← Chapters

အခန်း (၄၉၈)

Vol. 36 Ch. 498

အခန်း (၄၉၈)

Vol. 36 Ch. 498

“မနေ့တုန်းက ဒီဓားကို အာမခံအနေနဲ့ထားပြီး အလင်းဓားဆေးလုံးနှစ်လုံးကို သန့်စင်ပေးဖို့အတွက် မင်းရဲ့ခင်ပွန်းက ငါ့ဆိုင်ကို ရောက်လာခဲ့တယ်။ ဒီနေ့မှာ ငါက ဆေးလုံးသန့်စင်ပြီးသွားလို့ တစ်ချက်လာကြည့်တာပဲ”

ဟန်မူယဲ့က ဓားမှတ်ဉာဏ်များကို မြင်ထားသောကြောင့် သူ့ရှေ့တွင်ရှိသော အမျိုးသမီးသည် ပိဝူဟယ်၏ တာအိုလက်တွဲဖော် ကျင်းယွင်မိန်ဖြစ်ကြောင်း သိထားသည်။ သူမက လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့၏ မိခင်လည်း ဖြစ်သည်။

ကျင်းယွင်မိန်က ဒဏ်ရာရထားသောကြောင့် ဤနေရာတွင်သာ နေထိုင်ခဲ့သည်။

“အလင်းဓားဆေးလုံးလား”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ကျင်းယွင်မိန်က ထိတ်လန့်စွာအသံပြုလိုက်သည်။

“သူရူးနေတာလား”

ကျင်းယွင်မိန်က ရေရွတ်လိုက်ပြီး နောက်တွင်ရှိသော စိုးရိမ်နေသည့်ကလေးနှစ်ယောက်ကို လှည့်ကြည့်သည်။

သူမက ဝမ်းနည်းနေပုံပေါ်ပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားကို ထပ်ကြည့်ပြန်သည်။

“သူက တောင်တန်းမြစ်ဓားကိုတောင် စွန့်လွှတ်ဖို့ဆန္ဒရှိတယ် ....”

ကျင်းယွင်မိန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“တာအိုရောင်းရင်၊ ကျွန်မရဲ့ခင်ပွန်းက အလင်းဓားဆေးလုံးအတွက် ဝိညာဉ်ကျောက်တုံးတွေကို မတတ်နိုင်လောက်ပါဘူး”

“တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဓားကို ပြန်ပေးပါ။ ကျွန်မတို့က ဆေးလုံးကို မလိုချင်တော့ပါဘူး”

သူမက ပြောင်းလဲမသွားသော ဟန်မူယဲ့၏မျက်နှာထားကို ကြည့်လိုက်ပြီး ခက်ခဲစွာပြောသည်။

“တကယ်လို့ ဆေးလုံးက သန့်စင်ပြီးသားဆိုရင် ဓားနဲ့ လဲကြရအောင်”

တောင်တန်းမြစ်ဓားသည် အသိစိတ်ရှိနေသောကြောင့် ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းကို အများအပြားတိုးမြှင့်ပေးနိုင်သည့် ရတနာတစ်ပါးဖြစ်သည်။

ကျင်းယွင်မိန်က ဓားကိုသုံးပြီး ဆေးလုံးလဲလှယ်လိုက်သည့်အတွက် သူမကိုယ်သူမ ယုံကြည်နိုင်ရန် ခက်ခဲနေသည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်လိုက်သည်။ သူက ဆေးလုံးကိုထုတ်မယူဘဲ ဓားကိုလည်း မသိမ်းပေ။ သူက ပြောလိုက်သည်။

“ပိသခင်မ၊ အလင်းဓားဆေးလုံးနှစ်လုံးက သူတို့အတွက်လား”

ဟန်မူယဲ့က ကျင်းယွင်မိန်၏နောက်တွင်ရှိသော ကလေးနှစ်ယောက်ကို ကြည့်သည်။

ကျင်းယွင်မိန်က တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လျက် ပြောသည်။

“ကျွန်မရဲ့ကလေးနှစ်ယောက်က ဓားတာအိုမှာ ပါရမီတချို့ရှိတယ်။ ဓားစုစည်းခြင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က သူတို့ကို သဘောကျသွားပြီး တပည့်အဖြစ်လက်ခံဖို့တောင် လုပ်ခဲ့တယ်”

“ကျွန်မရဲ့ခင်ပွန်းက သူတို့ကို ပါရမီပိုကောင်းစေချင်လို့ ဆေးလုံးမှာယူခဲ့တာဖြစ်မယ်”

မြို့အောက်ပိုင်းတွင်ရှိသော ဂိုဏ်း၏ခွန်အားကို မသိနိုင်ပေ။ သို့သော် အားကောင်းသည့်ဂိုဏ်း မဖြစ်နိုင်ပေ။

ကလေးနှစ်ယောက်က ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့လျှင် အရင်းအမြစ်ဖြစ်စေ လုံခြုံမှုဖြစ်စေ ပိဝူဟယ်၊ ကျင်းယွင်မိန်တို့နှင့် ရှိနေခြင်းထက် ပိုကောင်းသွားလိမ့်မည်။

နန်းမြို့တော်၏ မြို့အောက်ပိုင်းတွင်လည်း ကင်းလှည့်တပ်ဖွဲ့ရှိသောကြောင့် တိုက်ပွဲများ သိပ်မရှိပေ။

‌”ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ နိမ့်ကျတဲ့အိမ်လေးမှာ ထိုင်ပါအုံး။ ကျွန်မရဲ့ခင်ပွန်းက တာဝန်တစ်ခုလက်ခံထားလို့ မကြာခင် ပြန်ရောက်လာပါလိမ့်မယ်”

ကျင်းယွင်မိန်က ပြောလိုက်သည်။

ဟန်မူယဲ့က ကုန်းစွန်းရှုကို လှည့်ကြည့်သည်။

ကုန်းစွန်းရှုက ခေါင်းညိတ်သည်။

သူတို့က ကျင်းယွင်မိန်နှင့်အတူ အိမ်ထဲသို့ လိုက်သွားသောအခါ ခြံဝိုင်းထဲတွင်ရှိသော အလှကျောက်တုံးနှင့် တခြားအရာများကို မြင်လိုက်ရသည်။

အခန်းထဲတွင် အလှဆင်ပစ္စည်းများ မရှိပေ။ သို့သော် သန့်ရှင်းနေသည်။

ကလေးနှစ်ယောက်က လက်ဖက်ရည်ပွဲကို ချပေးနေသည်။

“မင်းရဲ့နာမည်က ပိချုံးမဟုတ်လား။ မင်းရဲ့နာမည်ကရော ဘယ်သူလဲ”

ဟန်မူယဲ့က လက်ဖက်ရည်ပွဲယူလာသော ကလေးကို ကြည့်လိုက်ပြီး ညင်သာစွာမေးသည်။

“ကျွန်တော့်နာမည်က ပိယွင်ပါ။ ခင်ဗျားက ကျွန်‌တော်တို့နှစ်ယောက်ကို ခွဲပြောနိုင်တဲ့ ပထမဆုံးလူပဲ”

ပိယွင်က ပျော်သွားပုံပေါ်သည်။

တစ်ဖက်တွင် ပိချုံးကလည်း ပြုံးနေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကလေးနှစ်ယောက်ကို ကြည့်သည်။

“မင်းတို့က ဓားလေ့ကျင့်ရတာကို ကြိုက်လား”

ကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ဟန်မူယဲ့က ကျင်းယွင်မိန်ကို ကြည့်သည်။

“သခင်မပိ၊ ငါက မင်းမိသားစုအကြောင်းကို နည်းနည်းတော့ သိထားတယ်။ မင်းနဲ့ တာအိုရောင်းရင်းပိတို့က နန်းမြို့တော်က မဟုတ်ဘူးမဟုတ်လား။ မင်းတို့က ရှောင်ပြေးဖို့အတွက် ဒီကိုရောက်လာကြတာမဟုတ်လား”

ဟန်မူယဲ့က ဓားမှတ်ဉာဏ်များအား ကြည့်ထားကြောင်း ကျင်းယွင်မိန်က မသိပေ။ ပိဝူဟယ်က ပြောထားသည်ဟု သူမက တွေးလိုက်သည်။

သူမက ညင်သာစွာခေါင်းညိတ်ပြီး သက်ပြင်းချသည်။

“ကျွန်မက သူ့ကို ဆွဲချမိတဲ့လူပါ”

သူမ၏မျက်နှာပေါ်တွင် ချစ်မြတ်နိုးမှုများ ပေါ်လာပြီး ဘေးတွင်ရှိသော ကလေးနှစ်ယောက်ကို ကြည့်သည်။

“ကျွန်မမှာ တခြားအတွေးတွေ မရှိတော့ပါဘူး။ ပိယွင်နဲ့ပိချုံးတို့ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာကိုပဲ မြင်ချင်တာပါ”

“ကျွန်မက အဲဒီနေ့ကို မြင်နိုင်ပါအုံးမလားမသိဘူး ....”

“မင်းရဲ့အခြေခံအုတ်မြစ်က ပျက်စီးနေတယ်။ မင်းရဲ့ ဝိညာဉ်သွေးကြောတွေကလည်း ဖရိုဖရဲဖြစ်နေတယ်”

ရှေ့တွင်ထိုင်နေသော ကုန်းစွန်းရှု၏မျက်လုံးများက တောက်ပနေသည်။

“မင်းကိုကုသဖို့အတွက် နည်းနည်းလောက် အားထုတ်ရလိမ့်မယ်”

သို့သော် မည်မျှ အားထုတ်ရမည်နည်း။

ကျင်းယွင်မိန်က ကြောင်အသွားသည်။

သူမ၏ဒဏ်ရာများကို ကောင်းမွန်စွာ နားလည်ထားသည်။ သူမက နန်းမြို့တော်တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း သူမကို ကုသနိုင်သည်ဟု ပြောခဲ့သောလူ မရှိခဲ့ပေ။

ပိဝူဟယ်ရှာနိုင်သောလူများသည် များသောအားဖြင့် သာမန်အာခီမီဆရာသခင်များသာဖြစ်သည်။ ခေါင်းဆောင်ဆရာသခင်များကိုတော့ မရှာနိုင်ပေ။

သူတို့က ငွေကြေးလည်း မတတ်နိုင်ပေ။

“ကျေးဇူးပြုပြီး ကျွန်တော့အမေကို ကယ်ပေးပါ”

ကျင်းယွင်မိန်၏နောက်တွင်ရှိနေသော ပိယွင်က ရှေ့သို့ပြေးထွက်လာပြီး ကုန်းစွန်းရှု၏ရှေ့တွင် ဒူးထောက်၍ ထပ်ကာတလဲလဲ အရိုအသေပေးနေသည်။

ပိချုံးက ခဏတာ ကြောင်အသွားပြီး ပြေးထွက်လာခဲ့သည်။

ကုန်းစွန်းရှုက လှုပ်ရှားမှုမရှိဘဲ ထိုင်နေသည်။

ကျင်းယွင်မိန်၏မျက်နှာထားက ခါးသီးသွားသည်။

သူမက ဂိုဏ်းချုပ်၏ တရားဝင်သမီးတစ်ယောက်အဖြစ် ဆက်ရှိနေလျှင် အလွန်မချမ်းသာသော်လည်း ကလေးနှစ်ယောက်ကို အစားအစာနှင့်အဝတ်များအတွက် စိုးရိမ်စရာမလိုအောင် ဂရုစိုက်ပေးနိုင်သည်။

ကလေးများက ခြောက်နှစ်သာရှိသေးသော်လည်း အများအပြား ခံစားနေရသည်။ သူတို့က ငယ်ရွယ်သော်လည်း သူမ၏ဒဏ်ရာများအတွက် စိုးရိမ်နေရသည်။

သူမက စိတ်ထိခိုက်သွားပြီး နှလုံးသားတုန်ခါသွားသည်။ သူမ၏မျက်နှာက နီရဲလာပြီး သွေးများအန်ထုတ်မိတော့မည်။

ကျင်းယွင်မိန်က လျင်မြန်စွာ တစ်ဖက်သို့လှည့်ပြီး ပါးစပ်‌ထောင့်တွင်စီးကျလာသော သွေးများကို သုတ်လိုက်သည်။

“ငါက မင်းတိုအမေကိုကယ်ဖို့ အားထုတ်ရလိမ့်မယ်။ ငါက သူလောက် မ‌တော်ဘူး”

ကုန်းစွန်းရှုက ရုတ်တရက်လက်မြှောက်ပြီး ဟန်မူယဲ့ကို ညွှန်ပြသည်။

“သူက မင်းတို့အမေရဲ့ဒဏ်ရာတွေကို ဆေးလုံးတစ်လုံးတည်းနဲ့ ကုသနိုင်တယ်”

အိမ်ထဲတွင် ပိယွင်၊ ပိချုံးနှင့် ကျင်းယွင်မိန်တို့က ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ကလေးနှစ်ယောက်က ကြောင်အသွားသည်။ သူတို့က ချက်ချင်းထရပ်၍ ဟန်မူယဲ့ကို ဦးညွှတ်ရမည်လား သို့မဟုတ် တစ်ခုခုလုပ်ရမည်လား မသိတော့ပေ။

“ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက ငါ့ကို အများကြီးအရိုအသေပေးခဲ့တယ်။ ဒီနေ့မှာ ဒီလူအိုကြီးက မင်းတို့နှစ်ယောက်လုံးကို တပည့်အဖြစ် လက်ခံလိုက်မယ်”

ကုန်းစွန်းရှုက ပြောလိုက်သည်။

‘သူတို့က တပည့်အဖြစ် လက်ခံမှာလား’

ထိုအချိန်တွင် ဟန်မူယဲ့ကလည်း လှည့်ကြည့်မိသည်။

ပြိုင်ဘက်ကင်းကုန်းစွန်းရှုသည် ဓားတာအိုကို စုစည်းထားသော နန်းမြို့တော်၏ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ထိုကျွမ်းကျင်သူက တပည့်လက်ခံရန် ဆန္ဒရှိနေသည်။

ထိုကလေးနှစ်ယောက်သည် မြို့အောက်ပိုင်းတွင် နေထိုင်ပြီး ကျင့်ကြံခြင်းအခြေခံ မရှိသေးပေ။

ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ကုန်းစွန်းရှုက တည်ငြိမ်စွာပြောသည်။

“ငါက မင်းပြောပြတဲ့ဇာတ်လမ်းကြောင့် အ‌တော်လေး ခံစားလိုက်ရတယ်”

“ငါက ဓားတာအိုမှာ အတားအဆီးနဲ့ ကြုံနေရပြီ။ သူတို့နှစ်ယောက်ကိုကြည့်လိုက်တော့ ငါက ခံစားမိတယ်”

“ငါအဆင့်တက်ဖို့ အခွင့်အရေးက သူတို့နဲ့အတူ ရှိနေပုံရတယ်”

‘အဆင့်တက်ဖို့အခွင့်အရေးလား’

ဟန်မူယဲ့က အနည်းငယ်ကြောင်အသွားသော်လည်း ပြုံးလိုက်သည်။

လောကတွင် အခွင့်အရေးများကို ရှင်းပြရန် ခက်ခဲသည်။

အဆင့်နိမ့်ကျင့်ကြံသူများက မဟာကျင့်ကြံသူကြီးများနှင့်ဆုံတွေ့တိုင်း အခွင့်အရေးမရနိုင်ပေ။

မဟာကျင့်ကြံသူများက အဆင့်နိမ့်ကျင့်ကြံသူများကြားတွင် အခွင့်အရေးကို ရှာဖွေနိုင်သည်။

“ငါက သူတို့ကို တပည့်အဖြစ်လက်ခံလိုက်ရင် သူတို့က မင်းရဲ့ အကြီးအကဲဖြစ်သွားမှာပေါ့။ မင်းက လေးစားမှုပြသင့်တယ်မဟုတ်လား”

ကုန်းစွန်းရှုက မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး ကျောက်စိမ်းပုလင်းနှစ်လုံးကို ထုတ်ပေးသည်။

“ကောင်းပြီ။ ဒီအလင်းဓားဆေးလုံးနှစ်လုံးကို နှုတ်ဆက်လက်ဆောင်အနေနဲ့ ယူလိုက်ပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျင်းယွင်မိန်က မျက်လုံးပြူးသွားသည်။

သူမက အလင်းဓားဆေးလုံး၏တန်ဖိုးကို နားလည်သည်။ နန်းမြို့‌တော်၏ အဓိကဂိုဏ်းကြီးများကပင် အလင်းဓားဆေးလုံးကို နှုတ်ဆက်လက်ဆောင်အဖြစ်ထုတ်ပေးရန် လက်မဖွာပေ။

ကုန်းစွန်းရှုက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“တခြားလူတွေဆိုရင်တော့ အလင်းဓားဆေးလုံးနှစ်လုံးက လုံလောက်တယ်။ ဒါပေမဲ့ မင်းအတွက်တော့ မရဘူး”

ကုန်းစွန်းရှုက ဟန်မူယဲ့၏ကြွယ်ဝမှုကို သိထားသည်။ သူက ဟန်မူယဲ့ကို လွှတ်မပေးဘဲ ငွေညှစ်ရန် ကြံစည်ထားပုံပေါ်သည်။

ဟန်မူယဲ့၏အပြုံးက ပျောက်ကွယ်မသွားပေ။

ကုန်းစွန်းရှုက လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့ကို တပည့်အဖြစ်လက်ခံလိုက်သောကြောင့် သူက ပျော်ရွှင်နေသည်။

ကျင့်ကြံခြင်းသည် ကံကြမ္မာကို အလေးပေးသည်။

လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့က ဟန်မူယဲ့နှင့်ဆက်သွယ်ခဲ့ပြီး ကံကြမ္မာကို ဖြစ်ပေါ်လာစေသည်။

ကံကြမ္မာမျိုးစေ့ချခဲ့ပြီး ကံကြမ္မာ၏အကျိုးရလဒ်ကို ပြန်လည်လက်ခံရပြန်သည်။

ကျင့်ကြံခြင်းသည် ကံကြမ္မာစွမ်းအားကို ထိန်းချုပ်ရန်ဖြစ်သည်။

ဟန်မူယဲ့က နှလုံးသားထဲတွင် နားလည်သွားသည်။ သူ့ဝိညာဉ်က တုန်ခါသွားပြီး ဝိညာဉ်သူငယ်က ခန္ဓာကိုယ်မှထွက်ခွာ၍ လေဟာနယ်ထဲတွင် ရှိနေသည်။

လောကကိုဖိနှိပ်ထားသော ကွန်ဖြူးရှပ်တာအို၏ အကြောင်းအရင်းနှင့် နတ်ဘုရားတာအို၏ ပူဇော်ခြင်းစွမ်းအားများကို သူက ချက်ချင်းနားလည်သွားသည်။

ကံကြမ္မာ ....

လူသားဆန္ဒစွမ်းအားသည် ကံကြမ္မာပင်ဖြစ်သည်။

ကံကြမ္မာသည် မဟာကျင့်ကြံသူများ၏ ထမ်းပိုးဖြစ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်၏ အမှတ်အသားလည်းဖြစ်သည်။

သူတို့က မိုင်သောင်းချီခရီးသွားပြီး ကိုယ့်ကိုယ်ကိုယ်‌ ပျောက်ဆုံးသွားသောအခါတွင် ကံကြမ္မာက သူတို့ကိုချုပ်နှောင်၍ ပြန်ခေါ်လာခဲ့သည်။

သူတို့က ကံကြမ္မာကို ကျင့်ကြံနေခြင်းပင်ဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့၏စိတ်က ပြောင်းလဲသွားပုံပေါ်သည်။

သူတော်စင်များက မသေဆုံးဘဲ ကောင်းကင်တာအိုမှတစ်ဆင့် ပြန်လည်မွေးဖွားနိုင်ခြင်းသည် ကံကြမ္မာကြောင့်ဖြစ်သည်။

သူ့ဝိညာဉ်စွမ်းအားက ပြောင်းလဲသွားပြန်သည်။ ဟန်မူယဲ့က ဤတိုးတက်မှုကို‌ မျှော်လင့်မထားခဲ့ပေ။

နားလည်နိုင်ရန် အခွင့်အရေးမရှိလျှင် ဤပြောင်းလဲမှုကို နှစ်တစ်သောင်းကြာလျှင်ပင် ကြုံရမည်မဟုတ်ပေ။

ယနေ့သည် လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်အတွက် အခွင့်အရေးဖြစ်သည်ဟု သူတွေးခဲ့သည်။ သို့သော် ကုန်းစွန်းရှု၏ အခွင့်အရေးဖြစ်သွားသည်။

သူက ကုန်းစွန်းရှု၏ အခွင့်အရေးဖြစ်သည်ဟု တွေးလိုက်သည်။ ‌နောက်ဆုံးတွင် သူ့အခွင့်အရေး ဖြစ်သွားသည်။

လောကတွင်ရှိသောဖြစ်ရပ်များသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။

“ကောင်းပြီ။ သူတို့ရဲ့အနာဂတ်ကျင့်ကြံခြင်းမှာ လိုအပ်တဲ့ ဆေးလုံးနဲ့ မှော်ရတနာတွေကို ကျွန်တော်ပေးမယ်”

“ပြီးတော့ တော်ဝင်ကျောင်းတော်ကိုသွားပြီး နေရာနှစ်ခုတောင်းပေးမယ်”

“သူတို့က နန်းမြို့တော်မှာရှိနေတော့ တော်ဝင်ကျောင်းတော်မှာ စာလေ့လာသင့်တာပေါ့”

ဟန်မူယဲ့က ရယ်လိုက်သည်။

ကုန်းစွန်းရှုက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒီလိုမှပေါ့”

ကုန်းစွန်းရှုက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ကြောင်အနေသော ကျင်းယွင်မိန်ကို ပေးလိုက်သည်။

“ဒီကျောက်စိမ်းပြားကို သိမ်းထားလိုက်။ ငါက မင်းတို့မိသားစုကို စီစဉ်ပေးဖို့အတွက် လူတစ်ယောက်လွှတ်လိုက်မယ်”

ဟန်မူယဲ့ကလည်း လက်မြှောက်ပြီး သစ်သားစားပွဲပေါ်တွင် တောင်တန်းမြစ်ဓားကို တင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူသည်။ ထိုပုလင်းထဲတွင် ချီလမ်းကြောင်း ဝိညာဉ်‌သွေးကြောအားဖြည့်ဆေး ရှိသည်။

ထိုဆေးလုံးသည် ကျင်းယွင်မိန်၏ဒဏ်ရာများကို ကုသရန် လုံလောက်သည်။

ကုန်းစွန်းရှုနှင့်ဟန်မူယဲ့က အစမှအဆုံးထိ ကျင်းယွင်မိန်၏အမြင်ကို မ‌မေးခဲ့ပေ။

သူတို့ထွက်သွားသောအချိန်အထိ ကျင်းယွင်မိန်က ငေးမောနေသည်။

သူမက ဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ သမီးဖြစ်ခဲ့သည်။

သို့သော် သူမက ထိုလူမျိုးကို မမြင်ဘူးခဲ့ပေ။ သူမကို ဝိညာဉ်ကျောက်တုံးသန်းချီတန်သော ဆေးလုံးများနှင့် ဓားကိုလည်း ပြန်ပေးခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ဓမ္မရတနာများအား မြင်ဖူးသောလူ သိပ်မရှိပေ။

“အစ်မယွင်မိန်၊ ဧည့်သည့်ရောက်နေတယ်ဆို”

ပိဝူဟယ်၏ စိုးရိမ်နေသောအသံကို အိမ်တံခါးဝတွင် ကြားလိုက်ရသည်။

နောက်ကျောတွင် ခြင်းတောင်းတစ်ခုသယ်ထားသော ပိဝူဟယ်က အိမ်ထဲသို့ ပြေးဝင်လာသည်။ သူက သားအမိသုံးယောက်လုံးကို မြင်လိုက်ရသောအခါတွင် သက်ပြင်းချသည်။

All Chapters