← Chapters

အပြောင်းအလဲများ၊ နေသားကျခြင်းနှင့် ကြီးထွားခြင်း

Vol. 71 Ch. 983

အပြောင်းအလဲများ၊ နေသားကျခြင်းနှင့် ကြီးထွားခြင်း

Vol. 71 Ch. 983

လင်းဖန်က သူမဆီ ရောက်လာကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ တစ်စက္ကန့်တွင် သူက သေဆုံးသွားပြီး နောက်တစ်စက္ကန့်တွင် ပြန်လည်အသက်ရှင်လာခဲ့သည်။ သို့သော်လည်း လင်းဖန်အတွက် သေဆုံးမှုက ထာဝရကြာရှည်၏။ ထို့ကြောင့် သူက ရင်းနှီးမှုထဲ သက်တောင့်သက်သာဖြစ်မှုကို ရှာဖွေလိုသည်။

သူက သူမကို ပွေ့ဖက်ထားနေရင်း ထိုရင်းနှီးမှုက သူ့ဝိညာဉ်ကို စိတ်အေးသွားစေသည်။ သိပ်မကြာခင် သူမက တစ်စုံတစ်ခု ကွဲပြားနေသည်ကို သဘောပေါက်သွားခဲ့၏။ သူမက ယခုအခါ သူ မှတ်မိထားသည်ထက် အရပ် သုံးလက်မ မြင့်မားနေသည်။

“ကိုယ် သွားပြီးတဲ့နောက်ပိုင်းကတည်းက ကိစ္စတွေအများကြီး ဖြစ်ခဲ့တဲ့ပုံပဲ” လင်းဖန်က ပြောလိုက်သည်။

“အင်း ရှင် တွေးမိမှာ မဟုတ်ဘူး” ရှုရှစ်က သက်ပြင်းချကာ ပြောလိုက်၏။

“ဘာလို့ ကိုယ့်ကို ပြောမပြတာလဲ။ နောက်ဆုံးတိုက်ပွဲကရော ဘယ်လိုလဲ။ ဝမ်ဝေ့ကို အနိုင်ယူပြီး အဲဒီခွေးမ စုယာကို သတ်နိုင်ခဲ့လား”

ရှုရှစ်က သူ့ကို ကြည့်လိုက်၏။ လင်းဖန်က သူမ၏ အကြည့်များကြောင့် စိတ်ရှုပ်ထွေးသွားဟန်ပေါ်သည်။

“ကိစ္စတွေက ရှင် ထင်ထားသလိုမျိုး မရိုးရှင်းဘူး” ရှုရှစ်က သူမကို ထိုင်ခိုင်းလိုက်ပြီး သူ့သေဆုံးမှုအပြီးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အဖန်ရည်သောက်ရင်း ရှင်းပြလိုက်သည်။

ထိုစဉ်လင်းဖန်က မရပ်မနားဘဲ ဆက်တိုက် သောက်နေလေ၏။ သူက အဖန်ရည်သောက်ရသည်ကို သဘောကျခြင်းမ ဟုတ်သော်လည်း ဤသို့သော အခြေအနေမျိုးတွင် တတ်နိုင်သမျှ များများ သောက်သုံးရုံမှအပ ရွေးချယ်စရာ မရှိပေ။

နောက်ထပ်တစ်နာရီကြာ သူက ကိစ္စများစွာ သင်ယူခဲ့ရသည်။ သူက သူ့သေဆုံးမှု၏ အကြောင်းအရင်းအမှန်က အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုကြောင့် ဖြစ်မှန်း သိခဲ့ရသည်။

သူက အကြီးမားဆုံးရန်သူ ဝမ်ဝေ့က စစ်ဆေးမှုကို အောင်မြင်သွားကြောင်း သိခဲ့ရသလို စုယာက သူမဘာသာသူမ စည်းပိတ်ခဲ့ရကြောင်းလည်း သိခဲ့ရသည်။

သူ့အနေဖြင့် နောက်ဆုံးတိုက်ပွဲမတိုင်ခင် သေဆုံးသွားသူများအကြောင်း၊ ရှင်းလင်းရေးက မည်မျှပင် ရှေးရိုးဆန်ကြောင်း၊ ကုရွှမ်၏ စစ်ဆေးမှု၏ စိတ်လှုပ်ရှားဖွယ် အကြောင်းအရာများ၊ နောက်ဆုံးတိုက်ပွဲနှင့် ထိုတိုက်တန်နှစ်ယောက်၏ အောင်မြင်မှုများ၊ ကောင်းကင်ဧကရာဇ်ခေတ်ကာလ ရောက်ရှိလာမှုနှင့် ကမ္ဘာ၏ လက်ရှိအပြောင်းအလဲများအထိ သိလိုက်ရသည်။

လင်းဖန်က အဖန်ရည် ဆက်လက်သောက်သုံးနေ၏။ ထိုအရာကသာ ဤကမ္ဘာတွင် သူ့ကို စိတ်အေးစေသည့် တစ်ခုတည်းသောအရာ ဖြစ်သလို ခံစားနေရသည်။

“ရှင် ပြန်ရောက်လာလာချင်း အားလုံးကို ပြောမပြသင့်ဘူး ထင်တယ်” ရှုရှစ်က ပြောလိုက်သည်။

“မဟုတ်ပါဘူး အဆင်ပြေပါတယ်။ နောက်ပိုင်းမှာ အံ့အားသင့်တာထက်စာရင် အခု သိရတာ ပိုပြီးကောင်းပါတယ်” သူက သက်ပြင်းချကာ ပြောလိုက်၏။

“အခု ရှင်က ကျွန်မ ထင်ထားတာထက်တော့ ပိုပြီးတော့ ကောင်းနေတာပဲ”

“ဒါပေါ့။ ကိုယ်က အစစ်အမှန် သေဆုံးမှုကို တွေ့ကြုံခံစားခဲ့ရတယ်။ ဒီလိုအတွေ့အကြုံမျိုးက ဘယ်သူကိုမဆို ပြောင်းလဲသွားနိုင်တယ်” လင်းဖန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ကျွန်မ သိပြီ။ ဒါနဲ့ ရှင် ဘယ်လိုထင်လဲ”

လင်းဖန်က ခေတ္တမျှ အချိန်ယူကာ “ဒီလို မျိုးဆက်မျိုးမှာ မတွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းသာမိသလို ဝမ်းနည်းမိတယ်”

ဤကြောက်မက်ဖွယ် ပါရမီရှင်များကို တိုက်ခိုက်ခြင်းက လူအားလုံး၏ အိပ်မက်နှင့် အိပ်မက်ဆိုး ဖြစ်ပေသည်။ လင်းဖန်က သူသည် သူသာ မသေဆုံးခဲ့ပါက မည်သည့်အနေအထားထိ ရောက်ရှိမည်ကို မသိပေ။ ရှုရှစ်၏ အောင်မြင်မှုများက သူ့အလားအလာကို ပြသနေသော်လည်း သူက သူမနှင့် တူညီသည့် အနေအထားသို့ ရောက်ရှိလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

နမူနာအားဖြင့် သူသည် အသင်္ချေအင်ပါယာကမ္ဘာမှ ထွက်သွားပြီး တခြားတစ်နေရာတွင် တာအိုကို သက်သေပြမည် မဟုတ်ပေ။ သူ့မာနနှင့် နောက်ကျောင်းအုပ် ဟူသော အဆင့်အတန်းက ထိုသို့ဆုံးဖြတ်ချက်မျိုး ချဖို့ရာ ခွင့်ပြုမည် မဟုတ်ပေ။

ထို့ကြောင့် သူသည် သိုင်းပညာအုပ်စိုးသူကမ္ဘာကို မသွားဘဲ သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို မည်သို့ ချိုးဖောက်နိုင်မည်နည်း။

လင်းဖန်က ထိုမေးခွန်း၏ အဖြေကိုမသိပေ။

လင်းဖန်က အတွေးများကို စုစည်းပြီး နောင်အနာဂတ်အတွက် ပြင်ဆင်ဖို့ အချိန်ယူလိုက်ရ၏။ သူက သူ့ဇနီးဖြစ်သူကို ကြည့်ကာ ရင်းနှီးမှုနှင့် စိမ်းကားနေမှုကို ရှာတွေ့သွားသည်။

သူမလည်း သိသွားလောက်ပြီ…

သူက တွေးကာ သက်ပြင်းချလိုက်၏။

“အဲဒါဆိုတော့ အခုဘယ်လိုလဲ။ အခု ပြောတာ ကိုယ်တို့အတွက်လေ”

ရှုရှစ်က ချက်ချင်း အဖြေမပေးပေ။

“ကျွန်မလည်း အဲဒီအကြောင်းကို စဉ်းစားနေတာ။ ကျွန်မတို့ ဆက်ဆံရေးကို ရှေ့ဆက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက ကျွန်မတို့ နှစ်ယောက်တည်း ရှိဖို့ပဲ”

“မင်းက ကိုယ့်ကို တခြားသူတွေကို စွန့်ပစ်စေချင်တာလား” လင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ကျွန်မတို့ရဲ့ နဂိုအခြေအနေက မတူညီနိုင်တော့ဘူး”

လင်းဖန်က သူမ ပြောစကားမှန်ကန်နေကြောင်း သိ၍ မလုံမလဲသာ ပြုံးလိုက်သည်။ သူ့လက်ရှိဇနီးက မဟာဧကရာဇ် ဖြစ်နေလေသည်။ ပြောရလျှင် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်၏။ ထိုအရာက အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသူဖြစ်သည့်အတွက် သူမ၏ ခင်ပွန်းအား လက်တွဲဖော်များစွာ ရှိသည်ကို မည်သို့ခွင့်ပြုထားမည်နည်း။

အကယ်၍ အခြေအနေသာ ပြောင်းပြန်လှန်ပြီး သူက တာအိုသက်သေပြခဲ့သူဖြစ်ပါက အရာအားလုံးက အဆင်ပြေလိမ့်မည်။ သို့သော် ယခုတွင် ကိစ္စများက ယခင်နေ့ရက်ဟောင်းများကဲ့သို့ ပြန်လည်မသွားနိုင်တော့ပေ။

“ကိုယ့်ကို စဉ်းစားဖို့ အချိန်ပေးလို့ ရမလား” လင်းဖန်က မေးလိုက်သည်။

“ကောင်းပြီလေ” ရှုရှစ်က ခေါင်းညိတ်လိုက်၏။ အစကတည်းက သူမအနေဖြင့် သူ့ကို လွယ်လွယ်ကူကူ ရွေးချယ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အကယ်၍ သူသာ ရွေးချယ်ခဲ့ပါက သူက တခြားသူများကို အလွယ်တကူ စွန့်ပစ်နိုင်လျှင် သူမ သိထားသည့်သူ မဟုတ်တော့ကြောင်း ဆိုလိုနေသည်။ တစ်ရက်ကျ သူမအပေါ် တူညီစွာ လုပ်ဆောင်လာနိုင်၏။

“ဒါပေမဲ့ ရှင့်ဆီမှာ အချိန်အများကြီး မရလောက်ဘူး”

ရှုရှစ်က ပြောလိုက်သည်။

“အဲဒါက ဘာပြောတာလဲ”

“ကျွန်မ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ကောင်းကင်ဧကရာဇ်က ဒီမျိုးဆက်ရဲ့ ကောင်းကင်ရွေးချယ်ခံ အားလုံးကို ဆင့်ခေါ်လိမ့်မယ်။ သူ ပြောသလောက်တော့ အားလုံးကို အခွင့်အရေးကောင်း တစ်ခု ပေးမယ်တဲ့။ အဲဒါဆိုတော့ ဆင့်ခေါ်ခံရဖို့ ပြင်ဆင်ထားသင့်တယ်”

လင်းဖန်က ထိုအကြောင်းကိုကြားကာ မျက်မှောင်ကြုတ်လိုက်၏။

“ဝမ်… အဲ ကောင်းကင်ဧကရာဇ်က ဘာလိုချင်တာလဲ”

“ကျွန်မလည်း အတိအကျမသိဘူး။ ဒါပေမဲ့ ဆိုးရွားမှာတော့ မဟုတ်ဘူး”

“ကိုယ်သိပြီ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဘာများ တတ်နိုင်မှာမလို့လဲ”

“အဲ့အကြောင်းကို မစိုးရိမ်ပါနဲ့။ ကျွန်မ ရှင့်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပြီး အားကောင်းတဲ့ ရုပ်ခန္ဓာကိုပေးဖို့ ကမ္ဘာဦးချီမျှင်ကို ပြင်ဆင်ထားတယ်။ ကျွန်မရဲ့ မဟာတာအိုအရင်းအမြစ် ဆေးကြောမှုနဲ့ဆိုရင် ရှင့်ရဲ့ ပါရမီက အရင်ကထက် ပိုပြီး ကောင်းလာလိမ့်မယ်” ရှုရှစ်က ချိုမြိန်စွာ ပြုံးလိုက်သည့်အတွက် လင်းဖန်က ယာယီ စိတ်လွတ်သွားလုနီးပါး ဖြစ်သွားသည်။

သိပ်မကြာခင် သူက နိုးထလာကာ ခေါင်းညိတ်လိုက်၏။

“ဒီလိုဆိုရင် အချိန်တိုအတွင်း ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရမယ်။ အဲဒါမှ နောက်မျိုးဆက်ရဲ့ ပလ္လင်အတွက် ယှဉ်ပြိုင်နိုင်မှာ”

ရှုရှစ်က သူ့ကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ကြည့်ရတာ သေခြင်းတရားက သူ့တာအိုနှလုံးသားကို သိမ်မွေ့သွားစေတဲ့ပုံပဲ…

သူမက သူ့အပြောင်းအလဲနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ ထို့ကြောင့် သူမက ဝမ်ထျန်း၏ တည်ရှိမှုအကြောင်း ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်၏။

ဘာပဲဖြစ်ဖြစ် လှုံ့ဆော်မှုရှိတာ ကောင်းပါတယ်လေ…

ရှုရှစ်က တွေးလိုက်မိသည်။

“ကောင်းပြီလေ။ အားလုံးကလည်း ရှင့်ကို စောင့်နေကြတာ”

လင်းဖန်က မတ်တပ်ရပ်လိုက်ပြီးသည့်နောက်တွင် အခန်းအတွင်းမှ ထွက်မသွားခင် တစ်ချက်လှည့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း လူများစွာက စောင့်ဆိုင်းနေလေ၏။ တစ်စုံတစ်ယောက်က သူ့ရင်ခွင်အတွင်း တိုက်ရိုက်ပြေးဝင်လာကာ လင်းဖန်ကို မြေကြီးပေါ်တွင် တွန်းချသလို ဖြစ်သွားသည်။

“အာ လောင်ကုန်း ကျွန်မ တောင်းပန်ပါတယ်” သူမက သူမ ခင်ပွန်းဖြစ်သူသည် ကျင့်ကြံဆင့် အားလုံးကို ဆုံးရှုံးသွားပြီး သေမျိုးတစ်ယောက်သာ ဖြစ်နေကြောင်း မေ့လျော့သွားခဲ့သည်။

“ချွန်းဟွာလား” လင်းဖန်က သံသယဖြင့် မေးလိုက်သည်။ သူ မှတ်မိထားသလောက် ဤမျှ မလှပခဲ့ပေ။

“လောင်ကုန်း ကျွန်မလေ။ ကျွန်မကို မမှတ်မိတော့ဘူးလား” မူချွန်းဟွာက ညင်သာစွာ ပြုံးလိုက်၏။ ဤနှစ်များတစ်လျှောက်ကျောင်းတော်နှင့် အစ်မရှုရှစ်တို့၏ အကူအညီဖြင့် သူမ၏ ကျင့်ကြံဆင့်က အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာပြီး ပိုမိုလှပလာစေသည်။

သူမက ကောင်းကင်ရေစင်ဂိုဏ်းက သူတော်စင်မ တစ်ယောက်ဖြစ်ခဲ့ဖူးပြီး သူမ၏ အကြီးမားဆုံးရည်မှန်းချက်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ကာ သူမဂိုဏ်းအတွက် ဘိုးဘေး ဖြစ်လာဖို့ ဖြစ်၏။ ယခုတွင် သူမက မသိနားမလည်သည့် သူမကိုယ်သူမ ရယ်ချင်လာမိသည်။

ထို့ကြောင့် မူချွန်းဟွာက သူမ၏ အကြီးမားဆုံး ဆုံးဖြတ်ချက်သည် အကြီးအကဲတချို့က သဘောမတူသော်လည်း လင်းဖန်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ယုံကြည်ထား၏။

လင်းဖန်က မလုံမလဲပြုံးလိုက်သော်လည်း လူတချို့ကသာ အပြောင်းအလဲကို အာရုံခံမိကြသည်။ သူက သူမ ခေါင်းကို အသာပုတ်ကာ ညင်ညင်သာသာ ပြောလိုက်၏။

“ကိုယ့်ကို ထူပါဦး”

“အာ ကောင်းပါပြီ”

မူချွန်းဟွာက သူမ၏ အမှားကို သဘောပေါက်သွားကာ သူကို ကြမ်းပြင်မှ ထူပေးလိုက်သည်။ ထို့နောက် တခြားသောဇနီးနှင့် ကိုယ်လုပ်တော်များကလည်း သူတို့၏ ခင်ပွန်းနှင့် ဆုံစည်းဖို့ ရောက်ရှိလာကြသည်။

လင်းဖန်က ထိုသူများကို ကြည့်ကာ သူ့ခေါင်းထဲတွင် ပေါ်လာသည့် ပထမဦးဆုံး အတွေးက အားလုံးသည် ပိုမိုလှပလာကြသည်ဟူ၍ ဖြစ်သည်။

ဤသို့သော အပြောင်းအလဲမျိုးက ကျင့်ကြံဆင့် မြင့်မားလာသည့်အတွက် အဓိပ္ပာယ်တော့ ရှိလေသည်။ သို့သော်လည်း တစ်စုံတစ်ခုက သူ့ကို သဘောပေါက်သွားစေသည်။

ရှစ်အာက ငါ နောက်ဆုံး မြင်ခဲ့တဲ့အချိန်နဲ့ အတူတူပဲ။ အဲဒါက သူမ မပြောင်းလဲသွားလို့ မဟုတ်ပဲနဲ့ သူမရဲ့ အရှိန်အဝါနဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားပြီးတော့ ငါ မပျက်သုဉ်းခင်အချိန်ကို ပြောင်းလဲထားခဲ့တာပဲ…

လင်းဖန်က တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူ့ဇနီးများနှင့် ကိုယ်လုပ်တော်များအနက် သူမကသာ အပြောင်းအလဲဆုံးသူ ဖြစ်သင့်ပေသည်။ သို့သော် သူမက သူ့အတွက်ဖြင့် အရှိန်အဝါကို ချုပ်ထိန်းထားဖို့ လိုလားလေ၏။ ဤသို့သော ဂရုစိုက်တတ်သည့် ဇနီးမျိုးကို မည်သည့်အမျိုးသားကမှ ငြင်းဆန်နိုင်ကြမည် မဟုတ်ပေ။ သူက တခြားသူများကို ကြည့်နေရင်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိ၏။

ငါ သူတို့အားလုံးကို စွန့်ပစ်လိုက်ရမှာလား…

ဤသို့သော သေဆုံးမှုမျိုး တွေ့ကြုံပြီးသည့်နောက်တွင် လင်းဖန်က ဇနီးများစွာ ရှိသည့်အပေါ် အာရုံစူးစိုက်ခြင်း မရှိတော့ပေ။ တခြားနည်းလမ်းဖြင့် စုယာက သူ့စိတ်အပေါ် စိတ်ဒဏ်ရာကြီး ချန်ထားခဲ့နိုင်သည်။ သို့သော်လည်း သူက သူ့နောက်ကို အချိန်အတော်ကြာ လိုက်လာခဲ့သည့် ထိုအမျိုးသမီးအားလုံးကို လက်လျှော့လိုက်သည်က မသင့်တော်ကြောင်း ခံစားမိ၏။

“ဖန်းအာ ဘယ်လိုလဲ”

“အဖေ” လင်းဖန်က လင်းမင်ကို အပြုံးဖြင့် ကြည့်လိုက်သည်။

“အဖေ့ရဲ့ ကျင့်ကြံဆင့်က … ” သူက သူ့အဖေသည် အခန်းတွင် ရှိနေသည့်အားလုံးထက် ပိုမိုမှန်းဆဖို့ ခက်ခဲကြောင်း တွေ့လိုက်သည်။ သူ့ဆရာ ချိုးကျင့်လည်း အပါအဝင် ဖြစ်၏။

“ဒါတွေအားလုံးက ရှစ်အာ လုပ်ပေးတာလေ။ သူမက မင်းညီမနဲ့ ငါ့ကို မဟာတာအိုအရင်းအမြစ် မျိုးစေ့ပေးခဲ့တယ်”

“ကျွန်တော် သိပြီ” လင်းဖန်က ခေါင်းညိတ်လိုက်၏။ သူက ကျောင်းတော်သည် သူ့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သော်လည်း ကျောင်းတော်က မိသားစုအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံကြောင်း သဘောပေါက်သွားခဲ့၏။

ရှုရှစ်ထံ ပါရမီနှင့် စွမ်းအားကို လွှဲပြောင်းပေးသည့် ဖြစ်စဉ်က သူမိသားစုအတွက် နောက်ခံအစီအစဉ်သာ ဖြစ်၏။

သူ သေဆုံးသွားသည့်အခါ ကျောင်းတော်က သူတို့ ယခင်ကလို ဆက်ဆံတော့မည် မဟုတ်ဘဲ ဆိုးဆိုးရွားရွား ဆက်ဆံလာနိုင်၏။ လင်းဖန်က အားကောင်းသည့် အင်အားစုများသည် လူများ အသုံးမဝင်သည့်အခါ မည်သို့ဆက်ဆံတတ်ကြောင်း အားလုံးထက် ပိုမိုသိထားလေသည်။

“ကောင်းပြီ။ အခု အဲဒါတွေ မပြောဘဲ နေရအောင်။ ဆရာချိုးကျင့်ရော ဘယ်လိုလဲ။ အရင်ကထက်ပိုပြီးတော့ ကောင်းနေတဲ့ပုံပဲ”

“မင်းကို လာပြီး စစ်ဆေးကြည့်တာ” ချိုးကျင့်က ပြောလိုက်သည်။

“မင်းမိသားစုနဲ့ ပြန်ဆုံစည်းပြီးတဲ့နောက်မှာမှ ငါတို့တွေ စကားပြောလို့ရတယ်”

“ကောင်းပါပြီ” လင်းဖန်က ခေါင်းညိတ်လိုက်သည်။

All Chapters