အခန်း (၄၉၄)
Vol. 36 Ch. 494
မည်သည့်နေရာမှ လေတိုက်လာသနည်း။
ဓားမာန်ဟုန်ဖြစ်သည်။
ဓားဆန္ဒကိုအသုံးပြုပြီး ဓားမာန်ဟုန်ဖြစ်လာစေသည်။ သို့သော် ထိုဓားမာန်ဟုန်သည် လေပြေလေညင်းသဖွယ် ပေါ့ပါးနေသည်။
အံ့ဖွယ်ဓားကျိုးဂိုဏ်း၏ ဘိုးဘေးဟောင်းပင်လျှင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။
“ပေါင်ချိန်ထောင်ချီတဲ့မီးတောက်တွေ၊ လေပြေလေညင်းနဲ့တူတဲ့ ဓားအလင်း၊ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်ထားတယ်။ နှလုံးသားက ကျောက်သားစိုင်လို မယိုင်လဲနိုင်ဘူး”
“ဘိုးဘေးရဲ့နောင်တတွေကို နားလည်သွားပြီ”
အံ့ဖွယ်ဓားကျိုးဂိုဏ်း၏ကျင့်ကြံသူက ဓားအလင်းကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ကို ဦးညွှတ်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများ သွယ်ယှက်နေသည်။
ဉာဏ်အလင်းရခြင်း၊ အဆင့်တက်ခြင်း ....
ဂီတအမျိုးအစားပေါင်းတစ်ထောင်ကို လေ့ကျင့်ပြီးမှ ဂီတသံစဉ်ကို နားလည်နိုင်မည်။ ဓားတစ်ထောင်ကို လေ့လာပြီးမှ ဓားကို နားလည်နိုင်မည်။
ထိုကျင့်ကြံသူက ဓားတာအိုနှင့် ကျင့်ကြံခြင်းတွင် အဆင့်တက်သွားခဲ့သည်။
ဝိညာဉ်သူငယ် နဝမအဆင့်၊ ဓားတာအိုတွင် မဟာအောင်မြင်မှု ....
ဟန်မူယဲ့၏ ဓားအငွေ့အသက်ကြောင့်သာမဟုတ်လျှင် သူက အဆင့်တက်ရန်အတွက် နှစ်ပေါင်းထောင်ချီ၍ အချိန်ကြာသွားလိမ့်မည်။ သူက ဘဝတစ်လျှောက်လုံး အဆင့်တက်ရန် မျှော်လင့်ချက်မရှိခြင်းလည်း ဖြစ်နိုင်သည်။
“အံ့ဖွယ်ဓားကျိုးဂိုဏ်းရဲ့လောမင်က အကြီးအကဲရဲ့သင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်”
လောမင်က အရှိန်အဝါများကို ပြန်လည်စုစည်းလိုက်ပြီး လက်သီးဆုပ်၍ ဟန်မူယဲ့ကို ဦးညွှတ်ပြန်သည်။
ဟန်မူယဲ့က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ဓားကို သိမ်းသည်။
ဟန်မူယဲ့က အံ့ဖွယ်ဓားကျိုးဂိုဏ်း၏ ဓားနည်းစနစ်များကို နားလည်ပြီးသောအခါတွင် ထိုဓားနည်းစနစ်များသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အံ့ဖွယ်ငါးပါးဓားနည်းစနစ်ထက် သာလွန်နေကြောင်း သိလိုက်ရသည်။
ထိုဓားနည်းစနစ်များထဲမှ တစ်ခုသည် အံ့ဖွယ်ခုနစ်ပါးဓားနယ်မြေ၏ အခြေခံပုံစံပင် ဖြစ်နေသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားနည်းစနစ်အမွေအနှစ်သည် အံ့ဖွယ်ငါးပါးအထိသို့သာ ရောက်နိုင်သည်။ နောက်ဆက်တွဲဓားနည်းစနစ်အမွေအနှစ်များကို ဆက်လက်ဖော်ထုတ်ရမည်။ အံ့ဖွယ်ခြောက်ပါးဖြစ်စေ အံ့ဖွယ်ခုနစ်ပါးဖြစ်စေ အရာအားလုံးသည် ခန့်မှန်းချက်သာဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားနယ်မြေကိုတော့ မည်သူမှ မသိကြပေ။
ဟန်မူယဲ့က ဓားကိုသိမ်းလိုက်ပြီး ရှေ့တွင်ရှိသောဓားများကို ကြည့်သည်။
သူ့အကြည့်ကြောင့် ဓားများက မျှော်လင့်နေသောပုံစံဖြင့် တုန်ခါသွားကြသည်။ သူ့ရှေ့တွင်ရှိနေသော ကျင့်ကြံသူများကလည်း မျှော်လင့်နေသောမျက်နှာထားဖြင့် ရှိနေသည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက မင်းတို့ကမ္ဘာရဲ့ ဓားတာအိုအမွေအနှစ်ကို စိတ်ဝင်စားတယ်။ ငါက မင်းတို့ကမ္ဘာကိုသွားပြီး ဓားတွေကို တစ်လက်ပြီးတစ်လက် အကဲဖြတ်ပေးမယ်”
“ဒါပေမဲ့ ငါက လူအများရှေ့မှာ အကဲဖြတ်ပေးမှာမဟုတ်ဘူး။ ဓားနဲ့သက်ဆိုင်တဲ့လူကိုပဲ စကားပြောမယ်။ မင်းတို့ ကြည့်စေချင်တဲ့ဓားတွေရှိရင်လည်း ငါက ကြည့်ပေးမယ်”
ဟန်မူယဲ့က ရှေ့တွင်ရှိသောကျင့်ကြံသူများကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
“ဘယ်လိုလဲ”
သူတို့က ထိုသို့ကောင်းမွန်သောဖြစ်ရပ်ကို မည်သို့ငြင်းဆိုနိုင်မည်နည်း။
ကျင့်ကြံသူများက ပျော်ရွှင်သွားကြသည်။
စုဝေကမ္ဘာတွင် အချိန်အနည်းငယ်ကြာသည်အထိ ဟန်မူယဲ့ရှိနေလျှင် သူတို့အတွက် အကောင်းဆုံးဖြစ်သည်။
ထို့အပြင် သူက သူတို့၏ဓားများကို စမ်းသပ်ကြည့်ပြီး ဓားတာအိုအမွေအနှစ်၏ ချို့ယွင်းချက်များကို ထောက်ပြလိမ့်မည်။ ထိုအရာသည် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။
သူတို့အားလုံးက လျင်မြန်စွာဦးညွှတ်လိုက်ပြီး ဟန်မူယဲ့ကို စုဝေကမ္ဘာသို့ ခေါ်သွားကြသည်။
မိုင်တစ်ထောင်ကြီးမားသော နတ်ဘုရားသားရဲတစ်ကောင် ပေါ်လာပြန်သည်။ ထိုသားရဲက ရွှေရောင်တောက်နေသော ဓားစံအိမ်ကို သယ်ထားပြီး စုဝေကမ္ဘာ၏ကောင်းကင်ကို လွယ်ကူစွာထိုးခွဲလိုက်သည်။ ထို့နောက် ပင်လယ်ထဲသို့ ဆင်းသက်သွားသည်။
နတ်ဘုရားသားရဲ၏စွမ်းအားကို ခုခံနိုင်သောကမ္ဘာများ မရှိပေ။
နတ်ဘုရားသားရဲ၏ရှေ့တွင် စုဝေကမ္ဘာ၏ ကောင်းကင်တာအိုက တုန်လှုပ်သွားသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာကဲ့သို့ အားကောင်းသောကမ္ဘာမျိုးကသာ နတ်ဘုရားသားရဲ၏စွမ်းအားကို ခုခံနိုင်လိမ့်မည်။
ပါ့ရှားက ပင်လယ်ထဲသို့ဆင်းသက်သွားပြီး ကျွန်းတစ်ကျွန်းသဖွယ် မျောပါနေသည်။ ဟန်မူယဲ့က ဓားစံအိမ်ထဲတွင် ငြိမ်သက်စွာထိုင်နေသည်။
သူက စည်းကမ်းချမှတ်ထားသည်။ ဓားတစ်လက်ကို အကဲဖြတ်ပြီးလျှင် နောက်ထပ်လူတစ်ယောက်ကို သူကိုယ်တိုင်ရွေးမည်။ ထိုလူသည် ကမ်းခြေတွင် စောင့်နေရမည်။
ထိုလူက ဟန်မူယဲ့၏ကျင့်ကြံခြင်း ပြီးဆုံးသည်အထိ စောင့်နေရမည်။
မဟာကျင့်ကြံသူကြီးတစ်ယောက်၏ကျင့်ကြံခြင်းသည် သုံးရက်မှ ငါးရက် သို့မဟုတ် သုံးလမှ ငါးလ သို့မဟုတ် နှစ်သုံးဆယ်မှ နှစ်ငါးဆယ်အထိ ကြာမြင့်နိုင်သည်။
စိုးရိမ်စွာစောင့်နေမည့်ကျင့်ကြံသူအတွက် စဉ်းစားပေးရန်မလိုအပ်ပေ။
သန်မာသောလူသည် အားနည်းသူ၏ခံစားချက်များကို ဂရုစိုက်ရန်မလိုပေ။
ထို့အပြင် ဟန်မူယဲ့၏ သီးသန့်ကျင့်ကြံခြင်းက အချိန်ကြာနေလျှင် စုဝေကမ္ဘာတွင် ပိုမိုကြာမြင့်စွာ ရှိနေလိမ့်မည်။ သူက ကျင့်ကြံခြင်းမှ နားလည်မှုများထပ်ရလာလျှင် ခံစားချက်ပိုကောင်းနေလိမ့်မည်။ ထိုသို့ဆိုလျှင် ဓားများအား အကဲဖြတ်ရာတွင် ပိုမိုအာရုံစိုက်ထားနိုင်မည်။
သူက ဓားတာအို၏အမှန်တရားအချို့ကို ဖော်ပြခဲ့လျှင် ထိုက်တန်သည်။
ဟန်မူယဲ့က ဓားနှစ်လက်ကို အကဲဖြတ်ပေးခဲ့ပြီး ဓားစံအိမ်ကို ပိတ်လိုက်သည်။ ဓားပျံလေးလက်ဂိုဏ်း၏ လုကျန်းရှန်းက ကမ်းခြေတွင် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားစွာစောင့်နေသည်။
သူက နောက်ထပ်အကဲဖြတ်ခံရမည့်လူ ဖြစ်သည်။
ချို့ယွင်းချက်များကို နားလည်သွားခဲ့သော မဟာကျင့်ကြံသူကြီးနှစ်ယောက်သည် စိတ်လှုပ်ရှားနေပြီး နီရဲသောမျက်နှာများဖြင့် ပျံသန်းသွားကြသည်။
နတ်ဘုရားသားရဲပါ့ရှား၏ကျောပေါ်တွင် ဓားစံအိမ်နှင့် ဟန်မူယဲ့၏ ဝိညာဉ်ကိုယ်ပွားက ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် အာကာသထဲ၌ ရွှေအလင်းတန်းတစ်ခုက စုဝေကမ္ဘာဆီသို့ ပျံသန်းလာသည်။
“ဓားစံအိမ်အကြီးအကဲ၊ ကျွန်တော်တို့စုဝေကမ္ဘာကို ကယ်တင်ပေးဖို့သဘောတူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကြီးအကဲက လှုပ်ရှားလိုက်ရင် ကျွန်တော်တို့စုဝေကမ္ဘာက အကြီးအကဲကို စိတ်ကျေနပ်စေရပါမယ်”
ရွှေအလင်းထဲတွင် အသံတစ်သံထွက်လာသည်။
“အင်း ....”
ထိုအသံက ငယ်ရွယ်ပြီး စိတ်မရှည်ပုံပေါ်သည်။
ရွှေအလင်းသည် အာကာသထဲတွင် ပျံသန်းနေသည်။ စုဝေကမ္ဘာနှင့် မိုင်ပေါင်းသန်းဆယ်ချီ၍ ဝေးကွာနေသောကြောင့် အချိန်တချို့ ကြာလိမ့်မည်။
....
အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ် ....
ဓားစံအိမ်က တုန်ခါနေပြီး ရွှေအလင်းများ ပျောက်ကွယ်သွားသည်။
ဓားစံအိမ်၏တတိယထပ်တွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့၏ပုံရိပ်က ပျောက်ကွယ်သွားသည်။
အလယ်ပိုင်းကုန်းမြေမှ အင်မော်တယ်လရေကန်၏အောက်ခြေတွင် ထိုင်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။
သူက မျက်လုံးဖွင့်လိုက်သောအချိန်တွင် တက်ကြွနေသောဓားအလင်းသည် ရေထုကိုထိုးခွဲ၍ ကောင်းကင်ပေါ်သို့ တက်သွားသည်။
ထိုဓားအလင်းက လောကကို ထိုးဖောက်သွားချင်ပုံပေါ်သည်။
ဓားများကို လေ့လာပြီးသောအခါတွင် ဓားဆန္ဒနှင့် ဓားစွမ်းအားများ စုစည်းလာပြီး ဖိနှိပ်ရန် ခက်ခဲနေသည်။
အဆင့်တက်ခြင်း ....
သူက ဓားတာအိုရွှေအမြုတေကို စုစည်းနိုင်ခဲ့သည်။
အရာအားလုံးက ချောမွေ့စွာဖြစ်ပျက်သွားခဲ့သည်။
သူ့ဒန်ထျန်ထဲတွင် ဓားဆေးလုံးနှင့် ဓမ္မရတနာများ ပြန့်ကျဲနေပြီး ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မြစ်သော ရွှေရောင်ဘုံကိုးဆင့်ကို မြင်ရသည်။
ရွှေရောင်ဘုံကိုးဆင့်ထက်တွင် ဆက်တိုက်လည်ပတ်နေသော ပုံရိပ်ယောင်ဓားသည် အစစ်အမှန်ဖြစ်လာသည်။
“ဘုန်း”
လောကတွင် လျှပ်စီးများ စုစည်းလာသည်။
အလယ်ပိုင်းကုန်းမြေ၏ ကျင့်ကြံခြင်းလောကတွင် ကမ္ဘာမြေအဆင့်မှစ၍ ကပ်ဘေးနှင့် ရင်ဆိုင်ရမည်။
“မင်းက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့အတွက် မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ကို သွားရမယ်”
အင်မော်တယ်လရေကန်၏ ကောင်းကင်ထက်တွင် အသံတစ်သံထွက်လာသည်။
ကင်းလှည့်နေသော မဟာကျင့်ကြံသူကြီးတစ်ယောက်၏ အသံဖြစ်သည်။
နန်းမြို့တော်တွင် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်သို့ရောက်နေသော ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့က ရုတ်တရက်ဖြစ်ပေါ်လာသော မိုးကြိုးကပ်ဘေးကို အာရုံစိုက်ထားရသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သဘာဝစွမ်းအင်အလင်းများ စုစည်းနေသော အလင်းတန်းဆီသို့ ဦးတည်၍ ပျံသန်းလိုက်သည်။
မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့် ....
နန်းမြို့တော်တွင် မိုးကြိုးကပ်ဘေးဖြတ်ကျော်ရန်အတွက် အထူးတလည်တည်ဆောက်ထားသော နေရာဖြစ်သည်။
ဆေးလုံးကပ်ဘေးဖြစ်စေ ကျင့်ကြံသူများ၏ကပ်ဘေးဖြစ်စေ ထိုနေရာတွင် ကျော်ဖြတ်ရမည်။
ဟန်မူယဲ့က မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်သို့မရောက်ခင် ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။
ယခုအချိန်တွင် မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ပေါ်၌ မိုးကြိုးကပ်ဘေးဖြတ်ကျော်နေသော လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိသည်။ ထို့အပြင် ဆေးလုံးမီးပြင်းဖိုသုံးခုလည်း ရှိနေသည်။
ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။
အချိန်တိုင်းတွင် အဆင့်တက်သွားသောကျင့်ကြံသူများနှင့် အဆင့်မြင့်ဆေးလုံးများ ရှိနေသည်။
ဟန်မူယဲ့က အောက်သို့ ဆင်းသက်လိုက်သောအချိန်တွင် လူတစ်ယောက်ရောက်လာသည်။
“တာအိုရောင်းရင်းက မိုးကြိုးကပ်ဘေးဖြတ်ကျော်ဖို့ ရောက်လာတာလား။ ကမ္ဘာမြေအဆင့်ကပ်ဘေးတွေကို ဝိညာဉ်ကျောက်တုံးသုံးသန်းပေးပြီး လုံလုံခြုံခြုံ ကျော်ဖြတ်နိုင်တယ်”
“ကောင်းကင်အဆင့်ကို တက်ရောက်ချင်ရင်တော့ ဝိညာဉ်ကျောက်တုံးဆယ်သန်း လိုအပ်လိမ့်မယ်”
“ကပ်ဘေးကျော်ဖြတ်နေတဲ့အချိန်မှာ မိုးကြိုးစွမ်းအားကို သုံးသပ်ကြည့်ချင်ရင်တော့ ဝိညာဉ်ကျောက်တုံးသုံးသန်း ထပ်ပေးရလိမ့်မယ်”
“ခန္ဓာကိုယ်ပေါ်ကျဆင်းလာတဲ့ မိုးကြိုးတွေကို လိုချင်ရင်တော့ ဝိညာဉ်ကျောက်တုံးဆယ်သန်း လိုအပ်လိမ့်မယ်”
“ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်နဲ့ဆိုရင် မိုးကြိုးကပ်ဘေးကိုသန့်စင်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို နားလည်နိုင်ဖို့ အခွင့်အရေးရလိမ့်မယ်”
သူ့ရှေ့တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် မျောက်တစ်ကောင်ကဲ့သို့ ပိန်လှီနေသည်။ သို့သော် သူ့မျက်လုံးများက တောက်ပနေသည်။
သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ကောင်းကင်ထက်မှ ကျဆင်းလာတော့မည့် မိုးကြိုးကပ်ဘေးကို မော့ကြည့်သည်။
“တာအိုရောင်းရင်းရဲ့မိုးကြိုးကပ်ဘေးက နည်းနည်းအားကောင်းသလိုပဲ။ မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ကို အဆင့်မြှင့်ပြီး လျော့ဈေးပေးလို့ရ ....”
ဟန်မူယဲ့က သူ့စကားများကို နားမထောင်ချင်တော့ပေ။ သူက အဆင့်မြင့်ဝိညာဉ်ကျောက်တုံးသုံးရာကို ပစ်ပေးလိုက်ပြီး ရှေ့တွင်ရှိသောစင်မြင့်ပေါ်သို့ ပျံတက်သွားသည်။
ပိန်ပါးသောကျင့်ကြံသူက အဆင့်မြင့်ဝိညာဉ်ကျောက်တုံးသုံးရာကို ယူလိုက်ပြီး နှုတ်ခမ်းစေ့၍ ရေရွတ်သည်။
“သူက လူဆင်းရဲတစ်ယောက်ပဲ”
စင်မြင့်ပေါ်သို့ရောက်သွားသောဟန်မူယဲ့က ထိုကျင့်ကြံသူကို လျစ်လျူရှုထားသည်။ သူ့နောက်ကွယ်တွင် မမြင်နိုင်သော အနက်ရောင်နွားဦးချိုပုံရိပ်တစ်ခု ပေါ်လာသည်။
ခွေဦးချိုဖြစ်သည်။
သူက အာရုံစိုက်မှုများကို မလိုချင်သောကြောင့် မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်သို့ ရောက်လာခဲ့သည်။
ခွေဦးချိုနှင့်ခွေသားရေ ရှိနေသောကြောင့် ကမ္ဘာမြေ ရွှေအမြုတေအဆင့်၏ကပ်ဘေးကို ကြောက်နေရန် မလိုအပ်ပေ။
“ဘုန်း”
မြွေတစ်ကောင်နှင့်တူသော ရွှေရောင်လျှပ်စီးကြောင်း ဆင်းသက်လာသည်။
ထိုမိုးကြိုးသည် တခြားလူများ၏မိုးကြိုးထက် ဆယ်ဆခန့်ပိုပြင်းထန်ပြီး ကမ္ဘာမြေအဆင့်မှ ကောင်းကင်အဆင့်သို့တက်ရောက်မည့် မိုးကြိုးကပ်ဘေးနှင့် ယှဉ်နိုင်သည်။
ပိန်ပါးသောကျင့်ကြံသူက ထိုမိုးကြိုးကို မြင်လိုက်ရသောအခါတွင် မျက်လုံးများအေးစက်သွားပြီး ရေရွတ်သည်။
“သူက ကျွမ်းကျင်သူတစ်ယောက်ပဲ ....”
သူက ခေါင်းခါလိုက်ပြီး လက်ထဲတွင် ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ထားသည်။
“မင်းက ဒီမိုးကြိုးကပ်ဘေးကို ခုခံနိုင်မလား ကြည့်ရအောင်။ ဝင်္ကပါရဲ့စွမ်းအားကိုသုံးပြီး ခုခံမယ်ဆိုရင်တော့ ဝိညာဉ်ကျောက်တုံးတွေ ထပ်ပေးရလိမ့်မယ်”
“မဟုတ်သေးဘူး။ သူက အလားအလာကောင်းတယ်။ ငါက အခကြေးငွေ ပိုတောင်းသင့်လား ဒါမှမဟုတ် မျက်နှာသာရအောင် လုပ်ရမလား။ ငါထင်တာက .... စောက်ကျိုးနည်း”
သူ့ရှေ့တွင် ရွှေရောင်လျှပ်စီးကြောင်းသည် ဟန်မူယဲ့၏ဦးခေါင်းဆီသို့ တိုးဝင်လာသည်။
သို့သော် ဟန်မူယဲ့က မရှောင်ပေ။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး လျှပ်စီးကြောင်းကို မြိုချလိုက်သည်။
မိုးကြိုးကပ်ဘေး၏လျှပ်စီးကြောင်းသည် ဝါးမြိုခံလိုက်ရသည်။
သို့သော် အနက်ရောင်ချီစွမ်းအင်အလင်းသည် စိတ်ကျေနပ်မှုမရှိဘဲ အစွယ်နှင့်လက်သည်းများကို ထုတ်ပြ၍ တခြားလူများ၏ကပ်ဘေးမှ ပျောက်ကွယ်လုနီးပါးဖြစ်နေသောမိုးကြိုးများကို ဆွဲဆောင်နေသည်။
ဟန်မူယဲ့က ခန္ဓာကိုယ်ထဲသို့ဝင်လာသော မိုးကြိုးစွမ်းအားကြောင့် ပြုံးလိုက်သည်။
မိုးကြိုးစွမ်းအား၏အကူအညီဖြင့် သူက သွေးမျိုးဆက်စွမ်းအားကို လျင်မြန်စွာသန့်စင်နိုင်ခဲ့သည်။
သူက လက်မြှောက်လိုက်သောအခါ လက်ချောင်းထိပ်တွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာသည်။
သူက ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလာသည်။
သိပ်မကြာခင်မှာပင် သာမန်လူတစ်ယောက်ကဲ့သို့ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူက ညီမမူနှင့် တစ်ခုခုလုပ်နိုင်မည်။
“ဘုန်း”
လျှပ်စီးကြောင်းများ ထပ်မံဆင်းသက်လာပြီး ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ ဝင်ရောက်လာသည်။ ဟန်မူယဲ့၏ဒန်ထျန်ထဲတွင် ရွှေရောင်ဓားသည် ဆက်တိုက်သိပ်သည်းနေသည်။
ထိုဓားတင်မကဘဲ သူ့အရိုးများသည်လည်း ကျောက်စိမ်းရောင်ဓားအလင်းကို ထုတ်ပေးနေသည်။