ထူးဆန်းသည့် အပေးအယူ
Vol. 71 Ch. 989
ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် အမျိုးသားကို ကြည့်လိုက်သည်။ သူက ထွားကျိုင်းပြီး ကြွက်သားများကို ပြသထားလေသည်။ ပထမဦးစွာ ထိုသူ၏ အကြည့်များက ဦးနှောက်မရှိဘဲ ကြွက်သားကိုသာ အသုံးပြုသည့် ဘုရင်သဖွယ် ဖြစ်နေသည်။ သို့သော်လည်း သေချာအနီးကပ် လေ့လာကြည့်ပါက ထိုသူ၏ မျက်ဝန်းအထက် ဉာဏ်များသည့် အရိပ်အယောင်ကို မြင်နိုင်လေ၏။
“ဘယ်လိုခေါ်ရမလဲ” ဝမ်ဝေ့က စက္ကန့်ပိုင်းကြာ လေ့လာပြီးသည့်နောက် မေးလိုက်သည်။
ဖေးလန်က ချက်ချင်းပြန်မဖြေသေးဘဲ သူ့ကို ဆက်သွယ်လိုသည့်သူ့အား လေ့လာနေသည်။ ဆက်သွယ်ရေးက အကွာအဝေး ရှည်လျားကာ ဒိုင်မေးရှင်းများစွာ ပိုင်းခြားထားသော်လည်း သူ့အသိစိတ်က ထိုသူသည် မည်မျှအားကောင်းကြောင်း ပြောပြနေ၏။
မဟာတာအိုအရင်းအမြစ် ၆၀ ကနေ ၆၅ ရာခိုင်နှုန်းကြား ရှိလောက်တယ်။ အဲ့ထက်တောင် ပိုနိုင်သေးတယ်…
သူက အနည်းငယ် အံအားသင့်သွားမိသော်လည်း ထိုအရာကို ထုတ်မပြခဲ့ပေ။ လူများအတွက် ၆ဆ တိုက်ခိုက်ရေး နယ်ပယ်အဆင့်သို့ ရောက်ရှိဖို့ရာ မလွယ်ကူလှပေ။ ဒိုင်မေးရှင်းအနိမ့်တွင် ဆိုထားဖွယ်မရှိပေ။
၇ဆ တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိနိုင်သည့် လူအများစုက နဝမအဆုံးစွန်အုတ်မြစ်နှင့် ယှဉ်နိုင်ကာ အရင်းအမြစ် နည်းစနစ်များစွာကို ရယူနိုင်ပြီး သူတို့၏ တာအိုအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ထားသည့် မဟာဧကရာဇ်များသာ ဖြစ်ကြသည်။ ဖေးလန်က သူကို ဆက်သွယ်လိုသည့်သူသည် ဒိုင်မေးရှင်းအမြင့်ရှိ တွေ့နေမြင်နေကျဖြစ်သည့် သဘောတရားများကို ချိုးဖောက်ထားသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
ဒီကောင်လေးက ဘယ်လောက်တောင် ပါရမီထူးကဲနေတာလဲ…
သူက စိတ်ငြိမ်အောင်ထိန်းရင်း တွေးလိုက်သည်။
“ငါ့ကို ကောင်းကင်ဘုံအရှင် ကျိမင်လို့ ခေါ်လို့ရတယ်”
ကျိမင်လား။ ဒီစာလုံးရဲ့ အဓိပ္ပာယ်ဆိုရင် လျင်မြန်ဖျတ်လတ်တာနဲ့ ကျွမ်းကျင်တာတွေကို ညွှန်ပြနေတယ်။ သူ့ရဲ့ တာအိုက အရှိန် ဒါမှမဟုတ်ဘူးဆိုရင် လုပ်ကြံသတ်ဖြတ်မှု ဒါမှမဟုတ်ဘူးဆိုရင် သူလျှိုနဲ့ ပတ်သက်နေတာလား…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“ကျုပ်က တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ဝမ်ပါ”
ဝမ်ဝေ့က သူ့လက်ရှိကိုယ်သည် ဧကရာဇ်ဂုဏ်ပုဒ်ကို တောင့်မခံနိုင်သေးသည့်အတွက် ဧကရာဇ်ဂုဏ်ပုဒ်ကို ထည့်မပြောခဲ့ပေ။ ဒိုင်မေးရှင်းအနိမ့်တွင် သူ့မောက်မာမှုဖြင့် ကံကြမ္မာကို လွှမ်းမိုးကြောင်း ပြောဆိုသည်က အဆင်ပြေသော်လည်း ဒိုင်မေးရှင်းအမြင့်တွင် အနည်းဆုံးစံပြအဆင့် မဟုတ်သရွေ့ ထိုစကားကို ပြောမည် မဟုတ်ပေ။
ကောင်းကင်ဧကရာဇ်ဂုဏ်ပုဒ်အတွက်မူ သူက ထိုသူ့ထံ သတင်းမပြန့်စေလိုသေးပေ။ သူ တွက်ချက်ထားသလောက် မြေကမ္ဘာဧကရာဇ်က ကောင်းကင်ဧကရာဇ်၏ ရာထူးကို စိတ်ဝင်စားနေလေ၏။
ထို့ကြောင့် သူက ဆက်ဆံရေးကောင်းရှိလိုသော်လည်း ထိုသူသည် မယုံကြည်ရသည့် ဖြစ်နိုင်ချေနှင့် တော်လှန်ရေးတပ်ဖွဲ့ကြားတွင် ကပ်ပါး ၈ယောက်ဆီမှ သူလျှိုများရှိနေနိုင်သည့် အချက်ကို စိုးရိမ်နေမိသည်။
“ဧကရာဇ်ဝမ်လား။ မင်းက ဝမ်မျိုးနွယ်ကလား”
“အဲ့လိုပြောလို့ ရပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။ ဧကရာဇ်ကျိမင်က ပို၍အလေးအနက် ဖြစ်လာ၏။ ဝမ်မျိုးနွယ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ကောင်းချီးအပေးခံရဆုံး မိသားစုထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်လေသည်။ အကြောင်းအရင်းကမူ သူတို့၏ ဘိုးဘေးနှစ်ယောက် ဖြစ်သည့် ချီယွမ်နှင့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်ကြောင့် ဖြစ်၏။
မျိုးနွယ်တစ်ခုတည်းမှ ဖွံ့ဖြိုးတိုးတက်မှု မရှိတော့သည့် စံပြအဆင့်၏ ကန့်သတ်ချက်ကို ရောက်ရှိသွားသော အဆုံးစွန်မဲ့ စံပြများကိုပင် သတ်နိုင်စွမ်းရှိသည့် ရှေးဦးမူလစံပြနှစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ကံကောင်းစွာဖြင့် ဝမ်မျိုးနွယ်က ခွဲထွက်သွားလေ၏။ မဟုတ်ပါက အားအကောင်းဆုံးမျိုးနွယ်ဟူသော ဂုဏ်ပုဒ်သည် သူတို့အပိုင် ဖြစ်သွားလိမ့်မည်။
ဒီကောင်လေးရဲ့ ပါရမီနဲ့ဆိုရင် သူသာ အခွင့်အရေးရသရွေ့ တတိယမြောက်လူ ဖြစ်လာနိုင်တယ်…
ဖေးလန်က သက်ပြင်းချကာ တွေးလိုက်သည်။
“တာအိုရောင်းရင်းနဲ့ တွေ့ရတာ ဂုဏ်ယူစရာပါပဲ” ဖေးလန်က ပြုံးကာ ပြောလိုက်၏။
“ဒီဂုဏ်ပုဒ်ကို လက်မခံနိုင်သေးပါဘူး။ ကောင်းကင်ဘုံအရှင် ကျိမင် ပြီးတော့ ကျုပ်မိသားစုရဲ့ ဂုဏ်သတင်းနဲ့ ကျော်ကြားမှုက လက်ရှိကျုပ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ သူက သူ့ကန့်သတ်ချက်ကို သိထားပြီး အင်အားကြီးပုဂ္ဂိုလ်များကို ဘယ်အချိန် လေးစားရမည်မှန်းလည်း သိထားသည်။ ထိုသူပေးသည့် ခံစားချက်အရ လက်တစ်ချောင်းဖြင့် သူ့အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ ဝင်ရောက်ခဲ့လျှင်ပင် ရလဒ်က အတူတူသာ ဖြစ်နေလိမ့်မည်။
သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၈၉ ရာခိုင်နှုန်း ရောက်နေလောက်ပြီ…
ဝမ်ဝေ့က သုံးသပ်လိုက်ပြီး ထိုသူက ထိပ်သီးကောင်းကင်ဘုံအဆင့် ဖြစ်ကြောင်း သုံးသပ်လိုက်သည်။
မဟုတ်သေးဘူး။ သူက ဒီထပ်ပိုပြီး အားကောင်းနေနိုင်တယ်…
မဟာတာအိုအရင်းအမြစ် ၈၉ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားတွင် ဒုတိယအတားအဆီး ရှိလေသည်။ ထိုအရာက ၆၉ နှင့် ၇၀ ရာခိုင်နှုန်းကြားကလို ဖြစ်ပြီး ဤတစ်ခုက ကျော်လွှားဖို့ ပိုမိုခက်ခဲပေသည်။
သို့သော်လည်း ဒိုင်မေးရှင်းအမြင့်၏ အာဏာပိုင်းအခြေအနေကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က လူတချို့၏ နားလည်နိုင်စွမ်းသည် သူတို့၏ ကျင့်ကြံရေးထက် ပိုမိုမြင့်မားနေတာ ဖြစ်နိုင်ကြောင်း သဘောပေါက်သွား၏။
ကောင်းကင်ဘုံအရှင်များက စံပြအဆင့် ဝင်ရောက်ဖို့ မဟာတာအိုအရင်းအမြစ် ၉၀ ရာခိုင်နှုန်းကို နားလည်ဖို့ လိုအပ်ရုံသာမကပေ။ ပြောရလျှင် ထိုအရာက သူတို့၏ ပထမအဆင့်သာ ဖြစ်၏။ သူတို့၏ ဝိညာဉ်က ကံကောင်းမှုအဆင့်၊ တာအိုနှလုံးသား၊ ကမ္ဘာဦး စမ်းသပ်ချက်နှင့် တခြားသော အရာများနှင့်အတူ အနေအထားတစ်ခုသို့ ရောက်ရှိရမည်။
ထိုအရာများဖြင့် သူတို့က တတိယမြောက် မဟာတာအိုအရင်းအမြစ် ဆေးကြောခြင်းကို တွေ့ကြုံခံစားနိုင်ပြီး စံပြများ ဖြစ်လာလိမ့်မည်။
သို့သော်လည်း ထိုအရာများ မပါရှိဘဲ သူတို့အနေဖြင့် မဟာတာအိုအရင်းအမြစ်ကို ၉၁၊ ၉၂နှင့် ထိုထက်မြင့်သည့် ရာခိုင်နှုန်းများကို နားလည်နိုင်သည်က ဖြစ်နိုင်ပေသည်။ ထိုဖြစ်စဉ်က သူတို့စံပြအဆင့် ဝင်ရောက်သွားလျှင်ပင် အင်မတန် နှေးကွေးနေမည် ဖြစ်၏။ သူတို့က စံပြဝိညာဉ်အဆင့် မရှိဘဲ သူတို့၏ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်သော်လည်း ဖြစ်နိုင်ချေတော့ ရှိပေသည်။
ထိပ်သီး ကောင်းကင်ဘုံအရှင်အများစုက သေရမှာ ကြောက်ပြီးတော့ စံပြဝိညာဉ် ပြန်လည်မဖွဲ့စည်းနိုင်တာမျိုးနဲ့ စမ်းသပ်ချက်အတွင်း အသက်မရှင်တာမျိုးတွေ ဖြစ်တတ်တယ်…
သို့သော် အင်မတန် ခက်ခဲနေသော်လည်း သူတို့က မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့ ဆက်လက်လုပ်ဆောင်နိုင်သည်။
ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်ကို ရှင်းရှင်းလင်းလင်း ပိုမိုမြင်လာမိသည်။ ကပ်ပါးများ လက်အောက်ရှိ အင်အားစုများက သူတို့ကျင့်ကြံဆင့်သည် ခေါင်းဆောင်များ၏ အမြင်တွင် ကန့်လန့်ဖြစ်သွားမည်ကို စိုး၍ တာအိုနားလည်မှုကို ဆက်လက် မလုပ်ဆောင်ရဲကြပေ။
ထိုစဉ် တခြားသူများကမူ ဂရုမစိုက်ဘဲ သူတို့၏ နားလည်နိုင်စွမ်းကို ဆက်လက်မြှင့်တင်ခဲ့ကြသည်။ သူတို့သာ အဆင့်တက်ဖို့ အခွင့်အရေးရလာပါက သူတို့၏ ကျင့်ကြံဆင့်သည် မြင့်မားသွားလိမ့်မည်။
ဖေးလန်က ထိုအဖြေကြောင့် အံ့အားသင့်ခြင်း မရှိပေ။ ဒိုင်မေးရှင်းအနိမ့်တွင် မွေးဖွားလာသည့် ဧကရာဇ်တစ်ကောင်အနေဖြင့် သူ့မိသားစု၏ နာမည်နှင့် ဂုဏ်ကျက်သရေအပေါ် မမှီခိုခြင်းက သာမန်သာ ဖြစ်၏။
“မင်း ဘယ်လိုပဲပြောပါစေ။ သူတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေအလိုက်နေနိုင်တဲ့ ဝမ်မျိုးနွယ်ရဲ့ ဂျူနီယာလေးကို တွေ့ရတာတော့ တကယ်ကို ကောင်းတယ်”
ဝမ်ဝေ့က ပြုံးလိုက်၏။
“ကောင်းကင်ဘုံအရှင် ကျိမင် … ကျုပ်တို့ရဲ့ ဆက်သွယ်ရေးက သိပ်ကြာကြာခံမှာ မဟုတ်ဘူးဆိုတော့ တိုက်ရိုက်ပဲ ပြောလိုက်ရအောင်”
“ကောင်းပြီ။ တိုက်ရိုက်ပြောကြတာပေါ့။ မင်းက ငါတို့ကို ဆက်သွယ်တယ်။ ဘာကြောင့်လဲ”
“အပေးအယူ လုပ်ချင်လို့ပါ”
“အော် ပြောစမ်းပါဦး”
“ခင်ဗျားတို့ရဲ့ အရေးအခင်းက ပါရမီရှင်တွေ လိုအပ်နေတာ မှန်တယ်မလား”
ဖေးလန်က သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်၏။
“ဟုတ်တယ်”
“ကျုပ်တို့မျိုးဆက်မှာ တိုက်ပွဲကို ရှုံးနိမ့်သွားတဲ့ ထာဝရအဆင့် ပါရမီရှင်တွေ အများကြီးရှိတယ်။ သူတို့ကို ခင်ဗျားတို့ဘက်ကနေ တိုက်ခိုက်ခိုင်းပြီးတော့ ဒိုင်မေးရှင်းအမြင့်က အရင်းအမြစ်တွေကို လဲလှယ်ရင် ဘယ်လိုလဲ”
“ဒါက ထူးဆန်းတဲ့ တောင်းဆိုမှုပဲ”
“ကျုပ် နားလည်ထားသလောက် ဒိုင်မေးရှင်းအမြင့်က ကောင်းကင်အလိုဆန္ဒ ပြတ်လပ်နေတာ မဟုတ်ဘူး။ ဒီပါရမီရှင်တွေ လိုအပ်နေတဲ့အရာနဲ့ ကွက်တိပဲလေ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ပြီးတော့ အဲဒီပါရမီရှင်အများစုက ဒိုင်မေးရှင်းအမြင့်က အားကောင်းတဲ့ အင်အားစုတွေကနေ ဆင်းသက်လာကြတာ။ တကယ်လို့ သူတို့ကိုသာ မှန်မှန်ကန်ကန် အသုံးပြုနိုင်မယ်ဆိုရင် ခင်ဗျားတို့ဘက်က အဲဒီအင်အားစုတွေရဲ့ တိတ်တဆိတ် ထောက်ပံ့မှုကို ရယူနိုင်လိမ့်မယ်”
ဖေးလန်က လက်ပိုက်ကာ ချက်ချင်း ပြန်မဖြေသေးပေ။ သူက မျက်မှောင်ကြုတ်ကာ စက္ကန့်ပိုင်းမျှ စဉ်းစားလိုက်၏။
“မေးခွန်းတချို့ မေးချင်တယ်။ ပထမဦးဆုံး သူတို့နောက်က အင်အားစုကို ဘာလို့ တိုက်ရိုက်မဆက်သွယ်တာလဲ”
“သူတို့ကို လူအများကြီးက စောင့်ကြည့်နေတာကို ခင်ဗျားလည်း နားလည်မှာပါ”
ဖေးလန်က ထိုစကားကို သဘောတူလေသည်။ သူတို့နှင့် ယှဉ်လိုက်ပါက ထိုအုပ်ချုပ်သူများသည် ရှေးဟောင်းအင်အားစုများကို ပိုမိုကြောက်ကြပြီး သူတို့၏ အုပ်ချုပ်မှုအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့အား ကိုယ်တိုင်စည်းပိတ်ဖို့ အတင်းအကြပ် ဖိအားပေးပြီး အနီးကပ် စောင့်ကြည့်နေကြသည်။
အကယ်၍ ထိုအင်အားစုများက ထာဝရဧကရာဇ်အဆင့် ပါရမီရှင်များကို ရုတ်တရက် ဆင့်ခေါ်ခဲ့လျှင် လမင်းများက တိုက်ခိုက်လာလိမ့်မည်။
ဖေးလန်က ဝမ်ဝေ့ကို တစ်ချက်ကြည့်လိုက်သည်။
ဒီလူက လက်ရှိအခြေအနေကို ငါ ထင်ထားတာထက်ပိုပြီးတော့ နားလည်နေတာပဲ…
“ဒုတိယမေးခွန်း။ အဲဒီလူတွေက ငါတို့အတွက် ဘာလို့ တိုက်ပေးမှာလဲ”
“အပေးအယူပေါ့။ သူတို့ကို အကျိုးအကြောင်းပြောပြီးတော့ ရွေးချယ်ခိုင်းမယ်”
“အဲ့လိုဆိုရင် ကောင်းတယ်”
ဖေးလန်က ထိုသူများကို သူတို့ဘက် အတင်းအကြပ် တွန်းပို့သည့် အဆိုးဆုံးဖြစ်ရပ်ကို သိထားသည့်အတွက် သူတို့သာ ပါဝင်ဖို့ ရွေးချယ်ခဲ့ပါက အကောင်းဆုံးဖြစ်၏။
“နောက်ဆုံးမေးခွန်း မင်းက အဲဒီလူတွေကို ပို့ပြီးတော့ ငါတို့ဆီက ပစ္စည်းတွေ ရယူနိုင်တယ်ဆိုတာ သေချာရဲ့လား”
“သေချာပါတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၍ ဖေးလန်က မျက်မှောင်ကြုတ်လိုက်သည်။
သူ့မျက်ဝန်းအထက် အတွေးများစွာ ဖြတ်ပြေးသွားလေ၏။
ဒီလိုအခြေအနေမှာ နေမင်းတစ်စင်းနဲ့ အစစ်အမှန် ကောင်းကင်တာအိုကပဲ ဒီလိုအပေးအယူမျိုးကို ခွင့်ပြုပေးနိုင်လိမ့်မယ်။ တကယ်လို့ နောက်တစ်ခုက ဖြစ်နေမယ်ဆိုရင် ဒီကောင်လေးက ဆက်သွယ်ရေး ကောင်းတယ်လို့ ပြောရမယ်။ နေမင်းနှစ်စင်းကြားက အပိုင်းအခြားက ကျိုးပျက်လုနီးပါး အခြေအနေရောက်နေပြီဆိုတဲ လက္ခဏာပဲ…
တကယ်လို့ ရှေ့ကဟာ ဖြစ်မယ်ဆိုရင် ဒီကောင်လေးက ဒီခေတ်ကာလကို အဆုံးသတ်ဖို့ ကြမ္မာရှိတဲ့သူပဲ…
ဖေးလန်က သူတို့လှုပ်ရှားမှု၏ ကြမ္မာသည် ရုတ်တရက် ပြောင်းလဲသွားသည့်အကြောင်းအရင်းကို နားလည်သွား၏။ သူက အတွေးကို ထိန်းချုပ်ကာ ဆက်ပြောလိုက်သည်။
“ငါတို့ဘက်က ပါရမီရှင်တွေကို အလေးထားတယ်”
ဖေးလန်က အစစ်အမှန်ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအနိမ့်မှ မဟာဧကရာဇ်များအတွက် သီးသန့်အရိပ်အခြည် ရှိကြောင်း သိထား၏။ အထူးသဖြင့် ထာဝရဧကရာဇ်များအတွက် ဖြစ်သည်။ ထိုအရာက သူတို့အား ကောင်းချီးပေးကာ အထွတ်အထိပ်ကို ရောက်ခွင့်ပြုထားလိမ့်မည်။
ယခင်ခေတ်ဟောင်းမှ သူ သိထားသလောက် နည်းဗျူဟာအရ ထာဝရကောင်းကင်ဘုံအရှင်နှင့် အဆုံးစွန်မဲ့စံပြများဖြစ်ဖို့ ကျရှုံးသည့် ထာဝရဧကရာဇ်အရေအတွက်က ဒိုင်မေးရှင်းအနိမ့်ထက်စာလျှင် ဒိုင်မေးရှင်းအမြင့်က ပို၍ မြင့်မားပေသည်။
ရွှေရောင်ခေတ်ကာလအတွင်း ရှေးဦးမူလစံပြများက ဒိုင်မေးရှင်းအနိမ့်မှ အစပြုလာခြင်း ဖြစ်၏။
ထို့ကြောင့် ရောက်ရှိလာမည့် ကပ်ဘေးအတွင်း အစစ်အမှန်ကောင်းကင်တာအိုက သူတို့ကို ဆက်လက် ကောင်းချီးပေးထားလျှင် ထိုပါရမီရှင်များက ဧကရာဇ်ခုံ၏ လမ်းစဉ်အတိုင်းလိုက်ကာ ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိလာပြီး နောင်လာမည့် ခေတ်ကာလအတွင်း မြင့်တက်လာလိမ့်မည်။
သူတို့၏ ကြမ္မာက ငါတို့ဘက်ကို ထည့်ပေါင်းလိုက်မယ်ဆိုရင် ငါတို့ရဲ့ အောင်မြင်နိုင်ချေကလည်း သိသိသာသာ တိုးမြင့်လာလိမ့်မယ်။ အဲဒီအခွင့်အရေးကို ယူပြီးတော့ နောက်ခေတ်ကာလမှာ ကစားသူ ဖြစ်လာနိုင်တယ်…
ဖေးလန်က အကျိုးအမြတ်ကို ချင့်ချိန်ပြီးသည့်နောက်တွင် အပေးအယူကို လက်ခံပြီး ဤတန်ကြေးကို ညှိနှိုင်းခဲ့သည်။ ထို့နောက် သူတို့က ထိုသူများကို ပို့ဆောင်ပေးမည့် နေရာတစ်ခုကို ရွေးချယ်ခဲ့၏။