ဧကရီအသစ်
Vol. 71 Ch. 986
တစ်လကြာမြင့်ပြီးသည့်နောက်တွင် ဒိုက်ထိုးနေဆဲဖြစ်သည့် ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူ့မျက်ဝန်းက အကွာအဝေးများစွာကို ထိုးဖောက်သွားပြီး မဟာဆောင်မြို့တော်ဆီ ကျရောက်လာသည်။
ဝေဟင်အထက် အမြင်ရုပ်လွှာမျိုးစုံပေါ်ထွက်နေပြီး တစ်ကမ္ဘာလုံးကို အသိပေးနေလေ၏။ ထိုဖြစ်စဉ်က နာရီဝက်မျှသာကြာမြင့်ခဲ့ပြီး အဆုံးသတ်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို မဟာဆောင်မြို့က ကောင်းကင်ခုံရုံးကို ဆက်သွယ်လာခဲ့သည်။
သူတို့က ဝမ်ဝေ့အား ကမ္ဘာတစ်ဝှမ်းကြေညာချက် သို့မဟုတ် ပြပွဲအတွက် အိပ်မက်လောကကို အသုံးပြုဖို့ တောင်းဆိုလာခြင်း ဖြစ်၏။
စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က ဖန်တီးမှုအသစ်အဆန်းကို ကြေညာသည့် နည်းပညာပြပွဲမျိုးကို မှတ်မိလိုက်သည်။ ထိုအရာက ပထမဦးဆုံး စမတ်ဖုန်း ပေါ်ထွက်လာမှု ဖြစ်၏။ သူက တုံ့ဆိုင်းမနေဘဲ သူတို့ကို ခွင့်ပြုပေးလိုက်သည်။
နောက်တစ်ရက်တွင် အိပ်မက်လောက အဖွဲ့ဝင်တိုင်းက ဤပြပွဲတွင် ပါဝင်ဖို့ရာ ရွေးချယ်စရာ ရှိလာခဲ့သည်။ အချိန်ကျရောက်လာသည့်အခါ ထုံရို့ပင်းက ပွဲအတွင်း ပေါ်ထွက်လာပြီး နောက်ဆုံးဖန်တီးထားမှုကို ပြသခဲ့သည်။
အဆောင်လက်နက်
ထုံရို့ပင်းက အဆောင်တာအိုအတွက် လမ်းစဉ်အသစ်ကို ဖန်တီးပြီး အဆောင်များ သို့မဟုတ် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် လက်နက်ကို ဖန်တီးခဲ့သည်။ သူမ၏ မိတ်ဆက်တင်ဆက်မှုအောက်တွင် လူများက အဆောင်လက်နက်များအကြောင်းကို နားလည်လာခဲ့၏။
ထိုလက်နက်ကို အမျိုးအစားနှစ်မျိုး ခွဲထားပြီး ပထမတစ်ခုက ပြီးပြည့်စုံစွာ ပေါင်းစည်းထားသည့် စာရွက်အဆောင်များဖြင့် ပြုလုပ်ထားသည့် လက်နက်များ ဖြစ်သည်။ ထိုလက်နက်က စိတ်ဝင်စားဖို့ကောင်းသည်မှာ ပုံမှန် လက်နက်များထက် အကုန်အကျနည်း၍ ဖြစ်သည်။ ထိုဈေးကွက်၏ အရေအတွက်အနည်းငယ်ကို လေလွင့်ကျင့်ကြံသူများထံ ပစ်မှတ်ထားထားသလို အရေအတွက်အများအပြားကို ဂိုဏ်းကြီများထံ ပစ်မှတ်ထားထားသည်။
ထိုလက်နက်က ပုံမှန်အားကောင်းသည့် အဆောင်များထက် ပိုမိုအားကောင်းသော်လည်း သာမန် မူလလက်နက်များထက်တော့ နိမ့်ကျသည်။ ထုံရို့ပင်း ပြောစကားအရ ထိုလက်နက်များသည် အဆင့်နိမ့်အဆောင်များကို အစားထိုးဖို့ အသုံးပြုဖို့ရာအတွက် ဖြစ်၏။
သူမ၏ တင်ဆက်မှုထဲတွင် နှိုင်းယှဉ်ထားသည့် ကမ္ဘာကို ပြသခဲ့၏။ ပုံရိပ်တစ်ခုက မီးတောက်အဆောင် သန်းချီပါဝင်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီးကျန်တစ်ခုကမူ စာရွက်အဆောင်လက်နက် သန်းချီပါဝင်နေသည့် တပ်ဖွဲ့တစ်ခု ဖြစ်၏။
ထိုလက်နက်များ၏ အဖျက်စွမ်းအားက အဆောင်များထက် ပိုမိုမြင့်မားလေသည်။ တန်ကြေးကမူ အနည်းငယ်မျှသာ မြင့်မားလေ၏။ ထုံရို့ပင်းက အဆင့်နိမ့် မူလလက်နက်ကို သုံးပြီး ဖျက်ဆီးမှုနှင့် ဈေးနှုန်းကို ပြသခဲ့သည်။ ထင်ထားသည့်အတိုင်း ဖျက်ဆီးမှုက အနည်းငယ်ပို၍ များပြားသော်လည်း တန်ကြေးကမူ သိသိသာသာ မြင့်မားနေသည်။
ထို့နောက် ထုံရို့ပင်းက အဆောင်လက်နက် ဒုတိယအမျိုးအစားကို ပြသခဲ့သည်။ ထိုအရာက သင်္ကေတများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ထိုလက်နက်က မူလလက်နက် ကဏ္ဍအားလုံးထက် ကျော်လွန်နေလေသည်။ နက်နဲအဆင့်မှ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ဖြစ်၏။
သင်္ကေတများက မိုးမြေ၏ ဘာသာစကားဖြစ်နေရသည့် အကြောင်းအရင်းက သူတို့ဖြင့် လက်နက်များ ပြုလုပ်သည့်အခါ မိုးမြေ၏ စွမ်းအားဖြင့် အားဖြည့်ပေးနိုင်လေသည်။ သို့သော်လည်း အဆောင်လက်နက်များကမူ စွမ်းအားကို မျှခြေထိန်းညှိရာ၌ အနည်းငယ် ဆိုးကျိုး ရှိ၏။ ထိုအရာက ကြာရှည်မခံပေ။
ဧကရာဇ်တစ်ပိုင်းအဆင့် အဆောင်လက်နက်များက နှစ်သိန်းချီကြာ ပျောက်ကွယ်သွားပြီး မိုးမြေဆီ ပြန်ရောက်ရှိသွားလိမ့်မည်။
ထုံရို့ပင်းက ထိုအချက်ကို ဖုံးကွယ်မထားဘဲ အားလုံးကို ထုတ်ဖော်ခဲ့၏။ သို့သော် ထိုအားနည်းချက် ရှိနေသော်လည်း လူများစွာက ထိုလက်နက်အသစ်ကို စမ်းကြည့်ဖို့ မစောင့်နိုင်ကြတော့ပေ။ ကျင့်ကြံသူများက စွမ်းအားနှင့် အာဏာကို မက်မောကြ၏။
ထိုပြပွဲအပြီးတွင် မဟာအဆောင်မြို့တော်၏ ချီကံကောင်းမှုနှင့် ကြမ္မာက ကြယ်တံခွန်အလား မြင့်တက်လာသည်။ လူများစွာက သူတို့၏ ပိုင်နက်ထဲသွားကာ အဆောင်လက်နက်များကို ဝယ်ယူခဲ့ကြသည်။
ထိုစဉ် ထုံရို့ပင်းက ဝမ်ဝေ့ကို လာရောက်တွေ့ဆုံ၏။
“သူတို့ကို ဘာလို့ အမှန်အတိုင်း မပြောလိုက်တာလဲ” ဝမ်ဝေ့က သူမကို ဥယျာဉ်ထဲတွင် တွေ့လိုက်သည်။
“ရှင်က လက်နက်စီးပွားရေးအကြောင်းကို စိတ်မဝင်စားဘူးလို့ မပြောနဲ့နော်” သူမက အပြုံးဖြင့် ပြန်မေးလိုက်သည်။
ဝမ်ဝေ့က မျက်လုံးဝေ့ကာ ကြည့်လိုက်၏။ အမှန်တော့ သင်္ကေတအဆောင်လက်နက်များက မူလလက်နက်များဖြင့် ပေါင်းစည်းနိုင်ပြီး နှစ်ခုလုံး၏ စွမ်းအားကို တိုးမြှင့်နိုင်သည်။ ထိုပေါင်းစည်းမှုက ထိုအဆောင်လက်နက်များ၏ သက်တမ်းကို အနည်းဆုံး ဆယ်ရာခိုင်နှုန်း ဆွဲဆန့်ပေးထားနိုင်သည်။
သို့သော်လည်း ထုံရို့ပင်းက အဆောင်လက်နက်၏ မြင့်တက်လာမှုသည် မူလလက်နက် စီးပွားရေးနှင့် မူလလက်နက်တောင်၏ ကြမ္မာအပေါ် ထိနှက်ချက် ပေးနိုင်သည့်အတွက် ပါးစပ်ပိတ်နေခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူမက လက်ရှိအခွင့်အရေးကို ယူကာ ထိုသတင်း ထွက်မသွားခင်အထိ လက်နက်စီးပွားရေးကို လွှမ်းမိုးထားနိုင်သည်။
ထိုအမှန်တရားကို သိထားသည့် ဝမ်ဝေ့က တူညီသည့် အစီအစဉ်မျိုး ရှိထား၍ ဘာမှမပြောပေ။
“ဒါနဲ့ ဘာလို့ရောက်လာတာလဲ။ မင်းက နန်းတက်ပွဲ ပြင်သင့်နေပြီမလား”
“သတင်းတချို့ ယူလာတာပါ” ထုံရို့ပင်းက အလေးအနက် ပြောလိုက်သည်။
“ကောင်းကင်ခုံရုံးသတင်းက ပေါက်ကြားသွားပြီ”
“ငါ ထင်ထားတာထက်တော့ နောက်ကျသားပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ ကြယ်တာရာသားရဲကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်နှင့် ဆက်နွယ်နေသည့်အတွက် သတင်းအချက်အလက်ကို ကြာကြာဖုံးကွယ်ထားဖို့ မဖြစ်နိုင်မှန်း သိထားလေသည်။
“တခြားတစ်ယောက်က ကောင်းကင်ဧကရာဇ် ဖြစ်လာပြီလား”
“ကျွန်မ သိထားသလောက်တော့ မရှိသေးဘူး” ထုံရို့ပင်းက ပြန်ဖြေလိုက်သည်။
“အခု ကုန်သွယ်ရေးဗဟိုချက်ရဲ့ အထက်ပိုင်းက ဒီသတင်းကို လျှို့ဝှက်ချက်အနေနဲ့ထားပြီးတော့ ကျွန်မတို့ဘက်က သတင်းအချက်အလက်တွေကို ထပ်ပြီးတော့ ယူဖို့ ကြိုးစားနေတယ်။ လူတော်တော်များများက ကြယ်တာရာသားရဲကမ္ဘာဆီ လာရောက်ကြတယ်။ တိတ်တဆိတ်ရော၊ ပွင့်လင်းမြင်သာရော ကျူးကျော်လာကြတယ်”
ထုံရို့ပင်းက သက်ပြင်းချလိုက်၏။ မူလိန်က သီးသန့်ကျင့်ကြံနေသည့်အတွက် သူမက သူ မရှိစဉ်အတွင်း အရာအားလုံးကို ဖြေရှင်းပေးနေရသည်။
ကံဆိုးစွာဖြင့် မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအား မရှိဘဲ သူမက အရာအားလုံးကို အားစိုက်ထုတ်မှု မရှိဘဲ ဖြေရှင်းနိုင်ဖို့ ဩဇာတိက္ကမနှင့် စွမ်းအား မရှိပေ။
“အဲဒါကြောင့် အလျင်လိုနေတာလား”
“ဟုတ်တယ်။ တာအိုကို သက်သေပြတာကပဲ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မှာ” ထုံရို့ပင်းက ခေါင်းညိတ်လိုက်၏။
ဝမ်ဝေ့က အတွေးနက်နေမိသည်။ သူက ထိုသတင်းပေါက်ကြားသွားသည်ကို ဂရုမစိုက်သော်လည်း လူတချို့က ထိုနေရာတွင် ပြဿနာမရှာဘဲ ငြိမ်ငြိမ်ထိုင်ကြမည် မဟုတ်ပေ။
ကြည့်ရတာ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာက လူတွေကို စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း ခုံရုံးကို အပြည့်အဝ မထိန်းချုပ်နိုင်အောင် တိတ်တဆိတ် ကူညီဖို့လိုတဲ့ပုံပဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
အဲ့လိုဆိုရင် ဒိုင်မေးရှင်းအမြင့်ရဲ့ သူလျှိုတွေရှိတဲ့ ကမ္ဘာ့အသိုက်အဝန်းတွေလည်း ရှိဦးမယ်။ တကယ်လို့ သူတို့ကသာ ခုံရုံးကို အပြည့်အဝ ထိန်းချုပ်ထားတယ်ဆိုရင် သူတို့ကို ဖြေရှင်းဖို့က တကယ်ကို ခေါင်းကိုက်စရာပဲ။ သူတို့စွမ်းအားကို လျှော့ချဖို့ သူတို့ကမ္ဘာက ဆန့်ကျင် ကျင့်ကြံသူတွေရဲ့ အကူအညီကို လိုလာလိမ့်မယ်…
ဝမ်ဝေ့က လတ်တလော ဖွံ့ဖြိုးတိုးတက်လာမှုသည် သူ့အား အလုပ်ရှုပ်စေမည် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။ အသင်္ချေအင်ပါယာကမ္ဘာက တစ်ဖက်ပိတ်အခြေအနေတွင် ရှိနေသေးသော်လည်း အဆုံးမဲ့လေဟာနယ်က သိသိသာသာ ပြောင်းလဲမှု ဖြစ်လာသည်။ သူသာ ဂရုမစိုက်ပါက သူ့အစီအစဉ်အများစုသည် အဟန့်အတား တွေ့ကြုံရမည် ဖြစ်၏။
ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေက သူလျှိုကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အရှိန်မြှင့်ဖို့ လိုနေပြီ။ ဒုတိယအနေနဲ့ဆိုရင် ငါက တခြားကောင်းကင်အလိုဆန္ဒကမ္ဘာတွေဆီကို သံတမန် စေလွှတ်ပြီးတော့ မဟာမိတ်ဖွဲ့ရမယ်…
ဝမ်ဝေ့၏ စိတ်ထဲ ပထမဦးဆုံး ပေါ်ထွက်လာသည်ကား သူ့အမေ ဖြစ်၏။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူမက အကောင်းဆုံး သံတမန် ဖြစ်လာလိမ့်မည်။ သို့သော်လည်း ထိုအရာက သူမအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည့်အတွက် ထိုအစီအစဉ်ကို ရပ်တန့်ထားခြင်း ဖြစ်၏။ ပြောရလျှင် အစစ်အမှန်ကောင်းကင်တာအိုကို လှည့်စားဖို့ရာ မလွယ်ကူပေ။
ခဏနေပါဦး။ ငါ နယ်ခြားရေးရာဌာနကို ဖန်တီးထားတဲ့အကြောင်းအရင်းက ဒါကြောင့် မဟုတ်ဘူးလား…
သူက ကြီးကြပ်ရေးမှူးဆီ သူ့အစီအစဉ်ကို လှမ်း၍ သတင်းစကား ပို့ဆောင်လိုက်သည်။ သူက သူတို့၏ မဟာမိတ် အလွယ်တကူဖြစ်လာနိုင်သည့် လူစာရင်းကိုပင် ပေးခဲ့၏။ အထူးသဖြင့် ကျန့်လီဖန်း၊ မိစ္ဆာ ဒေါသနှင့် နတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှ လူများ ဖြစ်သည်။
“တခြားတစ်ခု ရှိသေးလား”
“ကျွန်မရဲ့ အခမ်းအနားနဲ့ ပတ်သက်ပြီးတော့ပါ” သူမက ပြောလိုက်သည်။
“မစိုးရိမ်နဲ့။ ငါ မင်းကို မတားဘူး”
“ မဟုတ်ပါဘူး။ ရှင် ကျွန်မကို မတားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ တခြားသူတွေက အဲ့လိုဖြစ်ပါ့မလား” ထုံရို့ပင်း၏ စိုးရိမ်မှုက တခြားထာဝရဧကရာဇ်များသည် သူမ တာအိုသက်သေပြသည်ကို ဝင်ရောက်စွက်ဖက်ကာ တားဆီးလာမည်ကို ဖြစ်၏။ ပိုမိုအားကောင်းသည့် ထာဝရဧကရာဇ် တစ်ယောက်ပေါ်ထွက်လာခြင်းက ဝေစုတစ်ခု လျော့နည်းသွားခြင်းနှင့် ညီမျှပေသည်။
မူလိန်က သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေသည့်အတွက် သူမက အသင်္ချေအင်ပါယာကမ္ဘာကလွဲ၍ တခြားနေရာတွင် တာအိုသက်သေမပြရဲပေ။ ထို့ကြောင့် သူမက ဘေးကင်းမှုအတွက် ဝမ်ဝေ့အပေါ်ကိုသာ မှီခိုနိုင်သည်။
“မစိုးရိမ်နဲ့။ ငါ မလှုပ်ရှားသရွေ့ သူတို့တွေ မလုပ်ရဲဘူး”
“အဲဒါဆိုလည်း ကောင်းပါပြီ” ထုံရို့ပင်းက မိနစ်ပိုင်းကြာပြောဆိုပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာလိုက်သည်။ ယခု သူမက ကုသိုလ် အလုံအလောက်ရှိပြီဖြစ်သည့်အတွက် အချိန်မဖြုန်းလိုတော့ပေ။
သူမက အခမ်းအနားအတွက် အရာအားလုံး ပြင်ဆင်ထား၏။ ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာအထက် ဝေဟင်က ပြောင်းလဲသွားခဲ့သည်။
ဝေဟင်အထက် ကောင်းကင်တာအို မျက်လုံး ပေါ်ထွက်လာပြီး ထုံရို့ပင်းကို စိုက်ကြည့်လာသည်။ ထိုမျက်လုံးက သူမကို တစ်စုံတစ်ခု အကဲဖြတ်နေဟန်ပေါ်သည်။ ထို့နောက် ကောင်းကင်အလိုဆန္ဒက သူမ၏ လက်ထဲ ကျဆင်းလာလေ၏။
နောက်ဆုံးတွင် သူမက မျက်လုံးမှိတ်ကာ စုပ်ယူလိုက်သည်။ သူမ ဝန်းကျင်တွင် အမြင်ရုပ်လွှာများ ပေါ်ထွက်လာ၏။ ခဏအကြာတွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်အပေါ်မှ ထွက်ပေါ်လာခဲ့သည်။
“ဒီနေ့ ငါ မူလအဆောင်ဧကရီက တာအိုကို သက်သေပြပြီးတော့ မသေမျိုးဘဝကို ရယူနိုင်ခဲ့ပြီ။ ငါ့ရဲ့ ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ သက်ရှိတွေအားလုံးဆီမှာ တာအိုအကြောင်း ဟောပြောပို့ချမယ်”
ရောင်စုံနဂါးတစ်ကောင် ဖြစ်တည်လာပြီး ကူးသန်းသွားလာကာ ကမ္ဘာကို အားဖြည့်ပေးနေသည်။ ထိုအရာ၏ နောက်ဆုံးဦးတည်ရာက မဟာအဆောင်မြို့တော်ဆီ ဖြစ်၏။ ထိုအရာက သူတို့၏ ပထမဦးဆုံး ထာဝရဧကရာဇ်နှင့် ခုနစ်ယောက်မြောက် မဟာဧကရာဇ် မွေးဖွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
………………………………………….
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်ရှုနေသည်။ ထုံရို့ပင်း ပြီးမြောက်သွားသည့်အခါ သူက မိုးမြေ၏ လျှို့ဝှက်ချက်ကို လေ့လာကြည့်လိုက်သည်။
မျှခြေညီစက်ယန္တရားက တာအိုအခွင့်အလမ်းဂိုဏ်းကနေ အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးအပေါ် ပြောင်းလဲသွားပြီ…
သူ့မျက်ဝန်းက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး၌ လျှို့ဝှက်အပြောင်းအလဲများကို မြင်လိုက်ရ၏။ ကမ္ဘာ့အသိုက်အဝန်းများစွာတွင် ထာဝရဦးသျှောင်များစွာ ဖန်တီးနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ပေါ်ထွက်လာခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်သည့် အရင်းအမြစ်များစွာလည်း ပေါ်ထွက်လာပြီး ခန္ဓာကိုယ်လေ့ကျင့်သူများအား မဟာဧကရာဇ်များနှင့် တိုက်ခိုက်နိုင်သည့် မကောင်းဆိုးဝါး နတ်ဘုရားအဆင့်သို့ ဝင်ရောက်နိုင်ဖို့ ကြိုးစားခွင့်ပြုထားသည်။
ဝမ်ဝေ့က ကုသိုလ် သက်သေပြနည်းလမ်းသည် ကမ္ဘာများစွာတွင် ပေါ်ထွက်လာပြီး ကုသိုလ်အမြောက်အများရှိသည့် လူတချို့က ရယူနိုင်လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
အဲဒါဆိုတော့ တခြား ကောင်းကင်အလိုဆန္ဒကမ္ဘာတွေမှာလည်း မဟာဧကရာဇ်တစ်ပါးထက်ပိုပြီးတော့ ရှိလာမှာပေါ့။ ထာဝရဧကရာဇ် တစ်ပါးထက်လည်း ပိုပြီးတော့ ရှိလာတော့မှာပေါ့…
သူက ထိုအရာသည် ကမ္ဘာအပေါ် သူ့လွှမ်းမိုးမှုက သိသိသာသာ တိုးမြင့်နေပြီး သူ့ကောင်းကင်ဧကရာဇ်ခေတ်ကာလက သူ ထင်ထားသည်ထက် ပိုမိုစည်ပင်ကြွယ်ဝလာကြောင်း ညွှန်ပြနေသည့်အတွက် ပြုံးလိုက်မိသည်။