ပြန်လည်အသက်သွင်းခြင်း
Vol. 71 Ch. 982
“အရှင်” ဟို့ရှုက ဆေးဖော်စပ်ရေးကို သရုပ်ဖော်နေသည့် သူမ၏ အခန်းအတွင်း ရုတ်တရက် ပေါ်ထွက်လာသည့်သူကြောင့် အံ့အားသင့်သွားလေသည်။ သူမ၏ သူတော်စင်အဆင့်ဖြင့် ဤသို့သော လူမျိုးကို တစ်ခါမှ မမြင်တွေ့ဖူးသည့်အတွက် မည်သို့တုံ့ပြန်ရမှန်း မသိပေ။
“စိတ်အေးအေးထားပါ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
သို့သော် ဟို့ရှု၏ တုန်ယင်နေသည့် လက်များက သူမ ပြသနေသည့် တည်ငြိမ်မှုကို သွေဖယ်နေသည်။
ထို့ကြောင့် ဝမ်ဝေ့က ရွေးချယ်စရာမရှိဘဲ သူ့ဝိညာဉ်ကို အသုံးပြုကာ သူမ၏ စိတ်လှုပ်ရှားမှုများအား တိတ်တဆိတ် ပြေပျောက်စေလိုက်သည်။
“ဘာများ ကူညီပေးရမလဲ” ဟို့ရှုက တည်ငြိမ်သွားပြီးသည့်နောက်တွင် မေးလိုက်၏။
“မင်းက အနှစ်သာရ ဆေးဝါးပညာရပ်ကို သုံးနေတာကို မြင်လို့ … စိတ်ဝင်စားမိလို့”
ဟို့ရှုက မလုံမလဲပြုံးကာ ပြောလိုက်သည်။
“ဒါက ပျောက်ဆုံးသွားတဲ့ ပညာရပ်တစ်ခုမှန်း သိပေမဲ့…”
“ငါ့ကို ရှင်းပြနေဖို့ မလိုဘူး။ ငါက ဆေးပညာရပ် ဘယ်ဟာဖြစ်ဖြစ် အကဲဖြတ်မှာ မဟုတ်ဘူး”
ဟို့ရှုက တုံ့ဆိုင်းနေပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“စိတ်ထဲ တစ်ခုခုတွေးမိလို့လား” ဝမ်ဝေ့က ပြောလိုက်သည်။
“အရှင် အနှစ်သာရဆေးဝါးပညာရပ်က ဒီကမ္ဘာမှာ နေရာရှိတယ်လို့ထင်လား”
ဝမ်ဝေ့က သူမကို ကြည့်လိုက်သည်။ အနာဂတ်ကို ကြောက်ရွံ့နေပြီး မလိုလားမှု၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည့် မိန်းမငယ်လေး တစ်ဦးကို မြင်လိုက်ရ၏။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သဘောတရားအရ ဟို့ရှုသည် သူ့ထက်ပင် ဆယ်စုနှစ်မျှ အသက်ကြီးလေသည်။ သို့သော်လည်း ကျင့်ကြံရေးလောက၏ ထူးဆန်းပုံကြောင့် သူ့ခန္ဓာကိုယ်နှင့် စိတ်တို့က သူမထက် အသက်ကြီးနေလေ၏။ ထို့အပြင် ဝါစဉ်ကို အင်အားအရ ဆုံးဖြတ်ခြင်း ဖြစ်သည့်အတွက် ဤကမ္ဘာတွင် စီနီယာဟု ခေါ်ဆိုဖို့ရာ ဝမ်ဝေ့ကို မည်သူကမှ ဖိအားမပေးနိုင်ပေ။
“ငါ အိပ်မက်လောကကို ဖန်တီးလိုက်ကတည်းက အနှစ်သာရဆေးဝါးပညာရပ်က ပြန်လည်မြင့်တက်ဖို့ ကံကြမ္မာဖန်လာပြီးသားပဲ” ဝမ်ဝေ့က ပြောလိုက်သည့်အချိန် ဟို့ရှု၏ ပုခုံးများက ဝန်ထုပ်ဝန်ပိုးကြီး ပေါ့သွားသလိုမျိုး သက်တောင့်သက်သာဖြစ်သွားသည်ကို မြင်လိုက်ရသည်။
“ကောင်းပါပြီ” ဟို့ရှုက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တကယ်လို့ စိတ်ထဲမထားရင် မင်းက အနှစ်သာရဆေးဝါးပညာရပ်ကို စိတ်ဝင်စားနေရတာလဲဆိုတာ ပြောပြပါဦး”
“ကျွန်မရဲ့ ဆရာကြောင့်ပါ” ဟို့ရှုက ငေးမောစွာ ပြောလိုက်သည်။
“ကျွန်မရဲ့ ဆေးဝါးပါရမီက အကောင်းဆုံး မဟုတ်ခဲ့ဘူးလေ။ ဒါပေမဲ့ သူက ကျွန်မကို တပည့်အဖြစ်နဲ့ လက်ခံပြီးတော့ သမီးတစ်ယောက်လို ဆက်ဆံပေးခဲ့တယ်။ ကျွန်မရဲ့ ဆရာက အနှစ်သာရ ဆေးဝါးပညာရပ်အပေါ် တကယ် ယုံကြည်သူတစ်ယောက်လေ။ ဒီကမ္ဘာမှာ နေရာရှိဦးမယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တာ”
“အဲဒါဆိုတော့ မင်းက သူ့ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာလား”
“ဟုတ်ပါတယ်။ သူက ဒီလိုနေ့ရက် မြင်လောက်အောင် အသက်ရှည်ရှည် မနေနိုင်ခဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးကို အနှစ်သာရ ဆေးဝါးပညာရပ်ကလည်း တန်ဖိုးရှိတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာကို ပြသချင်တယ်”
“ငါ သိပြီ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက သူမ၏ ဆရာသည် သူ ဆေးဝါးပညာရပ်ကို အဘယ်ကြောင့် စွဲလမ်းပြီး သူ့တပည့်ဆီ လက်ဆင့်ကမ်းပေးခဲ့သည် ဆိုသည့်အချက်ကို မသိပေ။ သို့သော်လည်း လူတချို့က ကွဲပြားသည့် ရည်ရွယ်ချက်နှင့် စိတ်ဝင်စားမှုများ ရှိတတ်ကြသည့်အတွက် သူတို့ကို မှတ်ချက်ပေးမည် မဟုတ်ပေ။
“ဂိုဏ်းမှာ ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“ငါ့ကို အမှန်အတိုင်းပြောလို့ ရတယ်”
ဟို့ရှုက ထိုထူးထူးဆန်းဆန်း မေးခွန်းကြောင့် ကြောင်အမ်းသွားသော်လည်း ဖြေလိုက်သည်။
“ဘဝကြီးက ခက်ခဲပါတယ်။ ကျွန်မရဲ့ ဆေးဝါးပါရမီက အကောင်းဆုံး မဟုတ်သလို ကျွန်မရဲ့ တာအိုကလည်း နာမည်မကြီးဘူးလေ။ အဲဒါဆိုတော့ တစ်ခါတစ်ရံ အနိုင်ကျင့်ခံရတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ဂိုဏ်းက အငယ်တွေနဲ့ အကြီးတွေ မလွန်လွန်းအောင် တားဆီးပေးတဲ့ စည်းမျဉ်းတချို့တော့ ရှိပါတယ်”
“ဂိုဏ်း ပြောင်းဖို့ရော စိတ်ဝင်စားလား။ တာအိုအခွင့်အလမ်းဂိုဏ်းက မင်းကို ကြိုဆိုပြီးတော့ လိုအပ်တဲ့ အရင်းအမြစ်နဲ့ အထောက်အပံ့တွေကို ပေးနိုင်တယ်”
“ဘယ်…ဘယ်…ဘယ်လို”
“ငါ ပြောတဲ့ စကားက အတည်ပဲ”
စက္ကန့်ပိုင်းလောက် ဟို့ရှုက ဘာပြောရမှန်းပင် မသိတော့ပေ။
ထို့နောက် သူမ၏ မျက်နှာက နီရဲလာပြီး မြေကြီးကိုသာ ငုံ့ကြည့်နေလေ၏။
“အရှင် ကျွန်မ တောင်းပန်ပါတယ်”
ဝမ်ဝေ့က တိတ်တဆိတ် သက်ပြင်းချလိုက်ကာ “အကြောင်းအရင်းကို မေးလို့ရမလား”
“ကျွန်မရဲ့ ဆရာက အမြဲတမ်း အိပ်မက်တစ်ခု ရှိခဲ့တယ်” ဟို့ရှုက သက်ပြင်းချကာ ဝမ်ဝေ့၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“သူက ကျွန်မတို့ဂိုဏ်းမှာ အနှစ်သာရဆေးဝါးပညာရပ်အတွက် နောက်ထပ် မျိုးဆက်တစ်ခု ရှိစေချင်တာလေ။ အောင်မြင်နိုင်ချေအခွင့်အရေးက နည်းပါးမှန်း သိထားပေမဲ့ ကြိုးစားကြည့်ချင်သေးတယ်။”
ရည်မှန်းချက်ကြီးလိုက်တာ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုဆုံးဖြတ်ချက်ပြတ်သားသည့် စီနီယာအစ်မသည် တာအိုကို သက်သေပြပြီး မူလဆေးလုံးတာအိုဂိုဏ်းတွင် ဆေးပညာရပ်အသစ် မျိုးဆက်ကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်ချထားလိမ့်မည်ဟု တွေးမထားခဲ့ပေ။
ဝမ်ဝေ့က သူမကို ကြည့်ကာ ကြမ္မာ၏ ထူးဆန်းမှုကို တွေးလိုက်မိသည်။ မူလဆေးလုံးတာအိုဂိုဏ်းက ဆေးလုံးဘိုးဘေးကြမ္မာကို ကိုင်စွဲထားသည့်အတွက် သူတို့ဂိုဏ်းအတွင်း ဧကရာဇ်ဆေးဝါးပညာရပ် မျိုးနွယ်အသစ်တစ်ခု ရှိလာသည်မှာ အဓိပ္ပာယ်ရှိပေသည်။
ထိုအရာက မူလသင်္ကေတနန်းဆောင်တွင် ဝူမင်၏ ထူထန်စစ်သည်တော် မျိုးဆက် ပေါ်ထွက်လာသည်နှင့် အတူတူသာ ဖြစ်၏။ ထိုအရာက အောင်မြင်ဖို့ရာအတွက် အချိန်ကြာမည်ဖြစ်သော်လည်း အဆုံးသတ်ရလဒ်ကမူ အတူတူသာ ဖြစ်၏။
“ကောင်းပြီလေ။ မင်းက ဂိုဏ်းကို မပြောင်းချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ထိုကြမ္မာအသစ်ကို သူ့ဂိုဏ်းထဲ ဆွဲသွင်းဖို့ မျှားခေါ်ရန် ကျရှုံးခဲ့သော်လည်း ထိုအရာက အကောင်းဆုံး ဖြစ်နေနိုင်သည်။
“ငါက ပါရမီရှင်တွေကို သဘောကျတဲ့သူဆိုတော့ မင်းကို လက်ဆောင်တချို့ ပေးမယ်”
သူက သူမ၏ နဖူးကို လက်ညှိုးဖြင့် ထိလိုက်သည်။ ထိုစဉ် ဟို့ရှုက သူမ၏ စိတ်ထဲ ကျင့်စဉ်တစ်ခု ဝင်ရောက်လာသည်ကို ခံစားမိလိုက်၏။
“အစွမ်းထိန်းချုပ်ရေး ပညာရပ်လား” ဟို့ရှုက ထိုနည်းစနစ်၏ ရှုပ်ထွေးမှုကို နားလည်သည့်အတွက် အကြည့်များ တောက်ပလာသည်။
ထိုအရာဖြင့်ဆိုလျှင် သူမ၏ ဆေးဝါးပါရမီက ပြိုင်ဘက်ကင်း ဖြစ်လာနိုင်သည်။
မဟုတ်သေးဘူး။ ဆေးဝါး ပါရမီတင်မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံရေးပါရမီလည်း အပါအဝင်ပဲ…
အိပ်မက်လောက၏ သရုပ်ဖော်လှုံ့ဆော်မှု လုပ်ဆောင်ချက်ဖြင့် သူမ၏ ပင်ကိုစွမ်းရည်သည် ဝိညာဉ်ဆေးပင်အားလုံး၏ အနှစ်သာရကို သိပြီး မည်သို့ပေါင်းစပ်ရမည်ကို သိခွင့်ပြုထားသည့်အတွက် အနှစ်သာရဆေးဝါးပညာရပ်ကို ပြန်လည်အသက်သွင်းနိုင်ကြောင်း သံသယ အနည်းငယ် ရှိနေခဲ့သည်။ သို့သော် ယခုတွင် တာအိုသက်သေပြဖို့အတွက် သူမက စွမ်းအား လိုအပ်လာသည်။
နှမြောစရာကောင်းလှသည်က သူမ၏ ကျင့်ကြံရေးပါရမီသည် ထိုကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်လိုက်လျှင် မည်မျှဆိုးရွားနေကြောင်း သိထားလေ၏။
သူမက သူတို့အားလုံးထက် စောစီးစွာ မွေးဖွားလာခဲ့သော်လည်း သူတော်စင်အဆင့်မျှသာ ရှိနေသေးသည်။ ကျန်သူအားလုံးကမူ တာအိုသက်သေပြပြီးပြီ ဖြစ်၏။
သို့သော်လည်း သူမက ဤကျင့်စဉ်ဖြင့် ဟာကွက်ကို လိုက်မှီဖို့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသည်။
“မင်းကို သတိပေးလိုက်မယ်။ ဒီကျင့်စဉ်ကို ဘယ်သူ့ဆီမှ ပြန်ပြီး လက်ဆင့်ကမ်းပေးလို့ မရဘူး။ မင်းရဲ့ အနီးကပ်ဆုံးသူ အပါအဝင်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မရဲ့ ဘဝကို အလဲအလှယ်လုပ်ပြီး ကျိန်ဆိုပါတယ်” ဟို့ရှုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ထိုကျင့်စဉ်အပေါ် အတားအဆီးတချို့ ထားရှိထားသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး သူမ၏ သဘောထားကို သိလိုသေးသည်။
“မင်းအတွက် ဒုတိယလက်ဆောင်က ကြမ္မာပဲ”
သူက သူမကို လက်ညှိုးထိုးကာ အနှစ်သာရဆေးဝါးပညာရပ် တာအို၏ ပြန့်ကျဲနေသည့် ကြမ္မာကို စုစည်းလိုက်ပြီး သူမအပေါ် ထားရှိပေးလိုက်သည်။
“အရှင့်ကို ကျေးဇူးတင်ပါတယ်” ဟို့ရှုက ဦးညွှတ်လိုက်သည်။ ထိပ်တန်းဧကရာဇ်မျိုးနွယ်မှ သူတော်စင်တစ်ယောက်အနေဖြင့် သူမတွင် ကံကောင်းမှုနှင့် ကြမ္မာကဲ့သို့သော အရာများကို သိထားလေ၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်က အဘယ်ကြောင့် လုပ်ခဲ့မှန်း ခန့်မှန်းမိသည်။
“ဒါက မင်းအတွက် နောက်ဆုံးလက်ဆောင်” ဝမ်ဝေ့က ပြောကာ ရောင်စုံမီးတောက် တစ်ခုကို ဖန်တီးလိုက်သည်။
“ဟွင်သွမ်းမီးတောက်” ဟို့ရှုက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်၏။
“ဟုတ်တယ်။ ဆေးဝါးပညာရှင် တစ်ယောက်အနေနဲ့ မင်းက အားကောင်းတဲ့ ကောင်းကင်မီးတောက်ရှိထားတဲ့ အကျိုးကျေးဇူးကို နားလည်မှာပဲ။ အထူးသဖြင့် အနှစ်သာရဆေးဝါးပညာရပ်အတွက်ပေါ့”
“ဒီလိုကြင်နာမှုမျိုးကို ကျွန်မ ဘယ်လိုပြန်ပေးဆပ်ရမှန်းတောင် မသိတော့ဘူး” ဟို့ရှုက ပြောလိုက်သည်။ သူမက ဤသို့သော လေးလံလှသည့် လက်ဆောင်မျိုးကို လက်ခံချင်သလို ငြင်းလည်း ငြင်းဆန်ချင်မိသည်။
“ငါက မင်းကို ဒီနေ့ကူညီတယ်။ မနက်ဖြန်ကျရင် မင်းက ငါ့ကို ပြန်ကူညီလို့ရတာပဲ”
“အရှင်က ကျွန်မရဲ့ အကူအညီကို ဘယ်လိုများ လိုလို့လဲ”
“ငါက တက်လှမ်းသွားပြီးဒီကမ္ဘာကို ချန်ထားခဲ့ရမှာပဲ။ ဒါပေမဲ့ မင်းတာအိုကို သက်သေပြပြီးတဲ့နောက်မှာ ငါ့ဂိုဏ်းက မင်း ဂရုစိုက်ဖို့ လိုလာလိမ့်မယ်။ အဲဒီအတွက် ဒီနေ့ မျိုးစေ့ ချထားတယ်ဆိုတဲ့ သဘောပဲ”
“အရှင်က ကျွန်မအပေါ် ယုံကြည်ချက် ဒီလောက်ရှိမယ်လို့ ထင်မထားခဲ့မိဘူး” ဟို့ရှုက မျက်နှာရဲကာ ပြောလိုက်သည်။
“ငါက မင်းအပေါ် ယုံကြည်ချက်ရှိတာ၊ မရှိတာ ကိစ္စမရှိပါဘူး။ တကယ့်အရေးကြီးတာ မင်းကိုယ်မင်း ယုံကြည်ချက်ရှိလားဆိုတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဧကရာဇ်လမ်းစဉ်က ရက်စက်တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်ရမယ်ဆိုတဲ့ စိတ်သဘောထားမျိုး မရှိပဲနဲ့ မင်းဆီမှာ အကောင်းဆုံးပါရမီ ရှိနေတယ်ဆိုရင်တောင် မင်း ဝေးဝေးကို မရောက်နိုင်ဘူး ”
“ကျွန်မ နားလည်ပါပြီ” သူမက အကြည့်များ တောက်ပလျက် ပြောလိုက်သည်။
သူမကို ဟွင်သွမ်းမီးတောက် မျိုးစေ့အား ပေးလိုက်၏။
“မင်းရဲ့ အနာဂတ်ကို စောင့်မျှော်နေမယ်” ဝမ်ဝေ့က အခန်းအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ မျှော်စင်၏ အဝင်ဝရှေ့တွင် ဝမ်ဝေ့၏ အိပ်မက်စိတ်ဝိညာဉ်သဏ္ဌာန်က တစ်ချက် ပြုံးလိုက်၏။
သူမရဲ့ မြင့်တက်လာမှုက မူလဆေးလုံးတာအိုဂိုဏ်းမှာ လှုပ်ခတ်မှုတွေ ဖြစ်လာစေတော့မှာပဲ…
ငါ ဒီအခွင့်အရေးကို ယူပြီးတော့ လော့ချန်ရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်မလားဆိုတာကို ကြည့်ရအောင်…
သူက မျှော်စင်အတွင်း ဝင်ရောက်ကာ ကျန့်ပယ်ဟယ်နှင့် ဆက်လက် တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
…………………………….
ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်
ရှုရှစ်က တုံ့ပြန်မှုမရှိသည့် စင်မြင့်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ကျောင်းအုပ် ကျုပ်တို့ ဘာလုပ်ကြမလဲ”
“စောင့်ကြည့်ကြတာပေါ့။ တကယ်လို့ တအောင့်နေလို့မှ တုံ့ပြန်ချက် မရှိဘူးဆိုရင် ကောင်းကင်ဧကရာဇ်ကို အမှန်အတိုင်း ပြောကြမယ်”
ညွှန်ကြားချက်ပေးပြီးသည့်နောက်တွင် သူမက ထွက်ခွာလာပြီး သီးသန့်ကျင့်ကြံရေးအခန်းသို့ ပြန်လာခဲ့လိုက်သည်။ သူမက အခန်းအတွင်း အစီအရင်ကို အသက်သွင်းလိုက်ပြီး အထဲတွင် အချိန်ကြာသလောက် အပြင်ဘက်တွင် အချိန်နည်းနည်းသာ ကုန်ဆုံးဖို့ရာ အချိန်အစီအရင်ကိုပါ ခင်းကျင်းလိုက်သည်။
အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ရှုရှစ်က မျက်လုံးပွင့်လာပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်၏။
အခု အချိန်ကျပြီ…
ရှုရှစ်က သူ့ကို ထပ်မံမြင်တွေ့ဖို့ရာ သင့်တော်သည့် အချိန် မဟုတ်ကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ သို့သော်လည်း ရှင်း၏ အကြံဉာဏ်ကို နားထောင်ပြီးသည့်နောက်တွင် သူမက ပြဿနာများမှ ထွက်ပြေးနေ၍ မဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်၏ စကားကို နမူနာထားကာ သူမက ပြဿနာများကို ရှောင်ရှားမနေတော့ဘဲ ထိပ်တိုက်တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်သည်။
ရှုရှစ်က သူမခင်ပွန်းဖြစ်သူ လင်းဖန်၏ ဖြစ်တည်မှုကို သူ့ကမ္ဘာအမှတ်အသားအား ကြားခံနယ်အဖြစ် အသုံးပြုခဲ့ကာ ပြန်လည်တည်ဆောက်ခဲ့သည်။
သူမက အမှားအယွင်းမရှိအောင် အချိန်ယူပြီး ဖြည်းဖြည်းချင်း တည်ဆောက်နေလေ၏။ ထိုဖြစ်စဉ်အတွင်း သူမ၏ တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြင့်လာခဲ့သည်။
ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် သူမရှေ့မှောက် ရုပ်ချောချော အမျိုးသားငယ်တစ်ဦး ပေါ်ထွက်လာသည်။ သူက သူမ မှတ်မိထားသလိုမျိုး ကွက်တိတူနေဆဲ ဖြစ်၏။ သူ၏ အားနည်းနေသည့် အရှိန်အဝါကမူ ခြွင်းချက် ဖြစ်၏။
သို့သော်လည်း သူမက သူ့ကျင့်ကြံဆင့်အပါအဝင် အရာအားလုံးကို အမွေဆက်ခံခွင့်မရှိခဲ့သည့်အတွက် နားလည်၍ ရပေသည်။
“ကိုယ် ဘယ်ရောက်နေတာလဲ” လင်းဖန်က ဘေးပတ်လည်ကို ကြည့်ရင်း မေးလိုက်သည်။ သူက ရှုရှစ်ကို မြင်သည့်အခါ သူ့မျက်ဝန်းမှ စိတ်ရှုပ်ထွေးမှုများက ပျောက်ကွယ်သွားပြီး မထိန်းချုပ်နိုင်သည့် ပျော်ရွှင်မှုတို့ အစားထိုးဝင်ရောက်လာသည်။
“ရှစ်အာလား … မင်း အောင်မြင်မယ်ဆိုတာကို သိတယ်”