← Chapters

မကျေမချမ်းဖြစ်နေပါသော

Vol. 82 Ch. 1133

မကျေမချမ်းဖြစ်နေပါသော

Vol. 82 Ch. 1133

" ဒါ ဘယ်လို ဝဲကြီးလဲဟ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားပြီး အသံကုန်အော်ဟစ်ကာ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။ သူသည် ကံဆိုးမိုးမှောင်ကျသွားသည့်အလား ခံစားလိုက်ရသည်။ မကြာသေးမီတုန်းက သူသည် အမျှင်အတန်း အခုသုံးဆယ်မှ ငါးဆယ်အထိ ပေါ်ပေါက်လာရန် စိန်ခေါ်ခဲ့ပါသော်လည်း ယခုတွင်တွင် အမျှင်အတန်း အမြောက်အမြား ပေါ်ပေါက်လာပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် ကြက်သီးမွေးညင်းများ ထသွားရ၏။ သူ ပထမဆုံးကြုံတွေ့ခဲ့ရသည့် အမျှင်အတန်း သုံးခု၊ လေးခုပင်လျှင် သူ့အား တုန်လှုပ်ချောက်ချားသွားစေခဲ့သည် မဟုတ်ပါလော။ သူသည် ၎င်းတို့ဆီမှ လွတ်မြောက်လာခဲ့သည့်တိုင်အောင် ၎င်းတို့မှာ သူ့အား အန္တရာယ် အကြီးအကျယ်ပေးနိုင်လိမ့်မည်ဟု ခံစားနေရဆဲပင်။

၎င်းမှာ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စွမ်းအား ဖြစ်နေသည်မဟုတ်ပါလော။ သူ၏ ကြယ်အမှတ်ပညာရပ်မှာ ရာဇဝတ်မှုမြောက်သည့် တားမြစ်ပညာရပ်တစ်ခု ဖြစ်နေသည့်အပြင် သူကိုယ်တိုင်သည်လည်း အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသေးသည်ဖြစ်ရာ အဆုံးမဲ့မိုးကောင်းကင်တာအို၏ စွမ်းအားများသာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပါက သူ့အား ယခင်ခေတ်မှ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန် ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်လိုက်မည်သာဖြစ်သည်။

ကြီးလေးသော ပြစ်ဒဏ်တစ်ခုအား ကျူးလွန်ထားသည့် ရာဇဝတ်သားတစ်ယောက်နှင့် ယခင်ခေတ်မှ အကြွင်းအကျန် ကျင့်ကြံသူတစ်ယောက်... ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေးများ ပေါ်ပေါက်လာသည်နှင့် ဇောချွေးများ ပြန်လာရ၏။ ထို့ကြောင့် သူသည် အရှိန်မြှင့်တင်ကာ ဝဲကြီး၏ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်သဖြင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ သို့သော် သူသည် နှေးကွေးနေခြင်း မရှိသည့်တိုင်အောင် ဝဲကြီးထဲရှိ လေဟာနယ်ကြီးမှာ အဆုံးမဲ့မိုးကောင်းကင်တာအို၏ အမျှင်အတန်းများကို စုပ်ယူနေသည်ဖြစ်ရာ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ထက်ပင် ပို၍ မြန်ဆန်နေ၏။ ထို့ကြောင့် သူ ဝဲကြီး၏ အပြင်ဘက်သို့ရောက်သွားသည်နှင့် ၎င်းတို့မှာ သူ့အား ချက်ချင်းဖုံးလွှမ်းသွားကြသည်။ ၎င်းတို့မှာ သူ့အား တုံ့ပြန်ချိန် လုံးဝမပေးဘဲ သတ်ဖြတ်လိုစိတ်များဖြင့် ဆင်းသက်လာကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် သူ၏ ဆရာအား လှမ်းခေါ်ရန် ပြင်လိုက်ပါသော်လည်း ထိုအချိန်တွင်... စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များကို စုပ်ယူခဲ့သည့် သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာ ရုတ်တရက်ဆိုသလို တောက်ပလာပြီး စုပ်ယူအားတစ်မျိုးကို ထုတ်လွှတ်လိုက်သဖြင့် ဝမ်ပေါင်လဲ့၏ အနီးတွင်ရှိနေသော အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ ပို၍ပင် မြန်ဆန်လာကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် မည်သူ့ကိုမှ အကူအညီမတောင်းနိုင်ခင်မှာပင် ထို အမျှင်အတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြတော့သည်။

" တောက်ကွာ။ ငါ ဒီအတိုင်းပဲ သေသွားတော့မှာလား " ဝမ်ပေါင်လဲ့မှာ အသိစိတ်တစ်ခုလုံး အပြင်းအထန်တုန်ရီသွားပြီး သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ သို့သော် သူသည် ထိုသို့ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးသွားတော့သည်။ ထို့နောက် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်အမူအရာဖြင့် သူ၏ ခန္ဓာကိုယ်ထဲသို့ လှမ်းကြည့်မိလိုက်၏။

သူသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြသည့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများ သူ၏ အသွေးအသားများအား တစ်စစီဆုတ်ဖြဲကာ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေသည်ကို မြင်နေရသည်။ ထိုအချိန်တွင် ထို ဓားအိမ်လေးမှာ ထို အမျှင်အတန်းများအား ရုတ်တရက်ဆိုသလို ဝါးမျိုလိုက်သည့်ပုံပင်။

မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အမျှင်အတန်း အခုလေးဆယ်ကျော်မှာ ချက်ချင်း ပျောက်ကွယ်သွား၏။ ၎င်းတို့ ထိုသို့ ပျောက်ကွယ်သွားသည်မှာ မြန်ဆန်လွန်းနေသောကြောင့် အကယ်၍ သူ၏ အသွေးအသားများ ၎င်းတို့ကြောင့် တစ်စစီဆုတ်ဖြဲခံခဲ့ရသည့် အချက်ကြောင့်သာ မဟုတ်ပါက ဝမ်ပေါင်လဲ့မှာ သူ ထင်ယောင်ထင်မှား ဖြစ်နေသည်လောဟုပင် တွေးမိသွားမည်ဖြစ်သည်။

" ပျောက်သွားပြီလားဟ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး သူ၏ ဓားအိမ်လေးအား လှမ်းကြည့်လိုက်၏။ သူ၏ အသိစိတ် ထိုဓားအိမ်လေးအား လွှမ်းခြုံသွားသည်နှင့် ၎င်းထဲမှ အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။

ထို စွမ်းအားထဲတွင် ဓားအိမ်လေး၏ စွမ်းအားများသာမ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များနှင့် အဆုံးမဲ့မိုးကောင်းကင်တာအို၏ စွမ်းအားများလည်း ကိန်းအောင်းနေသည်။ ထို သုံးခုမှာ ထူးဆန်းစွာ ပေါင်းစည်းသွားကြ၏။ ထို့နောက် ၎င်းတို့မှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားကြပြီး ဓားအိမ်လေးအား ဗဟိုပြုကာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားပြီ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွားတော့သည်။

ထိုအခါ သူ၏ ဒဏ်ရာများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသက်သာသွား၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း ခြောက်သွေ့နေသည့် မြေပြင်ကြီးတစ်ခု မိုးရေစက်များကို အငမ်းမရ သောက်သုံးနေသကဲ့သို့ပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူသည် အလောတကြီး ပြုမူနေခြင်းမရှိဘဲ သေသေချာချာ အကဲခတ်ကြည့်လိုက်သဖြင့် နောက်ဆုံးတွင် မျက်ဝန်းများထဲ၌ အံ့သြတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

" ငါ့ရဲ့ ဓားအိမ်လေးက သန္ဓေပြောင်းလဲနေတာပဲ... ဒီနေရာမှာရှိတဲ့ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့တွေနဲ့ အဆုံးမဲ့မိုးကောင်းကင်တာအို စွမ်းအားတွေက ငါ့ရဲ့ ဓားအိမ်လေးကို သန္ဓေပြောင်းလဲအောင် ကူညီပေးနိုင်စွမ်းရှိနေတာပါလား "

" ဓားအိမ်လေးက သန္ဓေပြောင်းလဲနေရုံတင်မကဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်အတွက် အများကြီးအထောက်အကူပြုတဲ့ အငွေ့အသက်တစ်မျိုးကိုပါ ထုတ်လွှတ်ပေးနေတာပဲ။ အဲဒီ အငွေ့အသက်က ငါ့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးတော့ တောင့်တင်းခိုင်မာလာအောင် ကူညီပေးနိုင်တယ် "

" ဒီနေရာက... ငါ့အတွက်တော့ ရတနာသိုက်ကြီးတစ်ခုလိုပါပဲလား "

" ငါ နားလည်သွားပြီ။ ဂိုဏ်းတူအစ်ကိုကြီး ငါ့ကို ဒီနေရာဆီ ခေါ်လာရတဲ့ အကြောင်းရင်းက နတ်ဧကရာဇ်ကြီးရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်မယ့် အခွင့်အရေးတစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဒီနေရာမှာရှိတဲ့ အမှောင်ချီတွေကိုပါ ငါ့ကို ပေးချင်နေတာ။ ( အမှောင်ချီ၊ သေမင်းချီ၊ သေမင်းအငွေ့အသက်တွေက ဆင်တူပါတယ် ) ပြီးတော့ သူက အဆုံးမဲ့မျိုးနွယ်စု အဆုံးမဲ့မိုးကောင်းကင်တာအိုနဲ့အတူ ရောက်လာမှာကို ကြိုပြီးတော့ ခန့်မှန်းနိုင်ခဲ့တာ။ သူက အဆုံးမဲ့မိုးကောင်းကင်တာအိုကို ဒီနေရာအထိ ရောက်လာအောင် မျှားခေါ်ခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို နားလည်သွားသဖြင့် အလွန် စိတ်လှုပ်ရှားသွား၏။

" အဲဒီလိုပဲဖြစ်ရမယ်။ ဟားဟား။ ငါက တော်တော် ဉာဏ်ပြေးတဲ့ကောင်ပဲကွ။ ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး " ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေ၏။ ထို့နောက် သူသည် ဝဲကြီးများကို လိုက်လံရှာဖွေနေခြင်းမရှိဘဲ ရောက်နေသည့်နေရာတွင်ရပ်ကာ အမှောင်မီးတောက်အား အသုံးပြုလိုက်ပြီးနောက် သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် သေမင်းချီများကို စတင် စုပ်ယူနေလိုက်တော့သည်။

ထိုအခါ သူ၏ ဘေးနားတစ်ဝိုက်ရှိ သေမင်းချီများမှာ စတင်လှုပ်ရှားလာပြီး ဝမ်ပေါင်လဲ့ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်ထဲသို့ တိုးဝင်သွားကြ၏။ ထို့ကြောင့် သူ၏ အမှောင်မီးတောက်မှာ ပို၍ပင် တောက်ပလာတော့သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တိုးတက်လာ၏။ သူသည် အစောပိုင်း ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာ ယခင်တုန်းကထက် အနည်းငယ်ပို၍ တိုးတက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းရှိ မီးဖိုရှစ်လုံး၏ ဝန်းရံခြင်းကို ခံထားရသည့် အလယ်မီးဖိုထဲတွင် ချန်ရှင်းမှာ အရက်သောက်နေရင်း သူ၏ ဘေးနားတစ်ဝက်ရှိ သေမင်းချီများကို အာရုံခံမိလိုက်သဖြင့် မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

" တစ်ယောက်ယောက်တော့ စုပ်ယူနေပြီ... ငါကလွဲရင် ဂိုဏ်းတူညီလေးတစ်ယောက်ပဲ အမှောင်ဂိုဏ်းမိုးကောင်းကင်တာအိုရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်တာလေ "

သူ ထိုသို့ရေရွတ်လိုက်ချိန်တွင် ချန်ရှင်း၏ ဘေးတွင်ရှိနေသည် ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီလာပြီး အနက်ရောင် ငါးလေးတစ်ကောင် ပေါ်ပေါက်လာ၏။ ၎င်းမှာ လက်ဖဝါးတစ်ခုစာ အရွယ်အစားသာရှိပါသော်လည်း ၎င်းထဲ၌ စကြဝဠာကြီးတစ်ခု ရှိနေသကဲ့သို့ပင်။ ထို ငါးလေးမှာ ချန်ရှင်းအား စိုက်ကြည့်ကာ အသံကုန် အော်ဟစ်မြည်တမ်းနေ၏။

" ငါ နားလည်ပါတယ်ကွ။ မင်းရဲ့ အငွေ့အသက်တွေထဲက နည်းနည်းပါးပါးပဲ စုပ်ယူခံလိုက်ရတာပါ။ ဂိုဏ်းတူညီလေးက သူစိမ်းမှ မဟုတ်ဘဲ။ ပြီးတော့ သူ အများကြီး စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဘာမှ စိတ်မပူပါနဲ့ " ချန်ရှင်းမှာ ချော့မော့သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

ထို ငါးလေးမှာမူ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် နောက်ထပ်တစ်ကြိမ် ထပ်အော်လိုက်ပြန်သည်။

" သူက မင်းရဲ့ စားစရာတွေကိုတောင် စားပစ်တာ ဟုတ်လား။ ဘာမှမဖြစ်ပါဘူးကွ။ အဲလောက် ကပ်စေးမနှဲပါနဲ့။ မင်းက အဆုံးမဲ့မိုးကောင်းကင်တာအိုကို စားရတာ ကြိုက်ပေမဲ့ ဂိုဏ်းတူညီလေးက ကြိုက်ချင်မှကြိုက်မှာပါ။ သူက စပ်စုချင်လို့ စမ်းပြီးတော့ စားကြည့်တာဖြစ်မှာ။ ပြီးတော့ သူ အများကြီး စားနိုင်မှာလည်း မဟုတ်ပါဘူး "

ချန်ရှင်း၏ နှစ်သိမ့်စကားများကြောင့် အနက်ရောင်ငါးလေးမှာ ၎င်း၏ မကျေနပ်ချက်များကို မျိုသိပ်ကာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် ထို မီးဖိုကြီး၏ အပြင်ဘက်ရှိ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲတွင် ဝမ်ပေါင်လဲ့မှာ သေမင်းချီများကို စုပ်ယူနေသည်။ ထို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် အစိမ်းရောင်အမျှင်အတန်း ဒါဇင်ပေါင်းများစွာ တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ ပေါ်ပေါက်လာသည်နှင့် ပစ်မှတ်အား ရှာတွေ့သွားသည့်အလား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြတော့သည်။

" အချိန်ကိုက်ပဲ။ စုပ်လိုက်စမ်း " ဝမ်ပေါင်လဲ့မှာ။ မောက်မာဝင့်ကြွားမှု အပြည့်ရှိသောမျက်နှာဖြင့် ထို အမျှင်အတန်းများအား ရှောင်တိမ်းနေခြင်းမရှိဘဲ သူ၏ အနီးသို့ ရောက်လာစေလိုက်၏။ ထိုအခါ သူနှင့် အနီးဆုံးတွင် ရှိနေသည့် အမျှင်အတန်းသုံးမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း တိုးဝှေ့ဝင်ရောက်သွားပြီး ပေါက်ကွဲသွားကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားပြီ ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ သူ၏ မျက်ဝန်းများမှာလည်း အသက်မဲ့သွားသည်။

" ဘာလို့ မစုပ်တော့တာလဲဟ " သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ပိုင်ဆိုင်ထားသည့်ပုံပင်။ ၎င်းမှာ မကြာသေးမီတုန်းကမှ ထို အမျှင်အတန်းများကို စုပ်ယူနေခဲ့ပါသော်လည်း ယခုတွင်မူ တုတ်တုတ်မျှ မလှုပ်တော့ပေ။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ဝင်လာသည့် အမျှင်အတန်းများကိုပင် စိုက်ကြည့်နေလိုက်သေးသည်။

ဝမ်ပေါင်လဲ့မှာမူ ဦးရေခွံများ ထုံကျဥ်သွားရ၏။ ထို့နောက် သူသည် ကျန်ရှိနေသေးသည့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများ သူ့ဆီသို့ ဆက်လက် ဦးတည်လာနေကြသည်ကို မြင်လိုက်ရသဖြင့် အော်ဟစ်မြည်တမ်းကာ နောက်သို့ဆုတ်ခွာသွားလိုက်ရသည်။ ထို့အပြင် သူသည် သေမင်းချီများကိုလည်း ထပ်၍ မစုပ်ယူရဲတော့ဘဲ သူ၏ စွမ်းအားများအားလုံးကို အသုံးပြုကာ သူ၏ ပတ်ပတ်လည်၌ ဟင်းလင်းပြင်ကြီးတစ်ခု ဖန်တီးလိုက်၏။ ထိုအခါမှသာ အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

" ဘာတွေ ဖြစ်နေတာလဲဟ " ဝမ်ပေါင်လဲ့မှာ အော်ငိုပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း မျက်ရည်တစ်စက်မှ ကျမလာခဲ့ပေ။ သူသည် တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားနေသည့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများကို ကြည့်ရင်း ဤနေရာရှိ သေမင်းချီများအား အာရုံခံကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား အကဲခတ်လေ့လာလိုက်သည်။

သူ၏ ဓားအိမ်လေး အမျှင်အတန်း အခုလေးဆယ်ကျော် စုပ်ယူခဲ့စဉ်တုန်းက ၎င်းမှာ သူ၏ ခန္ဓာကိုယ်အား အားဖြည့်ပေးသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခဲ့ခြင်းမရှိပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ်မှာမူ တိုးတက်လာ၏။ ၎င်းမှာ ဖောက်ထွက်သွားတော့မည့် လက္ခဏာများ ပြနေပြီဖြစ်သည်။

" သေမင်းချီက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး အမျှင်အတန်းတွေကတော့ အပြင်ခန္ဓာကိုယ်ကို ပိုပြီးတော့ တောင့်တင်းခိုင်မာလာအောင် အားဖြည့်ပေးနိုင်တယ်... " ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနဲ့ မျက်ဝန်းများ နီမြန်းသွား၏။ သူ၏ ဘေးဘီဝဲယာတွင် ရတနာများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ သေမင်းချီများကို စုပ်ခဲ့သည့် နည်းလမ်းအား ပြန်လည် စဉ်းစားကြည့်လိုက်ပြီးနောက် ဝဲများအား ရုတ်တရက် လိုက်လံရှာဖွေနေလိုက်တော့သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ နောက်ထပ်ဝဲတစ်ခု ရှာတွေ့သွား၏။ ၎င်းမှာ ပထမဝဲထက် အနည်းငယ်ခန့် ပို၍ အရွယ်အစား ကြီးမားပေသည်။ ထို့အပြင် ၎င်းထဲ၌ တင်ပျဥ်ခွေထိုင်နေသည့် လူတစ်ယောက်လည်း ရှိနေသေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများနီမြန်းနေပြီး ထိုဝဲကြီးထဲ၌ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုစိုက်နေခြင်းမရှိပေ။ သူသည် အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ထို ဝဲကြီး၏ အနီးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။ ၎င်းထဲ၌ တင်ပျဥ်ခွေထိုင်နေသည့် သက်လတ်ပိုင်း ကျင့်ကြံသူကြီးမှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်တွင် ရှိနေသည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်နှင့် မျက်လုံးများ ဖျတ်ခနဲဖွင့်လာပြီး ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်တော့သည်။

သို့သော် တစ်အောင်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး နတ်ဆိုးမျက်လုံးပညာရပ် ပေါ်ပေါက်လာ၏။ သဘာဝစည်းမျဉ်းဥပဒေသ အမျှင်အတန်းများမှာလည်း အတူတကွ စုစည်းသွားကြသည်။ ထို့နောက် နတ်နွားကြီး၏ ပုံရိပ်တစ်ခုပေါ်ပေါက်လာပြီး ထို သက်လတ်ပိုင်းလူကြီးအား ဝင်တိုက်သွား၏။

ထိုအခါ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး။ ထို သက်လတ်ပိုင်းလူကြီးမှာ မျက်စိမျက်နှာ ပျက်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာပြီး သူ၏ မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူသည် နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားကာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ဆက်လက်မတိုက်ခိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး အဝေးသို့ ထွက်ပြေးသွားတော့သည်။

" သူက ဘယ်သူလဲဟ " ထို သက်လတ်ပိုင်းလူကြီးမှာ ဝမ်ပေါင်လဲ့အား မည်သူမည်ဝါမှန်း မသိပါသော်လည်း သူ၏ တိုက်ကွက်အား မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသဖြင့် ကြောက်ရွံ့တုန်လှုပ်သွား၏။ ထို့အပြင် သူသည် အခွင့်အရေးများဖြင့် ပြည့်နှက်နေသည့် နေရာကြီးတစ်ခုသို့ ရောက်နေသည်ဖြစ်ရာ အချိန်မဖြုန်းလိုပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထို သက်လတ်ပိုင်းလူကြီး၏ နောက်သို့ လိုက်သွားရန် ဆန္ဒမရှိပေ။ သူသည် အောက်သို့ထိုင်ချကာ ထိုနေရာတစ်ဝိုက်ရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များကို စတင်စုပ်ယူလိုက်၏။ ထိုအခါ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ ဓားအိမ်လေးမှာ စွမ်းအားများထုတ်လွှတ်ကာ ထို စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များအားလုံးကို ဝါးမျိုလိုက်တော့သည်။ ၎င်း ထိုသို့ ဝါးမျိုလိုက်သည်နှင့် အမျှင်အတန်း အခု ခုနစ်ဆယ်ကျော် ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို အမျှင်အတန်းများကို မြင်လိုက်ရသည်နှင့် ဦးရေခွံများ ထုံကျဉ်သွား၏။ သို့သော် သူသည် ၎င်းတို့အား ရှောင်တိမ်းနေခြင်းမရှိဘဲ စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။ သူသည် ၎င်းမှာ ထို အမျှင်အတန်းများအား စုပ်ယူနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟုတ်မဟုတ် သိချင်နေ၏။

ထိုသို့ စမ်းသပ်ရသည်မှာ အန္တရာယ်များပါသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ကြိမ်လေးပင် မကြိုးစားကြည့်ဘဲ လက်မလျှော့လိုပေ။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် အမျှင်အတန်း ခုနစ်ခု ရှစ်ခုမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားတော့သည်။ တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။

" ငါ ထင်ထားတဲ့အတိုင်းပဲ "

သူ၏ ဓားအိမ်လေးမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားခဲ့သည့် အမျှင်အတန်းများကို စုပ်ယူနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ စိတ်လှုပ်ရှားလွန်းနေသောကြောင့် သူ၏ ဘေး၌ အနက်ရောင် ငါးလေးတစ်ကောင် မှော်ဆန်ဆန် ပေါ်ပေါက်လာသည်ကိုပင် သတိမထားမိပေ။ ၎င်းမှာ ၎င်း၏ အစာ လုယက်ခံလိုက်ရသောကြောင့် မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။

All Chapters