက စာရွက်ပေါ်မှာ အလုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ့်တကယ်တမ်း အကောင်အထည်ဖော်ဖို့က မလွယ်ပါဘူး။ လက်ရှိက စစ်ဖြစ်နေတာပါ။ ပျက်စီးသွားတဲ့ လမ်းတံတားတွေကို အလျင်အမြန်ပြုပြင်တာမျိုးရှိပေမဲ့ အသစ်မဆောက်ကြတော့ဘူး။ ဘယ်သူမှ တိုင်းပြည်ထဲက အရင်းအမြစ်တွေကို မလိုအပ်ဘဲ ဖြုန်းတီးမပစ်ချင်ကြဘူး။ ဒီတော့ သူမြို့ဝန်ဖြစ်လာရင်တောင် ဆောက်လုပ်ရေးပရောဂျက်တွေအများကြီးကို ခွင့်ပြုပေးဖို့ သိပ်မဖြစ်နိုင်ဘူး။

ကုမ္ပဏီတွေရဲ့ဉာဏ်ရည်တုအသုံးချမှုကို ကန့်သတ်တာကလည်း ပြဿနာတစ်ခုပါ။ ကုမ္ပဏီအများစုက စာရင်းစစ်လုပ်ငန်းတွေနဲ့ပစ္စည်းတပ်ဆင်ရေးလုပ်ငန်းတွေမှာ ဉာဏ်ရည်တုသုံးကြတာ လုပ်သားစရိတ်လျှော့ချဖို့ဖြစ်ပါတယ်။ ဝယ်လိုအားထိုးကျပြီးကုန်သွယ်မှုရပ်ဆိုင်းနေချိန်မှာ ကုမ္ပဏီတိုင်းက စရိတ်လျှော့ချဖို့ကြိုးစားနေကြတာ။ လုပ်သားစရိတ်တိုးမြှင့်ဖို့ အတင်းဖိအားပေးမယ်ဆိုရင် ကုမ္ပဏီတွေဒေဝါလီခံကုန်မှာပါ။

‘ဘယ်တတ်နိုင်မလဲ၊ ပြဿနာတစ်ခုကိုဖြေရှင်းဖို့ဆိုရင် တစ်ခုခုကိုတော့ စတေးရမှာပဲမဟုတ်လား။’ ဂျင်ကယ်ရီက တွေးလိုက်တယ်။ သူ့စီမံကိန်းက သိပ်ပြီးအကောင်းကြီးတော့မဟုတ်ပေမဲ့ ဆိုးလည်းမဆိုးပါဘူး။ တခြားမြို့ဝန်လောင်းတွေလည်း ဒီမေးခွန်းနဲ့ဆင်တာမျိုး အမေးခံကြရပေမဲ့ ဒီထက်ကောင်းမယ့်အဖြေမျိုး ထွက်မလာကြဘူး။ ဒါကြောင့် ပညာရှင်တွေက ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးကြတယ်။ ဒီအတိုင်းပဲ အဖြေမထွက်နိုင်တော့ဘူးလို့တောင် သူတို့ထင်လာကြပြီ။

ဂျင်ကယ်ရီကို နောက်ထပ်မေးခွန်းနှစ်ခုသုံးခုထပ်မေးပေမဲ့ အဲဒီမေးခွန်းတွေက အလုပ်အကိုင်အခွင့်အရေးပြဿနာနဲ့ယှဥ်ရင် အသေးအမွှားတွေဖြစ်သွားပြီ။

နောက်တော့ ဖလေရာအလှည့်ကိုရောက်လာပြီး အဲဒီမေးခွန်းကိုပဲ ထပ်မေးခံရတယ်။ “အို့၊ အဲဒီကိစ္စလား။ လွယ်ပါတယ်။ လောလောဆယ် လော့ဟက်မာတင် ဒေဝါလီခံသွားလို့ ရှိသမျှစစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကျွန်မတို့မက်တယ်ပလာဒင်နဲ့ မိတ်ဖက်တွေက လွှဲပြောင်းတာဝန်ယူလိုက်ရပြီလေ။ ဒါပေမဲ့ ထုတ်လုပ်ရေးစက်ပစ္စည်းတွေလုံလုံလောက်လောက်မရှိလို့ လူလိုနေတဲ့နေရာတွေရှိတယ်။ စစ်ပွဲမပြီးမချင်း အလုပ်ခန့်ထားနိုင်မယ့်နေရာမျိုးပဲ။ စစ်ပွဲသုံးစက်ရုပ်တွေနဲ့ စစ်နတ်သမီးတွေကို တပ်ဆင်ရမှာမလို့ လုပ်ငန်းခွင်မတော်တဆမှုဖြစ်စရာလည်းသိပ်မရှိဘူး။”

ကျွန်မတို့မက်တယ်ပလာဒင်ဆိုတဲ့စကားက အများကြီးတာသွားတယ်။ ဖလေရာက အဲဒီကုမ္ပဏီကြီးရဲ့စီအီးအိုပါ။ ပိုးကောင်တွေထိန်းချုပ်ထားတဲ့ လော့ဟက်မာတင်ကုမ္ပဏီဌာနချုပ်က ဝါရှင်တန်ဒုတိယတိုက်ပွဲမှာ တစ်စစီဖြစ်သွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးမဟာမိတ်အာဏာပိုင်တွေက သူတို့ရထားတဲ့စက်မှုလိုင်စင်ကို သိမ်းလိုက်တာကြောင့် ဒေဝါလီခံသွားတာ။ အခုမက်တယ်ပလာဒင်နဲ့ ပန်ဒရာဂွန်စက်မှုလုပ်ငန်းတွေက အကြီးဆုံးစစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်လာကြပြီ။

‘အကြံကတော့ မဆိုးဘူးပဲ၊ စီအီးအိုတစ်ယောက်ဆီကမလို့ ကတိစကားလို့ယူဆလို့ရတာပဲ။ ဒါပေမဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကိုဗန်းပြပြီး စည်းရုံးရေးဆင်းတာက မတရားဘူး။’ ဂျင်ကယ်ရီကိုယ်တိုင် အကြံကိုသဘောကျပေမဲ့ မတရားဘူးလို့ ခံစားမိတာအမှန်ပဲ။ လူတွေက ဖလေရာကို နောက်ထပ်မေးခွန်းတွေ အားရပါးရထပ်မေးကြပေမဲ့ ဖလေရာက ဂျင်ကယ်ရီနဲ့ယှဥ်ရင် ကောင်းကောင်းမဖြေနိုင်ဘူးရယ်။ ဒါပေမဲ့ အဓိကအကျဆုံးမေးခွန်းမှာ အားသာချက်ရထားတာမလို့ ရလဒ်က ပြောရခက်သွားပြီ။ ဂျင်တစ်ယောက် သူ့နဖူးသူ ဆုပ်ကိုင်ထားလိုက်မိတယ်။

‘သောက်ချီးပဲ၊ ပြဿနာလေးတစ်ခုကိုပဲ သူငါ့ထက် ပိုကောင်းအောင်ဖြေရှင်းနိုင်တာပါ။ ဘယ်လိုလုပ်ပြီး အဲဒီလူအုပ်က သူ့ကိုကယ်တင်ရှင်ကြီးလို ကြည့်နေကြတာလဲ။’ သူသက်ပြင်းချလိုက်မိလေရဲ့။

လင်ဒါအလှည့်ရောက်တော့ အမေးခံရတဲ့မေးခွန်းက တစ်မျိုးဖြစ်သွားပြီ။ ဖလေရာဆီကနေ အကောင်းဆုံးဖြစ်နိုင်တဲ့အဖြေကို ကြားပြီးပြီမလို့ သူတို့က တခြားမေးခွန်းပြောင်းမေးကြတာပါ။

“မစ်လင်ဒါက အရင်က ရာထူးနိမ့်ရဲအရာရှိတစ်ယောက်လို့ကြားတယ်။ မြို့ဝန်အဖြစ်တာဝန်ထမ်းဆောင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်သင့်လျှော်တယ်လို့ထင်လား။ ဘယ်လိုအမြင်မျိုးနဲ့ မြို့ကိုအုပ်ချုပ်မှာလဲ။” ပညာရှင်အုပ်စုထဲမှာရှိနေတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က လင်ဒါကို အခုလိုမျိုးမေးလိုက်တာဖြစ်ပါတယ်။

မေးခွန်းက မြို့မှာကြုံနေရတဲ့ အခက်အခဲတစ်ခုကို ဘယ်လိုဖြေရှင်းမလဲဆိုတာထက် စာရိတ္တပိုင်းဆိုင်ရာကို မေးခွန်းထုတ်တဲ့အခြေအနေထဲမှာ အကျုံးဝင်ပါတယ်။ တကယ်လည်း မေးခွန်းတွေက ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲမေးတာတစ်ခုတည်းအတွက်ပဲ ကန့်သတ်ထားတာမဟုတ်ဘူး။ တစ်ခါတရံဆိုရင် ကမ္ဘာ့သမိုင်းတို့၊ အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ ကိစ္စတွေအပေါ် ဘယ်လိုမြင်လဲတို့ပါ အမေးခံရတာမျိုးလေ။

“.....” လင်ဒါက အဲဒီမေးခွန်းကို ချက်ချင်းမဖြေနိုင်တဲ့အတွက် မေးကိုကိုင်ကာ ခဏစဥ်းစားလိုက်ပြီးတဲ့နောက် ရင်ထဲက စကားတွေကို အမှန်အတိုင်းဖြေတာအကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ သူက အသက်ဝင်စွာ ပြုံးပြလိုက်ပါတယ်။

“မေးခွန်းတစ်ခုတည်းဆိုပေမဲ့ အများကြီးလိုပါပဲလား။ ဟုတ်ပြီ၊ ပထမဆုံးတစ်ခုနဲ့စရအောင်။ ကျွန်မက တကယ်ပဲ ကွင်းနယ်မြေရဲစခန်းမှူးပါ။ ရဲအရာရှိတစ်ယောက်အနေနဲ့ဆိုရင် သိပ်အဆင့်မြင့်တာတော့မဟုတ်ဘူးပေါ့။ မြို့ဝန်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်သင့်တော်တယ်ထင်လားဆိုတာကတော့ ပြောဖို့ခက်မယ်ထင်တယ်။ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့....”

လင်ဒါက လေသံအေးအေးလေးနဲ့ စပြီးတော့ရှင်းပြတယ်။ “အစ်မတို့အလုပ်မှာ တချို့သူတွေက ကိုယ့်ကိုယ်ကိုယ် ရဲဖြစ်ဖို့သင့်တော်တယ်ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ ဝင်လာကြတာမျိုးရှိတယ်။ ဒါပေမဲ့မိမိကိုယ်ကိုယ် ယုံကြည်ချက်တစ်ခုတည်းနဲ့ ဒီအလုပ်ကို လုပ်ရတာမဟုတ်ဘူး။ လခနည်းတဲ့ဒဏ်ကို သည်းခံရတယ်၊ ပင်ပန်းတဲ့ဒဏ်ကို သည်းခံရတယ်၊ အလုပ်ဖိအားတွေကို သည်းခံရတယ်။ မြို့ဝန်အလုပ်ကလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ မြို့ဝန်ဖြစ်လာလို့ကြုံရမယ့် အခက်အခဲတွေကို သည်းခံနိုင်စွမ်းရှိတယ်လို့ အစ်မယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ် မြို့တော်ဝန်ဖြစ်ဖို့သင့်တော်တယ်လို့တော့ အစ်မမယုံကြည်ချင်ဘူး။ ဘာလို့ဆို အစ်မထက်ပိုသင့်တော်တဲ့သူတွေက ဒီနေရာမှာ အများကြီးရှိနေနိုင်တာပဲမဟုတ်လား။”

ပညာရှင်ကောင်လေးက လင်ဒါက အစ်မကြီးတစ်ယောက်လို ရှင်းပြတာကိုကြည့်ရင်း ကြက်သေသေနေတယ်။ သူ့ခန္ဓာကိုယ်က ကြွက်သားတစ်ခုတောင် လှုပ်ရှားမနေဘူး။ လင်ဒါကတော့ သူ့ကိုဒီအတိုင်း ဆက်ကြည့်နေပြီးတော့ ရှင်းပြနေပါသေးတယ်။

“နောက်ဆုံးတစ်ခုကတော့ ငယ်သားတွေကို ညီတူမျှတူဆက်ဆံပြီး ဆုံးဖြတ်ချက်တွေကို ဘက်မလိုက်ဘဲ ဆုံးဖြတ်သွားရင် အဆင်ပြေသွားမယ်လို့ အစ်မမြင်တယ်။ အဲ... တကယ်တော့ မောင်လေးအသက်ကိုတောင် မမေးလိုက်မိဘူး။ ပိုငယ်တဲ့ပုံပေါက်နေလို့ မောင်လေးလို့ပဲခေါ်လိုက်တာ၊ အဆင်ပြေတယ်မဟုတ်လား။”

ဒီတစ်ခါတော့ ပညာရှင်ကောင်လေးရဲ့ပါးပြင်က နီရဲသွားတယ်။ မောင်လေးလို့ အခေါ်ခံလိုက်ရလို့ သူ့နှလုံးတွေ တဒိန်းဒိန်းခုန်ပေါက်နေပြီ။ သူက ခံစားချက်တွေကို ဖိနှိပ်ရင်းနဲ့ ခုံမှာငြိမ်ငြိမ်လေးပြန်ထိုင်လိုက်တယ်။ သူ့ဒူးတွေ အားမရှိတော့သလိုခံစားနေရပြီး ခြေဖျားလက်ဖျားတွေ အေးစက်နေပြီ။ သူက မိုက်ကို တခြားတစ်ယောက်ဆီ ကမ်းပေးခါနီးမှာ သက်ပြင်းချလိုက်ပြီး

“နားလည်ပါပြီ၊ မမ။”လို့ အလိုလိုပြန်ဖြေလိုက်မိတယ်။ မကြာခင်မှာပဲ ပညာရှင်လူအုပ်ကြီးဆီကနေ လက်ခုပ်သံထွက်လာတယ်။ လင်ဒါက ဟန်ဆောင်ပြောနေတာမဟုတ်ဘဲ တကယ်ဖြောင့်မတ်မှန်း သူတို့ခံစားမိကြတယ်လေ။

“အခုဆိုရင်တော့ မြို့ဝန်လောင်းအားလုံးနဲ့အမေးအဖြေလုပ်ပြီးပြီဖြစ်ပါတယ်။ အပိတ်မိန့်ခွန်းစကား ပြောကြားပေးပါရန် နယူးယောက်မြို့တရားသူကြီး မစ္စတာစတန်လေကို ဖိတ်ခေါ်အပ်ပါတယ်။”

အစီအစဥ်တင်ဆက်သူက အစီအစဥ်ပြီးဆုံးကြောင်းကြေညာတယ်။ တရားသူကြီးက အပိတ်မိန့်ခွန်းပြောမှာဖြစ်ပေမဲ့ ဘယ်သူမှ ဂရုမစိုက်တော့ဘူး။ အားလုံးက ပြန်ဖို့အတွက် ပစ္စည်းတွေစစ်နေကြပြီ။ မစ္စတာဂျင်ကယ်ရီကတော့ မျက်နှာကြီးမည်းသည်းလို့ရယ်။ ဒီတိုင်းဆို သူရှုံးမှာသေချာနေပြီ။

ဘုန်း....

ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ခန်းမတံခါးကြီးပွင့်သွားတယ်။ တံခါးဝမှာ ဗိုလ်ကြီးမမလိုဝတ်ထားတဲ့ ငွေရောင်ဆံပင်ရှည်နဲ့ကောင်မလေးက အသက်ကိုဟောဟဲလိုက်ရှုရင်း အမောဖြေနေတယ်။ သူ့နောက်မှာတော့ အိမ်စေဝတ်စုံအပြည့်နဲ့ ညိုချောစက်ရုပ်မလေးရပ်နေပြီး သူတို့ကိုတားဖို့လုပ်ခဲ့တဲ့ မြို့ဝန်ရုံးအစောင့်တွေကို ဂုတ်ဆွဲပြီးချုပ်ထားတယ်။

မက်ဒါနာကတော့ တခြားဘာမှဂရုစိုက်မနေဘဲ လူအုပ်ကြီးကိုဖြတ်ကာ စင်ပေါ်ကိုတည့်တည့်လှမ်းတက်သွားလေရဲ့။ ဖလေရာနဲ့လင်ဒါကတော့ သူတို့ပါးစပ်လေးတွေကို လက်နဲ့အုပ်ပြီး မက်ဒါနာတက်လာတာကို ကြည့်နေတာ။ မက်ဒါနာက သူတို့နှစ်ယောက်ရှေ့ကို ရောက်လာပြီးတဲ့နောက်

“နင်တို့နှစ်ယောက် ဒီကိစ္စကို ရယ်စရာမှတ်နေကြလား။” ဆိုပြီး နှစ်ယောက်လုံးကို နားရွက်လိမ်ဆွဲလိုက်လေရဲ့။

“အား... သေပါပြီ၊ မက်ဒါနာရဲ့။”

“မက်ဒါနာ၊ ငါတို့က လူကြားထဲမှာလေ။”

မက်ဒါနာကတော့ ဖလေရာနဲ့လင်ဒါတို့ အထွန့်တက်တာကို နားမထောင်ဘဲ မိန့်ခွန်းပြောဖို့ ဟောပြောစင်မှာရပ်နေတဲ့ တရားသူကြီးနားကို ဆက်လျှောက်သွားတယ်။ ဒါပေမဲ့ လင်ဒါနဲ့ဖလေရာကို နားရွက်ဆွဲလိမ်ထားဆဲမလို့ သူတို့နှစ်ယောက်ပါ တရွတ်တိုက်ဆွဲပါလာရော။

“နဖူးပြောင်ပြောင်နဲ့ ဦးလေးကြီး၊ ခဏလောက်။” မက်ဒါနာက တရားသူကြီးဆီကနေ မိုက်ခရိုဖုန်းကို လုယူပြီးတဲ့နောက် ကောင်မလေးနှစ်ယောက်ကို လွှတ်ပေးလိုက်ကာ မိုက်ကိုစမ်းတယ်။

“ဟယ်လို၊ ဝမ်း... တူး... သရီး... ကြားရရဲ့လား။ ရုတ်တရက်ဆန်တယ်ဆိုပေမဲ့ အခုပြောနေတာက ငြိမ်းချမ်းရေးမဟာမိတ်ရဲ့မစ်ရှင်အဖွဲ့ခေါင်းဆောင် မက်ဒါနာပါ။” တကယ်လည်း မက်ဒါနာဝတ်ထားတာက ဖလေရာရဲ့ဝတ်စုံလိုပဲ မစ်ရှင်အဖွဲ့ရဲ့တရားဝင်ပွဲတက်ဝတ်စုံဖြစ်ပြီး စကပ်နေရာမှာ ဘောင်းဘီရှည်ဖြစ်နေတာပဲရှိတာ။

“ဒီက ဖလေရာနဲ့လင်ဒါတို့နှစ်ယောက်က မစ်ရှင်အဖွဲ့ဝင်တွေပါ။ သူတို့မှာ ထမ်းဆောင်ရမယ့် ကိုယ်ပိုင်တာဝန်တွေရှိပြီးသားမလို့ နယူးယောက်မြို့ဝန်ရာထူးကိုထမ်းဆောင်လို့မဖြစ်ပါဘူး။ သူတို့အခုလိုဝင်ပြိုင်ဖြစ်ကုန်တာလည်း ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မဂရုမစိုက်မိလို့ပါ။ ဒါကြောင့် ရှင်တို့အားလုံးကို တောင်းပန်ရင်းနဲ့ပဲ သူတို့ကို ပြန်ခေါ်သွားပါရစေ။ ဦးထိပ်ပြောင်ကြီး၊ ရှင်ဆက်ပြောလို့ရပါပြီ။”

မက်ဒါနာက မိုက်ကို အပိတ်မိန့်ခွန်းပြောဖို့စောင့်နေသေးတဲ့ တရားသူကြီးလက်ထဲ ထည့်ပေးလိုက်ပြီး ကောင်မလေးနှစ်ယောက်ကို အတင်းလက်ဆွဲခေါ်ပြီး စင်ပေါ်ကဆင်းတယ်။ ခန်းမထဲက ပညာရှင်တွေကတော့ ပွတ်လောရိုက်ကုန်ကြပြီ။

“ဒါဆို မစ်ဖလေရာပြောတဲ့ အလုပ်ခန့်မယ့်အစီအစဥ်က တကယ်ဖြစ်မလာတော့ဘူးလား။” အလုပ်အကိုင် အခွင့်အလမ်းပြဿနာကို ဖြေရှင်းချင်နေကြတဲ့ ပညာရှင်တွေ မျက်လုံးပြူးကုန်ပြီး အော်ဟစ်ပြီး နောက်ကနေ ပြေးလိုက်ကြတယ်။

“မဟုတ်ဘူးလေ၊ ဒီလောက်ဖြူစင်တဲ့ မမလင်ဒါက ကျွန်တော်တို့ရဲ့မြို့ဝန်ဖြစ်ကိုဖြစ်သင့်တာ။ ကျွန်တော့်ရဲ့မြို့ဝန်လောင်းမမလင်ဒါကို ခင်ဗျားဒီလိုခေါ်သွားလို့မရဘူးလေ။" မောင်လေးလို့အခေါ်ခံထားရတဲ့ ငယ်ရွယ်တဲ့ပညာရှင်ကလည်း အော်ဟစ်ပြီးနောက်ကနေ ပြေးလိုက်ဖို့ကြိုးစားပေမဲ့ သူ့ထက်အရင်ထလိုက်ဖို့လုပ်တဲ့ ပညာရှင်အုပ်ရဲ့နောက်မှာပဲ ပိတ်ဆို့ခံလိုက်ရတယ်။

"ရှင်တို့တွေ သခင်မလေးနောက်ကို ဆက်လိုက်နေမယ်ဆိုရင် အကြမ်းနည်းသုံးပြီး တားရပါလိမ့်မယ်။" အေမီက လူအုပ်ရှေ့မှာ ဝင်ရပ်လိုက်ပြီး မက်ဒါနာကို ကာကွယ်ပေးလိုက်တယ်။ သူ့လက်ထဲမှာ ငွေရောင်အိတ်ကလေးကို အသင့်ကိုင်ထားပြီး အသွင်ပြောင်းဖို့အသင့်အနေအထားမှာပါ။

ပညာရှင်တွေက စိတ်ရူးပေါက်နေကြပေမဲ့ မစ်ရှင်အဖွဲ့ဝင်တွေကို သွားရှုပ်လို့မရမှန်း သတိရကြသေးတဲ့အတွက် ချက်ချင်းရပ်လိုက်ကြပါတယ်။

"ရှင်တို့ကို သူတို့ဘာတွေကတိပေးထားတယ်မသိပေမဲ့ မေးမြန်းကြည့်ပြီးလို့ အဆင်ပြေတယ်ဆိုရင် သူတို့ကိုယ်စား အနိုင်ရတဲ့မြို့ဝန်က အကောင်အထည်ဖော်ပေးနိုင်ဖို့ မစ်ရှင်အဖွဲ့က ကူညီပေးပါမယ်။ သွားခွင့်ပြုပါဦး။" မက်ဒါနာကလည်း ပြောလိုက်ပြီးသင်္ဘောပျံပေါ်ကိုတက်ဖို့သုံးတဲ့ ဟော့ပါယာဥ်ပေါ် လင်ဒါတို့နဲ့အတူအတူတက်ကာ ကောင်းကင်ပေါ်ကိုပျံတက်သွားတယ်။ အေမီကလည်း နောက်ကနေလိုက်လာပြီး မကြာခင်မှာပဲ လူအုပ်ကြီးရဲ့မြင်ကွင်းထဲကနေ ပျောက်သွားရော။

All Chapters