လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု နာမည်ကျော်သွားခြင်း
Vol. 24 Ch. 354
ချက်ချင်းဆိုသလိုပဲ ဖန်သားပြင်ပေါ်မှာ လက်ဆောင်များ ပြည့်နှက်သွားခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် တိုက်ရိုက်ထုတ်လွှင့်နေသူက လင်းဖန် ဖြစ်နေတာကြောင့်ပင်။
လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ကြည့်ရှုသူ ဘယ်နှယောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီလဲဆိုတာကို မသိရသေးပါ။
တိုက်ရိုက်ထုတ်လွှင့်မှု ၃ မိနစ်တည်းနဲ့ လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားနှုန်းက ၁၀၀,၀၀၀ အထိ ရှိသွားခဲ့ပါပြီ။
လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုများက အရမ်းကြီး ရေပန်းမစားသော်လည်း လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ အလွန် ရေပန်းစားပါသည်။
ဘာမှ မကြော်ငြာထားဘဲနဲ့တောင် တိုက်ရိုက်ထုတ်လွှင့်မှုက အလွန် ရေပန်းစားနေပါပြီ။
"အားလုံး ကျွန်တော့်ကို ဒီလိုလက်ဆောင်တွေ ပို့မပေးပါနဲ့တော့ဗျာ။ ကျွန်တော်က ဒီအတိုင်း တိုက်ရိုက်ထုတ်လွှင့်တာပါ" လင်းဖန် ပြုံးလိုက်သည်။
သူ့ပရိတ်သတ်တွေက စိတ်အားထက်သန်းလွန်းနေသဖြင့် လက်ဆောင်များ ပို့သည်ဟု ထင်မိသည်။ သူတို့ ဒီတိုင်းသာ ဆက်လက် စိတ်အားထက်သန်နေကြလျှင် ကျန်တာအားလုံး အသာထား၊ တိုက်ရိုက်ထုတ်လွှင့်မှုကြီး အလွန် ထစ်ငေါ့ သွားနိုင်သည်။
လင်းဖန် ပြောလိုက်မှ တိုက်ရိုက်ထုတ်လွှင့်မှုထဲ လက်ဆောင်တွေ ပိုတောင် တက်လာပါသေးသည်။
အခုမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်တာဖြစ်သော်လည်း လက်ဆောင်များစွာ ရထားပြီးပါပြီ။
"ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အဓိက ရည်ရွယ်ချက်က တရုတ်စစ်တုရင် ကစားပြဖို့ပါ။ ကျွန်တော် တခြား ဘာမှ လုပ်မပြပါဘူး။ ဒီတိုင်း အေးအေးဆေးဆေးပဲ နေချင်တယ်။ ကျွန်တော် အလုပ်ပင်ပန်းထားလို့ပါ" လင်းဖန်က ပြောလိုက်ပြီး တရုတ်စစ်တုရင် ပထမ အချီကို စတင်ကစားခဲ့ပါသည်။
တရုတ်စစ်တုရင် စည်းမျဉ်းများကို လူအတော်များများ သိကြပါသည်။
ဥပမာ အမြှောက်က ဆန့်ကျင်ဘက် ကောင်ကို စားဖို့အတွက် တစ်ခုကျော်ရသည်။ မြင်းကို L သဏ္ဌာန် ရွှေ့နိုင်သည်။ ဆင်ကို ထောင့်ဖြတ်မျဉ်း ဦးတည်ချက်အတိုင်း ၂ ကွက်စီ ရွှေ့နိုင်သည်။ ဆန့်ကျင်ဘက် စစ်သူကြီးများက အချင်းချင်း ရင်ဆိုင်လို့မရပါ။ ကြည့်ရှုသူအများစုက အခြေခံစည်းမျဉ်းများကိုတော့ နားလည်ပါသည်။
လင်းဖန် တရုတ်စစ်တုရင် ကစားတော့မည်ဟု ကြားလိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူများ အနည်းငယ် မှင်သက်သွားကြသည်။
"လခွမ်း။ အစ်ကိုဖန်က တရုတ်စစ်တုရင် ကစားတော့မှာပဲ"
"ငါလည်း တရုတ်စစ်တုရင် ကစားတတ်တယ်လေ။ ဟားဟား အစ်ကိုဖန် ငါသင်ပေးရမလား"
"အီးဟီးဟီး... ငါတရုတ်စစ်တုရင်အကြောင်း နားမလည်ဘူး။ ဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့် လင်းဖန်ကိုပဲ မြင်ချင်တာ။ လင်းဖန်က အရမ်းချောတာကိုး"
"လင်းဖန် အရမ်းချော၊ အရမ်းချော၊ အရမ်းချောတယ်"
သူ တရုတ်စစ်တုရင် ကစားနေတာကို ကြည့်ရှုချင်သည့်လူ မများလောက်ဘူးဟု လင်းဖန် ထင်ခဲ့၏။
သို့သော်လည်း သူအံ့အားသင့်သွားရလောက်အောင် လင်းဖန် တရုတ်စစ်တုရင် ကစားတာကို လာကြည့်သည့် ကြည့်ရှုသူ အရေအတွက်က ပို၍ပင် တိုးလာပါသေးသည်။
တိုက်ရိုက်ထုတ်လွှင့်နေတာ လင်းဖန်မှန်း ပရိတ်သတ်များ သိလိုက်ရသောအခါ အားလုံး တိုက်ရိုက်ထုတ်လွှင့်မှုကို အလောတကြီး လာကြည့်ကြသည်။
လင်းဖန်၏ လက်ရှိ ရေပန်းစားမှုကြောင့် ကြည့်ရှုသူများစွာက သူ့ကို သဘောကျကြပါသည်။
"အား တကယ်ကြီး လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေတာပဲ"
"အစ်ကိုလင်းဖန်ရဲ့ ရုပ်သံဒရမ်မာ ၄ ကားစလုံးကို ငါအရမ်းသဘောကျတာ။ လင်းဖန် နောက်ထပ် ဘယ်လို ရုပ်သံ ဒရမ်မာမျိုး ထပ်ရိုက်မလဲ မသိဘူး"
"ငါ မျှော်နေပြီ။ အစ်ကိုဖန်က တရုတ်စစ်တုရင်လည်း ကစားတယ်။ ဒါပေမယ့် တရုတ်စစ်တုရင်က အရမ်းခက်တာ။ အစ်ကိုဖန် ဒီတိုင်း အလှူအတန်းလုပ်ဖို့ လွှင့်တာ ထင်လို့လေ"
"အစ်ကိုဖန်။ ရှားဝမ်ချွေ့ အနားမှာရှိလား။ ရှားဝမ်ချွေ့ကိုမြင်ချင်တယ်။ ရှားဝမ်ချွေ့က အရမ်းလှတာပဲ။ အစ်ကိုဖန် ဒီလိုကောင်မလေးမျိုး ရထားတာကို အားကျလိုက်တာ"
"လင်းဖန် လင်းဖန် လင်းဖန်"
မရေမတွက်နိုင်သော ကောမန့်များစွာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာခဲ့သည်။
လင်းဖန်၏ Douyu တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားနှုန်းက ၁ သန်းအထိ တက်သွားပါသည်။
ရေပန်းစားနှုန်း ၁ သန်းက နာမည်ကျော် တိုက်ရိုက်ထုတ်လွှင့်သူများ၏ အဆင့်လောက် ဖြစ်နေပါပြီ။
လင်းဖန်၏ တရုတ်စစ်တုရင် ကစားပြသည့် တိုက်ရိုက်ထုတ်လွှင့်မှုက ပျင်းဖို့ ကောင်းသည်။ တရုတ်စစ်တုရင် ကစားတာကို ကြည့်နိုင်သည့် ပရိတ်သတ်က အလွန်နည်းသော်လည်း သူ့မှာ ရေပန်းစားမှုနှုန်း ၁ သန်းလောက် ရှိသွားပါပြီ။
Douyu တွင်...။
ကုမ္ပဏီ၏ ဆန်းစစ်သူများက လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေတာကို မြင်သောအခါ အံ့အားသင့်စွာ ပြောလိုက်ကြသည်။ "လခွမ်း လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေတယ်ဟေ့။ ဘာလို့ ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်ရတာလဲ..."
နောက်ထပ် ဆန်းစစ်သူတစ်ယောက်က စွဲလမ်းမှုများ ပြည့်ဝစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ဆန်းစစ်သူတွေတောင် လင်းဖန်ကို သဘောကျသည်။ ဘယ်သူမှ သူ့မျက်နှာကို သဘောမကျဘဲ မနေပါ။
"ကြီးကြပ်သူတွေကို အစီရင်ခံသင့်တယ်ထင်လား" ဝန်ထမ်းက မေးလိုက်သည်။
"အစီရင်ခံသင့်တယ် ထင်တာပဲ။ လင်းဖန်က တရုတ်စစ်တုရင် ကစားနေတာ။ ကြီးကြပ်သူကို သွားပြောပြီး လင်းဖန်ကို ပရိုမိုးရှင်းဆင်းပေးဖို့အတွက် ထောက်ခံချက်နေရာကို ချက်ချင်း ပြောင်းလဲဖို့ လုပ်ကြည့်ရအောင်လေ"
"လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်ဖို့ ငါတို့ ကုမ္ပဏီဆီလာတာ။ သူက လင်းယွီရှစ် အကောင့်ကို သုံးနေတာ ဆိုပေမယ့် ရေပန်းစားနှုန်းကို ကြည့်လိုက်ပါဦး။ ကြောက်ဖို့ ကောင်းလွန်းတယ်။ ၆ မိနစ်အတွင်း ရေပန်းစားနှုန်း ၁ သန်းအထိ တက်သွားတယ်" နောက်ထပ် ဝန်ထမ်းတစ်ယောက်က ခေါင်းငြိမ့်လိုက်ပါသည်။
ဝန်ထမ်းတွေလည်း အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ "လင်းဖန်က သူ့ပရိတ်သတ်တွေကိုပါ ခေါ်လာတာပဲ။ သူက အရမ်းထူးချွန်တာကိုး။ ဖြစ်သင့်ပါတယ်"
ဝန်ထမ်းနှစ်ယောက် ဆုံးဖြတ်ချက်ချပြီးနောက် ကြီးကြပ်သူကို ဒီအကြောင်း ချက်ချင်း တင်ပြလိုက်ပါသည်။
ကြီးကြပ်သူလည်း မှင်သက်သွားရ၏။ လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်ပြီးနောက် ပြောလိုက်သည်။
"လခွမ်း... တိုက်ရိုက်ထုတ်လွှင့်မှု ရေပန်းစားနှုန်းက ၁.၃ သန်းတောင် တက်သွားပြီ။ ၁၀ မိနစ်တောင် မရှိသေးဘူးမလား"
"လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်နေတော့ ပရိုမိုးရှင်း ဆင်းပေးရအောင်။ ချက်ချင်း Douyu App နဲ့ Douyu ပင်မစာမျက်နှာပေါ်မှာ လင်းဖန်ရဲ့ ဓာတ်ပုံကို တင်လိုက်။ ပြီးတော့ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို တရုတ်စစ်တုရင် တိုက်ရိုက်ထုတ်လွှင့်မှုတွေ အောက်မှာ ပရိုမိုးရှင်း ဆင်းပေးလိုက်။ ဒါငါတို့ Douyu ကုမ္ပဏီ ကိုယ့်အတွက်ကိုယ် ပရိုမိုးရှင်း ဆင်းနိုင်ဖို့လည်း အခွင့်အရေးကောင်းတစ်ခုပဲ"
ကြီးကြပ်သူ၏ ဆုံးဖြတ်ချက်အောက်တွင် Douyu က ချက်ချင််း လင်းဖန်ကို ပရိုမိုးရှင်းဆင်းပေးဖို့ ရွေးချယ်လိုက်ကြပါသည်။
Douyu ၏ သွက်လက်သော ကြော်ငြာမှုများကြောင့် အဓိက တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်ကြီးများမှ လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသလေသည်။
အင်တာနက်တခွင်မှာလည်း ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်၏။
ရုတ်ခြည်းဆိုသလို မရေမတွက်နိုင်အောင် များပြားသည့် ကြည့်ရှုသူများ လင်းဖန် တိုက်ရိုက်ထုတ်လွှင့်နေမှန်း သိသွားကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုပေါင်းစုံရှိ အားလုံးလည်း လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ကူးပြောင်းလာကြသည်။
လင်းဖန်က တရုတ်စစ်တုရင် ကစားနေခြင်း ဖြစ်၏။
တရုတ်စစ်တုရင် ပရိတ်သတ်များစွာရှိပြီး တရုတ်စစ်တုရင် ကစားရတာ ကြိုက်နှစ်သက်သည့် ကျွမ်းကျင်သူ တချို့လည်း တိုက်ရိုက်ထုတ်လွှင့်မှုထဲ ဝင်လာခဲ့ကြပါသည်။
သူတို့ မြင်လိုက်ရတာက လင်းဖန်ရဲ့ ၁၉ ပွဲမြောက် တရုတ်စစ်တုရင်ပွဲ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန် ယခင်က ၁၈ ကြိမ် ဆက်တိုက် အနိုင်ပွဲ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒီတရုတ်စစ်တုရင် ဂိမ်းက လင်းဖန် ၁၉ ကြိမ် ဆက်တိုက် အနိုင်ပွဲ ရရှိနိုင်မလားဆိုတာကို အဆုံးအဖြတ်ပေးမည့် ပွဲလည်း ဖြစ်သည်။
"ချက်ခ်မိတ်"
လင်းဖန် ပြောလိုက်၏။ မြင်းက ရှေ့ကို တက်သွားပြီး ပြိုင်ဘက်ကို အဆုံးသတ်ပေးလိုက်ပါသည်။
လင်းဖန် နိုင်သွားပါပြီ။
လင်းဖန် တရုတ်စစ်တုရင် ၁၉ ပွဲမြောက်ကို အနိုင်ရရှိသွားလေပြီ။
တစ်ချိန်တည်းမှာပဲ လင်းဖန်၏ အဆင့်က ၃-၃ အထိ မြင့်တက်သွားသည်။ အမြင့်ကြီး မဟုတ်သော်လည်း လင်းဖန်၏ တရုတ်စစ်တုရင် စွမ်းရည်က ပရိတ်သတ်တချို့ကို ဖမ်းစားနိုင်ခဲ့သည်။
"666666666"
"လင်းဖန် အွန်လိုင်းပေါ်က ငနုံလေးတွေကို အနိုင်ကျင့်နေတာ ကြည့်နေရတယ်ဟေ့။ လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်က တော်တော်ကောင်းတဲ့ပုံပဲ။ ပြိုင်ဘက်က လင်းဖန်ကို လုံးဝ အနိုင်မယူနိုင်ဘူး"
"လခွမ်း လင်းဖန်က တော်လွန်းပါတယ်ကွာ။ သီချင်းလည်း ကောင်းကောင်းဆိုတတ်၊ ရိုက်ကူးရေးလည်း ကောင်းကောင်း လုပ်တတ်တယ်။ တရုတ်စစ်တုရင်မှာပါ ဘယ်လိုလုပ် တော်နိုင်ရတာလဲ"
ပရိတ်သတ်တွေ ပိုပိုပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲ ရောက်လာကြသည်။
လင်းဖန်ကလည်း တရုတ်စစ်တုရင်ကို ဆက်ကစားနေပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိတ်သတ်တွေကို ဂရုစိုက် မအားပါ။
ယခု လေ့ကျင့်ရေးက လင်းဖန်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
လင်းဖန်က ရှားဝမ်ချွေ့အဖေနဲ့ မတွေ့ခင် သူ့တရုတ်စစ်တုရင် စွမ်းရည်ကို တကယ့်ပြိုင်ပွဲကစားမှ အဆင့်မြှင့်တင်လို့ ရပါလိမ့်မည်။
ဒါက လင်းဖန်၏ ကိုယ့်ကိုယ်ကို သတ်မှတ်ပေးထားသည့် တင်းကြပ်သော စည်းကမ်း ဖြစ်သည်။
လင်းဖန် ၂၀ ပွဲမြောက်ကို နိုင်သွားပြန်ပါပြီ။
ဒီတစ်ခေါက်လည်း လင်းဖန် ပြိုင်ဘက်ကို ချက်ခ်မိတ် လုပ်နိုင်ခဲ့ပါသည်။
ပြိုင်ဘက်ကို ရွှေ့ကွက် ၁၇ ကွက်တည်းနဲ့ ချက်ခ်မိတ်လုပ်ခဲ့သည်။
လင်းဖန်၏ မှင်သက်စရာ တရုတ်စစ်တုရင် စွမ်းရည်များကို မြင်ပြီး ပွဲတစ်ပွဲလုံးကို ကြည့်နေသည့် ပရိတ်သတ်များ လေးလေးနက်နက် အံ့အားသင့်ကုန်ကြသည်။
သူတို့ထဲမှာ တရုတ်စစ်တုရင် ပရိတ်သတ်များစွာ ပါဝင်သည်။ ၎င်းတို့၏ စံနှုန်းကလည်း မဆိုးလှပါ။
လင်းဖန်၏ ဖွင့်ကွက်၊ ကစားပွဲအလယ်ပိုင်းရှိ ခင်းကျင်းပုံ၊ စစ်တုရင်တစ်ပွဲလုံးကို သူကစားသွားပုံတို့ကို မြင်လိုက်ရသောအခါ အားလုံး မှင်သက်သွားကြသည်။
"လင်းဖန်က... ကြမ်းလိုက်တာ"
"လခွမ်း။ လင်းဖန် ၂၀ ကြိမ် ဆက်တိုက် နိုင်ပွဲ ရထားတာ သတိမထားမိလိုက်ဘူး"
"တကယ် ပွဲ ၂၀ ဆက်တိုက် အနိုင်ရရှိမှုပဲ။ လင်းဖန်ရဲ့ အဖွင့်ကွက်နဲ့ ကစားပွဲအလယ်အခြေအနေတွေက အရမ်း ပြီးပြည့်စုံလွန်းတယ်"
"ပြိုင်ဘက်ရဲ့ အရည်အချင်းက သိပ်ပြီးမကောင်းဘူး ဆိုပေမယ့် လင်းဖန် ပွဲ ၂၀ ဆက်တိုက် အနိုင်ရရှိဖို့ဆိုတာ သူ့စံနှုန်းကလည်း တကယ် သာမန် မဟုတ်မှ ရမယ်"
"အပေါ်က ကောမန့်ရေးတဲ့ကောင်။ ကြွားနေတာ ရပ်စမ်းပါ။ လင်းဖန်က ဘာတွေ အဲ့လောက်တော်နေလို့လဲ။ ငနုံလေးတွေကို အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား။ ငါတောင် လုပ်နိုင်တယ်။ လင်းဖန် ပွဲ ၃၀ ဒါမှဟုတ် ၄၀ ဆက်တိုက် နိုင်မှာလား"
"ဟုတ်တယ်။ ကြွားဖို့ပဲ တတ်တဲ့ကောင်တွေ။ လင်းဖန် ပွဲ ၄၀ ဆက်တိုက် နိုင်ရင် ငါချီးစားတဲ့ပုံ တိုက်ရိုက်ထုတ်လွှင့်ပြမယ်"
နှစ်နာရီကြာသောအခါ...
လင်းဖန်နောက်ထပ် ပွဲ ၂၀ ဆက်တိုက် အနိုင်ရရှိသွားသည်။
လင်းဖန် ပွဲ ၄၀ ဆက်တိုက် အနိုင်ရရှိခဲ့ပါသည်။
ထို့အပြင် လင်းဖန်၏ အဆင့်က ၆-၃ တောင် ရောက်သွားပါပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ပွက်လောရိုက်သွားကြ၏။
လင်းဖန်က တရုတ်စစ်တုရင် ကစားတတ်ရုံတင်မကဘဲ တရုတ်စစ်တုရင် စွမ်းရည်တွေက အရမ်းကောင်းမှန်း ဘယ်သူမှ မထင်ခဲ့ပါ။
တရုတ်စစ်တုရင် App ထဲမှာ ပွဲ ၄၀ ဆက်တိုက် အနိုင်ရရှိဖို့ဆိုတာ အလွန်အမင်း ခက်ခဲလွန်းပါသည်။
သို့သော်လည်း... လင်းဖန်ကတော့ လုပ်နိုင်ခဲ့သည်။
ဒါဆို လင်းဖန်ရဲ့ တရုတ်စစ်တုရင် စွမ်းရည်တွေကလည်း မာစတာအဆင့် ရောက်နေပြီပေါ့။