ဒုတိယအစီအစဉ်
Vol. 71 Ch. 985
လင်းဖန်က တိုက်ပွဲမျှော်စင်မှ ထွက်လာပြီး အသားအရည်ဖြူဖျော့လျက် အသက်ပြင်းပြင်း ရှူနေရသည်။ သူက သူ့ကိုယ်သူ တွန်းအားပေးလွန်းမှန်း သိထားသော်လည်း ဂရုမစိုက်ပေ။ သူက မျှော်စင်ကို အံ့ဩမှု၊ ကြောက်ရွံ့မှုနှင့် တပ်မက်မှုတို့ဖြင့် ကြည့်လိုက်သည်။
ကြားတာက ကိစ္စတစ်ခု၊ တကယ်တွေ့ကြုံခံစားရတာက ကိစ္စတစ်ခုပဲ…
သူက တွေးလိုက်မိသည်။ သူက ဝမ်ဝေ့နှင့် တိထျန်းတို့ကြားမှ နောက်ဆုံးတိုက်ပွဲကို သူတို့၏ အရှိန်အဝါနှင့် တာအိုစည်းချက်များ ပါဝင်နေသည့် လုပ်ဆောင်ချက်ကို အသုံးပြု၍ ကြည့်ရှုခဲ့သည်။ သေမျိုးတစ်ယောက်အနေဖြင့် သူက ထိုဖြစ်စဉ်အတွင်း ပြိုလဲလုနီးပါး ဖြစ်သွား၏။
အကယ်၍ အိပ်မက်လောက၏ ကာကွယ်ရေးစက်ယန္တရားနှင့် သူ့စိတ်စွမ်းအားကြောင့်သာ မဟုတ်လျှင် တိုက်ပွဲတစ်ခုလုံးကို အစမှအဆုံးထိ ကြည့်နိုင်မည် မဟုတ်ပေ။ သူက အသက်ရှူနည်းစနစ်တစ်ခုကို အသုံးပြုကာ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
“ပါရမီရှင်တွေအားလုံးအတွက် အကောင်းဆုံးနဲ့ အဆိုးရွားဆုံး ခေတ်ကာလတစ်ခုဆိုတာတော့ အမှန်ပဲ” သူက သက်ပြင်းချကာ ရေရွတ်လိုက်၏။ သူက နောက်ဆုံးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲချင်မိသည်။ အကယ်၍ သူ ရှုံးနိမ့်မည်မှန်း သိထားလျှင်ပင် ဤသို့သော အတွေ့အကြုံမျိုးက မလွဲချော်သင့်သည့် ကိစ္စတစ်ခု ဖြစ်၏။
အခု ငါနဲ့ ရွယ်တူတွေက ဘာလုပ်နိုင်တယ်ဆိုတာကို သိပြီဆိုတော့ ငါ့မှာ လျှောက်လှမ်းရမဲ့ လမ်းစဉ်တစ်ခုရှိလာပြီ။ တကယ်လို့ ငါက သူတို့ရဲ့အဆင့်အထိ မရောက်နိုင်ရင်တောင် သူတို့ကို ရည်ရွယ်ချက် ထားထားသရွေ့ ဘယ်တော့မှ ရှုံးနိမ့်သွားမှာမဟုတ်ဘူး…
သူက အိပ်မက်အမှတ်အသားကို ဆင့်ခေါ်လိုက်၏။ နောက်ဦးတည်ရာက အိမ်ဆီ ဖြစ်သည်။ နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက တိုက်ပွဲကွင်းပြင်မှ သွေးနှင့် တခြားခန္ဓာကိုယ် အရည်များ စွန်းထင်းလျက် ထွက်လာသည်။
ဒီနေရာက တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ တကယ်ကို နည်းလမ်းကောင်းပဲ…
သူ၏ နောက်ထပ် ဦးတည်ချက်က ရှင်းကို သွားတွေ့ဖို့ ဖြစ်၏။ သူ့ဆရာသည် ထိုသူသည် သူ့လက်ရှိပြဿနာကို ဖြေရှင်းနိုင်ကြောင်း ပြောပြခဲ့ဖူးသည်။
ထို့နောက် လင်းဖန်က တာအိုနှလုံးသားစိတ်ဝိညာဉ်ဖြင့် နောက်ထပ် တစ်နာရီကြာ စကားပြောဆိုခဲ့၏။
“ဟုတ်တယ်။ သူမက ငါတို့ကို သေချာပေါက် ကူညီပေးနိုင်တယ်” လင်းဖန်က အခန်းမှ ထွက်လာပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။
ရှစ်အာနဲ့ ငါက ရှင်းနဲ့အတူ အချိန်ဖြုန်းနိုင်သရွေ့ ငါတို့ရဲ့ ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်…
လင်းဖန်က အနည်းငယ် စိတ်ပေါ့ပါးစွာဖြင့် ထွက်လာလေသည်။
ကျောင်းတော်သို့ ပြန်မရောက်ခင် တခြားလုပ်ဆောင်ချက်များကိုလည်း ပထမဆုံး စမ်းကြည့်ခဲ့ပြီး ရှုရှစ်နှင့် တိုက်ရိုက်သွားရောက်တွေ့ဆုံခဲ့သည်။
“အတွေ့အကြုံက ဘယ်လိုလဲ” ရှုရှစ် လင်းဖန်ကို ကြည့်ကာ မေးလိုက်သည်။
“ထူးကဲတယ်။ အခုတော့ နေသားကျသွားပြီလို့ ပြောရမယ်”
“အဲဒါဆို ကောင်းပါတယ်။ ကမ္ဘာကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့ အဲ့လို လုပ်နိုင်တာက ကောင်းလိမ့်မယ်။ အပြောင်းအလဲတွေကို လက်လှမ်းမမှီတဲ့သူတွေက နောက်ကောက်ကျန်ခဲ့မှာပဲ”
“ကိုယ်လည်း အဲ့လိုခံစားချက်မျိုး ရနေတယ်။ ဒါနဲ့ တစ်ခု မေးလို့ရမလား” လင်းဖန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“မေးပါ”
“အဲဒီနှစ်ယောက်က ဘာလို့အားကောင်းနေတာလဲဆိုတာကို သိလား”
“အင်း” ရှုရှစ်က ခေါင်းညိတ်လိုက်၏။ သူမအပါအဝင် လူများစွာက ထိုအချက်ကို သိချင်နေကြသည်။ သို့သော်လည်း သူမ၏ အမှန်တရားကို ရှာဖွေရသည့် ရည်ရွယ်ချက်က သူမ၏ စွမ်းအားကို တိုးမြှင့်ဖို့ရာအတွက် ဖြစ်၏။ အမှန်တရားကို ရှာဖွေပြီးသည့်နောက်တွင် ရှုရှစ်က သူမ၏ အခြေခံအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ထည့်သွင်းစဉ်းစားခဲ့သည်။
ကံဆိုးစွာဖြင့် မဟာဧကရာဇ်များအတွက် ပိုမိုရှုပ်ထွေးလေရာ ထာဝရဧကရာဇ်များအတွက် ဆိုထားဖွယ်မရှိတော့ပေ။ အကြောင်းအရင်းကမူ မရဏစမ်းသပ်ချက်ကြောင့် ဖြစ်၏။ အကယ်၍ သူမသာ စမ်းသပ်ချက်ကျရှုံးသွားပါက သူမအနေဖြင့် အစစ်အမှန်သေဆုံးမှုကို တွေ့ကြုံရမည်ဖြစ်သည့်အတွက် အဆိုးအကောင်း ချင့်ချိန်နေခြင်း ဖြစ်သည်။
ရှုရှစ်က လင်းဖန်အား နဝမအဆုံးစွန်အုတ်မြစ်နှင့် ဒဿမသာလွန်အုတ်မြစ်အကြောင်း ပြောပြခဲ့၏။
“အဲ့လိုကိုး” လင်းဖန်က အကြည့်များ တောက်ပလျက် ရေရွတ်လိုက်သည်။
“ကိုယ် အဲဒီနည်းလမ်းတွေ သုံးလို့ရမယ်လို့ ထင်လား”
ရှုရှစ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက် “ရှင်က ရှင့်ရဲ့ တည်ရှိမှု ဖျောက်ဖျက်ခံလိုက်ရတယ်။ ရှင်က ကမ္ဘာဦးချီကို သန့်စင်ပြီး ရှင့်ရဲ့ ပါရမီကို တိုးမြှင့်လာပြီးတဲ့နောက်မှာတော့ သမာသမတ် မကျတဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်ချေရှိတယ်။
ဒါပေမဲ့ နဝမအဆုံးစွန်အုတ်မြစ်ထဲ နောက်ဆုံးပေါင်းစည်းမှုမှာ အောင်မြင်ချင်တယ်ဆိုရင် ရှင့်ရဲ့အားနည်းချက်တစ်ခုဖြစ်တဲ့ တာအိုနှလုံးသားကို ပြုပြင်ရမယ်”
“ကိုယ့်မှာ မျှော်လင့်ချက်ရှိနေသရွေ့ ကြိုးစားကြည့်ဖို့ ထိုက်တန်ပါတယ်။ အဲဒါက ဘယ်လောက်ပဲ ခက်ခဲခက်ခဲပေါ့”
“အဲ့လိုစိတ်မျိုး ရှိတာလည်း ကောင်းပါတယ်” ရှုရှစ်က ပြောလိုက်သည်။
“ရက်နည်းနည်းလောက် နားလိုက်။ ပြီးရင် ကျွန်မတို့ စကြတာပေါ့”
လင်းဖန်က စိတ်လှုပ်ရှားနေမိသည်။ သူက ချက်ချင်းစချင်သော်လည်း ယခုအခါ ကျင့်ကြံဖို့ရာအတွက် အကောင်းဆုံးအခြေအနေ မရှိကြောင်း သိထားသည်။ ထို့ကြောင့် ရက်အနည်းငယ်အနားယူပြီးမှ စတင်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်၏။
ထို့နောက် သူက သူမကို ကြည့်ကာ ပြောလိုက်သည်။
“ကိုယ်တို့ကိစ္စကရော”
“ရှင် ဆုံးဖြတ်ပြီးသွားပြီလား”
“မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ရှင်းက ကိုယ်တို့ရဲ့ အခြေအနေကို ကူညီပေးနိုင်လိမ့်မယ်လို့ ထင်တယ်”
ရှုရှစ်က ခေါင်းညိတ်လိုက်၏။
“ရှင် ဒီကိစ္စကို မပြောရင်တော့ ကျွန်မ ပြောတော့မလို့ပဲ။ ရှင်းက တာအိုလက်တွဲဖော်တွေရဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ လက်တွဲဖော်ကဏ္ဍလည်း ရှိတယ်။ အဲဒါက ကျွန်မတို့ အခြေအနေအတွက် အထောက်အကူဖြစ်မှာပါ”
“ကောင်းပြီလေ” သူ့အကြီးမားဆုံးစိုးရိမ်မှုက သူမသည် သူနှင့်အတူ တွဲလုပ်ဖို့ မလိုလားမည်ကို ဖြစ်၏။ ယခု သူမက သဘောတူသည့်အတွက် သူက စိတ်အေးမိသွားသည်။
လင်းဖန်က သူမနှင့် မိနစ်ပိုင်းကြာ စကားပြောပြီးသည့်နောက် ထွက်ခွာလာလိုက်သည်။ သူက သူ့ရှေ့တွင် ခရီးလမ်းရှည်ရှည်ကြီး ရှိနေသေးသည့်အတွက် ပြင်ဆင်ဖို့ရာ လိုအပ်နေ၏။
…………………………………………………………………
အိပ်မက်လောက
ဝမ်ဝေ့က တိုက်ပွဲမျှော်စင်မှ လန်းလန်းဆန်းဆန်း ထွက်ခွာလာသည်။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို သိလာပြီး ထိုအရာကို တစ်ထောင်ရာခိုင်နှုန်းအထိ အသုံးပြုနိုင်လာသည်။ သူက ထိုအရာကို အိပ်မက်လောကဆီမှ ရှာဖွေတွေ့ရှိခဲ့ပြီး ခုံရုံးအတွင်း မျက်လုံးပြန်ဖွင့်လာသည်။
သူက ကိစ္စများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
“တစ်နှစ်တောင် ရှိသွားပြီ။ ဧကရာဇ်ခုံဆီက တုံ့ပြန်မှု ရောက်မလာသေးဘူးလား။ တစ်စုံတစ်ခု ဖြစ်သွားတာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူက အလုပ်ရှုပ်နေတာလား”
ဝမ်ဝေ့က ပလ္လင်ကို လက်ဖြင့် ခေါက်ကာ တွေးနေမိသည်။
“ငါ ဒုတိယအစီအစဉ်ကို မစခင် သူ့ကို လေးနှစ် အချိန်ပေးနိုင်တယ်”
ဒုတိယအစီအစဉ်က သူ့သုံးသပ်ချက်အပေါ် မူတည်၍ လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အတွက် စွန့်စားရာကျပေသည်။ အကယ်၍ သူသာ မပြင်ဆင်ထားပါက ကိစ္စများက ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားနိုင်၏။
ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်သည့်အချိန် လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် သူက ပုံမှန်ပြန်ဖြစ်သွားကာ သက်ပြင်းချလိုက်၏။
“အစစ်အမှန် ကောင်းကင်တာအိုက ငါ ထင်ထားတာထက် ပိုပြီးတော့ လိုက်လျောပေးနေတာပဲ”
ထိုသူ၏ အကူအညီဖြင့် သူက အန္တိမသဟဇာတ၏ ဒိုင်မေးရှင်းအနိမ့်အပေါ် တိတ်တဆိတ်လွှမ်းမိုးမှုကို စိုးရိမ်စရာ မလိုဘဲထိုလူများကို ဒိုင်မေးရှင်းအမြင့်ဆီ ကူးပြောင်းပေးနိုင်လိမ့်မည်။ သူက အဝေးတစ်နေရာကို ကြည့်ရင်း ပြုံးလိုက်မိ၏။
စစ်ပွဲအတွင်းမှာ အကျိုးအမြတ် ရတာက ပိုက်ဆံရှာဖို့ အကောင်းဆုံးနည်းလမ်းပဲ…
သူက တွေးလိုက်မိသည်။
ဒါပေမဲ့ ငါ ဂရုစိုက်ရမယ်…
ဝမ်ဝေ့က ထိုသူများကို ဒိုင်မေးရှင်းအမြင့်ဆီ ပို့ဆောင်ပြီးလျှင် အန္တိမသဟဇာတထံ အပြောင်းအလဲဖြစ်တာကို ကာကွယ်ဖို့အတွက် ငရဲကမ္ဘာဆီ စည်းတံဆိပ်ကို အားဖြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက သူလျှိုများကို သိလာပါက သူတို့ကို ထိနှက်ချက်ပေးနိုင်သည့် အခွင့်အရေးလည်း ဖြစ်၏။
“ထုံရို့ပင်းက လှုပ်ရှားတော့မှာလား” ဝမ်ဝေ့က ကမ္ဘာ၏ အနာဂတ်ကို မြင်လိုက်ကာ ရေရွတ်လိုက်သည်။
“ငါ သူမကို ရောင်းမစားနိုင်တာ နှမြောစရာပဲ”
သူက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက်တွင် ကျင့်ကြံရေးအခန်းအတွင်း ဦးတည်လိုက်၏။ ကျန့်ပယ်ဟယ်နှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်လေ့ကျင့်ရေးတွက် အစီအစဉ်တစ်ခု ရှိလာမိသည်။
အစောပိုင်းအဆင့်များတွင် သူက မြေဆွဲအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့၏။ သို့သော်လည်း အချိန်တစ်ခုကြာမြင့်ပြီးနောက် မြေဆွဲအားပမာဏက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ သူတို့က ကမ္ဘာမြေ၏ သာမန်မြေဆွဲအားထက် ကွန့်တီလီယွမ် အကြိမ်ပိုများနေလျှင်ပင် အသုံးမဝင်တော့ပေ။
အယူအဆ သဘောတရားအဆင့် ရောက်ရှိနေသည့် မြေဆွဲအားမျိုးကသာ သက်ရောက်မှုရှိလာမည် ဖြစ်၏။ ထိုသို့သော အရာမျိုးက သူ့လက်ရှိ ကျွမ်းကျင်အတတ်ပညာ မဟာတာအိုအရင်းအမြစ်ဖြင့် ချမှတ်ဖို့ရာ မလွယ်ကူသေးပေ။
ကံကောင်းစွာဖြင့် ထာဝရဦးသျှောင်က သူ့ကို နည်းလမ်းတစ်ခု ပြသခဲ့သည်။
စွမ်းအင်လွှမ်းမိုးခြင်း
အကယ်၍ ဝမ်ဝေ့က အခန်းအတွင်း လျှောက်လှမ်းလာရင်း သူ့ခန္ဓာကိုယ်က ပြင်းထန်သည့် ဖိအားကို ခံစားမိလိုက်သည်။
အဲဒါဆိုတော့ အလုပ်ဖြစ်သားပဲ…
သူက တွေးလိုက်မိသည်။ အခန်းအတွင်း သူ့ကိုယ်ပွားတစ်ယောက်က အရင်းအမြစ်ချီ နေရာလွတ်ထဲ အက်ကြောင်းတစ်ခုကို ဖွင့်လှစ်ထားသည့်အတွက် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ အခန်းအတွင်းရှိ စွမ်းအားသိပ်သည်းမှုက မြင့်မားလွန်း၍ သူ့လက်ရှိခန္ဓာကိုယ်ပေါ်ပင် သက်ရောက်မှုရှိ၏။
ဒီအခန်းထဲမှာ အပြင်းအထန်လေ့ကျင့်မှုက ငါ့ရဲ့ ခွန်အားကို မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားခွန်အား နည်းနည်းတော့ တိုးမြှင့်နိုင်လိမ့်မယ်။ တကယ်လို့ ငါ ဧကရာဇ်အဆင့် မြှင့်တင်ထားခဲ့တဲ့ ကျန့်ချောင်းရဲ့ နဂါးချုပ်နှောင်ရေးမြက်ကို ယူမယ်ဆိုရင် သက်ရောက်မှုက ပိုပြီးတော့တောင် ကောင်းလာလိမ့်မယ်…
ဝမ်ဝေ့က တုံ့ဆိုင်းမနေပေ။ သူက သူ အသင်္ချေစိတ်ဝိညာဉ်သဏ္ဌာန်ပြခြင်းကျင့်စဉ်မှ ရွှေရောင်အမွေးမျောက်ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ ရွှေရောင်အမွေးမျောက်က သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးအားလုံးကို အားကောင်းသည့် ကိုယ်ပွားများအဖြစ် ပြောင်းလဲပစ်နိုင်သည့် ပင်ကိုနတ်ဆိုးတစ်ကောင် ဖြစ်၏။ ပြောရလျှင် ဝမ်ဝေ့၏ ယခင်ဘဝမှ စွန်းဝူခုံးလိုမျိုး ဖြစ်၏။
ထို့ကြောင့် သူက ယခင်ကြွက်ရာသီခွင်အစား ထိုသက်ရှိကို အခြေခံ၍ နည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ထိုကိုယ်ပွားအသစ်ဖြင့် ဝမ်ဝေ့က လေ့ကျင့်ရာတွင် သူ့ကိုယ်သူ အားနည်းအောင် လုပ်ဖို့ ပြဿနာမရှိပေ။ ထို့နောက် သူက အဆိပ်ကို ထိုးသွင်းလိုက်၏။
သူ့ခန္ဓာကိုယ်က သိသိသာသာ အားနည်းသွားသည်ကို ခံစားမိလိုက်သည့်အတွက် ပတ်ဝန်းကျင်ရှိ ချီသက်ရောက်မှုက တိုးမြှင့်လာသည်။
ဝမ်ဝေ့က ဒိုက်ထိုးခြင်းကဲ့သို့ အခြေခံများကို စတင်လုပ်ဆောင်လိုက်ပြီး ထရီလီယမ်အကြိမ် လုပ်ဆောင်ပြီးသည့်နောက်တွင်ပင် မရပ်တန့်ခဲ့ပေ။ ထိုဖြစ်စဉ်က ပြောသလောက် မလွယ်လှပေ။ သူ့အားနည်းလှသည့် ခန္ဓာကိုယ်က မြေဆွဲအား ဆယ်ဆ၏ ဖိအားအောက်တွင် အာဟာရ မပြည့်ဝသည့်သူတစ်ဦးက လေ့ကျင့်ခန်း လုပ်နေသကဲ့သို့ ဖြစ်နေသည်။
သို့သော်လည်း ဝမ်ဝေ့က မရပ်တန့်ခဲ့ဘဲ ဒိုက်ထိုးခြင်းအား ဆက်လက်လုပ်ဆောင်လိုက်သည်။
ဤကဲ့သို့ ရိုးရှင်းသည့် နည်းလမ်းများကို အသုံးပြု၍ သူ့စွမ်းအားကို တိုးမြှင့်နိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်လှပြီဖြစ်သည့်အတွက် ပျော်ရွှင်နေမိသည်။
ဒီနဂါးချုပ်နှောင်ရေးမြက်က ခန္ဓာကိုယ်လေ့ကျင့်သူတွေအတွက် တကယ့်ကို ထူးကဲပြောင်မြောက်တဲ့ ဝိညာဉ်ဆေးပင်တစ်ခုပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ မဟာတာအိုအရင်းအမြစ်ဖြင့် အားဖြည့်ပြီးသည့်နောက်တွင် ဆေးပင်က ဆင့်ကဲပြောင်းလဲသွားပြီး ပန်းသုံးပွင့်ထဲမှ အဆီအနှစ်သဘောတရား၏ ရန်သူ ဖြစ်လာခဲ့သည်။
တခြားနည်းဖြင့် ပြောရလျှင် ခန္ဓာကိုယ်ခွန်အား အလုံအလောက်ရှိထားသူများက ခွန်အားဂိတ်ပေါက်ကို မဖွင့်လှစ်လျှင် သက်ရောက်ခံရလိမ့်မည်။
သို့သော်လည်း ထိုမြက်၏ ဆန်းကြယ်မှုက မရိုးရှင်းလှပေ။ ဧကရာဇ်အဆင့် နဂါးချုပ်နှောင်ရေးမြက်က ယင်ယန်နှင့် ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေ၏။ ထို့ကြောင့် ထိုအရာက ခန္ဓာကိုယ်လေ့ကျင့်သူများကို အားနည်းသွားစေသော်လည်း သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး ခံနိုင်ရည် တည်ဆောက်နိုင်သည့်အတွက် ခန္ဓာကိုယ် လေ့ကျင့်ရာအတွက် အကောင်းဆုံးပစ္စည်းတစ်ခု ဖြစ်၏။