အခန်း (၄၉၃)
Vol. 36 Ch. 493
“ဝီ”
ဟန်မူယဲ့၏နောက်တွင် နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည်။
သူ့မျက်လုံးထဲတွင် အဆုံးမရှိသောပုံရိပ်များ ပေါ်လာပြီး လေဟာနယ်စွမ်းအားများ လှုပ်ရှားလာသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်တွင် အဝတ်များ ဖရိုဖရဲဖြစ်နေသောလျှိုဟုန်က ဓားစံအိမ်ထဲမှ ပြေးထွက်လာသည်။
“ဂိုဏ်းတူအစ်ကိုဟန်က ဘာဖြစ်လို့ ညလယ်မှာ ပြဿနာရှာရတာကို ကြိုက်နေတာလဲ”
လျှိုဟုန်က တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်သည်။
“သန်းခေါင်အချိန်ကို ရောက်တော့မယ်။ အခု တောင်အောက်ဆင်းပြီး တည်းခိုခန်းမှာသွားအိပ်ရင် လျော့ဈေးရလောက်လား”
သူ့နောက်တွင် ရွှေအလင်းများဖုံးလွှမ်းနေသောဓားစံအိမ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
အာကာသထဲတွင် အဖြူရောင်နှင့် အနက်ရောင်ဖြစ်နေသော ကောင်းကင်စက်ဝန်းဝင်္ကပါက ပေါက်ကွဲသွားသည်။
နတ်ဘုရားသားရဲပါ့ရှားက မျက်လုံးဖွင့်သည်။
စုဝေကမ္ဘာ၏အပြင်ဘက်တွင် ကောင်းကင်စက်ဝန်းဝင်္ကပါက သန္ဓေပြောင်းသားရဲနှင့် မိစ္ဆာတစ်ဝက်ကျော်ကို သန့်စင်နိုင်ခဲ့သည်။
မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ချီနှင့်သွေးစွမ်းအားများ ပျံ့နှံ့နေသည်။
ဝင်္ကပါက သွေးနှင့်ချီများကိုစားသုံးပြီး ကိုယ်တိုင်လည်ပတ်၍ မရပ်တန့်နိုင်သောအခြေအနေသို့ ရောက်ရှိနိုင်သည်။
မဟာဝင်္ကပါသည် အာကာသကို ရှင်းလင်းသွားစေသည်။ အဖြူရောင်နှင့် အနက်ရောင်အလင်းများကြားတွင် အားကောင်းသောသန္ဓေပြောင်းသားရဲနှင့် မိစ္ဆာသားရဲများသာ ကျန်ရစ်ခဲ့သည်။
သူတို့က အတူတူပူးပေါင်းပြီး ဝင်္ကပါ၏စွမ်းအားကို ခုခံနေသည်။
ဟန်မူယဲ့က ဖြည်းဖြည်းချင်းသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
ကောင်းကင်စက်ဝန်းဝင်္ကပါက ပေါက်ကွဲသွားပြီး မရေမတွက်နိုင်လောက်သော အလင်းစီးကြောင်းများသည် ဓားချည်မျှင်ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ဘုံတတိယအဆင့်အောက်တွင်ရှိသော မိစ္ဆာများသည် ပိုက်ကွန်နှင့်ထိတွေ့မိပြီး ခန္ဓာကိုယ်များ ပျက်စီးသွားကြသည်။ သူတို့၏ဝိညာဉ်သူငယ်များက ပျံသန်းထွက်လာသည်။
နတ်ဘုရားသားရဲပါ့ရှားက ဝိညာဉ်သူငယ်များကို စားသုံးလိုက်ပြီး ကျေနပ်သွားပုံပေါ်သည်။
ပါ့ရှား၏ခန္ဓာကိုယ်အတွက် ချီ၊ သွေးနှင့် ဝိညာဉ်များသည် အလွန်အာဟာရရှိသည်။ ပါ့ရှားက ထိုစွမ်းအားများကို အရင်ဆုံးဝါးမြိုပြီး နောက်မှ ဖြည်းဖြည်းချင်းသန့်စင်ရမည်။
သူက ထိုစွမ်းအားများကို စားသုံးလိုက်သောအခါတွင် သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်။
“ဘုန်း”
မိစ္ဆာအများအပြား၏ခန္ဓာကိုယ်များသည် အစိမ်းရောင်အလင်းအဖြစ်ပြောင်းလဲလာပြီး ပေါက်ကွဲသွားသည်။ သူတို့က ပိုက်ကွန်ကို တွန်းထုတ်၍ ထွက်ပြေးသွားကြသည်။
သွေးလွတ်မြောက်ခြင်းနည်းစနစ် ....
အသက်ရှင်နိုင်ရန်အတွက် ခွန်အားကိုစတေးရသော နည်းစနစ်မျိုးဖြစ်သည်။
ဟန်မူယဲ့က ဓားစံအိမ်တွင်ရှိနေပြီး ထွက်ပြေးသွားသောမိစ္ဆာများကို အပြုံးတစ်ခုနှင့်အတူ ကြည့်နေသည်။
စုဝေကမ္ဘာ၏ကျင့်ကြံသူများက စိတ်ပျက်သွားကြသည်။ သူက မိစ္ဆာများအားလုံးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။
ယခုအချိန်တွင် မိစ္ဆာများက လွတ်မြောက်သွားသောကြောင့် ပိုမိုပြင်းထန်သောတိုက်ခိုက်မှုဖြင့် လက်စားချေလိမ့်မည်။
“တာအိုရောင်းရင်းတို့၊ ဓားစံအိမ်ရဲ့အကြီးအကဲက ညှာတာပေးလိုက်တာဖြစ်မယ်”
အစိမ်းပုပ်ရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောလိုက်သည်။
သူ့ဘေးတွင် ကောင်းကင်အဆင့်ကျင့်ကြံသူအချို့က ခေါင်းညိတ်သည်။
သူတို့က အရူးမဟုတ်ပေ။
ဟန်မူယဲ့က စုဝေကမ္ဘာအတွက် အနာဂတ်ပြဿနာများကို ချန်ထားခဲ့သည်။
“အကြီးအကဲက ငါတို့ကို ဘာခိုင်းချင်တာလဲ သွားကြည့်ကြရအောင်”
အစိမ်းရောင်တာအိုဝတ်စုံနှင့် ရွှေသရဖူဆောင်းထားသော လူအိုကြီးနောက်တစ်ယောက်က ပျံသန်းသွားသည်။
ကျင့်ကြံခြင်းလောကတွင် အလကားရသောအကူအညီမျိုး မရှိပေ။ ကြင်နာမှုသည် မျှတသောအပေးအယူတစ်ခုသာ ဖြစ်သည်။
ပြန်လည်ပေးဆပ်ရန်မလိုသော အကူအညီနှင့် ပေးကမ်းစွန့်ကျဲမှုများ ရှိလာလျှင် တခြားလူများအတွက် သက်တောင့်သက်သာရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူလိုအပ်သည့်အရာကို မသိနိုင်သောကြောင့်ဖြစ်သည်။ ပြန်လည်မပေးဆပ်နိုင်သော အရာမျိုးလည်း ဖြစ်နေနိုင်သည်။
ဥပမာအနေဖြင့် သစ္စာရှိမှု၊ အသက်၊ အမွေအနှစ်များ ဖြစ်သည်။
လူအိုကြီးက နတ်ဘုရားသားရဲနှင့် မိုင်တစ်ထောင်အကွာအထိ ပျံသန်းလာပြီး စကားပြောတော့မည့်အချိန်တွင် နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်က ကျုံ့ဝင်သွားသည်။ ကြယ်တစ်စင်း၏အရွယ်အစားမှ မိုင်တစ်သောင်းအရွယ်အစား၊ ထို့နောက် မိုင်တစ်ထောင်အရွယ်အစားအထိ ကျုံ့ဝင်သွားသည်။
မိုင်တစ်ထောင်အရွယ်အစားသို့ ရောက်လာသောအခါတွင် နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်က ဆက်လက်ကျုံ့ဝင်မသွားတော့ဘဲ ပုံရိပ်ယောင်အသွင်ပြောင်း၍ ပျောက်ကွယ်သွားသည်။
အမှန်တကယ်ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ လေဟာနယ်ထဲတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။
ထိုနည်းလမ်းကြောင့် စုဝေကမ္ဘာ၏ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာကြည့်သည်။
‘နတ်ဘုရားသားရဲကိုတောင် လွယ်လွယ်ကူကူထိန်းချုပ်နိုင်တဲ့ ဓားစံအိမ်အကြီးအကဲက ဘယ်လောက်တောင် သန်မာနေတာလဲ’
ရှေးခေတ်နတ်ဘုရားသားရဲတစ်ကောင်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် အလွန်ခက်ခဲသည်။
နတ်ဘုရားသားရဲက အလွန်နာခံမှုရှိနေသည့်အတွက် ဓားစံအိမ်၏အကြီးအကဲက အားကောင်းသောကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်။
‘ဓားစံအိမ်ရဲ့အကြီးအကဲက ကောင်းကင်အဆင့်ကို ကျော်ဖြတ်သွားခဲ့ပြီလား’
“ဝီ”
ဓားစ့အိမ်က တုန်ခါသွားပြီး ဟန်မူယဲ့၏ပုံရိပ်က မိုင်တစ်သောင်းအကွာတွင် ပြန်ပေါ်လာသည်။ သူက စုဝေကမ္ဘာမှ ကျွမ်းကျင်သူများ၏ရှေ့တွင် ရပ်နေသည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂရုမစိုက်သောမျက်နှာထားဖြင့် ရှိနေသည်။
သူ့ရှေ့တွင်ရှိသော ကျင့်ကြံသူများထဲတွင် အားအနည်းဆုံးလူသည် ဝိညာဉ်ကိုယ်ခွဲအဆင့်တွင် ရှိသည်။
သို့သော် သူတို့က ဟန်မူယဲ့၏ကျင့်ကြံခြင်းအငွေ့အသက်ကို အာရုံမခံနိုင်သော်လည်း ဟန်မူယဲ့၏ရှေ့တွင် ခေါင်းမော့မကြည့်ရဲပေ။
နတ်ဘုရားသားရဲကို ထိန်းချုပ်ထားပြီး ဝင်္ကပါဖြင့် မရေမတွက်နိုင်လောက်သော သန္ဓေပြောင်းသားရဲနှင့် မိစ္ဆာသားရဲများအား သတ်ဖြတ်ခဲ့သောကျွမ်းကျင်သူသည် သေချာပေါက် ကျင့်ကြံဆင့်မြင့်မားလိမ့်မည်။
သူ့ကျင့်ကြံခြင်းက အလွန်မြင့်မားသောကြောင့် သူတို့လို အဆင့်နိမ့်ကျင့်ကြံသူများက အာရုံမခံနိုင်ခြင်းဖြစ်သည်။
ဓားစံအိမ်သည် အထက်ဘုံသုံးဘုံတွင် အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
“ဓားပျံလေးလက်ဂိုဏ်းရဲ့ လုကျန်းရှန်းက အကြီးအကဲကို နှုတ်ဆက်ပါတယ်”
“တယွမ်ဓားဂိုဏ်းရဲ့ ဟူကျစ်ယွမ်က ဓားစံအိမ်အကြီးအကဲကို အရိုအသေပေးပါတယ်”
....
ဟန်မူယဲ့က ဦးညွှတ်နေသော ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူအုပ်စုကို ကြည့်လိုက်ပြီး အမူအယာကင်းမဲ့စွာ လက်မြှောက်သည်။
“ငါက ဟန်မူယဲ့ပါ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
မဟာကျင့်ကြံသူကြီးများက လျင်မြန်စွာဦးညွှတ်လိုက်ပြီး သူ့ကို အကြီးအကဲဟန်ဟု ခေါ်လိုက်ကြသည်။
ကျင့်ကြံခြင်းလောကတွင် ထိုအရာသည် ထုံးစံတစ်ခုသာဖြစ်သည်။
လေးစားခံလိုလျှင် လုံလောက်သောခွန်အားကို ထုတ်ပြရမည်။
ခွန်အားရှိလျှင် လုပ်ချင်သောအရာရာတိုင်းကို လုပ်ဆောင်နိုင်မည်။
“စုဝေကမ္ဘာရဲ့ပတ်ဝန်းကျင်မှာ သန္ဓေပြောင်းသားရဲနဲ့ မိစ္ဆာသားရဲတွေ သိပ်မရှိတော့ဘူး။ ငါက လုပ်စရာတွေရှိသေးလို့ ဒီမှာ အကြာကြီးမနေတော့ဘူး”
ဟန်မူယဲ့က ပြောင်းလဲမှုမရှိဘဲ ညင်သာစွာပြောသည်။
‘ထွက်သွားတော့မှာလား’
‘ငါတို့က ဒီလိုကျွမ်းကျင်သူမျိုးကို ဒီတိုင်းပဲ ထွက်သွားခိုင်းလိုက်ရမှာလား’
စုဝေကမ္ဘာ၏ မဟာကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ပြောသည်။
“အကြီးအကဲဟန်ရဲ့အကူအညီအတွက် ကျေးဖူးတင်ပါတယ်။ ကျေးဇူးပြုပြီး ရက်အနည်းငယ်လောက် နေပေးပါအုံး”
“ဟုတ်ပါတယ်။ အကြီးအကဲဟန်က မိစ္ဆာနဲ့သားရဲတွေကို သတ်ဖြတ်ခဲ့တယ်။ ဒီလိုမျိုးထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော်တို့စုဝေကမ္ဘာက ကျေးဇူးသိတတ်ရမှာပေါ့”
လုကျန်းရှန်းနှင့် တခြားလူများက စကားပြောလိုက်ပြီး လက်ထဲတွင် ဓားတစ်လက် သို့မဟုတ် နှစ်လက်ကို ကိုင်ထားသည်။
ဓမ္မရတနာ ....
ဓားတိုင်းသည် မှော်ရတနာအဆင့်တွင် ရှိသည်။
ဓားနှစ်လက်တွင် ဝိညာဉ်ရှိနေသည်။ သူတို့ကို အသက်သွင်းလိုက်လျှင် လူသားအသွင်ပြောင်းနိုင်လိမ့်မည်။
ဟန်မူယဲ့က ပြုံးသည်။
ထိုလူများက စည်းကမ်းကို နားလည်သည်။
သူက စုဝေကမ္ဘာ၏အပြင်ဘက်တွင် ဝင်္ကပါကိုအသက်သွင်းရန်အတွက် စွမ်းအားအများအပြား အသုံးပြုခဲ့ရသည်။ သူက မိစ္ဆာနှင့်သားရဲများကို သတ်ဖြတ်ပြီး သွေးချီနှင့် မိစ္ဆာချီများကို ပြန်လည်ရရှိခဲ့လျှင်ပင် အရင်းကျေသည်ဟုသာ ပြောနိုင်သည်။
ဓမ္မရတနာဓားများနှင့်ဆိုလျှင်တော့ ထိုက်တန်သည်စု ပြောနိုင်သည်။
ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ လက်ကိုဝှေ့ယမ်းလိုက်ပြီး ဓားများအားလုံးကို သိမ်းယူသည်။
သူက ဓားရှည်တစ်လက်၏ဓားရိုးကို ညင်သာစွာကိုင်လိုက်သည်။
“ဝီ”
ဓားသည် တုန်ခါသွားသည်။ ဓားကိုပေးလိုက်သော ဝိညာဉ်သူငယ်အဌမအဆင့်ကျင့်ကြံသူ၏မျက်နှာက ထိတ်လန့်သွားသည်။
သူနှင့် မှော်ရတနာကြားတွင်ရှိသောဆက်သွယ်မှုသည် တိုက်ရိုက်ကျိုးပျက်သွားခဲ့သည်။
အံ့အားသင့်ဖွယ်ကောင်းသည်။
သူက ဓားနှင့် နှစ်တစ်ရာကြာသည်အထိ ဆက်သွယ်မှုပြုလုပ်ခဲ့ရသော်လည်း တစ်ဖက်လူ၏လက်ထဲတွင် ချက်ချင်းပြတ်တောက်သွားသည်။ ဓားရှည်သည် ပိုင်ရှင်ပြောင်းသွားသည်။
ဟန်မူယဲ့၏ ကျင့်ကြံဆင့်သည် သူ့ထက် အဆပေါင်းများစွာ မြင့်မားနေသောကြောင့် ထိုသို့ ပြုလုပ်နိုင်ခြင်းဖြစ်လိမ့်မည်။
ဟန်မူယဲ့က ဓားစံအိမ်၏ နက်နဲလှသော ဓားကျင့်ကြံသူကြီးတစ်ဦးဖြစ်သည်။
ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်သည်။
သူက တည်ငြိမ်နေသောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။
“ဒီဓားရဲ့နာမည်က ယုယွမ်လို့ခေါ်တယ်။ ဒီဓားကို နှစ်တစ်သောင်းသက်တမ်းရှိတဲ့ အံ့ဖွယ်ကျောက်စိမ်းရွှေနဲ့ ပြုလုပ်ထားတယ်။ ပုံရိပ်ယောင် သံပုံသွင်းခြင်းနည်းစနစ်နဲ့ ဓာတ်စင်သုံးမျိုးစုစည်းခြင်းနည်းစနစ်တို့ကို အသုံးပြုထားတယ်။ ဆယ်နှစ်အကြာမှာ ဓားတစ်လက်ဖြစ်လာခဲ့တယ်”
ဓားကိုလေ့လာပြီး အသုံးပြုထားသောကုန်ကြမ်းနှင့် ပန်းပဲနည်းစနစ်ကို ပြောပြနိုင်သည်။ သူက ဓားစံအိမ်၏ကျွမ်းကျင်သူ ဖြစ်သင့်သည်။
စုဝေကမ္ဘာ၏ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်လုံးထဲတွင်ရှိသော ခံစားချက်များကို ဖိနှိပ်ထားသည်။
ဓားကိုပေးလိုက်သောကျင့်ကြံသူက လျင်မြန်စွာလက်သီးဆုပ်၍ ပြောသည်။
“အကြီးအကဲဟန်ရဲ့စကားတွေက တကယ့်ကို တိကျပါတယ်။ ဒီဓားကို ကျွန်တော်တို့ အံ့ဖွယ်ဓားကျိုးဂိုဏ်းရဲ့ ဘိုးဘေးက သန့်စင်ခဲ့တာပါ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားကိုကြည့်သည်။
“ဓားက သုံးပေနဲ့တစ်လက်မရှည်တယ်။ ရှစ်လက်မကျယ်ပြီး တစ်လက်မခွဲထူတယ်။ ပြီးတော့ ခြောက်ပေါင်ခွဲလေးတယ်။ ချီစွမ်းအင်နဲ့ဓားချီကို ထည့်သွင်းလိုက်ရင် ပေါင်သန်းသုံးဆယ်ခွန်အားကို ထုတ်ဖော်ပြီး ကြယ်တွေကို လွယ်လွယ်လေး ဖျက်ဆီးပစ်နိုင်တယ်”
ဓားက အနည်းငယ်တုန်ခါသွားပြီး အသံပေးလိုက်သည်။ ဟန်မူယဲ့၏စကားကို ထောက်ခံနေပုံပေါ်သည်။
ထိုအချက်အလက်ကို အာရုံခံနိုင်ရန် မခက်ပေ။
သို့သော် ဓားများနှင့်ပတ်သတ်၍ ကျွမ်းကျင်သော အစစ်အမှန်ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေရမည်။
ထို့အပြင် ဓား၏အကန့်အသတ်ကို ခန့်မှန်းနိုင်သောကြောင့် သူ့ခွန်အားကလည်း ထိုအဆင့်သို့ ရောက်နိုင်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ခန့်မှန်းနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဓားကိုင်ထားသော ဓားစံအိမ်၏အကြီးအကဲ ဟန်မူယဲ့သည် ပေါင်းသန်းသုံးဆယ်ခွန်အားကိုထုတ်သုံးပြီး ကြယ်တစ်စင်းကို ဖျက်ဆီးပစ်နိုင်သည်။
ထိုတိုက်ခိုက်နိုင်စွမ်းကြောင့် စုဝေကမ္ဘာ၏မဟာကျင့်ကြံသူများက ထိတ်လန့်သွားသည်။
သို့သော် ဟန်မူယဲ့က ပါ့ရှား၏စွမ်းအားကိုမသုံးဘဲ ကိုယ်ပိုင်ခွန်အားဖြင့် ကြယ်တစ်စင်းကို မဖျက်ဆီးနိုင်ကြောင်း သူတို့ မသိခဲ့ပေ။
သူက ပါ့ရှား၏စွမ်းအားနှင့်ဆိုလျှင် ကြယ်တစ်စင်းကို ဖျက်ဆီးရန်အတွက် ဓားကိုလွှဲခုတ်ပြီး ခြေတစ်ဖက်မြှောက်ရန်သာ လိုအပ်သည်။
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ဓားကို ကိုင်ထားသည်။ သူက ဓားကို မျဉ်းဖြောင့်အတိုင်း မြှောက်လိုက်ပြီး နက်ရှိုင်းသောမျက်လုံးများဖြင့် တီးတိုးပြောသည်။
“ဒီဓားက ပေါ့ပါးပြီး သွက်လက်တယ်။ အနီးကပ်တိုက်ပွဲအတွက် သင့်တော်တယ်။ ဓားထဲမှာရှိတဲ့ အကြွင်းအကျန်ချီစွမ်းအားနဲ့ ဓားဆန္ဒကိုကြည့်ပြီး အံ့ဖွယ်ဓားကျိုးဂိုဏ်းရဲ့ ဓားနည်းစနစ်အမွေအနှစ်သုံးခုကို နားလည်နိုင်တယ်”
‘ဓားကနေ အမွေအနှစ်ကို အာရုံခံနိုင်တာလား’
ကျင့်ကြံသူကြီးများ၏မျက်နှာထား ပြောင်းလဲသွားသည်။
‘ငါတို့က ဓားနဲ့အတူ အမွေအနှစ်ကိုလည်း ပေးလိုက်တာလား’
အံ့ဖွယ်ဓားကျိုးဂိုဏ်းမှ ကျင့်ကြံသူ၏မျက်နှာထားသည် တွန့်လိမ်သွားသည်။ သူက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ဓားကို ညင်သာစွာလွှဲခုတ်သည်။
“သေချာကြည့်ထား။ မင်းရဲ့ ဓားနည်းစနစ်ထဲမှာ အမှားတချို့ရှိနေတယ်”
“ငါက ဓားနည်းစနစ်ကိုပြင်ဆင်ဖို့ ကူညီပေးမယ်”
ဓားအလင်းသည် ကြည်လင်ပြီး တောက်ပနေသည်။ အလင်းများ ဖျတ်ခနဲပေါ်ထွက်လာသည်။
အာကာသထဲတွင် လေပြေလေညင်းတစ်ခုတိုက်ခတ်လာပြီး ကျင့်ကြံသူ၏မျက်နှာကို တိုးဝှေ့သွားသည်။