← Chapters

ငါ့ဟာ

Vol. 82 Ch. 1134

ငါ့ဟာ

Vol. 82 Ch. 1134

ထို ငါးလေးမှာ ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်ထဲ၌ အချိန်မည်မျှမှန်းမသိ အိပ်ပျော်နေခဲ့သည့် မြည်းလေးတစ်ကောင် အရသာရှိသော စားစရာတစ်ခုအား အနံ့ခံမိလိုက်သကဲ့သို့ ၎င်း၏ နှာခေါင်းအား တရှုံ့ရှုံ့လုပ်နေသည်ကို မသိပေ။

ဝမ်ပေါင်လဲ့မှာလည်း ထို အခြင်းအရာများအားလုံးကို သတိမထားမိပေ။ ယခုတွင် သူသည် သူ၏ ဓားအိမ်လေး အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ဝါးမျိုနေသည့် မြင်ကွင်းကိုကြည့်ရင်း အပျော်လွန်နေ၏။

သူ ထိုဓားအိမ်လေး အမျှင်အတန်းများအား ဝါးမျိုနေသည့် မြင်ကွင်းကို ကြည့်နေရင်း သိပ်မကြာခင်မှာပင် ထိုဓားအိမ်လေးထဲမှ စွမ်းအားများပေါက်ကွဲထွက်ပေါ်လာ၏။ သို့ဖြစ်ရာ ၎င်းမှာ ကျေးဇူးပြန်ဆပ်သည့်အနေဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများကို မြှင့်တင်ပေးနိုင်သည့် အငွေ့အသက်များကို ထုတ်လွှတ်ပေးလိုက်သကဲ့သို့ပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်လှုပ်တရှား ဖြစ်သွားရ၏။ သူ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ တိုးတက်လာသည်ကို အာရုံခံမိလိုက်သည်နှင့် သူ၏ မျက်ဝန်းများမှာလည်း ပို၍ တောက်ပလာတော့သည်။

" ငါ နားလည်သွားပြီ။ ငါ့ရဲ့ ဓားအိမ်လေးက အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းတွေကို မစုပ်ယူခင် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့တွေကို အရင်ဆုံး စုပ်ယူထားဖို့လိုတယ်။ သူ စုပ်ယူထားတဲ့ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့တွေ ပိုများလေလေ သူ စုပ်ယူနိုင်တဲ့ အမျှင်အတန်း အရေအတွက်ကလည်း ပိုများလာလေလေပဲ "

" သိပ်ကောင်းတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရှိနေတဲ့ သေမင်းချီတွေက.... " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် အမှောင်မီးတောက်အား ရုတ်တရက်ထုတ်လွှတ်လိုက်ပြီး အစွမ်းကုန်ထုတ်၍ စုပ်ယူလိုက်တော့သည်။

ထိုအခါ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် သေမင်းချီများမှာ အပြင်းအထန် လှုပ်ရှားလာကြ၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အသေးစား အာကာသတွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် သေမင်းချီများအားလုံးကို စုပ်ယူလိုက်သကဲ့သို့ပင်။ ထို့နောက် သူသည် သေမင်းချီများအား အလွန်အကျွန် စုပ်ယူမိရာမှ ပေါ်ပေါက်လာသည့် အမျှင်အတန်း အခုနှစ်ရာအား လျစ်လျူရှုကာ အရှိန်မြှင့်တင်၍ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ ထို့အပြင် သူသည် အမှောင်မီးတောက်ကိုပင် ပြန်လည်ရုပ်သိမ်းကာ သေမင်းချီများအား စုပ်ယူနေခြင်းကိုပင် ရပ်တန့်လိုက်သေးသည်။

ထို့ကြောင့် သူသည် အမျှင်အတန်း အခုနှစ်ရာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့်တိုင်အောင် ခဏအကြာတွင် ၎င်းတို့အား မျက်ခြည်ဖြတ်နိုင်ခဲ့၏။ ဝမ်ပေါင်လဲ့မှာ လုံးဝ ဘေးအန္တရာယ်ကင်းသွားသည့်အချိန်မှ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် သူ့ကိုယ်သူ အလွန်အင်မတန်မှကျေနပ်နေ၏။

" ငါက မောင်ဉာဏ်ပြေးလေးပါကွ။ ဒီလို စုပ်ယူလိုက် ထွက်ပြေးလိုက်လုပ်နေမယ်ဆိုရင် မင်း ဘာတတ်နိုင်မှာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ထို့နောက် သူသည် အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် နောက်ထပ်ဝဲတစ်ခုအား လိုက်လံရှာဖွေနေလိုက်တော့သည်။ သို့သော် သူ၏ နောက်ရှိ ဟင်းလင်းပြင်ကြီးထဲ၌ ပေါ်ပေါက်လာသည့် အနက်ရောင်ငါးလေးမှာမူ ပို၍ပင် မကျေမချမ်းဖြစ်လာသည့်ပုံပင်။ ၎င်းမှာ အံကြိတ်ကာ ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ အကယ်၍ ၎င်း ပြောနေသည့်စကားများကို နားလည်နိုင်စွမ်း ရှိနေပါက ' သူခိုးကောင် ' ၊ ' အရှက်မရှိတဲ့ကောင် ' ၊ ' ဓားပြ ' အစရှိသော စကားလုံးများကို ကြားနေရမည်ဖြစ်သည်။

တချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်ထဲ၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည့် မြည်းလေး၏ နှာခေါင်းမှာလည်း ပို၍ပင် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ အထူးအခွင့်အရေးများဖြင့် ပြည့်နှက်နေသည့် ခရီးစဉ်ကြီး စတင်သွားတော့သည်။

သူသည် အံ့သြမှင်တက်ဖွယ်ရာ အမြင်နှုန်းမျိုးဖြင့် ဝဲတစ်ခုမှ အခြားတစ်ခုဆီသို့ သွားလာခုန်ကူးနေ၏။ သူသည် ထို ဝဲများ မည်သည့်အရွယ်အစားတွင် ရှိနေရှိနေ ဂရုစိုက်ခြင်းမရှိဘဲ အထဲသို့ ပြေးဝင်သွားသည်သာ ဖြစ်သည်။ ပထမဦးစွာ သူသည် နတ်ဆိုးမျက်လုံးပညာရပ်အား အသုံးပြု၍ ၎င်းထဲရှိ ကျင့်ကြံသူများအား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ နတ်နွားကြီး၏ ပုံရိပ်အား အသုံးပြုလိုက်၏။ ထိုနည်းလမ်းဖြင့် သူသည် အခြား ကျင့်ကြံသူများအား သတ်ဖြတ်ကာ မောင်းထုတ်ခဲ့သည့်သာဖြစ်သည်။

သို့သော် ထိုမျှလောက်နှင့် မလုံလောက်သည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူ မောင်းထုတ်ခဲ့သည့် ကျင့်ကြံသူများထဲမှ အချို့မှာ ဘေးနားတစ်ဝိုက်တွင် ရစ်သီရစ်သီ လုပ်နေကြသည်ကို မြင်ခဲ့ရသည့် အချိန်များ ရှိပေသည်။ ထိုအချိန်များတွင်ဆိုလျှင် သူသည် သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း သူ ရှိနေသည့် ဝဲကြီးများ၏ အနီးသို့ မည်သူကမှ မချဥ်းကပ်ရဲကြတော့ပေ။

ထိုသို့ဖြင့် သူသည် သဘာဝစည်းမျဉ်းဥပဒေသ အကျိုးအပဲ့များနှင့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများကို အလျင်အမြန် ဝါးမျိုးစုပ်ယူနိုင်ခဲ့၏။ ထို့အပြင် သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား ပိုမိုတောင့်တင်းခိုင်မာလာအောင်လုပ်နေရင်း သေမင်းချီများကိုလည်း မကြာခဏဆိုသလို စုပ်ယူနေသေးသည်။

ထို့ကြောင့်လည်း သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ငါးခူတစ်ကောင်ကဲ့သို့ ဖျပ်ဖျပ်လူးနေတော့သည်။ သူသည် အမြဲတစေ လှုပ်ရှားနေပြီး အဆက်မပြတ် စုပ်ယူနေ၏။ သူ့ကြောင့် ဖရိုဖရဲဖြစ်ကာ ဗြောင်းဆန်သွားရသည့် နေရာများမှာလည်း တဖြည်းဖြည်းနှင့် ပိုများလာသည်။

သို့သော် မောင်းထုတ်ခံခဲ့ရသည့်တိုင်အောင် အတူတကွပူးပေါင်းကာ ပြန်ရောက်လာကြသည့် ခေါင်းမာသော ပါရမီရှင်အချို့ ရှိနေဆဲပင်။ သူတို့မှာ အနားသို့ မကပ်နိုင်ကြပါသော်လည်း ဝမ်ပေါင်လဲ့တစ်ယောက် စွမ်းအင်များအား စုပ်ယူသည့်နည်းလမ်းကို ကြည့်ချင်နေကြ၏။ သူ သိမ်းပိုက်ခဲ့သည့် ဝဲများအားလုံးမှာ သူ ထွက်ခွာသွားသည့်အချိန်တွင် ပျောက်ကွယ်သွားကြသည်သာ မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာမူ သူတို့အား အာရုံစိုက်နေရန် စိတ်ကူးမရှိပေ။ ထို့ကြောင့် သူသည် သူ၏ တာအိုထာဝရကြယ်၏ စွမ်းအားများကိုထုတ်လွှတ်ကာ ဝဲကြီးများကို ထိန်းချုပ်၍ အလုံပိတ်လိုက်၏။

" အပြင်ဘက်မှာ ငါ့ရဲ့ဆရာက သူ နှစ်ပေါင်းတစ်သောင်းကျော် ထိန်းသိမ်းထားတဲ့ ကျိန်စာနဲ့ စောင့်နေတာ။ ဒီထဲမှာလည်း နတ်ဧကရာဇ်တွေကိုတောင် သတ်နိုင်တဲ့ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှိတယ်လေ။ ငါ ဘယ်သူ့ကိုကြောက်နေရမှာလဲ "

" ဒါ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ငါ့အတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ အခွင့်အရေးနယ်မြေကြီးတစ်ခုပဲ။ မင်းတို့တွေက ငါ့ဆီကနေ ခိုးယူဖို့ ကြိုးစားနေကြတာ " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်ကာ ယုံကြည်မှုအပြည့် ရှိနေ၏။ ထို့ကြောင့်လည်း သူသည် ပို၍ပင် ကြောက်စရာကောင်းလာသည်။

အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ပါရမီရှင်များမှာ အမျက်ချောင်းချောင်းထွက်ကာ သံသယများ ဝင်နေကြပါသော်လည်း ဘာမှမတတ်နိုင်ကြပေ။ ထို့အပြင် သူတို့မှာ သေမင်းချီများ၏ ဖိနှိပ်ချုပ်တည်းခြင်းကို ခံထားရသဖြင့် အားအင်များ ဆုတ်ယုတ်လာကြ၏။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား လုံးဝ မယှဥ်နိုင်ကြတော့ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ပို၍ပင် မောက်မာဝင့်ကြွားလာတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ဓားအိမ်လေးမှာလည်း အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများကို စုပ်ယူနေသောကြောင့် သူ၏အပြင်ခန္ဓာကိုယ် စွမ်းအားမှာလည်း အဆက်မပြတ်တိုးတက်လာ၏။ ထို့ကြောင့် ၎င်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား ကျော်တက်ကာ အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ရောက်ရှိသွားသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ သေမင်းချီများကိုလည်း စုပ်ယူနေသည်ဖြစ်ရာ အကျိုးကျေးဇူး အမြောက်အမြား ခံစားနေရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ပြောင်းလဲသွားခြင်း မရှိသေးပါသော်လည်း သူ၏ ဝိညာဉ်မှာ ပို၍အစွမ်းထက်လာပြီး သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသည့် အခြားသူများထက် အများကြီးပို၍ အဆင့်မြင့်သွား၏။

ထိုကဲ့သို့သော အထူးအခွင့်အရေးများကြောင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ပို၍ပင် နီမြန်းလာရတော့သည်။ ခဏအကြာတွင် သူသည် အသေးစား ဝဲလေးများကို စိတ်ဝင်စားနေခြင်းမရှိတော့ဘဲ အရွယ်အစားကြီးမားသည့် ဝဲကြီးများကို လိုက်လံရှာဖွေနေတော့သည်။

မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲရှိ ဝဲများမှာ လခြမ်းဧကရာဇ်ကြီး၏ လက်အောက်ငယ်သားများ သေဆုံးသွားရာမှ ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများထဲမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ နတ်ဘုရင်များ ဖြစ်ကြ၏။

" ငါ ဝဲကြီးတွေကို စုပ်ယူမှဖြစ်မယ်။ အရွယ်အစားပိုကြီးလေ ပိုပြီးတော့လအရသာရှိလေပဲ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲသို့ စိတ်လှုပ်တရှား ပြေးဝင်သွား၏။ သူသည် လမ်းတစ်လျှောက်တွင် အသေးစား ဝဲများကို လျစ်လျစ်ရှူခဲ့ပြီး အလတ်စားဝဲများကို တချက်မျှသာကြည့်ကာ စုပ်ယူခဲ့သည်။ ထို့နောက် သူသည် အကြီးစား ဝဲများကို ဆက်လက်ရှာဖွေနေလိုက်၏။

သူ၏ နောက်တွင်မူ အနက်ရောင်ငါးလေးမှာ တိတ်တိတ်ကလေး လိုက်လာနေဆဲပင်။ သူသည် ဓားပြတိုက်ခံလိုက်ရသည့် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ပင်။ သူသည် မကျေမချမ်းဖြစ်နေရသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မတိုက်ခိုက်ရဲပေ။ ထို့အပြင် သူသည် အဝေးသို့ထွက်သွားရန် ဆန္ဒမရှိသောကြောင့် အံတကြိတ်ကြိတ်နှင့် ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

မြည်းလေး၏ နှာခေါင်းမှာလည်း ပို၍ပင် လှုပ်လှုပ်ရွရွ ဖြစ်လာပြီဖြစ်သည်။ ထို့အပြင် ၎င်းမှာ အိပ်ရာမှ နိုးထလာချင်နေသည့်အလား မျက်ခွံများ တဆတ်ဆတ် တုန်ရီနေ၏။

ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ မီးခိုးရောင်အာကာသကောင်းကင်ကြီးမှာမူ ဝမ်ပေါင်လဲ့ကြောင့် ဖရိုဖရဲ ဖြစ်နေရပြီဖြစ်သည်။ သေမင်းချီ အမြောက်အမြားမှာ ကုန်ဆုံးသွားပြီဖြစ်သလို အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာလည်း အဆက်မပြတ် ပျောက်ကွယ်သွားနေ၏။

အပြင်ဘက်တွင်ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ထိုအချက်အား သတိထားမိပေသည်။ သို့သော် ထို မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ရှိနေသည့် စုစုပေါင်း ပမာဏနှင့် ယှဉ်လိုက်ပါက ထိုကဲ့သို့ ဆုံးရှုံးသွားသည့်ပမာဏမှာ စာမဖွဲ့လောက်သဖြင့် သူတို့မှာ အထူးတလည် ဂရုစိုက်နေကြခြင်းမရှိပေ။

သို့သော်... နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲအထိ ရောက်နေပြီဖြစ်သည့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား အပြင်းအထန် တုန်ရီသွားစေသည့် ဝဲကြီးတစ်ခုအား မြင်လိုက်ရ၏။ သူ၏ မျက်ဝန်းများမှာလည်း ဝင်းလက်စွာ တောက်ပသွားသည်။

ထိုဝဲကြီးမှာ ကြီးမားလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့ စုပ်ယူခဲ့သမျှ ဝဲများအားလုံးထက် အဆပေါင်းများစွာ ပို၍ကြီးမားနေ၏။ ထို့ကြောင့် ၎င်း၏ အဆုံးကိုပင် သာမန်မျက်လုံးဖြင့် မမြင်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ထို ဝဲကြီးထဲရှိ နေရာအမျိုးမျိုးတွင် အနည်းဆုံး ကျင့်ကြံသူ အယောက်သုံးဆယ်ကျော် ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုကဲ့သို့ လူအမြောက်အမြား ရှိနေကြသည့်တိုင်အောင် ဝဲကြီးမှာ ယခုလို အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်မျိုးအား ပိုင်ဆိုင်ထားဆဲပင်။ သို့ဖြစ်ရာ ဤနေရာ၌ သေဆုံးသွားခဲ့ကြသည့် လူများ၏ ရာထူးအဆင့်အတန်းများနှင့် ကျင့်ကြံခြင်းအဆင့်များမှာ အလွန်အင်မတန်မှ တမူထူးခြားနေလောက်ပေသည်။

" သူတို့က လခြမ်းဧကရာဇ်ကြီးရဲ့ လက်အောက်က နတ်ဘုရင်တွေ ဖြစ်နေလောက်တယ်။ ပြီးရင် သာမန်နတ်ဘုရင်တွေတောင် မဟုတ်လောက်ဘူး " ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာလည်း ၎င်း၏ ဆန္ဒများကို ထုတ်ဖော်ပြသနေသည့်အလား အပြင်းအထန် တုန်ရီနေသည်။

ထို ဓားအိမ်လေးမှာ သဘာဝစည်းမျဥ်းဥပဒေသ အကျိုးအပဲ့ပေါင်း မြောက်မြားစွာနှင့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများကို စုပ်ယူခဲ့ပြီးနောက် ယခုတွင် သွေးအမျှင်အတန်းများ၏ ဖုံးလွှမ်းခြင်းကိုခံထားရသည်။ သာမန်ကာလျှံကာ ကြည့်လိုက်မည်ဆိုပါက ၎င်း၏ အစိတ်အပိုင်းအများစုမှာ အနီရောင်ဖြစ်နေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ၎င်း၏ အငွေ့အသက်မှာလည်း ယခင်တုန်းကနှင့် မတူတော့ပေ။ ၎င်းမှာ ၎င်း၏ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်ရုံနှင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပါ တုန်ရီသွားအောင် ပြုလုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။

" ငါ့ဟာ။ အကုန်လုံး ငါ့ဟာ " ဝမ်ပေါင်လဲ့မှာ ဓားအိမ်လေးထဲရှိ စိတ်ဆန္ဒအား အာရုံခံမိလိုက်သည်နှင့် သူ၏ နှလုံးသားထဲတွင်လည်း လောဘစိတ်များဖြင့် ပြည့်နှက်သွား၏။ သူ၏ အမြင်တွင် ထိုဝဲကြီးရှိ လူများအားလုံးမှာ သူခိုးဓားပြများသာ ဖြစ်ကြပေသည်။

" အရှက်မရှိတဲ့ကောင်တွေ။ သူခိုးဓားပြတွေကွာ။ ဒါ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ငါ့အတွက် ချန်ထားခဲ့တဲ့ အရာတွေကွ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကြိမ်းဝါးလိုက်ပြီး ရှေ့သို့ပြေးထွက်သွား၏။ သူ၏နောက်တွင် ရှိနေသည့် အနက်ရောင် ငါးလေးမှာမူ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီနေပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ကျိန်ဆဲနေသည့်ပုံပင်။ တစ်ချိန်တည်းမှာပင် ၎င်းမှာ ပူပန်သောက ရောက်နေသည့်ပုံလည်း ပေါက်နေ၏။ ထို့ကြောင့် ၎င်းမှာ လှစ်ခနဲ ပျောက်ကွယ်သွားပြီး မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အလယ်ဗဟိုရှိ မီးဖိုကြီးထဲတွင် ရှိနေသော ချန်ရှင်း၏ ဘေး၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။

၎င်းမှာ ထိုသို့ ပြန်လည်ပေါ်ပေါက်လာသည်နှင့် စောဒကတက်နေသည့် လေသံဖြင့် မကျေမချမ်း အော်ဟစ်မြည်တမ်းလိုက်၏။ တစ်ချိန်ထဲမှာပင် ၎င်းမှာ ဝမ်ပေါင်လဲ့ စုပ်ယူခဲ့သည့် ဝဲများ၏ အရွယ်အစားကို ဖော်ပြနေသည့်အလား ၎င်း၏ ခန္ဓာကိုယ်အား သေးငယ်သွားအောင် လုပ်လိုက်သည်။

ထိုအချိန်တွင် ချန်ရှင်းမှာ မတ်တတ်ထလာပြီး လခြမ်းဧကရာဇ်ကြီးအား လွှမ်းခြုံထားသည့် အနက်ရောင်မြူခိုးများထဲသို့ သွားရန် ပြင်နေခြင်းဖြစ်သည်။ သူသည် အနက်ရောင်ငါးလေး၏ ပေါ်ပေါက်လာမှုကြောင့် အံ့အားသင့်သွားရပါသော်လည်း တစ်ခဏမျှ နားထောင်လိုက်ပြီးနောက် သဘောမကျသည့် အမူအရာဖြင့် ပြုံးလိုက်သည်။

" ငါ ငါ့ရဲ့ ဂိုဏ်းတူညီလေးအကြောင်းကို ကောင်းကောင်းသိပါတယ်။ ဘာမှ စိတ်မပူပါနဲ့။ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ သူ အများကြီး စုပ်ယူနိုင်မှာ မဟုတ်ပါဘူးကွ "

အနက်ရောင်ငါးလေးမှာမူ အဆက်မပြတ် အော်မြည်နေဆဲဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာ၏။ ယခုအကြိမ်တွင်မူ ၎င်းမှာ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့ ဝင်သွားခဲ့သည့် ဧရာမဝဲကြီးအကြောင်း ပြောပြနေသည့်ပုံပင်....

ချန်ရှင်းမှာမူ သက်ပြင်းချလိုက်ပြီး အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ နှမြောတွန့်တိုလွန်းနေသည်ဟု ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ အငွေ့အသက် အနည်းငယ်ကိုသာ စုပ်ယူခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထို ငါးလေး ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲသွားနေသည်ကို အပြီးအထိ စောင့်ဆိုင်းနေခြင်းမရှိဘဲ မြူခိုးများထဲသို့သာ ပြေးဝင်သွားလိုက်၏။

" အေးပါ အေးပါ။ ငါ လခြမ်းဧကရာဇ်ကြီးပေါ်မှာ အချုပ်အနှောင်အမှတ်အသားတွေ ထပ်ပြီးတော့ ထည့်လိုက်ဦးမယ်။ ငါ ပြန်ထွက်လာတာနဲ့ သူ့ကို သွားတားပေးမယ် ဟုတ်ပြီလား "

ထိုအခါ အနက်ရောင်ငါးလေးမှာ သူ့ကိုယ်သူ အရွယ်အစား ကြီးမားလာအောင်လုပ်နေရာမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ၎င်းမှာ လခြမ်းဧကရာဇ်ကြီးအား ဝန်းရံထားသည့် မြူခိုးများကို မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ အမျက်ချောင်းချောင်းထွက်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ တစ်စုံတစ်ယောက်အား ကျိန်ဆဲနေသည့်အလား ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်၏။

All Chapters