← Chapters

အခန်း (၄၉၆)

Vol. 36 Ch. 496

အခန်း (၄၉၆)

Vol. 36 Ch. 496

‘ဆေးလုံးက လုံလောက်အောင် အားမကောင်းမှာစိုးလို့ သူက ကူညီပေးနေတာလား’

ဟန်မူယဲ့က တွေးမိသည်။

သို့သော် တာအိုနယ်မြေ၏စွမ်းအားသည် ကျင့်ကြံသူများ၏ ကိုယ်ပိုင်စုစည်းမှုမှ ဖြစ်ပေါ်လာသည်။ အနည်းငယ်ဆုံးရှုံးသွားလျှင်ပင် ရင်နာရလိမ့်မည်။

“ရွှပ် ....”

ကုန်းစွန်းရှုက တည်ငြိမ်စွာမနေနိုင်‌တော့ပေ။ တာအိုနယ်မြေထဲတွင် ဓားအလင်းတစ်ခုပေါ်ထွက်လာပြီး ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးချလိုက်သည်။

ဓားအလင်းသည် ကြည်လင်ပြီး တိတ်ဆိတ်သည်။ သို့သော် မြင့်တက်လာသောနေတစ်စင်းကဲ့သို့ မခုခံနိုင်သောခွန်အားကို သယ်ဆောင်ထားသည်။

ဓားတာအိုနယ်မြေ၏ ထောက်ပံ့မှုကြောင့် ဓားကျင့်ကြံသူ၏ သာမန်တိုက်ကွက်သည် ပေါင်တစ်သောင်းကျော်စွမ်းအား ရှိလိမ့်မည်။

ထိုကျွမ်းကျင်သူမျိုးသည် ကောင်းကင်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။

ဟန်မူယဲ့က ရင်ဘတ်ဆီသို့တိုးဝင်လာသော ဓားအလင်းကိုကြည့်လိုက်ပြီး အံ့အားသင့်မသွားပေ။

ဟန်မူယဲ့က လက်ညှိုးညွှန်သည်။ ဓားချီများကို လုံလောက်စွာစုပ်ယူခဲ့သော ဆေးလုံးက ပြန်လှည့်လာပြီး ဟန်မူယဲ့၏ရင်ဘတ်ရှေ့တွင်ရှိသော ဓားအလင်းနှင့် ရင်ဆိုင်လိုက်သည်။

“ခလွမ် ....”

ဓားနှစ်လက် တိုက်မိသွားသကဲ့သို့ ကြွပ်ဆပ်သောအသံ ထွက်လာသည်။

သုံးပေအကွာအဝေးအတွင်း၌ ပြိုင်ဘက်ကင်းဆိုသောအရာမျိုး မရှိပေ။

ဓားနယ်မြေ၏စွမ်းအားသည် ဟန်မူယဲ့နှင့် သုံးပေအကွာတွင် တားဆီးခံလိုက်ရသည်။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။

‘မဟာဓားကျင့်ကြံသူကြီးတစ်ယောက်ရဲ့ရှေ့မှာ ငါက အရာအားလုံးကို ထိန်းချုပ်ထားတယ်’

“ဘုန်း”

အဆုံးမရှိသော ကောင်းကင်နှင့်မြေကြီးသည် ပြိုကျလာသည်။ ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ဟိန်းဟောက်သည်။ ဓားအလင်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ‌တောင်တစ်လုံးသဖွယ် ထောက်ပံ့ပေးထားသည်။

ဓားသည် ကျိုးပဲ့သွားသော်လည်း ဖြောင့်တန်းနေဆဲဖြစ်သည်။

ထိုဓားသည် ကောင်းကင်ကိုထိုးဖောက်ပြီး လောကကို ထောက်ပံ့ပေးနိုင်သည်။

လေပြင်းနှင့်တိမ်တိုက်များ နိမ့်လိုက်မြင့်လိုက် လှုပ်ရှားနေသည်။

ဓားအလင်းထွက်‌ပေါ်လာပြီး တောင်တန်းနှင့်အတူ ပျက်စီးသွားသည်။

အနိုင်ရခြင်း ရှုံးနိမ့်ခြင်း မရှိပေ။

လက်ရည်စမ်းခြင်းသာ ဖြစ်သည်။

ဟန်မူယဲ့က ဆေးလုံးကို ဖမ်းယူလိုက်သည်။ ဓားနယ်မြေသည် ပျောက်ကွယ်သွားပြီး စားပွဲခုံတွင်ထိုင်နေသော ကုန်းစွန်းရှုကိုသာ ချန်ရစ်ခဲ့သည်။ ရှောက်တထျန်းက ငါးကင်တစ်ကောင်ကိုယူ၍ လျှောက်လာသည်။

ကုန်းစွန်းရှု၏လက်ထဲတွင်ရှိသော တူတစ်စုံသည် နှစ်ပိုင်းပြတ်သွားခဲ့သည်။

“ဆရာ၊ ဒီငါးကင်ကို စွေ့စွေ့က လုပ်ထားတာပါ။ တောင်ပိုင်းကုန်းမြေရဲ့ အရသာအတိုင်းပါပဲ”

ရှောက်တထျန်းက ငါးကင်ကို စားပွဲပေါ်တွင် ချပေးလိုက်ပြီး ပျော်ရွှင်စွာပြောသည်။

“ကောင်းပြီ။ ငါစားကြည့်လိုက်မယ်”

ကုန်းစွန်းရှုက ပြုံးလိုက်ပြီး တူတစ်ဝက်ကို ချသည်။

ရှောက်တထျန်းက စားပွဲပေါ်တွင်ရှိသောပန်းကန်များကို ရှင်းလင်းလိုက်ပြီး လှည့်ထွက်သွားသည်။

ကုန်းစွန်းရှုက လက်ထဲတွင်ရှိသောတူနှင့် ငါးအသားစကို ကောက်ယူလိုက်ပြီး တီးတိုးရေရွတ်၍ စားလိုက်သည်။

“ငါက နှစ်ပေါင်းသုံးဆယ်ကြာတဲ့အထိ ဘယ်သူနဲ့မှ မတိုက်ခိုက်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့မှာ ပထမဆုံး တိုက်ခိုက်လိုက်ပြီး လက်ထဲမှာရှိတဲ့ဓား ကျိုးသွားခဲ့တယ်။ ငါက တကယ်အိုနေပြီထင်ပါတယ်”

‘လက်ထဲမှာရှိတဲ့ ဓားတဲ့လား’

ဟန်မူယဲ့က ခံစားချက်များနှင့် သက်ပြင်းချသည်။ သူက တာအိုနယ်မြေထဲတွင် အစွမ်းကုန်ထုတ်သုံးခဲ့သော်လည်း တူတစ်စုံကိုသာ ချိုးနိုင်ခဲ့သည်။

တစ်ဖက်လူသည် နက်ရှိုင်းသောခွန်အားများဖြင့် ရှားပါးသော ဓားကျင့်ကြံသူကြီးတစ်ယောက် ဖြစ်သည်။

သို့သော် သူက မည်သူ့ကိုမှ မကြောက်ပေ။

“ဒီဆိုင်ရဲ့ငါးကင်က တကယ်ပဲ တောင်ပိုင်းကုန်းမြေရဲ့အရသာကို ပေးနိုင်တယ်။ ငါက တောင်ပိုင်းကုန်းမြေကို မရောက်ဘူးပေမဲ့ တောင်ပိုင်းကုန်းမြေရဲ့အစားအသောက်တွေကို စားဖူးတယ်”

တူနှစ်ပိုင်းပြတ်သွားသောကုန်းစွန်းရှုက စိတ်ရှုပ်မနေဘဲ ခံစားချက်ကောင်းနေပုံရသည်။

သူက ငါးကင်ကို မှတ်ချက်ပေး၍ အားရပါးရ စားနေသည်။

သူက ချီးကျူးလိုက်သောကြောင့် သိပ်မဝေးသောနေရာတွင်ရှိနေသည့် ရှောက်တထျန်းနှင့်စွေ့စွေ့က ပျော်ရွှင်သွားသည်။

မသိနားမလည်သောလူများသည် ကြောက်ရွံ့မှုမရှိဆိုသော စကားအတိုင်းပင်ဖြစ်သည်။ ရှောက်တထျန်းတို့စုံတွဲက စားပွဲခုံတွင်ထိုင်နေသော လူအိုကြီးသည် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့၏ဆိုင်ကို ပြာပုံဘဝရောက်သွားစေနိုင်ကြောင်း မသိခဲ့ပေ။

ဟန်မူယဲ့က အလျင်မလိုပေ။ သူက ဘေးတွင်ရပ်ပြီး ကုန်းစွန်းရှုစားပြီးသွားအောင် စောင့်နေသည်။

သူက ကုန်းစွန်းရှု၏တာအိုနယ်မြေမှ အကျိုးအမြတ်ရခဲ့သည်။ ဆေးလုံးစုပ်ယူလိုက်သော ဓားချီကြောင့် သူက ဝိညာဉ်ကျောက်တုံးဆယ်သန်းခန့် သက်သာသွားသည်။

တစ်ဖက်လူ၏ဓားချီများကို စုပ်ယူထားသောကြောင့် မတ်တပ်ရပ်စောင့်နေခြင်းသည် မျှတသည်။

ကုန်းစွန်းရှုက ငါးကင်ကို စားလိုက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။ ထိုအချိန်တွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး သူ့ကို အာခီမီကံကြမ္မာစံအိမ်သို့ ဖိတ်ခေါ်ခဲ့သည်။

“ဆရာသခင်ဟွမ်တင်းရှုက စာမရေးတော့တာ နှစ်တစ်ရာကြာပြီ။ မင်းက သူ့လက်ရေးကိုရနိုင်တယ်ဆိုတော့ တကယ်ကောင်းတာပဲ”

ကုန်းစွန်းရှုက အာခီမီကံကြမ္မာစံအိမ်၏ ဆိုင်းဘုတ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အကြီးအကဲကုန်းစွန်းရဲ့အရေးအသားကလည်း ဓားအလင်းတွေပဲ။ မတူညီတဲ့ဆွဲဆောင်မှုတစ်မျိုး ရှိနေတယ်”

ဟန်မူယဲ့က မသိမသာ မြှောက်ပင့်လိုက်သည်။

ကုန်းစွန်းရှု၏စာလုံးထဲတွင် ဓားဆန္ဒများ ပါဝင်နေသည်။ သာမန်ဓားကျင့်ကြံသူများက စာလုံးများကိုကြည့်ရှု၍ ဉာဏ်အလင်းရနိုင်လိမ့်မည်။

စာလုံးနှင့်ဓားကို ပေါင်းစပ်နိုင်သောကျင့်ကြံသူများ လောကတွင် သိပ်မရှိပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကုန်းစွန်းရှုက ဂုဏ်ယူသွားပုံပေါ်သည်။

ကုန်းစွန်းရှုက ကိုယ်ပိုင်လက်ရေးနှင့်ပတ်သတ်၍ ကျေနပ်မှုမရှိလျှင် ရှုဟယ်စံအိမ်၏နာမည်ပြားကို ရေးသားခဲ့မည်မဟုတ်ပေ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကုန်းစွန်းရှုကို အာခီမီကံကြမ္မာစံအိမ်ထဲသို့ ဖိတ်ခေါ်သည်။ ယနေ့တာဝန်ကျနေသော ဇူအော်ယုထင်က ရှေ့တက်လာပြီး လက်ဖက်ရည်ပွဲချပေး၍ တံခါးဝသို့ ပြန်သွားလိုက်သည်။

ကုန်းစွန်းရှုက လက်ရေးလှစာပေကို ရေးသားနိုင်သောကြောင့် ပန်းချီကားများကိုလည်း လေ့လာခဲ့လိမ့်မည်။

အာခီမီကံကြမ္မာစံအိမ်တွင်ရှိသော ပန်းချီကားလေးချပ်ကြောင့် သူ့မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေသည်။ မကြာခဏဆိုသလိုပင် သူ့ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒများ ပေါ်ထွက်လာသည်။

‘သူက ပွင့်ပွင့်လင်းလင်းဓားပြတိုက်သွားဖို့ တွေးနေတာလား’

ကံကောင်းစွာဖြင့် ကုန်းစွန်းရှုက မလှုပ်ရှားခဲ့ပေ။ နောက်ဆုံးတွင် သူက ခေါင်းခါလိုက်ပြီး တီးတိုးရေရွတ်၍ နောက်သို့ပြန်လှည့်သည်။

ကုန်းစွန်းရှုက သစ်သားကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“စစ်သူကြီးရှောင်ယွဲ့လီရဲ့ တာအိုလက်တွဲ‌ဖော် ကောင်းချန်ကုန်းက ကျွန်တော့်ရဲ့ အကြီးအကဲပါ။ စစ်သူကြီးရှောင်ယွဲ့လီက အကြီးအကဲရဲ့လက်အောက်မှာ သင်ကြားဖူးတယ်လို့ ပြောတယ်”

ကုန်းစွန်းရှုက ရှောင်ယဲ့လီ၏ဆရာဖြစ်သည်။

‌ရှောင်ယဲ့လီက တိုက်ရိုက်တပည့်မဟုတ်သော်လည်း‌ သူက ရှောင်ယွဲ့လီကို ဓားနည်းစနစ်များ သင်ကြားပေးဖူးသည်။

ရှောင်မိသားစုနှင့် ကုန်းစွန်းမိသားစုသည် မဟာမိတ်ဖွဲ့ထားသည်။

ရှောင်ယွဲ့လီကို ဟန်မူယဲ့၏လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ဟန်မူယဲ့က နန်းမြို့တော်သို့ သွားမည့်အချိန်တွင် ရှောင်ယွဲ့လီက နန်းမြို့တော်တွင်ရှိသော သူမ၏အဆက်အသွယ်များကို ပြောပြခဲ့သည်။

သူမက ကုန်းစွန်းရှုကို အထူးတလည် ပြောခဲ့သည်။

ဟန်မူယဲ့ကို ကုန်းစွန်းရှုဆီသို့သွားလည်ရန်လည်း အကြံပြုလိုက်သေးသည်။

ရှောင်ယွဲ့လီ၏အမြင်တွင် ဟန်မူယဲ့၏ဓားတာအိုပါရမီကြောင့် ကုန်းစွန်းရှုက သူ့ကို သေချာပေါက် တန်ဖိုးထားလိမ့်မည်။

ကုန်းစွန်းရှုက နန်းမြို့တော်၏ မဟာဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့အဆင့်အတန်းအရ သူက ရှောင်မိသားစုထက်ပင် ပိုမိုအားကောင်းသည်။

“ယွဲ့လီလား”

ကုန်းစွန်းရှုက အနည်းငယ်အံ့အားသင့်သွားသည်။ သူက ဟန်မူယဲ့ကို ပြန်ကြည့်လိုက်ပြီး ခေါင်းညိတ်၍ ပြောသည်။

“အဲဒါဆိုရင် မင်းက ငါ့ကို အကြီးအကဲလို့ တကယ်ခေါ်သင့်ပါတယ်”

သူက ထိုသို့ပြောလိုက်ပြီး ခံစားချက်များ ပြင်းထန်လာပုံပေါ်သည်။

“အမိန့်စာတစ်ခုနဲ့ နတ်တွေကို တရားဝင်ဘွဲ့ထူးချီးမြှင့်ပေးတယ်။ လောကအတွက် အာခီမီတာအိုနည်းစနစ်ကို ဖြန့်ဝေပေးတယ်။ လူငယ်မျိုးဆက်သစ်တွေက ငါတို့လူအိုကြီးတွေကို မျက်နှာသာမပေးတော့ဘူးလား”

ဟန်မူယဲ့က သူ့ကိုကြည့်သည်။

‘ဓားတာအိုရဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူ တော်ဝင်အစောင့်တပ်ခေါင်းဆောင် ကုန်းစွန်းရှုက ငါ့ကို စနောက်နေတာလား’

“အာခီမီကံကြမ္မာစံအိမ်ရဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာကို ငါလာကြည့်တာ။ မင်းက ငါ့ခန့်မှန်းချက်ထက် ကျော်လွန်နေတာပဲ”

ကုန်းစွန်းရှုက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းသုံးလိုက်တဲ့ဓားဆေးလုံးက အသစ်သန့်စင်ထားတဲ့ဆေးလုံးလား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

ထို‌ဆေးလုံး၏ခွန်အားသည် သူ့ခန့်မှန်းချက်ထက် ကျော်လွန်နေသည်။

ထိုဆေးလုံးသည် ဓားကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းကို တိုးတက်လာစေသည့်အပြင် ဓားချီကိုစုပ်ယူ၍ ကိုယ်တိုင်တိုးတက်အောင် ‌ဆောင်ရွက်နိုင်သည်။ အလွန်ထူးခြားသည်။

“ငါက ဓားဆေးလုံးနည်းစနစ်တွေကို မကျင့်ကြံပေမဲ့ လေ့လာဖူးတယ်။ အဲ့ဒီဆေးလုံးက ဓားဆေးလုံးနေရာမှာ အစားထိုးနိုင်မယ်ဆိုရင် အရမ်းအဖိုးတန်လိမ့်မယ်”

ကုန်းစွန်းရှုက ခံစားချက်များနှင့်အတူ ပြောသည်။

သူက တာအိုနယ်မြေထဲတွင် ဓားဆေးလုံး၏စွမ်းအားကို အာရုံခံမိခဲ့သည်။

ထို့အပြင် ထိုဆေးလုံးကို ဒန်ထျန်ထဲတွင် သန့်စင်ထားနိုင်သည်။ ထိုဆေးလုံးကို များသောအားဖြင့် ဓားဆန္ဒအတွက် အားဖြည့်ဆေးအဖြစ် အသုံးချသည်။ သို့သော် အရေးကြီးသောအချိန်တွင် ဓားဆေးလုံးအနေဖြင့် အသုံးချနိုင်သည်။

ထိုသို့ နှစ်မျိုးသုံးနိုင်သောရတနာအတွက် ဓားကျင့်ကြံသူအများအပြားက တန်ဖိုးကြီးကြီးပေးရန် ဆန္ဒရှိကြလိမ့်မည်။

“မင်းက ဆေးညွှန်းနဲ့ ဆေးလုံးသန့်စင်ခြင်းနည်းစနစ်ကို ရောင်းလိမ့်မယ်လို့ ငါမထင်ဘူး။ ဒါပေမဲ့ ....”

ကုန်းစွန်းရှုက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“မင်းက အဲဒီဆေးလုံးကို ငါ့ရဲ့ ရှုဟယ်စံအိမ်မှာ ရောင်းလိုက်ရင်ရော”

‘ဆေးလုံးကို ရှုဟယ်စံအိမ်မှာ ရောင်းရမှာလား’

ဟန်မူယဲ့က ကုန်းစွန်းရှု၏ရည်ရွယ်ချက်ကို နားလည်သွားသည်။

ရှုဟယ်စံအိမ်သည် ဓားကျင့်ကြံသူများလိုအပ်သော ဝိညာဉ်ဆေးပင်နှင့်ဆေးလုံးများကို အဓိကရောင်းချသည်။ အကယ်၍ ဟန်မူယဲ့၏ဆေးလုံးကို ရနိုင်လျှင် သူတို့က တခြားဆေးဆိုင်များကိုကျော်ဖြတ်၍ နန်းမြို့တော်တွင် ဓားကျင့်ကြံသူများနှင့်ပတ်သတ်သော ဆေးလုံးများကိုရောင်းချသည့် အ‌ကောင်းဆုံးဆေးဆိုင် ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့၏ အာခီမီကံကြမ္မာစံအိမ်သည် ထင်ပေါ်မှုသိပ်မရှိပေ။ ထိုဆေးလုံးကိုမှီခိုပြီး နာမည်ကြီးလာရန်လည်း မလိုအပ်ပေ။

တစ်ဖက်တွင် ထိုဆေးလုံးကြောင့် အာခီမီကံကြမ္မာစံအိမ်သို့ ပြဿနာအမျိုးမျိုး ရောက်လာနိုင်သည်။

ထို့ကြောင့် ရှုဟယ်စံအိမ်ကို ရောင်းချခွင့်ပေးလိုက်လျှင်လည်း မဆိုးပေ။

“ကျွန်တော်က ဆေးလုံးသန့်စင်ခြင်းနည်းစနစ်ကို ပြီးပြည့်စုံအောင်လုပ်ရအုံးမယ်။ ဆေးလုံးသန့်စင်တာနဲ့ပတ်သတ်ပြီး ရင်းနှီးလာရင် ကျွန်တော်က ရှုဟယ်စံအိမ်ကို ပေးလိုက်ပါ့မယ်”

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး ပြောသည်။

သူသန့်စင်ထားသောဆေးလုံးသည် အလွန်အားကောင်းသည်။ ထိုဆေးလုံးကို ရောင်းချလိုက်လျှင် ဝယ်ယူနိုင်သောလူများ သိပ်ရှိမည်မဟုတ်ပေ။

ဓားကျင့်ကြံသူအများစုသည် မချမ်းသာပေ။

သူက ဆေးလုံးကို ရောင်းချရန်အတွက် သန့်စင်မည်ဆိုလျှင် ဆေးလုံး၏စွမ်းအားကို အနည်းငယ်လျော့ချ၍ အများအပြားသန့်စင်ရမည်။ ဓားဆေးလုံး၏စွမ်းအားမျိုး ရှိနေလျှင် အဆင်ပြေသည်။

ဟန်မူယဲ့က သဘောတူလိုက်သောအခါတွင် ကုန်းစွန်းရှုက ပြုံးသည်။

ရှောင်ယွဲ့လီနှင့်ပတ်သတ်မှုသည် အထောက်အကူတစ်ခုသာဖြစ်သည်။ အကျိုးအမြတ်များသည် အစစ်အမှန်ဆက်သွယ်မှုဖြစ်သည်။

ထိုဆေးလုံးနှင့်ပတ်သတ်၍ ရှုဟယ်စံအိမ်နှင့်ဟန်မူယဲ့က အကျိုးအမြတ်များ ရလိမ့်မည်။

ဟန်မူယဲ့က ရှုဟယ်စံအိမ်၏နာမည်ကို အသုံးချ၍ အကျိုးအမြတ်ရနိုင်သည်။

ထိုအကြောင်းနှင့်ပတ်သတ်၍ ဆွေးနွေးပြီးသောအခါတွင် သူတို့နှစ်ယောက်က ပေါ့ပါးစွာ စကားပြောနေကြသည်။

ကုန်းစွန်းရှုက ဓားတာအို၏ ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သည်။ ဟန်မူယဲ့၏ ဓားတာအိုကျင့်ကြံခြင်းသည် နက်ရှိုင်းသော်လည်း အတွေ့အကြုံများ လိုအပ်နေသေးသည်။ ထို့ကြောင့် သူ့တွင် မေးခွန်းများ ရှိနေသည်။

ကုန်းစွန်းရှု၏အမြင်တွင် သူ့ကိုယ်သူ မျိုးဆက်သစ်လူငယ်ဟု ပြောနေသော ဟန်မူယဲ့သည် သူနှင့်မျိုးဆက်တူသော ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူတို့နှစ်ယောက်၏စကားဝိုင်းသည် အကြီးအကဲတစ်ယောက်မှ လူငယ်တစ်ယောက်ကို လမ်းညွှန်နေခြင်းမျိုး မဟုတ်ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အတွေးအခေါ်များဖလှယ်ပြီး နှစ်ဖက်လုံး အကျိုးရှိခဲ့သည်။

ဟန်မူယဲ့၏ ရဲတင်းသောအကြံဉာဏ်နှင့် လူငယ်ဘဝအတွေ့အကြုံများသည် ကုန်းစွန်းရှုကို ဉာဏ်အလင်းပွင့်လာစေသည်။

ဟန်မူယဲ့က လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်၏ ဝိညာဉ်အကြွင်းအကျန်များအကြောင်းကိုလည်း အနည်းငယ်ပြောပြခဲ့သည်။

ဓားကျင့်ကြံသူအများအပြားသည် လင်းချုံးရှောင်၏ မပြည့်ဝသောရည်မှန်းချက်ကြောင့် နှမြောတသဖြစ်ကြသည်။

တာအိုတန်ခိုးရှင်ချုံးယွင်က ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျောက်စိမ်းအရိုးများကို လိုလိုလားလား ပေးခဲ့သောကြောင့် လေးစားဖွယ်ကောင်းသည်။

လေ့ကျင့်ရေးမှူးလင်း၏ ဓားဆွဲထုတ်ရန်အတွက် ပြတ်သားသောဆုံးဖြတ်ချက်သည်လည်း ဓားကျင့်ကြံသူတစ်ယောက်အတွင် သင်ခန်းစာယူသင့်သည်။

ဟန်မူယဲ့က ဇာတ်လမ်းကို အဆုံးသတ်လိုက်သောအခါတွင် ကုန်းစွန်းရှုက ခဏတာတိတ်ဆိတ်နေပြီး ညင်သာစွာ သက်ပြင်းချသည်။

All Chapters