မဟာမိတ်
Vol. 71 Ch. 993
ယန်းလီလင်းနှင့် စကားပြောပြီးသည့်နောက်တွင် ဝမ်ဝေ့က ပြန်လည်ကျင့်ကြံလိုက်ပြီး ကမ္ဘာကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သို့သော်လည်း သူ့အနေဖြင့် ကြီးကြပ်ရေးမှူးဆီမှ ခေါ်ဆိုမှုတစ်ခု ရရှိပြီး တခြားကမ္ဘာ့အသိုက်အဝန်းတစ်ခုဆီ ပို့ဆောင်ပေးလိုက်ရဖို့ အချိန်သိပ်မကြာပေ။
မသေမျိုးတက်လှမ်းခြင်းကမ္ဘာ၊ ဓမ္မဓားဂိုဏ်း
ဓမ္မဓားဂိုဏ်းက ဤကမ္ဘာတွင် အားအကောင်းဆုံးအင်အားစုထဲမှ တစ်ခု ဖြစ်၏။ သို့သော်လည်း ဤမျိုးဆက်တွင် သူတို့က ပထမဦးဆုံး ထာဝရဧကရာဇ် တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။
ယနေ့ ဂိုဏ်း၏ အထက်ပိုင်းအားလုံးက ဓားနှလုံးသား တောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
ဓားသန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် သတ္တုတာအိုကို အားလုံးက ကြည့်နေကြလေ၏။ ထိုအရာမှ ဓားသမားများ သွားရည်ကျရလောက်သည့် ကြောက်မက်ဖွယ် တာအိုစည်းချက်တစ်ခု ထုတ်လွှတ်နေသည်။
“ဂိုဏ်းချုပ်က ဒီနေ့ထွက်လာမှာဆိုတာ အတည်ပြုပြီးပြီလား” ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ အထွတ်အထိပ် အကြီးအကဲတစ်ဦးက မေးလိုက်သည်။
“ဘိုးဘေးကတော့ အဲ့လိုပြောတာဆိုတော့ အမှန်ပဲ ဖြစ်လောက်တယ်” နောက်ထပ် အထွတ်အထိပ်အကြီးအကဲက ပြောလိုက်သည်။
“ငါတို့ လုပ်ဖို့လိုတာက စောင့်ဖို့ပဲ”
အားလုံးက ခေါင်းညိတ်ကာ တိတ်ဆိတ်လျက်ရှိနေသည်။ နာရီဝက်ကြာမြင့်ပြီးသည့်နောက်တွင် အထွတ်အထိပ် ဓားဆန္ဒတစ်ခုက ကောင်းကင်အထက် ထွက်ပေါ်လာပြီး ဓားနှလုံးသားတောင်နှင့် ပေါင်းစည်းသွားသည့် တာအိုစည်းချက်အဖြစ် ပြောင်းလဲသွားသည်။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကျိလန်ဖန်းက အဖြူရောင်ဝတ်စုံဖြင့် ပေါ်ထွက်လာ၏။ သူ့အရှိန်အဝါက ငြိမ်းအေးကာ အထိန်းအချုပ် ကင်းမဲ့နေသည်။ သူက သူ လွတ်လပ်လှသည့် လူငယ်ဘဝ ပြန်ရောက်သွားသလိုမျိုး ဖြစ်၏။ သို့သော်လည်း တစ်စုံတစ်ယောက်သာ ထိုအကြောင်းပြောခဲ့ပါက မှားယွင်းသွားလိမ့်မည်။ ထိုလွတ်လပ်သည့် သဘောထားအောက်တွင် ပြိုင်ဘက်ကင်းစွမ်းအားနှင့် ယုံကြည်ချက် ရှိနေလေ၏။
“အား ဘယ်လိုလုပ် စုနေကြတာတုန်း။ တစ်ခုခုများ ဖြစ်လို့လား” ကျိလန်ဖန်းက မေးလိုက်သည်။ သူက အခမ်းအနား ကြီးကြီးကျယ်ကျယ်ကို သဘောမကျပေ။ ထိုသူများကလည်း ထိုအရာကို သိထား၏။ ထို့ကြောင့် သူတို့အားလုံး ပေါ်ထွက်လာခြင်းက သူတို့၏ စိုးရိမ်မှုကို ပြသနေခြင်း ဖြစ်သည်။
“ဖန်းအာ … မင်း ဆုံးဖြတ်ဖို့လိုတဲ့ တစ်စုံတစ်ခုတော့ ဖြစ်သွားခဲ့ပြီ” မျက်ခုံးမွေးမရှိသည့် အသက်ကြီးကြီးအမျိုးသားက ပြောလိုက်သည်။ အကြောင်းအရင်းများစွာကြောင့် ထိုအမျိုးသား၏ ထူးထူးဆန်းဆန်း ရုပ်ရည်ကို မည်သူကမှ ဟာသမလုပ်ရဲပေ။
ပထမဦးစွာ သူက ကျိလန်ဖန်း သို့မဟုတ် လျှပ်တစ်ပြက်ဓားချက်ဧကရာဇ်ကဲ့သို့ မကောင်းဆိုးဝါးတပည့် တစ်ယောက်ကို ပြုစုပျိုးထောင်ထားခဲ့သည်။ ခုံပေါ်လင်းက သူ့တပည့်ကို သင်ပြခဲပြီး ထိုသူ၏ အောင်မြင်မှုများအပေါ် နေရာဝင်ယူစရာ မရှိသော်လည်း သူက ကျိလန်ဖန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဓားရေးလမ်းစဉ်ကို ခရီးဆက်ပေးခဲ့သည့်အချက်ကို မပြောင်းလဲနိုင်ပေ။
ဒုတိယအနေဖြင့် သူ့မျိုးဆက်တိုက်ပွဲအတွင်း ရှုံးနိမ့်ခဲ့သော်လည်း ခုံပေါ်လင်းက သမာသမတ် ဓားနှလုံးသားနတ်ဘုရားဟု သိသည့် နာမည်ကျော် ဓားသမားတစ်ယောက် ဖြစ်ခဲ့၏။ သူ့ဂုဏ်ပုဒ်က သူ့၏ အောင်မြင်မှုများနှင့် အကျင့်စရိုက်ကို ဖော်ပြနေလေသည်။ နမူနာအားဖြင့် သူ့မျက်ခုံးမွေးများ မရှိတော့သည်မှာ သူသည် တစ်စုံတစ်ယောက်နှင့် အလောင်းအစားပြုကာ ရှုံးနိမ့်ခဲ့၍ ဖြစ်သည်။ ထို့ကြောင့် သူက ထိုအရာကို ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်စေမည့် အခွင့်အရေးရှိသော်လည်း သူ့စကားကို တည်ခဲ့သည်။
“ဘာများဖြစ်ခဲ့လို့လဲ” ကျိလန်ဖန်းက မသေမျိုးတက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးကို စစ်ဆေးကြည့်ကာ မေးလိုက်သည်။ ထိုကမ္ဘာတွင် အပြောင်းအလဲ၊ ပြဿနာ သို့မဟုတ် ဖရိုဖရဲဖြစ်မှုကို မတွေ့ရပေ။
“ခန်းမထဲသွားပြီး ပြောရအောင်” ခုံပေါ်လင်းနှင့် အဖွဲ့က ဂိုဏ်းချုပ်ခန်းမဆီ ဦးတည်လိုက်ကြ၏။
“တာအိုအခွင့်အလမ်းဂိုဏ်းက ကိုယ်စားလှယ် တစ်ယောက် ရောက်လာတယ်” သူက သူ့မွေးစားသားကို ချက်ချင်း ရှင်းပြလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းလား” ကျိလန်ဖန်းက သူ့ဘယ်ဖက်လက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့ညာဖက်လက်နှင့် ကွဲပြားကာ ဘယ်ဖက်လက်ရှိ အရေပြားက မီးခိုးရောင်သန်းနေပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ထူးဆန်းသလို ဖြစ်စေသည်။
ဝမ်ထျန်းနှင့် တိုက်ပွဲအပြီးတွင် သူက ဗလာနတ္ထိစွမ်းအားကြောင့် ဘယ်ဖက်လက်ကို ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဤသို့သော ချို့တဲ့မှုက ဤမျိုးဆက်အတွင်း လက်တစ်ဖက်တည်းဖြင့် အောင်မြင်မှုကို ရယူဖို့ရာ မတားဆီးနိုင်ပေ။ တာအိုကို သက်သေပြပြီးသည့်နောက် သူက သူ့လက်မောင်းကို ချက်ချင်းပြန်လည် မပေါက်စေခဲ့သေးပေ။ ထိုအစား သူက အချိန်များစွာ ကုန်ဆုံးပြီး ဗလာနတ္ထိစွမ်းအားကို ဖွဲ့စည်းကာ ထိုစွမ်းအားကို ခံနိုင်ရည်ရှိသည့် လက်အသစ်ကို ဖွဲ့စည်းခဲ့၏။
“ခင်ဗျားတို့အားလုံး ရောက်နေတယ်ဆိုတော့ ရိုးရိုးရှင်းရှင်း ဖိတ်ကြားချက်တစ်ခုတော့ မဖြစ်နိုင်လောက်ဘူး” သူက ပြောလိုက်သည်။
“ဟုတ်တယ်။ သူတို့က ကျုပ်တို့ ကမ္ဘာကြားမှာ မဟာမိတ်ဖွဲ့ချင်နေတာ ဒါပေမဲ့ အဲဒါအရေးကြီးဆုံး မဟုတ်သေးဘူး”
“အဲဒါဆိုတော့ ဝမ်ဝေ့က နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်လာတာပဲ။ သူ မနိုင်ရင် အံ့အားသင့်စရာဖြစ်နေမှာပဲ”
“အာရုံစိုက်ထား” ခုံပေါ်လင်းက ပြောလိုက်သည်။
“ဒါနဲ့ ဒီဟာက ပြဿနာအကြောင်းအရင်း မဟုတ်ဘူးလို့ ပြောတယ်မလား။ အဲဒါဆို ဘာကြောင့်များလဲ”
“ကောင်းကင်ဧကရာဇ် ကံရာထူးလေ” ခုံပေါ်လင်းက သူ့မွေးစားသားဆီ အရာအားလုံးကို ရှင်းပြလိုက်၏။ ကျိလန်ဖန်းက ထိုစကားကို နားထောင်ပြီးသည့်နောက်တွင် တိတ်ဆိတ်သွားသည်။
“ကျွန်တော်က ကောင်းကင်ဧကရာဇ်ရာထူးကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ ကျင့်ကြံဆင့် တိုးမြှင့်ဖို့အတွက်တော့ နည်းလမ်းကောင်းတစ်ခုပဲ” သူက မှတ်ချက်ပေးလိုက်သည်။ ထိုမှတ်ချက်က လူများကို အံ့အားသင့်ခြင်း မရှိပေ။ သူတို့က သူတို့ဂိုဏ်းချုပ်ကို ကောင်းကောင်းနားလည်ထားကြ၏။
“တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုအရေးကြီးတဲ့သတင်းမျိုးကို ဘာလို့ အလွယ်တကူ ထုတ်ပြောတာလဲ” ကျိလန်ဖန်းက မေးလိုက်သည်။ မဟာမိတ်က မဖွဲ့စည်းရသေးသည့်အတွက် ထိုသတင်းအချက်အလက်ကို အလကားပေးသလို ဖြစ်နေသည်။
“ကိုယ်စားလှယ် ပြောသလောက်တော့ ဒီရာထူးအကြောင်း ကောင်းကင်အလိုဆန္ဒကမ္ဘာဒါဇင်ချီကို ပြောလိုက်လိမ့်မယ်”
“အဲဒါဆို ဒီသတင်းအချက်အလက်က ကျွန်တော်တို့ တွေးထားသလောက် အရေးမကြီးတာပေါ့။ မဟုတ်သေးဘူး။ ဝမ်ဝေ့ကို သိထားသလောက်ဆိုရင် သူက အသုံးမဝင်တဲ့ သတင်းမျိုးနဲ့ မဟာမိတ်ဖွဲ့မှာတော့ မဟုတ်ဘူး”
“ဟုတ်တယ်။ ကိုယ်စားလှယ်က သူတို့ရဲ့ ခေါင်းဆောင်နဲ့ လမ်းစဉ်ကို ဖွင့်ခဲ့တဲ့ ပထမဦးဆုံးလူလို့ ပြောတယ်။ အဲဒီလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူတွေက သူ့ကို တန်ကြေးတစ်ခု ပေးရမယ်။ မဟာမိတ်တွေအနေနဲ့ဆိုရင် ငါတို့က ပေးဖို့မလိုဘူး”
“တန်ကြေး ပေးရမှာတဲ့လား။ သူက လူတွေကို သေချာပေါက်ပေးမယ်လို့ ဘယ်လိုများ ယုံကြည်ချက် ရှိနေတာလဲ”
“သူတို့ ပြောစကားအရတော့ သူက အဲဒီရာထူးတစ်ခုလုံးကို ကျိန်စာ တိုက်ထားတယ်တဲ့။ အဲဒါကြောင့် တန်ကြေးပေးဖို့ ငြင်းဆန်တဲ့သူတွေက သေခြင်းတရားထက် ဆိုးတဲ့ ကံကြမ္မာကို တွေ့ကြုံခံစားရလိမ့်မယ်”
“ရာထူးတစ်ခုလုံးကို ကျိန်စာတိုက်တာတဲ့လား”
ကျိလန်ဖန်းက ထိုစကားကို ကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုကိစ္စကို လုပ်ဆောင်ဖို့ရာအတွက် မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့အနေဖြင့် ကောင်းကင်အလိုဆန္ဒကမ္ဘာ ၃၈၀၀ ကို တိတ်တဆိတ်သွားလာပြီး ကျိန်စာချမှတ်ဖို့ လိုအပ်၏။ သို့သော်လည်း ဓားသမားတစ်ယောက်အနေဖြင့် သူ့အလိုလိုသိစိတ်က ကိစ္စများသည် မရိုးရှင်းကြောင်း ပြောပြနေသည်။
သူက မျက်လုံးမှိတ်ကာ သတင်းအချက်အလက်ကို ကောက်ချက်ချဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူက လူတစ်ယောက်၏ ကံကြမ္မာကို သက်ရောက်မှုရှိပြီး ဂမ္ဘီရတွက်ချက်ကြည့်နိုင်သည့် ကံကြမ္မာဓားအပါအဝင် ဓားရေးကျင့်စဉ်အမြောက်အများကို လေ့ကျင့်ခဲ့၏။ သေခြင်းတရားဓား ဟူသော မည်သည့်အခြေအနေတွင် ဖြစ်စေကာမူ သူ့ပြိုင်ဘက်ကို ထိမှန်စေဖို့ အာမခံချက် ရှိသည့် ဓားရေးပင် ပါဝင်လေသည်။
“ကြောက်ဖို့ကောင်းတဲ့ ကျိန်စာပဲ” ကျိလန်ဖန်းက မျက်လုံးဖွင့်ကာ ရေရွတ်လိုက်သည်။ သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေလေ၏။
“ဖန်းအာ အဆင်ပြေရဲ့လား”
“ကျွန်တော် အဆင်ပြေပါတယ်။ သူက ဘယ်လောက်တောင် အားကောင်းနေလဲဆိုတာကို အနည်းငယ် အံ့အားသင့်သွားရုံပါပဲ”
“မင်းတောင် သူ့ကို အနိုင်မယူနိုင်ဘူးလား”
“တကယ်လို့ ဒီကျိန်စာက သူ့စွမ်းအားကို ညွှန်ပြနေတယ်ဆိုရင် ဒိုင်မေးရှင်းအနိမ့်မှာ သူ့ပြိုင်ဘက် ဖြစ်နိုင်တဲ့သူ ရှိမယ်မထင်ဘူး”
“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတယ်လား”
ကျိလန်ဖန်းက ဘာမှမပြောတော့ပေ။ ထိုကျိန်စာ၏ အကြောက်တရားကို စကားဖြင့် မဖော်ပြနိုင်ပေ။ သူ့ဆရာက ထိုခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ တခြားသာ မေးလိုက်၏။
“မင်းရော ဘယ်လိုထင်လဲ”
“သူတို့နဲ့ မဟာမိတ်ဖွဲ့တာ အဆင်ပြေတယ်။ ဝမ်ဝေ့က အမြဲတမ်း ရည်မှန်းချက်ကြီးပြီးတော့ အစီအစဉ်ကြီးကြီးတွေရှိတဲ့သူဆိုတာ သေချာတယ်။ သူ့ရဲ့ ရက်စက်မှုနဲ့ဆိုရင် ကျွန်တော်တို့သာ သူ့လမ်းမှာရှိနေရင် ဖြေရှင်းဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”
“အဲ့လောက် ရက်စက်တယ်လား”
“မဟုတ်ဘူး။ သူက သူ့မိသားစုနဲ့ မိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားတယ်။ သူ့အဖေရဲ့ အကျိုးအတွက် ကျွန်တော်ကို နှင်ထုတ်တာမျိုး ဒါမှမဟုတ် စည်းပိတ်တာမျိုး လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ သူက ဂိုဏ်းကို ဘယ်လိုဆက်ဆံမလဲဆိုတာကိုတော့ မသိရသေးဘူး”
“အဲဒါဆိုရင် သူ့မြင့်တက်မှုအလိုက် ငါတို့ဘက် အကျိုးအမြတ်များများရအောင် အသုံးချဖို့ ပြောနေတာလား”
“ဟုတ်တယ်”
“ဂိုဏ်းချုပ် ကျုပ် တစ်ခုပြောပါရစေ” နောက်ထပ် အထွတ်အထိပ်အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“မဝံ့မရဲ မဖြစ်ပါနဲ့။ ကျုပ်တို့က ဓားသမားတွေပဲလေ။ ရဲရဲတင်းတင်း ပြောစမ်းပါ”
“ကောင်းပါပြီ။ ကျုပ် စိုးရိမ်တာက ဂိုဏ်းချုပ်ရဲ့ စကားတွေကြောင့်ပါ။ ကျုပ်တို့က ဓားသမားတွေဆိုတော့ ကျုပ်တို့ရဲ့ စိတ်က ဒီလောကီရေးရာ ကိစ္စတွေနဲ့ ပတ်သက်လာရင် သန့်စင်မှုအနေအထားတစ်ခုကို ထိန်းထားဖို့ လိုအပ်တယ်လေ။ ကျုပ်တို့ရဲ့ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မဟာမိတ်က အဲဒီကိစ္စအပေါ်မှာ သက်ရောက်မှု ရှိလာမလားလို့ စိုးရိမ်နေမိတာ”
“အင်း ဒါက စိုးရိမ်သင့်ပါတယ်” ကျိလန်ဖန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ မဟာမိတ်ကို အလွယ်တကူ လက်ခံလိုက်ရတဲ့ အဓိကအကြောင်းအရင်းက နောက်မျိုးဆက်မှာ အကြွင်းမဲ့ဓားရေးလမ်းစဉ်ကို ပြန်လည်ရှင်သန်ဖို့အတွက်ပဲ။”
“အဲဒီအချိန်ကျရင် ငါတို့ဂိုဏ်းက တကယ်ကို မြင့်တက်လာပြီးတော့ အကျိုးအမြတ်အများဆုံး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ငါက ကိုယ်စားမပြုနိုင်ဘူးဆိုရင် ငါတို့အကျိုးအမြတ်ကို ရဖို့ တာအိုအခွင့်အလမ်းဂိုဏ်းကို မှီခိုရမယ်လေ”
အကြွင်းမဲ့ဓားရေးလမ်းစဉ်က အတွင်းရေးပဋိပက္ခများကြောင့် သူတို့ဂိုဏ်းကို ပျက်စီးလုနီးပါးဖြစ်စေခဲ့သည်။ ကံကောင်းစွာဖြင့် ဂိုဏ်းချုပ်က တာအိုကို သက်သေပြပြီး ဂိုဏ်းကို ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ထိုအပြောင်းအလဲရှိသော်လည်း အစွန်းရောက် ဓားရေးလမ်းစဉ်က ပျောက်ကွယ်မသွားသေးဘဲ တချို့ခေါင်းမာသည့်သူများက ဆက်လက် ကျန်ရှိနေသည်။ ထိုသူများက ကျိလန်ဖန်း ထွက်သွားသည်နှင့် ဘာလုပ်မည်ကို မသိရပေ။ ထို့ကြောင့် သူ့အနေဖြင့် နောက်မျိုးဆက်အတွင်း အစွန်းရောက်ဓားရေး လမ်းစဉ်မြင့်တက်လာမှုကို တားဆီးဖို့ လိုအပ်သည်။
“ဂိုဏ်းချုပ်က ဒီကိစ္စကို စိတ်ထဲထားရင် ပြီးတာပါပဲ” အထွတ်အထိပ်အကြီးအကဲက ပြောလိုက်သည်။
“အခု ဆုံးဖြတ်ပြီးပြီဆိုတော့ ခုံရုံးကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို ဆွေးနွေးရအောင်” ခုံပေါ်လင်းက ပြောလိုက်သည်။
“ကိုယ်စားလှယ် ပြောစကားအရတော တခြားအင်အားစုတွေက ဒီဖြစ်စဉ်မှာ ဝင်ရောက်စွက်ဖက်လိမ့်မယ်။ တာအိုအခွင့်အလမ်းဂိုဏ်းဘက်ကတော့ လိုအပ်လာရင် အကူအညီ ပေးမယ်လို့ ပြောမယ်။ ဒါပေမဲ့ တန်ကြေးတစ်ခုတော့ ရှိတယ်”
“ခင်ဗျား ပြောသလိုဆိုရင် သူတို့တွေလည်း တူညီတဲ့အခြေအနေမျိုး ရှိခဲ့တဲ့ပုံပဲ”
“ဟုတ်တယ်။ ကြယ်တာရာသားရဲကမ္ဘာမှာလေ”
“မူလိန်လား” ကျိလန်ဖန်းက လှည့်ဖျားရေးစစ်ဆေးမှုကို အမှတ်ရကာ မေးလိုက်သည်။
“ဟုတ်တယ် သူပဲ”
“အော် အဲဒီအကြောင်း စိုးရိမ်စရာမလိုဘူး။ ကျွန်တော်ရဲ့ စွမ်းအားနဲ့ဆိုရင် အားလုံးက ချက်ချင်း ကျုပ်တို့ကို ဝိုင်းမတိုက်ခိုက်သရွေ့ ဖရိုဖရဲဖြစ်တာကို ဖြေရှင်းနိုင်တယ်”
သူက လေးဆ တိုက်ခိုက်ရေးနယ်ပယ်အဆင့်ရှိထားသည့် ထာဝရအထွတ်အထိပ် တစ်ယောက်ဖြစ်သည့်အတွက် ထာဝရဦးသျှောင် ဒါဇင်ချီကို ရင်ဆိုင်ဖို့ရာအတွက် ပြဿနာတစ်ခု မဟုတ်ပေ။
“ဒီလိုဆိုရင် ကိစ္စတွေကို ဖြည်းဖြည်းချင်းနဲ့ ပြီးပြည့်စုံအောင် စီစဉ်ကြတာပေါ့” ခုံပေါ်လင်းက အားပါးတရ ပြုံးကာ ပြောလိုက်၍ မျက်ခုံးမရှိသည့်အတွက် ပို၍ပင် ထူးဆန်းနေသည်။