← Chapters

ခေါင်းဆောင်

Vol. 71 Ch. 988

ခေါင်းဆောင်

Vol. 71 Ch. 988

“မင်းတို့တွေကို အချိန်တချို့ပေးမယ်။ အရမ်းကြီးတော့ မကြာစေနဲ့”

ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် ထွက်သွားလိုက်သည်။ ရွှေကျီးဧကရာဇ်က ကမ္ဘာ၏ လက်ရှိအခြေအနေကို သိထားသောကြောင့် ထိုသူ၏ သတိကြီးမှုကို နားလည်လေသည်။

“ အဖေ ဘယ်လိုနေသေးလဲ”

“အဖေ အဆင်ပြေပါတယ်။ အဲဒီတာအိုရောင်းရင်းရဲ့ စည်းတံဆိပ်နဲ့ဆိုရင် အဖေ အထွတ်အထိပ် အနေအထားကို ပြန်ရောက်နိုင်တယ်” သူက ပြုံးကာ ပြောလိုက်၏။

“အဖေ့အကြောင်း စိတ်မပူနဲ့။ သမီးရော ဘယ်လိုလဲ”

“အဖေ သမီး တောင်းပန်ပါတယ်။ ထပ်ပြီးတော့ ကျရှုံးသွားပြန်ပြီ” သူမက ခေါင်းငုံ့ထားရင်း ပြောလိုက်သည်။

“အာ သမီး ကိစ္စမရှိဘူး။ လက်မလျှော့သရွေ့ အောင်မြင်လာမှာပဲ”

ရွှေကျီးဧကရာဇ်က သူ့သမီး၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး မစိုးရိမ်ပေ။ သူ ချန်ထားခဲ့သည့် ဧကရာဇ်အရိုးက လူတိုင်း သန့်စင်နိုင်သည့်အရာ မဟုတ်ပေ။ သူ့တွင် ရှိသည့် ကံအပြောင်းအလဲ အခွင့်အရေးကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်၏။

ထိုအရာကို စုပ်ယူပြီးသည့်နောက်တွင် သူမ၏ စွမ်းအားက သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို သေချာပေါက် ချိုးဖောက်နိုင်လိမ့်မည်။ ထိုစွမ်းအားမျိုးဖြင့် တာအိုကိုသက်သေပြဖို့ အဘယ်ကြောင့် စိုးရိမ်စရာလိုမည်နည်း။

သူမက ဤတစ်ကြိမ်တွင် ရှုံးနိမ့်သွားသည်မှာ ကံဆိုးခဲ့ပြီး ရူးသွပ်လောက်ဖွယ် ပါရမီရှင်မျိုးနှင့် တွေ့ဆုံခဲ့၍သာ ဖြစ်လိမ့်မည်။

“တကယ်လား။ သမီးအပေါ် စိတ်မပျက်မိဘူးလား”

“အဖေက ဘယ်လိုလုပ် စိတ်ပျက်ရမှာလဲ” ရွှေကျီးဧကရာဇ်က ပြောလိုက်သည်။ သူ့သမီးသည် အကောင်းဆုံး မလုပ်ဆောင်ခဲ့သည်မှာ သူ့အပေါ် စိုးရိမ်စိတ်များကြောင့် ဖြစ်မှန်း ခန့်မှန်းမိ၏။

ဒီကောင်မလေးရဲ့ ပါရမီက သိသိသာသာ တိုးမြင်လာသင့်တယ်။ ဒါပေမဲ့ သူမရဲ့ စိတ်အခြေအနေက ဖွံ့ဖြိုးတိုးတက်ဖို့ လိုနေသေးတယ်…

ရွှေကျီးဧကရာဇ်က သုံးသပ်လိုက်သည်။

“ပြီးတော့ အခုအချိန်မှာ တက်လှမ်းလာဖို မကောင်းဘူး”

“အဖေက ဘာကိုပြောတာလဲ”

“သမီး သိဖို့ လိုတာက ဒိုင်မေးရှင်းအမြင့်က အခု ရုတ်ရုတ်သဲသဲ ဖြစ်နေပြီ။ အဖေ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင်တောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါ့မလားဆိုတာ မသိရဘူး။ သမီးကိုဆိုရင် ပြောဖို့တောင် မလိုတော့ဘူး”

“အဖေ တစ်ခုခု ဖြစ်တော့မှာလား။ အဖေ ထွက်ပြေးလို့ရလား” သူတို့က ယခုမှ ဆုံစည်းကာစ ဖြစ်သည့်အတွက် ကျင်းဝူဟွားက သူမ၏ မိသားစု တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို မဖြစ်စေလိုပေ။

“ကံဆိုးတာက ဘယ်သူကမှ ဒီဖရိုဖရဲဖြစ်တာကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး” ရွှေကျီးဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်၏။

“ဒါပေမဲ့ မစိုးရိမ်နဲ့။ အဖေ့ဆီမှာ နည်းလမ်း ရှိတယ်”

သူက ရွှေကျီးမျိုးနွယ်၏ စံပြများသည် မပြီးမပြတ်အခြေအနေမှ ပြန်ရောက်ရှိလာမှသာ ယခုရောက်လာမည့် မုန်တိုင်းတွင် သူ့ရော သူ့မျိုးနွယ်စုပါ အသက်ရှင်နိုင်မည် ဖြစ်ကြောင်း သိလေ၏။ မဟုတ်ပါက သူတို့၏ လက်ရှိစွမ်းအားဖြင့် ရောက်ရှိလာမည့် ကပ်ဘေးအတွင်း အမြောက်စာမျှသာ ဖြစ်သွားလိမ့်မည်။

“အဲဒါဆိုလည်း ကောင်းပါပြီ” ကျင်းဝူဟွားက သူမအဖေအပေါ် နည်းနည်းလေးမှ သံသယ မဖြစ်ပေ။ နှစ်ဦးသားက စကားစမြည်ပြောနေစဉ် ဝမ်ဝေ့က ရောက်လာပြီး အချိန်ကျလာကြောင်း ကြေညာလိုက်၏။

“သမီး ကျရှုံးမှုအကြောင်း မစိုးရိမ်နဲ့။ တာအိုနှလုံးသားနဲ့ စိတ်အခြေအနေကို လေ့ကျင့်နိုင်မဲ့ နည်းလမ်းရှာပြီးတော့ ကိုယ့်ကိုယ်ကို စည်းပိတ်ပြီးတော့ ထပ်ပြီး ကြိုးစားကြည့်” ရွှေကျီးဧကရာဇ်က အကြံပေးလိုက်၏။ သူ့သမီးက နာနာခံခံ ခေါင်းညိတ်လိုက်သည်။

“အရှင် သူတို့ကို ရှာတွေ့ရင် ဘယ်လိုဆက်သွယ်ရမလဲ”

“ခင်ဗျားရဲ့ သွေးတစ်စက်ကို ပေးခဲ့ပါ။ ခင်ဗျားသမီးနဲ့ သွေးမျိုးဆက် သဟဇာတဖြစ်မှုကို အသက်သွင်းလိုက်။ ကျုပ်က ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ပေးမယ်”

ထိုအရာကို ကြားကာ ရွှေကျီးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျိန်စာသင့်ထားကာစ ဖြစ်သည့်အတွက် သူစိမ်းထံ သူ့သွေးကို ပေးရသည်အား သိပ်မကျေနပ်ပေ။

“ခင်ဗျား တွေးနေတာကို သိတယ်။ ဒါပေမဲ့ ဆက်သွယ်ရေးကို အစပြုနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ” ဝမ်ဝေ့က သူ့တွင် ရွေးချယ်စရာ မရှိကြောင်း ပြသလိုက်၏။ သူက ကျင်းဝူဟွား၏ သွေးမျိုးဆက်ကို အသုံးပြုသည်မှာ အဖေနှင့်သမီးကြားမှ မချိုးဖောက်နိုင်သည့် နက်နဲသော ဆက်နွယ်မှုရှိနေ၍ ဖြစ်သည်။ အကယ်၍ သူတို့၏ ဆက်ဆံရေးက မခိုင်မာပါက သူ့နည်းစနစ်သည် ဒိုင်မေးရှင်းအနိမ့်နှင့် အမြင့်ကြားမှ ကွာခြားချက်ကြောင့် အလွယ်တကူ အလုပ်ဖြစ်မည် မဟုတ်ပေ။

သူ အောင်မြင်ရသည့် အကြောင်းအရင်းက အစစ်အမှန်ကောင်းကင်တာအိုနှင့် အပေးအယူကြောင့်လည်း ဖြစ်၏။

“ကောင်းပါပြီ” ရွှေကျီးဧကရာဇ်က ပြောလိုက်သည်။ ယခု သူက ဤအနေအထားထိ ရောက်ရှိနေပြီဖြစ်ကာ တုံ့ဆိုင်းနေဖို့ အကျိုးမရှိပေ။

ဆက်သွယ်ရေး အဆုံးသတ်သွားပြီးသည့်နောက်တွင် ရွှေကျီးဧကရာဇ်က ဤစကားဝိုင်းနှင့် တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုအကြောင်း မျိုးနွယ်စုတစ်ခုလုံးနှင့် ပြောသင့်လားဟု စဉ်းစားလိုက်သည်။ သို့သော်လည်း မျိုးနွယ်အတွင်း သစ္စာဖောက်များ ရှိနေနိုင်ကြောင်း သုံးသပ်မိလိုက်၏။

အခုတော့ လျှို့ဝှက်ချက်အနေနဲ့ ထားတာပဲ ကောင်းလိမ့်မယ်…

ရွှေကျီးဧကရာဇ်က သူ့အယုံကြည်ရဆုံး နောက်လိုက်တချို့ကို ဆက်သွယ်ကာ တော်လှန်ရေးမှ လူတချို့၏ သတင်းအချက်အလက်ကို ရယူခိုင်းခဲ့သည်။

………………………………………………………….

မြေကမ္ဘာဧကရာဇ်၏ ပိုင်နက်၊ မဟာချူး အံ့ဖွယ်တိုင်းပြည်

“အမတ်ချုပ် အရှင်မင်းကြီးက ဘယ်တော့ပြန်လာမှာလဲ” အစေခံအုပ်စုက အနက်ရောင်နှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ်ဆယ်စင်တီမီတာထက် ရှည်လျားသည့် မုတ်ဆိတ်ရှိနေသည့် လူလတ်အရွယ်အမျိုးသားကို ကြည့်ကာ မေးလိုက်ကြသည်။ ထိုအမျိုးသားက ပညာရှင်ဆန်ဆန် အငွေ့အသက်မျိုးရှိသော်လည်း သူက အင်မတန် ပျင်းရိသည့် လေထုမျိုး ပေးနေသည်။

အမတ်ချုပ် ဖေးလန်က လက်ထဲတွင် ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားပြီး ဖြည်းဖြည်းချင်း ခပ်နေလေ၏။ ထိုမေးခွန်းကို ကြားပြီးသည့်နောက်တွင် သူက တုံ့ပြန်ဖို့ ၅စက္ကန့်မျှ အချိန်ယူခဲ့သည်။ သူ့စကားပြောပုံက နှေးကွေးကာ တစ်သတ်မှတ်တည်း ဖြစ်နေ၏။

“အပြင်ဘက်က ကျူးကျော်မှုတွေက ဆက်ဖြစ်နေတုန်းပဲ။ ငါတို့ရဲ့ အရှင်က ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး။ မင်းတို့ လုပ်ဖို့လိုတာက တိုင်းပြည်မှာ ဘာမှပြဿနာ မဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားထမ်းဆောင်ဖို့ပဲ”

“ဒါပေမဲ့ အခြေအနေက လတ်တလောမှာ ပြောင်းလဲလာပြီလေ။ ကျုပ်တို့ပိုင်နက်က အရင်နှစ်ရာချီအတွင်းမှာ ၅ကြိမ်မက တိုက်ခိုက်ခံနေရတာ”

“ဟုတ်တယ်။ အဲဒီတော်လှန်ရေးသမားတွေက ပိုပြီးတော့ သောင်းကျန်းနေကြပြီ”

ထိုစကားက အတူတူသာ ဖြစ်၏။ အမတ်များအားလုံးက လတ်တလော အဖြစ်အပျက်များအကြောင်း တင်ပြခဲ့ကြသည်။ သူတို့က ဉာဏ်ကောင်းကြသောကြောင့် တိုင်းပြည်၏ ကံကောင်းမှု ပြတ်လပ်သွားသည့်အခါ ဖရိုဖရဲအရိပ်အယောင်များကို နားလည်ထားသည်။

ထိုသူများ လိုချင်သည့် နောက်ဆုံးအရာက မဟာချူး အံ့ဖွယ်တိုင်းပြည်ထံ တစ်စုံတစ်ခု ဖြစ်ပျက်လာ ဖို့ဖြစ်၏။ သူတို့က ကျင့်ကြံဆင့် မမြင့်မားသေးသော်လည်း ချမ်းသာကြွယ်ဝမှု၊ အရင်းအမြစ်၊ ဂုဏ်သတင်းကျော်ကြားမှုနှင့် အမျိုးသမီးများဖြင့် ဝန်းရံလာသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် သူတို့၏ အာဏာအပေါ် သက်ရောက်မှုရှိသွားသည့်အရာကို ခွင့်မပြုနိုင်ပေ။

အမတ်ချုပ် ဖေးလန်က အကြံပြုချက် ချက်ချင်း မပေးသေးဘဲ အိမ်ရှေ့စံကို ကြည့်လိုက်၏။

“အရှင့်သားရော ဘယ်လိုထင်လဲ”

“အမတ်ချုပ် အကောင်းဆုံးလို့ ထင်တာကို လုပ်လိုက်ပါ”

အိမ်ရှေ့စံ ရှစ်ရှင်းယွမ်က နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။

ဖေးလန်က သူ့ကို ကြည့်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်၏။

“ကျုပ်တို့ အကောင်းဆုံး အံ့ဖွယ်တပ်ဖွဲ့ကို ပိုင်နက်ထဲမှာ ထားပြီးတော့ ဖရိုဖရဲ ဖြစ်လာတာတွေကို တားဆီးရမယ်။ အဝါရောင် အစောင့်အရှောက်တွေက သူတို့ရဲ့ အလုပ်တွေ လုပ်ပြီးတော့ တော်လှန်ရေးတွေကို နောက်ယောင်ခံလိုက်ရမယ်” အမတ်ချုပ်က အဝါရောင်တပ်ဖွဲ့၏ ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်၏။

မြေကမ္ဘာဧကရာဇ်၏ အရိပ်အနေဖြင့် ထိုသူများက လတ်တလော အသုံးမဝင်ဖြစ်လာသည်။

“ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်က ဧကရာဇ်က ကမ္ဘာဦးဟွင်သွမ်းထဲ ဆက်တိုက်ကျူးကျော်မှုတွေကနေ မအားလပ်သရွေ့ အခြေအနေကို ထိန်းထားဖို့ပဲ။ သူ ပြန်ရောက်လာတာနဲ့ ပြဿနာတွေအားလုံး ဖြေရှင်းနိုင်လိမ့်မယ်”

“ဧကရာဇ်က ဘယ်အချိန်ပြန်လာမလဲဆိုတာ သိရရင်တော့ ပိုကောင်းမယ်” အမတ်တစ်ယောက်က ပြောလိုက်၍ လူအားလုံးက အမတ်ချုပ်ကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။ အကယ်၍ တစ်စုံတစ်ခုကို သိထားသည့်သူရှိပါက ထိုသူသာလျှင် ဖြစ်လိမ့်မည်။

ကံဆိုးစွာဖြင့် သူတို့ရောက်ရှိသည့် တုံ့ပြန်မှုက အမတ်ချုပ်သည် ပုခုံးတွန့်ပြလိုက်ခြင်း ဖြစ်၏။ သို့သော်လည်း မည်သူက သူ့အပြုအမူကို ပြောဆိုရဲမည်နည်း။

ထိပ်သီးကောင်းကင်ဘုံအဆင့်နှင့် ဧကရာဇ်အယုံကြည်ရဆုံးသူ တစ်ယောက်အနေဖြင့် သူက အိမ်ရှေ့စံထက်ပင် ပိုမိုအာဏာရှိလေသည်။

“ဒီလောက်ပဲ” ဖေးလန်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက မရှင်းပြဘဲ ဆက်ပြောလိုက်၏။

“အခု ဒီနေ့ အစည်းအဝေးကို အဆုံးသတ်ရအောင်။ တကယ်လို့ သတင်းတစ်ခုခုရှိရင် ထပ်ပြီးတွေ့ကြတာပေါ့”

အားလုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။ သူတို့က အိမ်ရှေ့စံ ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ ထွက်လာကြ၏။ ဖေးလန်သည်လည်း အတူတူသာ ဖြစ်၏။ သူက အိမ်ကို ဖြည်းဖြည်းချင်း ပြန်လာခဲ့ကာ သူ့ခြေလှမ်းက နှေးကွေးလွန်းပြီး အလျင်လိုနေသည့် အရိပ်အယောင် မရှိပေ။

တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် အိမ်သို့ ရောက်ရှိလာပြီး ခုံရုံးမှ ပြန်လာပြီးသည့်နောက် ပုံမှန်လုပ်ငန်းဆောင်တာများကို ကျော်ဖြတ်ခဲ့သည်။ သူက သူ့ဇနီးနှင့် ကလေးနှစ်ယောက်နှင့် တွေ့ဆုံကာ ညစာအတူ စားသုံးခဲ့၏။

သူတို့၏ ကျင့်ကြံရေး တိုးတက်နှုန်းကို စစ်ဆေးကြည့်သည့်နောက်တွင် ဖေးလန်က သူ့ ကျင့်ကြံရေးအခန်းသို့ ဦးတည်လိုက်သည်။

သူက အလယ်တွင် ရှိနေသည့် ထိုင်ခင်းအပေါ် ထိုင်ပြီးသည့်နောက်တွင် မမြင်နိုင်ဖွယ် အစီအရင်များစွာက အသက်ဝင်လာပြီး ထိုနေရာတစ်ခုလုံးက စံပြများပင် အာရုံမခံနိုင်သည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖေးလန်၏ အမူအရာက ပြောင်းလဲသွားပြီး စွမ်းအားပြည့်နှက်ပြီး သူရဲကောင်းဆန်လာသည်။ သူ့ရှေ့တွင် ပိတ်ကားချပ်တစ်ခု ပေါ်ထွက်လာပြီး အကြီးအကဲတစ်ဦး၏ ပုံရိပ် ပြသလာ၏။

“ခေါင်းဆောင်”

“လောင်မာ ငါတို့ရဲ့ လှုပ်ရှားမှုမှာ တစ်ခုခုများ ဖြစ်လို့လား”

“အဲဒါက ဘာကိုပြောတာလဲ”

“ငါတို့ရဲ့ ကြမ္မာမှာ အပြောင်းအလဲကြီးကို ခံစားမိတယ်။ အဲဒါကြောင့် တစ်ခုခုက လှုံ့ဆော်ပေးလိုက်တာပဲ နေမယ်”

“ခေါင်းဆောင် လတ်တလော ကိစ္စတွေအများကြီး ဖြစ်သွားတယ်။ အဲဒါဆိုတော့ အသေးစိတ်ပိုပြီးတော့ သိသင့်တယ်”

ဖေးလန်က သူ ခံစားမိသည့် အပြောင်းအလဲ အရင်းအမြစ်ကို တွက်ချက်ဖို့ အချိန်တစ်ခု ယူလိုက်ရသည်။ ရလဒ်က အနည်းငယ်ဝေဝါးနေသော်လည်း သူက တစ်စုံတစ်ခု ရှာတွေ့ခဲ့၏။

“အဲဒါက ရွှေကျီးမျိုးနွယ်နဲ့ ဆက်နွယ်နေလောက်တယ်” သူက ပြောလိုက်သည်။

“ကျုပ် စစ်ဆေးကြည့်လိုက်မယ်” မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လောင်မာ၏ အကြည့်များက တောက်ပလာ၏။

“တွေ့ပြီ။ ဒိုင်မေးရှင်းအနိမ့်က တစ်ယောက်က ကျုပ်တို့နဲ့ ဆက်သွယ်ချင်နေတာ။ သူက ရွှေကျီးမျိုးနွယ်ကို ကြားခံနယ်အဖြစ် သုံးခဲ့တာပဲ”

“ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ထားတာလေ။ သူတို့က ဘယ်လိုလုပ် ဆက်သွယ်နိုင်မှာလဲ” ဖေးလန်က မေးလိုက်သည်။

“အဲဒါကြောင့် ကျုပ်တို့ သတိပေးချက်ရတာပေါ့” လောင်မာက ပြောလိုက်သည်။ လူအားလုံးက တော်လှန်ရေးဖြင့် ဆက်သွယ်နိုင်ကြခြင်း မဟုတ်ပေ။ သို့သော်လည်း ဤမူမမှန်မှုက ဒိုင်မေးရှင်းအနိမ့်နှင့် ဆက်သွယ်ဖို့ရာအတွက် စိတ်ဝင်စားလာစေ၏။

“ဒီအခြေအနေကို ဖြေရှင်းလိုက်မယ်”

“ဒါက အစီအစဉ်ကောင်း ဖြစ်ရဲ့လား” လောင်မာက မေးလိုက်သည်။

“အခြေအနေတွေက ပြင်းထန်နေပြီးတော့ ဇစ်မြစ်ပေါက်ကြားသွားလောက်အောင် စွန့်စားရတာ မထိုက်တန်ပါဘူး”

“ဒါက အခွံတစ်ခုပါပဲ။ တကယ်လို့ လိုအပ်လာရင် စွန့်ပစ်ရမှာပေါ့” ဖေးလန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီး လက်ရှိရာထူးအတွင်း ဆုပ်ကိုင်ထားသည့် အာဏာနှင့် ဂုဏ်သတင်းကို နည်းနည်းလေးမှ ဂရုစိုက်ဟန်မပေါ်ပေ။

“ဒီလိုဆိုရင်တောင်…”

“ကမ္ဘာကြီးက အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရတော့မှာ။ တကယ်လို့ ငါတို့တွေ ဒီအခွင့်အရေးကို ယူပြီးတော့ မမြင့်တတ်ရင် ခေတ်ကာလအသစ် စတဲ့အခါမှာ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်”

ဖေးလန်က လက်ရှိ ဖရိုဖရဲများသည် မည်သည်ကို ကိုယ်စားပြုနေကြောင်း ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ သို့သော်လည်း ဤသည်က အစမျှသာဖြစ်ပြီး တကယ့်ခေတ်ကာလတွင် ရွှေရောင်ခေတ်ကာလမှ ဒဏ္ဍာရီလူများ ပြန်လည်ပေါ်ထွက်လာပြီး နေမင်းနှစ်စင်းကြားမှ တိုက်ပွဲလည်း ဖြစ်လာလိမ့်မည်။

တော်လှန်ရေးအတွက်မူ

သူတို့က ကစားပွဲကြီးတစ်ခုအတွင်း နယ်ရုပ်များကလွဲ၍ ဘာမှမဟုတ်ပေ။ သူတို့သာ မှန်မှန်ကန်ကန် ကစားနိုင်ပါက နောက်ခေတ်ကာလတွင် အရေးပါသည့် နယ်ရုပ် သို့မဟုတ် ကစားသမား ဖြစ်လာနိုင်၏။ အကယ်၍ ထိုသို့ မဟုတ်ပါက သူတို့သည် အချိန်စီးကြောင်းဖြင့် တိုက်စားခံရလိမ့်မည်။

“ဒီလိုပြောမှတော့ ဆက်သွယ်ဖို့ နည်းလမ်း ပို့လိုက်ပါမယ်” လောင်မာက သက်ပြင်းချကာ ပြောလိုက်သည်။

အခန်း (၉၈၉) : ထူးဆန်းသည့် အပေးအယူ

ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် အမျိုးသားကို ကြည့်လိုက်သည်။ သူက ထွားကျိုင်းပြီး ကြွက်သားများကို ပြသထားလေသည်။ ပထမဦးစွာ ထိုသူ၏ အကြည့်များက ဦးနှောက်မရှိဘဲ ကြွက်သားကိုသာ အသုံးပြုသည့် ဘုရင်သဖွယ် ဖြစ်နေသည်။ သို့သော်လည်း သေချာအနီးကပ် လေ့လာကြည့်ပါက ထိုသူ၏ မျက်ဝန်းအထက် ဉာဏ်များသည့် အရိပ်အယောင်ကို မြင်နိုင်လေ၏။

“ဘယ်လိုခေါ်ရမလဲ” ဝမ်ဝေ့က စက္ကန့်ပိုင်းကြာ လေ့လာပြီးသည့်နောက် မေးလိုက်သည်။

ဖေးလန်က ချက်ချင်းပြန်မဖြေသေးဘဲ သူ့ကို ဆက်သွယ်လိုသည့်သူ့အား လေ့လာနေသည်။ ဆက်သွယ်ရေးက အကွာအဝေး ရှည်လျားကာ ဒိုင်မေးရှင်းများစွာ ပိုင်းခြားထားသော်လည်း သူ့အသိစိတ်က ထိုသူသည် မည်မျှအားကောင်းကြောင်း ပြောပြနေ၏။

မဟာတာအိုအရင်းအမြစ် ၆၀ ကနေ ၆၅ ရာခိုင်နှုန်းကြား ရှိလောက်တယ်။ အဲ့ထက်တောင် ပိုနိုင်သေးတယ်…

သူက အနည်းငယ် အံအားသင့်သွားမိသော်လည်း ထိုအရာကို ထုတ်မပြခဲ့ပေ။ လူများအတွက် ၆ဆ တိုက်ခိုက်ရေး နယ်ပယ်အဆင့်သို့ ရောက်ရှိဖို့ရာ မလွယ်ကူလှပေ။ ဒိုင်မေးရှင်းအနိမ့်တွင် ဆိုထားဖွယ်မရှိပေ။

၇ဆ တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိနိုင်သည့် လူအများစုက နဝမအဆုံးစွန်အုတ်မြစ်နှင့် ယှဉ်နိုင်ကာ အရင်းအမြစ် နည်းစနစ်များစွာကို ရယူနိုင်ပြီး သူတို့၏ တာအိုအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ထားသည့် မဟာဧကရာဇ်များသာ ဖြစ်ကြသည်။ ဖေးလန်က သူကို ဆက်သွယ်လိုသည့်သူသည် ဒိုင်မေးရှင်းအမြင့်ရှိ တွေ့နေမြင်နေကျဖြစ်သည့် သဘောတရားများကို ချိုးဖောက်ထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

ဒီကောင်လေးက ဘယ်လောက်တောင် ပါရမီထူးကဲနေတာလဲ…

သူက စိတ်ငြိမ်အောင်ထိန်းရင်း တွေးလိုက်သည်။

“ငါ့ကို ကောင်းကင်ဘုံအရှင် ကျိမင်လို့ ခေါ်လို့ရတယ်”

ကျိမင်လား။ ဒီစာလုံးရဲ့ အဓိပ္ပာယ်ဆိုရင် လျင်မြန်ဖျတ်လတ်တာနဲ့ ကျွမ်းကျင်တာတွေကို ညွှန်ပြနေတယ်။ သူ့ရဲ့ တာအိုက အရှိန် ဒါမှမဟုတ်ဘူးဆိုရင် လုပ်ကြံသတ်ဖြတ်မှု ဒါမှမဟုတ်ဘူးဆိုရင် သူလျှိုနဲ့ ပတ်သက်နေတာလား…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

“ကျုပ်က တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ဝမ်ပါ”

ဝမ်ဝေ့က သူ့လက်ရှိကိုယ်သည် ဧကရာဇ်ဂုဏ်ပုဒ်ကို တောင့်မခံနိုင်သေးသည့်အတွက် ဧကရာဇ်ဂုဏ်ပုဒ်ကို ထည့်မပြောခဲ့ပေ။ ဒိုင်မေးရှင်းအနိမ့်တွင် သူ့မောက်မာမှုဖြင့် ကံကြမ္မာကို လွှမ်းမိုးကြောင်း ပြောဆိုသည်က အဆင်ပြေသော်လည်း ဒိုင်မေးရှင်းအမြင့်တွင် အနည်းဆုံးစံပြအဆင့် မဟုတ်သရွေ့ ထိုစကားကို ပြောမည် မဟုတ်ပေ။

ကောင်းကင်ဧကရာဇ်ဂုဏ်ပုဒ်အတွက်မူ သူက ထိုသူ့ထံ သတင်းမပြန့်စေလိုသေးပေ။ သူ တွက်ချက်ထားသလောက် မြေကမ္ဘာဧကရာဇ်က ကောင်းကင်ဧကရာဇ်၏ ရာထူးကို စိတ်ဝင်စားနေလေ၏။

ထို့ကြောင့် သူက ဆက်ဆံရေးကောင်းရှိလိုသော်လည်း ထိုသူသည် မယုံကြည်ရသည့် ဖြစ်နိုင်ချေနှင့် တော်လှန်ရေးတပ်ဖွဲ့ကြားတွင် ကပ်ပါး ၈ယောက်ဆီမှ သူလျှိုများရှိနေနိုင်သည့် အချက်ကို စိုးရိမ်နေမိသည်။

“ဧကရာဇ်ဝမ်လား။ မင်းက ဝမ်မျိုးနွယ်ကလား”

“အဲ့လိုပြောလို့ ရပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ ဧကရာဇ်ကျိမင်က ပို၍အလေးအနက် ဖြစ်လာ၏။ ဝမ်မျိုးနွယ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကောင်းချီးအပေးခံရဆုံး မိသားစုထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်လေသည်။ အကြောင်းအရင်းကမူ သူတို့၏ ဘိုးဘေးနှစ်ယောက် ဖြစ်သည့် ချီယွမ်နှင့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်ကြောင့် ဖြစ်၏။

မျိုးနွယ်တစ်ခုတည်းမှ ဖွံ့ဖြိုးတိုးတက်မှု မရှိတော့သည့် စံပြအဆင့်၏ ကန့်သတ်ချက်ကို ရောက်ရှိသွားသော အဆုံးစွန်မဲ့ စံပြများကိုပင် သတ်နိုင်စွမ်းရှိသည့် ရှေးဦးမူလစံပြနှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် ဝမ်မျိုးနွယ်က ခွဲထွက်သွားလေ၏။ မဟုတ်ပါက အားအကောင်းဆုံးမျိုးနွယ်ဟူသော ဂုဏ်ပုဒ်သည် သူတို့အပိုင် ဖြစ်သွားလိမ့်မည်။

ဒီကောင်လေးရဲ့ ပါရမီနဲ့ဆိုရင် သူသာ အခွင့်အရေးရသရွေ့ တတိယမြောက်လူ ဖြစ်လာနိုင်တယ်…

ဖေးလန်က သက်ပြင်းချကာ တွေးလိုက်သည်။

“တာအိုရောင်းရင်းနဲ့ တွေ့ရတာ ဂုဏ်ယူစရာပါပဲ” ဖေးလန်က ပြုံးကာ ပြောလိုက်၏။

“ဒီဂုဏ်ပုဒ်ကို လက်မခံနိုင်သေးပါဘူး။ ကောင်းကင်ဘုံအရှင် ကျိမင် ပြီးတော့ ကျုပ်မိသားစုရဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားမှုက လက်ရှိကျုပ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ သူက သူ့ကန့်သတ်ချက်ကို သိထားပြီး အင်အားကြီးပုဂ္ဂိုလ်များကို ဘယ်အချိန် လေးစားရမည်မှန်းလည်း သိထားသည်။ ထိုသူပေးသည့် ခံစားချက်အရ လက်တစ်ချောင်းဖြင့် သူ့အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် ရလဒ်က အတူတူသာ ဖြစ်နေလိမ့်မည်။

သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၈၉ ရာခိုင်နှုန်း ရောက်နေလောက်ပြီ…

ဝမ်ဝေ့က သုံးသပ်လိုက်ပြီး ထိုသူက ထိပ်သီးကောင်းကင်ဘုံအဆင့် ဖြစ်ကြောင်း သုံးသပ်လိုက်သည်။

မဟုတ်သေးဘူး။ သူက ဒီထပ်ပိုပြီး အားကောင်းနေနိုင်တယ်…

မဟာတာအိုအရင်းအမြစ် ၈၉ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားတွင် ဒုတိယအတားအဆီး ရှိလေသည်။ ထိုအရာက ၆၉ နှင့် ၇၀ ရာခိုင်နှုန်းကြားကလို ဖြစ်ပြီး ဤတစ်ခုက ကျော်လွှားဖို့ ပိုမိုခက်ခဲပေသည်။

သို့သော်လည်း ဒိုင်မေးရှင်းအမြင့်၏ အာဏာပိုင်းအခြေအနေကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က လူတချို့၏ နားလည်နိုင်စွမ်းသည် သူတို့၏ ကျင့်ကြံရေးထက် ပိုမိုမြင့်မားနေတာ ဖြစ်နိုင်ကြောင်း သဘောပေါက်သွား၏။

ကောင်းကင်ဘုံအရှင်များက စံပြအဆင့် ဝင်ရောက်ဖို့ မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းကို နားလည်ဖို့ လိုအပ်ရုံသာမကပေ။ ပြောရလျှင် ထိုအရာက သူတို့၏ ပထမအဆင့်သာ ဖြစ်၏။ သူတို့၏ ဝိညာဉ်က ကံကောင်းမှုအဆင့်၊ တာအိုနှလုံးသား၊ ကမ္ဘာဦး စမ်းသပ်ချက်နှင့် တခြားသော အရာများနှင့်အတူ အနေအထားတစ်ခုသို့ ရောက်ရှိရမည်။

ထိုအရာများဖြင့် သူတို့က တတိယမြောက် မဟာတာအိုအရင်းအမြစ် ဆေးကြောခြင်းကို တွေ့ကြုံခံစားနိုင်ပြီး စံပြများ ဖြစ်လာလိမ့်မည်။

သို့သော်လည်း ထိုအရာများ မပါရှိဘဲ သူတို့အနေဖြင့် မဟာတာအိုအရင်းအမြစ်ကို ၉၁၊ ၉၂နှင့် ထိုထက်မြင့်သည့် ရာခိုင်နှုန်းများကို နားလည်နိုင်သည်က ဖြစ်နိုင်ပေသည်။ ထိုဖြစ်စဉ်က သူတို့စံပြအဆင့် ဝင်ရောက်သွားလျှင်ပင် အင်မတန် နှေးကွေးနေမည် ဖြစ်၏။ သူတို့က စံပြဝိညာဉ်အဆင့် မရှိဘဲ သူတို့၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်သော်လည်း ဖြစ်နိုင်ချေတော့ ရှိပေသည်။

ထိပ်သီး ကောင်းကင်ဘုံအရှင်အများစုက သေရမှာ ကြောက်ပြီးတော့ စံပြဝိညာဉ် ပြန်လည်မဖွဲ့စည်းနိုင်တာမျိုးနဲ့ စမ်းသပ်ချက်အတွင်း အသက်မရှင်တာမျိုးတွေ ဖြစ်တတ်တယ်…

သို့သော် အင်မတန် ခက်ခဲနေသော်လည်း သူတို့က မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ဆက်လက်လုပ်ဆောင်နိုင်သည်။

ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်ကို ရှင်းရှင်းလင်းလင်း ပိုမိုမြင်လာမိသည်။ ကပ်ပါးများ လက်အောက်ရှိ အင်အားစုများက သူတို့ကျင့်ကြံဆင့်သည် ခေါင်းဆောင်များ၏ အမြင်တွင် ကန့်လန့်ဖြစ်သွားမည်ကို စိုး၍ တာအိုနားလည်မှုကို ဆက်လက် မလုပ်ဆောင်ရဲကြပေ။

ထိုစဉ် တခြားသူများကမူ ဂရုမစိုက်ဘဲ သူတို့၏ နားလည်နိုင်စွမ်းကို ဆက်လက်မြှင့်တင်ခဲ့ကြသည်။ သူတို့သာ အဆင့်တက်ဖို့ အခွင့်အရေးရလာပါက သူတို့၏ ကျင့်ကြံဆင့်သည် မြင့်မားသွားလိမ့်မည်။

ဖေးလန်က ထိုအဖြေကြောင့် အံ့အားသင့်ခြင်း မရှိပေ။ ဒိုင်မေးရှင်းအနိမ့်တွင် မွေးဖွားလာသည့် ဧကရာဇ်တစ်ကောင်အနေဖြင့် သူ့မိသားစု၏ နာမည်နှင့် ဂုဏ်ကျက်သရေအပေါ် မမှီခိုခြင်းက သာမန်သာ ဖြစ်၏။

“မင်း ဘယ်လိုပဲပြောပါစေ။ သူတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေအလိုက်နေနိုင်တဲ့ ဝမ်မျိုးနွယ်ရဲ့ ဂျူနီယာလေးကို တွေ့ရတာတော့ တကယ်ကို ကောင်းတယ်”

ဝမ်ဝေ့က ပြုံးလိုက်၏။

“ကောင်းကင်ဘုံအရှင် ကျိမင် … ကျုပ်တို့ရဲ့ ဆက်သွယ်ရေးက သိပ်ကြာကြာခံမှာ မဟုတ်ဘူးဆိုတော့ တိုက်ရိုက်ပဲ ပြောလိုက်ရအောင်”

“ကောင်းပြီ။ တိုက်ရိုက်ပြောကြတာပေါ့။ မင်းက ငါတို့ကို ဆက်သွယ်တယ်။ ဘာကြောင့်လဲ”

“အပေးအယူ လုပ်ချင်လို့ပါ”

“အော် ပြောစမ်းပါဦး”

“ခင်ဗျားတို့ရဲ့ အရေးအခင်းက ပါရမီရှင်တွေ လိုအပ်နေတာ မှန်တယ်မလား”

ဖေးလန်က သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်၏။

“ဟုတ်တယ်”

“ကျုပ်တို့မျိုးဆက်မှာ တိုက်ပွဲကို ရှုံးနိမ့်သွားတဲ့ ထာဝရအဆင့် ပါရမီရှင်တွေ အများကြီးရှိတယ်။ သူတို့ကို ခင်ဗျားတို့ဘက်ကနေ တိုက်ခိုက်ခိုင်းပြီးတော့ ဒိုင်မေးရှင်းအမြင့်က အရင်းအမြစ်တွေကို လဲလှယ်ရင် ဘယ်လိုလဲ”

“ဒါက ထူးဆန်းတဲ့ တောင်းဆိုမှုပဲ”

“ကျုပ် နားလည်ထားသလောက် ဒိုင်မေးရှင်းအမြင့်က ကောင်းကင်အလိုဆန္ဒ ပြတ်လပ်နေတာ မဟုတ်ဘူး။ ဒီပါရမီရှင်တွေ လိုအပ်နေတဲ့အရာနဲ့ ကွက်တိပဲလေ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ပြီးတော့ အဲဒီပါရမီရှင်အများစုက ဒိုင်မေးရှင်းအမြင့်က အားကောင်းတဲ့ အင်အားစုတွေကနေ ဆင်းသက်လာကြတာ။ တကယ်လို့ သူတို့ကိုသာ မှန်မှန်ကန်ကန် အသုံးပြုနိုင်မယ်ဆိုရင် ခင်ဗျားတို့ဘက်က အဲဒီအင်အားစုတွေရဲ့ တိတ်တဆိတ် ထောက်ပံ့မှုကို ရယူနိုင်လိမ့်မယ်”

ဖေးလန်က လက်ပိုက်ကာ ချက်ချင်း ပြန်မဖြေသေးပေ။ သူက မျက်မှောင်ကြုတ်ကာ စက္ကန့်ပိုင်းမျှ စဉ်းစားလိုက်၏။

“မေးခွန်းတချို့ မေးချင်တယ်။ ပထမဦးဆုံး သူတို့နောက်က အင်အားစုကို ဘာလို့ တိုက်ရိုက်မဆက်သွယ်တာလဲ”

“သူတို့ကို လူအများကြီးက စောင့်ကြည့်နေတာကို ခင်ဗျားလည်း နားလည်မှာပါ”

ဖေးလန်က ထိုစကားကို သဘောတူလေသည်။ သူတို့နှင့် ယှဉ်လိုက်ပါက ထိုအုပ်ချုပ်သူများသည် ရှေးဟောင်းအင်အားစုများကို ပိုမိုကြောက်ကြပြီး သူတို့၏ အုပ်ချုပ်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့အား ကိုယ်တိုင်စည်းပိတ်ဖို့ အတင်းအကြပ် ဖိအားပေးပြီး အနီးကပ် စောင့်ကြည့်နေကြသည်။

အကယ်၍ ထိုအင်အားစုများက ထာဝရဧကရာဇ်အဆင့် ပါရမီရှင်များကို ရုတ်တရက် ဆင့်ခေါ်ခဲ့လျှင် လမင်းများက တိုက်ခိုက်လာလိမ့်မည်။

ဖေးလန်က ဝမ်ဝေ့ကို တစ်ချက်ကြည့်လိုက်သည်။

ဒီလူက လက်ရှိအခြေအနေကို ငါ ထင်ထားတာထက်ပိုပြီးတော့ နားလည်နေတာပဲ…

“ဒုတိယမေးခွန်း။ အဲဒီလူတွေက ငါတို့အတွက် ဘာလို့ တိုက်ပေးမှာလဲ”

“အပေးအယူပေါ့။ သူတို့ကို အကျိုးအကြောင်းပြောပြီးတော့ ရွေးချယ်ခိုင်းမယ်”

“အဲ့လိုဆိုရင် ကောင်းတယ်”

ဖေးလန်က ထိုသူများကို သူတို့ဘက် အတင်းအကြပ် တွန်းပို့သည့် အဆိုးဆုံးဖြစ်ရပ်ကို သိထားသည့်အတွက် သူတို့သာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပါက အကောင်းဆုံးဖြစ်၏။

“နောက်ဆုံးမေးခွန်း မင်းက အဲဒီလူတွေကို ပို့ပြီးတော့ ငါတို့ဆီက ပစ္စည်းတွေ ရယူနိုင်တယ်ဆိုတာ သေချာရဲ့လား”

“သေချာပါတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၍ ဖေးလန်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့မျက်ဝန်းအထက် အတွေးများစွာ ဖြတ်ပြေးသွားလေ၏။

ဒီလိုအခြေအနေမှာ နေမင်းတစ်စင်းနဲ့ အစစ်အမှန် ကောင်းကင်တာအိုကပဲ ဒီလိုအပေးအယူမျိုးကို ခွင့်ပြုပေးနိုင်လိမ့်မယ်။ တကယ်လို့ နောက်တစ်ခုက ဖြစ်နေမယ်ဆိုရင် ဒီကောင်လေးက ဆက်သွယ်ရေး ကောင်းတယ်လို့ ပြောရမယ်။ နေမင်းနှစ်စင်းကြားက အပိုင်းအခြားက ကျိုးပျက်လုနီးပါး အခြေအနေရောက်နေပြီဆိုတဲ လက္ခဏာပဲ…

တကယ်လို့ ရှေ့ကဟာ ဖြစ်မယ်ဆိုရင် ဒီကောင်လေးက ဒီခေတ်ကာလကို အဆုံးသတ်ဖို့ ကြမ္မာရှိတဲ့သူပဲ…

ဖေးလန်က သူတို့လှုပ်ရှားမှု၏ ကြမ္မာသည် ရုတ်တရက် ပြောင်းလဲသွားသည့်အကြောင်းအရင်းကို နားလည်သွား၏။ သူက အတွေးကို ထိန်းချုပ်ကာ ဆက်ပြောလိုက်သည်။

“ငါတို့ဘက်က ပါရမီရှင်တွေကို အလေးထားတယ်”

ဖေးလန်က အစစ်အမှန်ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအနိမ့်မှ မဟာဧကရာဇ်များအတွက် သီးသန့်အရိပ်အခြည် ရှိကြောင်း သိထား၏။ အထူးသဖြင့် ထာဝရဧကရာဇ်များအတွက် ဖြစ်သည်။ ထိုအရာက သူတို့အား ကောင်းချီးပေးကာ အထွတ်အထိပ်ကို ရောက်ခွင့်ပြုထားလိမ့်မည်။

ယခင်ခေတ်ဟောင်းမှ သူ သိထားသလောက် နည်းဗျူဟာအရ ထာဝရကောင်းကင်ဘုံအရှင်နှင့် အဆုံးစွန်မဲ့စံပြများဖြစ်ဖို့ ကျရှုံးသည့် ထာဝရဧကရာဇ်အရေအတွက်က ဒိုင်မေးရှင်းအနိမ့်ထက်စာလျှင် ဒိုင်မေးရှင်းအမြင့်က ပို၍ မြင့်မားပေသည်။

ရွှေရောင်ခေတ်ကာလအတွင်း ရှေးဦးမူလစံပြများက ဒိုင်မေးရှင်းအနိမ့်မှ အစပြုလာခြင်း ဖြစ်၏။

ထို့ကြောင့် ရောက်ရှိလာမည့် ကပ်ဘေးအတွင်း အစစ်အမှန်ကောင်းကင်တာအိုက သူတို့ကို ဆက်လက် ကောင်းချီးပေးထားလျှင် ထိုပါရမီရှင်များက ဧကရာဇ်ခုံ၏ လမ်းစဉ်အတိုင်းလိုက်ကာ ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိလာပြီး နောင်လာမည့် ခေတ်ကာလအတွင်း မြင့်တက်လာလိမ့်မည်။

သူတို့၏ ကြမ္မာက ငါတို့ဘက်ကို ထည့်ပေါင်းလိုက်မယ်ဆိုရင် ငါတို့ရဲ့ အောင်မြင်နိုင်ချေကလည်း သိသိသာသာ တိုးမြင့်လာလိမ့်မယ်။ အဲဒီအခွင့်အရေးကို ယူပြီးတော့ နောက်ခေတ်ကာလမှာ ကစားသူ ဖြစ်လာနိုင်တယ်…

ဖေးလန်က အကျိုးအမြတ်ကို ချင့်ချိန်ပြီးသည့်နောက်တွင် အပေးအယူကို လက်ခံပြီး ဤတန်ကြေးကို ညှိနှိုင်းခဲ့သည်။ ထို့နောက် သူတို့က ထိုသူများကို ပို့ဆောင်ပေးမည့် နေရာတစ်ခုကို ရွေးချယ်ခဲ့၏။

All Chapters