သာမန် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကတောင် ဒီလောက် ရေပန်းစားနိုင်တယ်
Vol. 24 Ch. 353
ကျောင်းရှီမင်၊ လီကော်ချင်း၊ ပင်းထန်တို့၏ မျက်လုံးများ ကျယ်သွားရသည်။
စုရှောင်းယွီ၏ တခြာ အတန်းဖော်အားလုံးလည်း မှင်သက်သွားရ၏။
သူတို့ လင်းဖန်၏ စားတော်ပွဲကို တစ်လုတ်သာ စားရသေးသော်လည်း လုံးဝ စွဲလမ်းသွားပါပြီ။
ဒီလိုအရသာမျိုး အရင်က တစ်ခါမှ မစားခဲ့ဖူးပါ။
"တကယ်ပဲ ဒီစားတော်ပွဲကို လင်းဖန် ချက်ထားတာလား။ ဘာလို့ ဒီလောက် အရသာ ရှိနေရတာလဲ"
"လင်းဖန်ရဲ့ စားတော်ပွဲက ကြယ်ငါးပွင့် ဟင်းလျာတွေနဲ့ ယှဉ်လို့တောင်ရတယ်..."
"ဟုတ်တယ်။ လင်းဖန်သာ စားဖိုမှူးလုပ်ရင် သေချာပေါက် ရေပန်းစားလာမှာပဲ"
"အခုမှ မှတ်မိတယ်။ လင်းဖန် အရင်က စားသောက်ဆိုင် ဖွင့်တာမလား။ အဲ့ဒီစားသောက်ဆိုင် ဖွင့်ထားတုန်းလား"
အတန်းဖော်များ လင်းဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
ပြုံးသာပြုံးပြလိုက်ပြီး ခေါင်းခါလိုက်ပါသည်။
ထိုစားသောက်ဆိုင်ကို ဖွင့်စရာ မလိုတော့ပါ။
စားသောက်ဆိုင်ကို ဖွင့်ရင်တောင် သူ့ကတ်စတမ်မာတွေအတွက် ကိုယ်တိုင် ချက်ပြုတ်ပေးနိုင်မှာ မဟုတ်ပေ။
ညစာစားပြီးနောက် အတန်းဖော်များ အနားယူဖို့ အသင့်ဖြစ်နေကြပါပြီ။
လင်းဖန်က ကိုယ့်အခန်းကိုယ်ပြန်ပြီး တရုတ်စစ်တုရင် လေ့ကျင့်ဖို့ ပြင်လိုက်သည်။
လွန်ခဲ့သည့် ၆ လလုံးလုံး လင်းဖန် တရုတ်စစ်တုရင် လေ့လာခဲ့သည်။
တရုတ်စစ်တုရင်၏ အဆုံးသတ် ရွှေ့ကွက်များကို လင်းဖန် မှတ်သားပြီးပြီဖြစ်ပြီး တရုစ်စစ်တုရင် မှတ်တမ်း ပေါင်းစုံကိုလည်း ကိုယ်ပိုင်အစွမ်းအစနဲ့ မှတ်သားပြီးပါပြီ။
သူ့တရုတ်စစ်တုရင် စွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ စနစ်ကို အားမကိုးခဲ့ပါ။ ကိုယ့်အားကိုယ်သာ ကိုးခဲ့ပါသည်။
လင်းဖန်က စစ်တုရင်ရွှေ့ကွက်များ၊ အဖွင့်ရွှေ့ကွက်၊ ဂိမ်းလယ်ရွှေ့ကွက်နဲ့ ချောင်ပိတ်ရွှေ့ကွက်များ၊ ပြိုင်ပွဲ ပေါင်းစုံကကို ရင်ထဲမှာ မှတ်သားထားပြီးသား ဖြစ်သည်။
ထိုအချိန်တွင် ရှားဝမ်ချွေ့က တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့ပါသည်။
"မြောင်မြောင်" ရှားဝမ်ချွေ့ လင်းဖန်ကိ ကြည့်လိုက်၏။
"တရုတ်စစ်တုရင် ကစားနေတုန်းလား" ရှားဝမ်ချွေ့ မေးလိုက်၏။
လင်းဖန် ခေါင်းငြိမ့်ပြကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။
သူ တရုတ်စစ်တုရင်ကို ဒီလောက် ကြာကြာ လေ့ကျင့်ခဲ့ရခြင်းမှာ တခြား အကြောင်းအရင်း မရှိပါ။ လင်းဖန် တရုတ်စစ်တုရင် ကစားပြီး ငွေတွေ အများကြီးလည်း မရနိုင်ပါ။ ရှားဝမ်ချွေ့ အဖေရဲ့ သဘောတူညီမှုကို ရယူချင်သောကြောင့်သာ ဖြစ်သည်။
ရှားဝမ်ချွေ့ အဖေ၏ သဘောတူညီမှုကိုသာ ရယူနိုင်ပါက အားလုံးတန်သည်ဟု လင်းဖန် ခံစားမိပါသည်။
သူ့မှာ ငွေတွေ အများကြီး ရှာနိုင်ခဲ့ပြီး ကိုယ်ပိုင် ကုမ္ပဏီလည်း ရှိနေပါပြီ။
လင်းဖန်မှာ တခြား အိပ်မက်တွေ ရှိသေးလို့လား။
သုံးစရာ ငွေရှိကာ ကောင်မလေးနဲ့ အတူတူ နေနိုင်ရင်ပဲ လုံလောက်ပါပြီ။
ငွေကို လင်းဖန် အကုန် မသုံးနိုင်ပါ။
လင်းဖန်ရဲ့အမြင်မှာတော့ ဘီလီယံဆယ်ချိ၊ ရာချီသို့မဟုတ် ထရီလီယံများအကြားတွင် ဘာမှ များများစားစား ကွာခြားချက် မရှိပေ။ သူ့တစ်သက်တာ ကုန်အောင် မသုံးနိုင်သည့် ကြွယ်ဝမှု တစ်ခုသာ ဖြစ်သည်။
လင်းဖန်က ကမ္ဘာပေါ်က အချမ်းသာဆုံးလူ ဖြစ်လာဖို့လည်း စိတ်မဝင်စားပါ။
ကုမ္ပဏီများစွာ လက်ထဲရှိနေသဖြင့် ဘာမှ မလုပ်ဘဲ အစုပေါ် အမြတ် ထိုင်စားနေရင်တောင် ရပါသည်။ သူ့ဘဝကို ဒီလိုမျိုး ကုန်ဆုံးရမည် ဆိုရင်တောင် ငွေတွေ အများကြီး ရရှိလွန်းသဖြင့် တစ်သက်လုံး သုံးကုန်မှာ မဟုတ်ပါ။
ထို့ကြောင့် လင်းဖန် ယခုလုပ်ချင်တာဆိုလို့ ရှားဝမ်ချွေ့နဲ့ လက်ထပ်ပြီး သူမနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့သာ ဖြစ်သည်။
ထို့ကြောင့် လင်းဖန်က တရုတ်စစ်တုရင် ကစားနေခြင်း ဖြစ်၏။
ရှားဝမ်ချွေ့ အဖေက တရုတ်စစ်တုရင် ကစားရတာကို သဘောကျမှန်း လင်းဖန်သိပါသည်။ ထို့ကြောင့် သူ လေ့လာနေခြင်း ဖြစ်သည်။
သူသာ ရှားဝမ်ချွေ့ကို လက်ထပ်ချင်ပါက သူမ မိဘတွေရဲ့ သဘောတူညီမှုကို အရင်ရယူရမည်။
ရှားဝမ်ချွေ့၏ အဖေက ပထမဆုံး အဆင့်သာ ဖြစ်သည်။
ပထမအဆင့်က အတော်လေး အရေးကြီးပါသည်။
လင်းဖန်၏ တရုတ်စစ်တုရင် စွမ်းရည်တွေကလည်း အရေးကြီးသည်။
"လင်းဖန် တရုတ်စစ်တုရင် ကစားတဲ့အခါကျရင် စစ်တုရင်မှတ်တမ်းတွေကိုပဲ ဒီတိုင်း ထိုင်မှတ်နေစရာ မလိုဘူး။ အဲ့တာတွေက အသုံးဝင်တယ်ဆိုပေမယ့် အသုံးအဝင်ဆုံးက တခြားသူတွေနဲ့ ကစားရင်း လေ့ကျင့်တာပဲ"
"အဲ့တာမှ တိုးတက်မှုက ပိုပြီး သိသာလာလိမ့်မယ်။ မဟုတ်ရင် ကိုယ့်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်ကို ဒီတိုင်း သီအိုရီဆန်တဲ့ ဗဟုသုတတွေနဲ့ တိုးမြှင့်ဖို့က ခက်ခဲလွန်းမယ်" ရှားဝမ်ချွေ့ ပြောလိုက်သည်။
လင်းဖန် ခေါင်းငြိမ့်လိုက်ပါသည်။ "အဓိပ္ပာယ် ရှိပါတယ်။ ငါအကောင်းဆုံး ကြိုးစားလိုက်မယ်"
လင်းဖန် ဘယ်လောက် လေးလေးနက်နက် ကြိုးစားနေသလဲ ဆိုတာကိုမြင်ပြီး ရှားဝမ်ချွေ့ သူ့ဆီ လျှောက်လှမ်းသွားကာ ပါးလေးကို နူးညံ့စွာ နမ်းလိုက်ပါသည်။ သူမ ရင်နာသွားပြီး ပြောလိုက်၏။ "နင်ဒီလောက် ကြိုးစားနေတာကို မြင်ရတာ နည်းနည်း ရင်နာမိတယ်"
သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ နှုတ်ခမ်း နီနီလေးကို နမ်းရှိုက်လိုက်ပါသည်။ သူ ပြုံးကာ ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ဒါက နင့်ကို လက်ထပ်ဖို့ ကြိုးစားရမယ့် အရာပဲလေ။ အဲ့လောက် ရိုးရှင်းပါတယ်"
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး နှုတ်ခမ်းကို စုလိုက်ပါသည်။
လင်းဖန်က ယခုဆို အလွန်ရဲတင်းလွန်းနေပြီး သူမကို မပြောမဆို နမ်းပင်နမ်းရဲနေပါပြီ။
ရှားဝမ်ချွေ့ ညင်သာစွာ ပြောလိုက်သည်။ "ဒါဆိုလည်း စောစောနားလိုက်။ ငါလည်း နားတော့မယ်~ "
ရှားဝမ်ချွေ့ ထွက်သွားပြီးနောက် လင်းဖန် တရုတ်စစ်တုရင် ကစားဖို့ အပြည့်အဝ မုသွင်းလိုက်ပါသည်။
QQ Games ၏ တရုတ်စစ်တုရင် ဂိမ်းထဲ နှိပ်ဝင်လိုက်သည်။
တရုတ်စစ်တုရင်ဂိမ်းက လူတိုင်း ကစားနိုင်သည့် ဂိမ်းမျိုးဖြစ်သည်။
လင်းဖန်လည်း အရင်က ကစားဖူးပါသည်။ ဒီတရုတ် စစ်တုရင်ဂိမ်း၏ အဆင့်များက ၁-၁, ၁-၂, ၁-၃, စသည်ဖြင့် ရှိကြသည်။ အတော်လေးလည်း နိမ့်ပါသည်။
ထို့နောက် ၂-၁, ၂-၂, ၂-၃ အစရှိသဖြင့် ရောက်လာမည်။
အဆင့် ၉-၁ ကိုရောက်သည့်အခါ တရုတ်စစ်တုရင် ကစားသမားက အလွန် ကျွမ်းကျင်နေပါပြီ။
အဆင့် ၉-၂, ၉-၃ ရောက်သည့်အခါ ပရော်ဖက်ရှင်နယ် အဆင့်ဟုပင သတ်မှတ်နိုင်လေပြီ။
ထို့အပြင် အဆင့် ၉-၃ ကို ကျော်ဖို့ဆိုတာ အဆင့်မြင့် AI လယ်ဗယ်လောက်အထိ ရောက်သွားပါပြီ။ လက်ရှိ လူသားတွေ မကျော်နိုင်သည့် အဆင့်မျိုးလည်း ဖြစ်သည်။
၉-၃ က လူသားစံနှုန်းထက် မြင့်မားနေသည့် အဆင့် ဖြစ်သောကြောင့် ဘွဲ့ထူးတစ်ခု ရှိသည်။ နတ်ဘုရား ဘုရင် ဟူ၍ဖြစ်သည်။
ဒီလောက် ကျွမ်းကျင်စွာ ကစားနိုင်သည့် တရုတ်စစ်တုရင် ကစားသမားကတော့ မမွေးလောက်သေးပါ။
လင်းဖန်၏ တရုတ်စစ်တုရင် အဆင့်က ၃-၂ ရှိသည်။ ယခင်တုန်းက ထိုအဆင့်ကို ရောက်ခဲ့ပြီး ဆက်တိုက် အနိုင်ရရှိမှု ၁၈ ကြိမ် ရခဲ့ပါသည်။
အဆင့် ၃-၂ ကို ရောက်ရှိပြီးနောက် သူ့တရုတ်စစ်တုရင် စွမ်းရည်မှာ လိုအပ်ချက် များစွာ ရှိနေသည်ဟု လင်းဖန် ခံစားခဲ့ရသည်။ ထို့ကြောင့် စတင် လေ့လာခဲ့ခြင်း ဖြစ်ပါသည်။
ဒိနေ့တော့ တရုတ်စစ်တုရင်စွမ်းရည် လုံလုံလောက်လောက် လေ့လာသင်ယူပြီးပြီဟု ထင်မိသည်။
ထို့ကြောင့် ဂိမ်းကို ဖွင့်လိုက်ပြီး တိုက်ပွဲစခဲ့သည်။
လင်းဖန် ကြောက်မှာ မဟုတ်သလို တွန့်ဆုတ်မှာလည်း မဟုတ်ပါ။
ဒါက တရုတ်စစ်တုရင် လေ့လာပြီးနောက် သူပထမဆုံး ကစားမည့် ဂိမ်းလည်း ဖြစ်သည်။
အင်တာနက်ပေါ်က ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သော်လည်း မတူညီသည့် အဆင့်များရှိ ကစားသမားများ၏ စွမ်းရည်ကလည်း ခြားနားသည်။
သူကံကောင်းပါက ပရော်ဖက်ရှင်နယ် တရုတ်စစ်တုရင် ကစားသမားတွေနဲ့ ဆုံနိုင်ပါသည်။
လင်းဖန် တရုတ်စစ်တုရင်ကစားဖို့ ပြင်လိုက်စဉ်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လုပ်ဖို့ စဉ်းစားမိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လွှင့်လိုက်ပါက ဝင်ငွေ အလွန်ကြမ်းလိမ့်မည်။
ထိုစိတ်ကူးဖြင့် လင်းဖန် သူ့ညီမ လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှု Room နံပါတ်နဲ့ ပါ့စ်ဝေါ့ကို တောင်းလိုက်သည်။
"ညီမလေး။ ငါတိုက်ရိုက်ထုတ်လွှင့်မလို့ နင့်အကောင့် ခဏ ငှားစမ်းပါ။” လင်းဖန် ပြောလိုက်သည်။
"ဟမ်" လင်းယွီရှစ်က သူမကို ဗီဒီယိုကော ခေါ်နေသည့် လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။
"အစ်ကိုကြီး။ နင် တိုက်ရိုက်ထုတ်လွှင့်မလို့ဆိုတော့ သီချင်းထပ်ဆိုမလို့လား" လင်းယွီရှစ်လည်း မျှော်လင့်နေမိပါသည်။
လင်းဖန် သီချင်းဆိုတာကို မကြိက်တဲ့ လူမျိုး မရှိပေ။ လင်းယွီရှစ်လည်း ခြွင်းချက် မဟုတ်ပါ။
"မဆိုပါဘူး။ ငါ တရုတ်စစ်တုရင် ကစားပြမလို့လေ" လင်းဖန် ပြုံးလိုက်သည်။
"ဒီမှာ အစ်ကိုကြီး။ ငှားပေးလိုက်မယ်။ လော့အင် ဘယ်လိုလုပ်ရမလဲ ပို့ပေးပြီး ပါ့စ်ဝေါ့ ပို့လိုက်မယ်" လင်းယွီရှစ် ပြုံးလိုက်ပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု လော့အင် အသေးစိတ်များကို ရရှိပြီးနောက် လင်းဖန် Douyu တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကို ဖွင့်လိုက်သည်။
Douyu တိုက်ရိုက်ထုတ်လွှင့်မှုပေါ်တွင် လင်းဖန်က အချိန်မှီ တရုတ်စစ်တုရင်ဂိမ်းကို ဖွင့်လိုက်၏။
အမှန်ပင်။ ကင်မရာလည်း ရှိပါသည်။
ကင်မရာကို ဖွင့်လိုက်သောအခါ ပရိတ်သတ်တွေ ချက်ချင်းပဲ အပြေးရောက်လာကြ၏။
"ဘာလဲဟ။ ယောက်ျားကြီးလား။ လင်းယွီရှစ်ရဲ့ ရည်းစားလား။ Unfollow လုပ်မှာနော်။ သူ့မှာ ရည်းစားတောင် ရှိနေပြီလား"
"အပေါ်က သောက်တုံး။ အဲ့တာ လင်းဖန်ကွ။ စူပါစတား လင်းဖန် လင်းယွီရှစ်က သူ့ညီမကွ"
"လခွမ်း လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေတာပဲ"
"အား လင်းဖန် ဘာလို့ အရမ်းချောနေရတာလဲ သိချင်လိုက်တာ။ ယုံဖို့တောင် ခက်တယ်"
"လင်းဖန် သီချင်းဆိုပြမလို့လား။ ငါရိုက်ထားဖို့ အသင့်ဖြစ်နေပြီ။ လင်းဖန်ဆိုတာ အရမ်းကောင်းတယ်"
"66666666"
လင်းဖန် ဘာမှမပြောနိုင်ခင်မှာပင် ဖန်သားပြင်ပေါ်၌ ဧရာမ စူပါ ဒုံးပျံကြီး တစ်ခု ပေါ်လာပါသည်။
[ကြယ်ပွင့်လေးမှ စူပါဒုံးပျံတစ်ခု လက်ဆောင် ပေးလိုက်ပါပြီ]
[ချစ်စရာကြောင်လေးမှ လေယာဉ် ၁၀ ခု လက်ဆောင် ပေးလိုက်ပါပြီ]
[လင်းဖန်ရဲ့အမာခံပရိတ်သတ်မှ ဒုံးပျံ ၁ ခု လက်ဆောင်ပေးလိုက်ပါပြီ]
ဒီတိုင်း သာမန် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လိုက်တာနဲ့ ဒီလောက် ရေပန်းစားသွားလိမ့်မည်ဟု လင်းဖန် မထင်ခဲ့မိပေ။