← Chapters

တည်ကြည်မှုအပြည့်ရှိသော နတ်ဧကရာဇ်ရွှမ်ဟွား

Vol. 82 Ch. 1136

တည်ကြည်မှုအပြည့်ရှိသော နတ်ဧကရာဇ်ရွှမ်ဟွား

Vol. 82 Ch. 1136

" ဒါပေမဲ့... ခဏနေပါဦးဟ " လိပ်ကြီးမှာ အသက်ပြင်းပြင်းရှူကာ သူ၏ ဘေးပတ်ပတ်လည်ရှိ အစိမ်းရောင် အမျှင်အတန်းများအား ကြည့်ရင်း တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။

" ဘာတွေဖြစ်နေတာလဲဟ " ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးမှာလည်း တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားသည်။ သူတို့နှစ်ယောက်မှာ ဝဲကြီး၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသဖြင့် အစိမ်းရောင် အမျှင်အတန်းများအား မြင်လိုက်ရ၏။

" အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းတွေ " သူတို့မှာ ထို အမျှင်အတန်းများအား ချက်ချင်း မျက်မှန်းတန်းမိသွားကြသဖြင့် ကြောက်ရွံတုန်လှုပ်သွားကြ၏။ အဆုံးမဲ့မျိုးနွယ်စုမှာ ဤ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ထောင်ချောက်များ ဆင်ထားခဲ့ကြောင်း သူတို့နှစ်ယောက်စလုံးက သိထားသည်။ အချို့သော အခြေအနေများတွင်ဆိုလျှင် သူတို့မှာ ထို အစိမ်းရောင် အမျှင်အတန်းများအား အာရုံခံမိကြသလို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင်ပင် သူတို့မှာ ၎င်းတို့နှင့် ကြုံခဲ့ရ၏။

ထို့ကြောင့်လည်း ထို အမျှင်အတန်းများများမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း သူတို့က သိထားကြသည်။ ၎င်းတို့မှာ သူတို့အား ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်နိုင်စွမ်းရှိပေသည်။ အကယ်၍ ၎င်းတို့၏ အရေအတွက်သာ များပြားနေမည်ဆိုပါက သူတို့မှာ အသက်ပင် ပျောက်သွားနိုင်၏။

ကံကောင်းစွာဖြင့် ထို အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ရန်မစသရွေ့ ၎င်းတို့မှာလည်း သူတို့အား အန္တရာယ်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် ထို ပါရမီရှင်များမှာ ၎င်းတို့အား မြင်နေရသည်ကို တဖြည်းဖြည်းနှင့် ကျင့်သားရသွား၏။

သို့သော် ယခုတွင်မူ သူတို့နှစ်ယောက်မှာ ထိုကဲ့သို့သော အမျှင်အတန်းများ ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။ ယခင်တုန်းကဆိုလျှင် ၎င်းတို့မှာ အများဆုံး တစ်ခု၊ နှစ်ခုသာ ထွက်ပေါ်လာတတ်ပေသည်။ ထို့ကြောင့် သူတို့မှာ နှလုံးသားများ တုန်ရီသွားကြပြီး ချက်ချင်းမတ်တတ်ထလာကြ၏။

သူတို့နှစ်ယောက် တုန်လှုပ်ချောက်ချားနေကြစဉ် ဝမ်ပေါင်လဲ့မှာ ဝဲကြီးအား စုပ်ယူနေသောကြောင့် စည်းမျဉ်းဥပဒေသအကျိုးအပဲ့ အမြောက်အမြားမှာ ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးထဲသို့ အဆက်မပြတ် တိုးဝင်လာကြ၏။ ထို့ကြောင့် ၎င်းမှာ ပို၍ပင် နီမြန်းလာပြီး ဝမ်ပေါင်လဲ့ တစ်ယောက်သာ ကြားနိုင်သည့် တဝီဝီမြည်သံများကို ထုတ်လွှတ်နေတော့သည်။

ခဏအကြာတွင် ဓားအိမ်လေး ထုတ်လွှတ်ပေးလိုက်သည့် အငွေ့အသက် အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စီးဝင်လာကြသဖြင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ ပို၍ တောင့်တင်းခိုင်မာလာ၏။ ထိုအချိန်တွင် သူ၏ ပတ်ပတ်လည်၌ စုဝေးလာနေကြသည့် အမျှင်အတန်းများ၏ အရေအတွက်မှာ ရာဂဏန်းအနည်းငယ်မှ တစ်ထောင်ကျော်အထိ ဖြစ်သွားပြီ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် လိပ်ကြီးနှင့် ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးတို့မှာ သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

" ဘာတွေဖြစ်နေတာလဲဟ "

" တစ်ထောင်ကျော်တောင်... " သူတို့နှစ်ယောက်စလုံးမှာ ဦးရေခွံများ ထုံကျဉ်နေကြပြီ ဖြစ်သည်။ သူတို့မှာ ထိုနေရာမှ ထွက်ခွာသွားလိုပါသော်လည်း သူတို့၏ ပတ်ပတ်လည်ရှိ အမျှင်အတန်းများမှာ အလွန်အင်မတန်မှ များပြားလွန်းနေသောကြောင့် မလှုပ်ရှားရဲဘဲ ဖြစ်နေရ၏။ သို့သော် ခဏအကြာတွင် သူတို့မှာ နောင်တရသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ပတ်ပတ်လည်ရှိ အမျှင်အတန်းများ၏ အရေအတွက်မှာ မျက်စိတစ်မှိတ်အတွင်းတွင် တစ်ထောင်ကျော်မှ ထောင်ပေါင်းများစွာ ဖြစ်သွားသောကြောင့်ပင်။ ထို့အပြင် ၎င်းတို့မှာ ရပ်တန့်မသွားသေးဘဲ ဆက်လက် ပေါ်ပေါက်လာနေကြဆဲပင်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ ဝိညာဉ်များပင် တုန်ရီသွားကြပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိကြတော့သည်။ သူတို့၏ အမြင်တွင် သူသည် ထို အမျှင်အတန်းများ၏ မူလဇာစ်မြစ် ဖြစ်နေ၏။

" ဒီကောင် ဘာတွေလုပ်လိုက်တာလဲ "

" အရူးကောင်ကွာ။ သေမှာ မကြောက်ဘူးလားမသိဘူး " လိပ်ကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီးနောက် ချက်ချင်းဆိုသလိုပင် အရွယ်အစားသေးငယ်သွား၏။ နောက်ဆုံးတွင် ၎င်းမှာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ပြင်ပကမ္ဘာထဲသို့ ပြေးထွက်သွားတော့သည်။ သူသည် ဤအရှုပ်ထုပ်ကြီးထဲ၌ ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ အကယ်၍ သူသာ ထိုနေရာတွင် ဆက်ရှိနေမည်ဆိုပါက အမျှင်အတန်းများ ထပ်၍ ပေါ်ပေါက်လာနိုင်ပေသည်။ ထို့အပြင် သူသည် ထို အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ စိတ်ဆိုးမာန်ဆိုးဖြစ်နေသည့်ပုံ ပေါက်နေသည်ဟုလည်း ခံစားနေရ၏။ ၎င်းတို့မှာ သူ့အား အချိန်မရွေး ခုန်အုပ်ကာ တိုက်ခိုက်တော့မည့်အလားပင်။

ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးမှာလည်း ထိတ်လန့်ကြောက်ရွံ့နေရပြီ ဖြစ်သည်။ သူသည် ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီးနောက် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူသည် အရွယ်အစား သေးငယ်သွားပြီး အဝေးသို့ထွက်ပြေးဆုတ်ခွာသွားတော့သည်။

ထိုသို့ဖြင့် ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးနှင့် လိပ်ကြီးတို့မှာ နည်းလမ်းကိုယ်စီ အသုံးပြု၍ သတိကြီးကြီးထားကာ အမျှင်အတန်းများအား ကျော်ဖြတ်သွားကြ၏။ ကံကောင်းစွာဖြင့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများ၏ ပစ်မှတ်မှာ ဝမ်ပေါင်လဲ့ ဖြစ်နေသောကြောင့် သူတို့နှစ်ယောက်မှာ စိုးရိမ်တကြီး ဖြစ်နေကြသည့်တိုင်အောင် အလွယ်တကူပင် ထွက်ပြေးလွတ်မြောက်သွားကြသည်။ သူတို့ ထွက်ပြေးသွားချိန်တွင် ထိုနေရာ၌ စုဝေးလာကြသည့် အမျှင်အတန်း အရေအတွက်မှာ ငါးထောင်ကျော်နေပြီဖြစ်သည်။

သူတို့မှာ ထိုနေရာမှ ထွက်ပြေးလွတ်မြောက်လာကြပြီးနောက် ရင်ခုန်သံများ ဗြောင်းဆန်နေကြသည့်တိုင်အောင် အဝေးသို့ ချက်ချင်း ထွက်ခွာသွားကြခြင်းမရှိဘဲ ဝဲကြီးအား လှမ်းကြည့်လိုက်ကြ၏။ သူတို့မှာ ထို အရူးကောင်၏ အကြံအစည်နှင့် သူ သေဆုံးသွားခြင်း ရှိမရှိ သိချင်နေကြသည်။

သို့သော် သူတို့ ထိုကဲ့သို့ လှမ်းကြည့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ဝဲကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ သူသည် ထိုဝဲကြီးအား အချိန်အတော်အတန်ကြာအောင် စုပ်ယူခဲ့သည်ဖြစ်ရာ ၎င်းထဲရှိ စည်းမျဉ်းဥပဒေသအကျိုးအပဲ့များ အားလုံးမှာ သူ၏ ဓားအိမ်လေးထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

ဓားအိမ်လေးမှာမူ ပက်ကြားအက်နေသဖြင့် ရေဓာတ်များ လိုအပ်နေသည့် မြေပြင်ကြီးကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ဝဲကြီးတစ်ခုလုံး ထစ်ချုန်းသံများနှင့်အတူ အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစဉ် ဘေးပတ်ပတ်လည်ရှိ ထောင်ပေါင်းများစွာသော အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ ထိုဝဲကြီးဆီသို့ သွေးရူးသွေးတန်း ဦးတည်လာကြတော့သည်။

အဝေးမှကြည့်လိုက်ပါက ထိုမြင်ကွင်းကြီးမှာ ကြောက်စရာကောင်းလွန်းနေသည်။ ထိုဝဲကြီးမှာ အရွယ်အစား ကြီးမားလွန်းလှသောကြောင့် ၎င်းဆီသို့ ဦးတည်လာနေကြသည့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများ၏ အမြန်နှုန်းမှာ အလွန်အင်မတန်မှ မြန်မြန်လွန်းနေ၏။ ထို့ကြောင့် လိပ်ကြီးနှင့် ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးတို့မှာ ပို၍ပင် တုန်လှုပ်ချောက်ချားသွားရသည်။

သို့သော် ခဏအကြာတွင်... ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

ထောင်ပေါင်းများစွာသော အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ ရှေ့သို့ ထိုးထွက်သွားကြပြီနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ သူတို့နှစ်ယောက် မျှော်လင့်ထားသည့်အတိုင်း သေဆုံးသွားခြင်းမရှိပေ။ သို့သော် ထို အမျှင်အတန်းများ သူနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်ရီသွားပြီး အားကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထို အငွေ့အသက်များမှာ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ အမျှင်အတန်းများအား ဝါးမျိုစုပ်ယူကာ သူ့ကိုယ်သူ အားအင်များ ဖြည့်တင်းလိုက်ပြီးနောက် စွမ်းအင်အမြောက်အမြား ပြန်လည် ထုတ်လွှတ်ပေးလိုက်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ တိုးတက်သွားပြီး အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်သွားတော့သည်။

သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့တစ်ယောက် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်း ငါးထောင်ကျော်အား စုပ်ယူနေစဉ်မှာပင် အရပ်မျက်နှာအနှံ့တွင် ထိုကဲ့သို့သော အမျှင်အတန်းများ ထပ်၍ ပေါ်ပေါက်လာကြ၏။ ၎င်းတို့၏ အရေအတွက်မှာ တစ်သောင်းကျော်နေပြီး ယခုတွင် ၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးနှင့် လိပ်ကြီးတို့မှာ ဆွံ့အမှင်တက်သွားကြပြီး နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့မှာ သူတို့ရှေ့၌ မြင်နေရသည့် အရာများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

" ငါ အမြင်မှားနေတာလား။ ဒီကောင်က... မိုးကောင်းကင်တာအိုစွမ်းအားတွေကို စုပ်ယူနေတာလားဟ "

" အမြင်မှားနေတာပဲဖြစ်မှာပါ။ မိုးကောင်းကင်တာအိုစွမ်းအားကို စုပ်ယူတဲ့ ကျင့်ကြံသူတွေအကြောင်း ငါ တစ်ခါမှမကြားဖူးဘူး။ နတ်ဧကရာဇ်တွေလို ကျင့်ကြံသူတွေကပဲ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့အတွက် အဲဒီလို စွမ်းအားမျိုးကိုစုပ်ယူနိုင်မှာလေ။ ဘာလဲဟ... ဒီကောင်က နတ်ဧကရာဇ် လူပြန်ဝင်စားတဲ့ ကျင့်ကြံသူတစ်ယောက်လား "

သူတို့နှစ်ယောက်စလုံးမှာ ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီနေရပြီဖြစ်သည်။ သူတို့မှာ မှင်တက်နေခြင်း မရှိတော့ပါသော်လည်း ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။ ထိုအချိန်တွင် သူတို့မှာ ဝဲကြီး၏ ဆွဲငင်အားများ အားပျော့သွားသဖြင့် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ဆက်လက် ဆွဲငင်နိုင်စွမ်းမရှိတော့သည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် လိပ်ကြီးမှာ ကတုန်ကယင်နှင့် အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားတော့သည်။

ခန္ဓာကိုယ်နှစ်ပိုင်း ပေါင်းစည်းထားသည့် ကျင့်ကြံသူကြီးမှာလည်း ထိုနည်းတူပင်။ သူသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ခြေကုန်သုတ်၍ ထွက်ပြေးသွား၏။

သူတို့နှစ်ယောက် အဝေးသို့ ထွက်ပြေးသွားကြသောအခါ သူတို့ ရှိနေခဲ့သည့်နေရာတွင် အနက်ရောင်ငါးလေးမှာ နောက်ထပ်တစ်ကြိမ် ပြန်၍ ရုပ်လုံးပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ဖောင်းကားနေပြီး ၎င်း၏ မျက်ဝန်းများထဲတွင်လည်း စိုးရိမ်သောကများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် ၎င်းမှာ အစာလုခံလိုက်ရသည့် ခွေးပေါက်လေး တစ်ကောင်ကဲ့သို့ တအီအီ အော်မြည်နေသေးသည်။

နောက်ဆုံးတွင် ၎င်းမှာ သည်းမခံနိုင်တော့သဖြင့် ဝဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီး အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား စတင်ဝါးမျိုနေလိုက်တော့သည်။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ယှဉ်ပြိုင်နေသည့်ပုံ ပေါက်နေ၏။

ထိုငါးလေးမှာ အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ဝါးမျိုနေရင်း မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး ဝဲကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် လက်ရှိအခြေအနေကြီးမှာ သူ့အတွက် သိပ်မဆိုးကြောင်း ခံစားလိုက်ရသည်။

ယခင်တုန်းကဆိုလျှင် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ အင်းစက်ပိုးမွှားများကဲ့သို့ပင်။ ၎င်းတို့မှာ အလွန်အင်မတန်မှ လျင်မြန်သွက်လက်ပြီး အနက်ရောင်ငါးလေးအား အာရုံခံမိလိုက်သည့် အချိန်တိုင်း အင်အားအလုံးအရင်း စုစည်းကာ ၎င်းအား ဝါးမျိုနိုင်ရန် ကြိုးစားခဲ့ကြသည်သာ ဖြစ်သည်။ ထို ငါးလေးမှာလည်း ၎င်းတို့အား ကြောက်ရွံ့ရသဖြင့် ၎င်းတို့ထဲမှ အနည်းငယ်မျှကိုသာ တိတ်တဆိတ် ဝါးမျိုးစားသုံးနိုင်ခဲ့၏။ ထို့အပြင် ၎င်းမှာ အရှက်မရှိသော ချန်ရှင်းကိုလည်း မျက်နှာချိုသွေးနေခဲ့ရသေးသည်။ ချန်ရှင်းမှာ ၎င်းအတွက် ထို အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ဖမ်းဆီးပေးနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

သို့သော် ယခုတွင်မူ... အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများမှာ ၎င်းအား လျစ်လျူရှုထားကြပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ အချိန်တိုလေးအတွင်းတွင် အမျှင်အတန်း တစ်ရာကျော် ဝါးမျိုစားသုံးနိုင်ခဲ့၏။

" ကြည့်ရတာ ဒီသူခိုးလေးက... ချန်ရှင်းထက် ပိုသဘောကောင်းတဲ့ပုံပဲ " အနက်ရောင်ငါးလေးမှာ ထိုသို့ တွေးမိလိုက်သည်နှင့် ကျေနပ်အားရသွားပြီး အမျှင်အတန်းများအား ပို၍ပင် လျင်မြန်စွာ ဝါးမျိုးစားသုံးနေလိုက်တော့သည်။

ထိုသို့ဖြင့် သူတို့နှစ်ယောက် အဆုံးမဲ့မိုးကောင်းကင်တာအို အမျှင်အတန်းများအား ဝါးမျိုနေကြစဉ် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်၌ ရစ်ဝဲနေကြသည့် အဆုံးမဲ့မျိုးနွယ်စုထဲမှ နွားချေးပိုး စစ်သင်္ဘောကြီးများမှာ အပြင်းအထန် တုန်ရီသွားကြ၏။ ၎င်းတို့ ထုတ်လွှတ်နေသည့် အစိမ်းရောင် မီးခိုးငွေ့များမှာလည်း အရောင်ဖျော့သွား၏။

နတ်ဧကရာဇ်ရွှမ်ဟွားမှာ ထို အခြင်းအရာအား ချက်ချင်း သတိထားမိလိုက်၏။ သူသည် ဟင်းလင်းပြင်ကြီးထဲတွင် တင်ပျဥ်ခွေထိုင်နေရင်း မျက်လုံးများပွင့်လာပြီး မီးခိုးရောင်အာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ သို့သော် ထိုနေရာတွင် ရှိနေသည့် မိုးကောင်းကင်တာအိုမှာ ပရမ်းပတာဖြစ်နေသောကြောင့် သူသည် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် ထို အာကာသကောင်းကင်ကြီးထဲ၌ အဆုံးမဲ့မိုးကောင်းကင်တာအိုစွမ်းအားများအား အဆက်မပြတ် စုပ်ယူနေသည့် ဝဲကြီးတစ်ခု ရှိနေသည့်အချက်ကိုသာ သတိထားမိလိုက်သည်။

" အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုက ဒီလောက်တောင် ရဲတင်းနေတယ်ပေါ့... ကောင်းပြီလေ။ မင်း အစားလွန်ပြီး သေသွားရင် ဒီ မန္တန်အစီအရင်ကြီးလည်း ချက်ချင်းပျက်စီးသွားမှာ "

" စိတ်ဝင်စားစရာပဲ။ မင်း ဘယ်လောက်အထိ စုပ်ယူနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ "

" အားလုံး အမိန့်နာခံကြ။ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ ထည့်သွင်းနေတဲ့ မိုးကောင်းကင်တာအိုစွမ်းအား ပမာဏကို တိုးမြှင့်ပြီး အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုကို ဖောက်ခွဲပစ်လိုက်စမ်း " နတ်ဧကရာဇ်ရွှမ်ဟွားမှာ တည်ကြည်မှုအပြည့်ဖြင့် အမိန့်ပေးလိုက်၏။

All Chapters