အခန်း (၅၀၂)
Vol. 36 Ch. 502
ဓားပျံလေးလက်ဂိုဏ်း၏ ဓားနည်းစနစ်များနှင့် ကိုက်ညီချင်လျှင် ဓားကို အနည်းငယ်ပြုပြင်ရမည်။
သူက ဓားနည်းစနစ်နှင့် ဓားအားပြုပြင်ရမည့်နည်းလမ်းကို သင်ကြားပေးလိုက်သည်။
လုကျန်းရှန်းက ဓားပျံလေးလက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး မဟာကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေသော်လည်း ချက်ချင်းမဆုံးဖြတ်နိုင်ခဲ့ပေ။
ဟန်မူယဲ့က သူ့ကို စဉ်းစားရန် အချိန်ပေးလိုက်ပြီး ဆေးလုံးသန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင်များလိုအပ်နေကြောင်း ပြောခဲ့သည်။
‘ဓားစံအိမ်အကြီးအကဲက ဆေးလုံးလည်း သန့်စင်နိုင်တာလား’
လုကျန်းရှန်းက အံ့အားသင့်သွားသော်လည်း လျင်မြန်စွာသဘောတူလိုက်သည်။
ဓားစံအိမ်မှ သူထွက်မသွားခင် ဟန်မူယဲ့က မီးပြင်းဖိုကိုထုတ်၍ ဆေးလုံးသန့်စင်လိုက်သည်။
သူက နေ့တစ်ဝက်အချိန်အတွင်း၌ ရှုဟယ်စံအိမ်မှဝယ်လာသော ဝိညာဉ်ဆေးပင်များဖြင့် ဆေးလုံး ၁၇လုံးကို သန့်စင်ခဲ့သည်။
သူက ဓားဆန္ဒများဖြင့်ပြည့်နေသော ဆေးလုံးကို ဓားအမြုတေဟု နာမည်ပေးခဲ့သည်။
ထိုနာမည်သည် တိုက်ရိုက်ကျသည်။ ထိုဆေးလုံးကို ဓားဆန္ဒများစုစည်းရန်အတွက် အသုံးချနိုင်ပြီး ဓားတစ်လက်အဖြစ်လည်း အသုံးပြုနိုင်သည်။
ဓားအမြုတေကို သန့်စင်လိုက်သောအခါတွင် မိုးကြိုးများ အဆုံးမရှိကျဆင်းလာသည်။ နတ်ဘုရားသားရဲပါ့ရှားက ပါးစပ်ဖွင့်၍ မိုးကြိုးများကို မြိုချလိုက်သည်။
ဓားအမြုတေ ၁၇လုံးသည် ဓားဆေးလုံး ၁၇လုံးအဖြစ် ပြောင်းလဲနိုင်သည်။
စုဝေကမ္ဘာ၏ ဝိညာဉ်ဆေးပင်များကို စုဆောင်းပြီးသွားလျှင် ဟန်မူယဲ့က ဓားအမြုတေ ၃၆၁လုံးကို သန့်စင်ရန် စီစဉ်ထားသည်။ ထိုသို့ဆိုလျှင် သူက ဓားအမြုတေ ၃၆၁လုံးဖြင့် ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ဖွဲ့စည်းနိုင်မည်။
ကောင်းကင်စက်ဝန်းဓားဝင်္ကပါနှင့် ကျားကွက်ဝင်္ကပါကို ပေါင်းစပ်လိုက်လျှင် ဖြစ်ပေါ်လာမည့်ရလဒ်ကို သူသိချင်သည်။
သူက ကျင့်ကြံရာမှထွက်လာသောအခါတွင် မူဝမ်က ပြန်ရောက်နေသည်။
သူ့ကို မြင်လိုက်ရသောအခါတွင် မူဝမ်က ပျော်ရွှင်သောမျက်နှာထားဖြင့် လျှောက်လာခဲ့သည်။ သူမက သူ့ကို ညင်သာစွာဖက်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ထွက်ပြေးသွားသည်။
ထိုမိန်းကလေးသည် ပရောပရည်လုပ်ရာတွင် ပိုတော်လာသည်။
သူတို့က တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်တွင် ညစာစားလိုက်သည်။
စွေ့စွေ့တို့က ဘေးတွင်ထိုင်နေသည်။ ရှောက်တထျန်းက မကြာခဏဆိုသလိုပင် ဆော့ကစားရန်ရောက်လာသော ကလေးများကို အဖော်ပြုပေးနေသည်။
မူဝမ်က စွေ့စွေ့ကို သွေးခုန်နှုန်းစမ်းပေးလိုက်ပြီး ကလေးပျက်ကျမည်ကို ကာကွယ်ရန်အတွက် အနားယူရန် ပြောလိုက်သည်။
ထို့နောက် မူဝမ်က ဆေးလုံးနှစ်လုံးထုတ်ယူပြီး အကြီးအကဲများသန့်စင်ပေးလိုက်သည်ဟု ပြောသည်။ နောက်ရက်များတွင် ထိုဆေးလုံးနှစ်လုံးကို သောက်ရန်အတွက် စွေ့စွေ့ကို ပေးလိုက်သည်။
ညစာစားပြီးသောအခါတွင် ဇူအော်လင်းနှင့် ဇူအော်ယုထင်တို့က ပြန်သွားသည်။ ဟန်မူယဲ့နှင့်မူဝမ်က ဆိုင်တံခါးကိုပိတ်လိုက်ပြီး ခြံဝိုင်းထဲသို့ ပြန်လာခဲ့သည်။
“ဝိညာဉ်သွေးကြော ထိန်းချုပ်ကာကွယ်ခြင်းဆေးလုံးကို ဆရာသခင်ပိုင်လီက သန့်စင်ပေးလိုက်တာ။ အဲဒီဆေးလုံးက သွေးမျိုးဆက်ကိုကာကွယ်ဖို့အတွက် အသုံးဝင်တယ်”
“သွေးမျိုးဆက်နဲ့ ချီစွမ်းအင်ကို ဟန်ချက်ထိန်းပေးတဲ့ ပဥ္စမအဆင့် ဝိညာဉ်တည်ငြိမ်ခြင်းဆေးလုံးလည်း ရှိနေသေးတယ်”
“အဲဒီဆေးလုံးနှစ်လုံးက စွေ့စွေ့နဲ့ကလေးကို အနည်းဆုံး သုံးလအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆရာသခင်ပိုင်လီက ပြောလိုက်တယ်”
ထိုဆေးလုံးနှစ်လုံး၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံးသန်းချီနေလိမ့်မည်။
စွေ့စွေ့နှင့်ရှောက်တထျန်းက တစ်သက်လုံးကြိုးစားလျှင်ပင် ထိုဆေးလုံးများကို ဝယ်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ကုန်းစွန်းရှုနှင့်တွေ့ခဲ့ပြီး ပြန်လည်မွေးဖွားလာသော လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်တို့အတွက် ဆေးလုံးများပေးခဲ့ကြောင်း ပြောပြလိုက်သည်။
ထိုဖြစ်ရပ်ကြောင့် မူဝမ်က ခံစားသွားရသည်။
သူမက အာခီမီပညာရှင်တစ်ဦးဖြစ်သည်။ သူမက မန္တန်အချို့ကို လေ့ကျင့်ဖူးသော်လည်း မတိုက်ခိုက်ဘူးပေ။
မူဝမ်က လင်းချုံးရှောင်၏ဂုဏ်သတင်းကို ကြားဖူးသည်။
အစစ်အမှန်ကျင့်ကြံခြင်းလောကသည် သတ်ဖြတ်မှုများနှင့် ပြည့်နေသည်။
ဟန်မူယဲ့က ကျောင်းတော်သားကြီးများကို အခွင့်အရေးယူပြီး စာပေဆွေးနွေးပွဲအတွက် ထောက်ပံ့မှုလုပ်ခဲ့ကြောင်း ပြောလိုက်သည်။
အစပိုင်းတွင် မူဝမ်က ဟန်မူယဲ့ကို ထူးဆန်းစွာကြည့်နေသော်လည်း ဖိတ်စာတစ်သိန်းပွားပြီး တစ်စောင်ကို ဝိညာဉ်ကျောက်တုံးသုံးထောင်နှင့် ရောင်းချမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် သူမက မျက်လုံးများတောက်ပသွားသည်။
“ဖိတ်စာတစ်သိန်း .... တစ်စောင်အတွက် ဝိညာဉ်ကျောက်တုံးသုံးထောင်။ တစ်သိန်းကို သုံးထောင်နဲ့မြှောက် ....”
မူဝမ်က ခေါင်းငုံ့လိုက်ပြီး လက်ချောင်းများချိုး၍ ရေတွက်နေသည်။
သူမက အံ့အားသင့်စွာ မော့ကြည့်လိုက်သောအခါတွင် အစ်ကိုဟန်က ဝံပုလွေမျက်လုံးများနှင့် သူမကိုကြည့်နေကြောင်း မြင်လိုက်ရသည်။ သူက ရှေ့တိုးလာပြီး ဖြည်းဖြည်းချင်း ခေါင်းငုံ့သည်။
မူဝမ်က လမ်းပျောက်နေသော်လည်း မျက်လုံးမှိတ်လိုက်ပြီး နမ်းသည်။
....
“အစ်ကိုဟန်၊ ဆရာသခင်ပိုင်လီက မနက်ဖြန်ကျရင်လာဖို့ အစ်ကိုဟန်ကို ဖိတ်လိုက်တယ်”
ဟန်မူယဲ့၏ရင်ခွင်ကို မှီထားသော မူဝမ်က ခေါင်းမော့ကြည့်လိုက်ပြီး ပြင်းထန်သောအသက်ရှူသံများကြားတွင် တီးတိုးပြောသည်။
‘ဒါက လူကြီးတွေနဲ့ သွားတွေ့တာမျိုးလား’
ဟန်မူယဲ့က တွေးလိုက်သည်။
မူဝမ်၏ နီရဲနေသောနှုတ်ခမ်းများကိုကြည့်လိုက်ပြီး လက်များ တခြားနေရာသို့ရောက်နေသော ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
“သွားရမှာပေါ့။ ဆရာသခင်ပိုင်လီက တူသမက်လေးကို လက်ဆောင်အကြီးကြီးပေးလိုက်မှာလား သိချင်မိတယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က ရှက်သွားသည်။ သူမက သူ့ကို တွန်းလွှတ်လိုက်ပြီး ရှုပ်ထွေးနေသောအဝတ်များကို ဖုံးကွယ်၍ အခန်းထဲသို့ ဝင်သွားသည်။ အခန်းတံခါးကိုလည်း တင်းကျပ်စွာ ပိတ်လိုက်သည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ပိတ်ထားသောတံခါးကို အပြုံးတစ်ခုနှင့်အတူ ကြည့်လိုက်သည်။
ယနေ့တွင် သူက နားလည်မှုများ ရခဲ့သည်။
ကျင့်ကြံခြင်းလောက၏လူအများစုသည် ပိဝူဟယ်တို့မိသားစုကဲ့သို့ အခက်အခဲကြုံနေရသည်။
သူတို့က နန်းမြို့တော်တွင် ရှိနေသော်လည်း နန်းမြို့တော်နှင့် ပေါင်းစည်းနိုင်ခြင်းမရှိပေ။
နန်းမြို့တော်တွင်ရှိသော လူအများစုသည် ထိုသို့ပင် ဖြစ်လိမ့်မည်။
ကျင့်ကြံသူများအတွက်လည်း အတူတူပင်ဖြစ်သည်။
ငြိမ်းချမ်းမှုအချို့ကို လိုချင်သော်လည်း အပြောထက် အလုပ်ခက်နေသည်။
ပိဝူဟယ်တို့မိသားစု၏ အခက်အခဲများသည် သာမန်ကျင့်ကြံသူနှင့် အဆင့်နိမ့်ကျင့်ကြံသူများကို ကိုယ်စားပြုနေသည်။
သူတို့က ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်ပေ။
ထို့ကြောင့် အခွင့်အရေးများသည် လူတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဟု ကျင့်ကြံသူများက စိတ်ရင်းနှင့် ယုံကြည်ကြသည်။
အခွင့်အရေးများက ပုံရိပ်ယောင်ဆန်သည်ကို သူတို့ နားလည်သည်။ သို့သော် သူတို့က အခွင့်အရေးများကို မရှာဖွေလျှင် မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင်ရှိနေသော အခွင့်အရေးများသည် ဂိုဏ်းကြီးများ၏ အစီအစဉ်လည်း ဖြစ်နိုင်သည်။
ပိဝူဟယ်၏အိမ်မှထွက်လာပြီး ချန်ရူနှင့် တွေ့လိုက်ရသောအခါတွင် ဟန်မူယဲ့က ရုတ်တရက် တွေးမိသည်။
သူက ချန်ရူနှင့် စကားပြောလိုက်ပြီး စာပေဆွေးနွေးပွဲကို ထောက်ပံ့ပေးရန်အတွက် အကြံရလာသည်။
ထိုအစီအစဉ်၏ရလဒ်ကို သူမသိပေ။
သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုသည် ရေသေအိုင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ အဆင့်အတန်းသတ်မှတ်မှု တင်းကျပ်ပြီး အသက်စွမ်းအား အနည်းငယ်သာရှိသည်။
သူဖတ်ခဲ့သောစာအုပ်များအရ လက်ရာမြောက်အနုပညာတစ်ခုကို လွန်ခဲ့သောနှစ်တစ်ထောင်တွင် နောက်ဆုံးမြင်ခဲ့ရသည်။
ထိုအရာသည် မကောင်းပေ။
သူက ညင်သာစွာခေါင်းခါလိုက်ပြီး သူလုပ်ခဲ့သောကိစ္စများအတွက် ဝမ်မော့ရှန်က သူ့ကို မုန်းနေမည်လား သို့မဟုတ် ကျေးဇူးတင်နေမည်လား တွေးနေမိသည်။
‘ဘယ်သူက ဂရုစိုက်မှာလဲ’
စာပေဆွေးနွေးပွဲနှင့် ပိဝူဟယ်တို့မိသားစု၏ ဖြစ်ရပ်များသည် ကျင့်ကြံခြင်းလောကနှင့် သက်ဆိုင်သည်။ ထိုဖြစ်ရပ်များမှ ရရှိလာသောဉာဏ်အလင်းသည် စွေ့စွေ့တို့ဆီမှရလာသော ဉာဏ်အလင်းနှင့် ကွဲပြားသည်။
သူတို့က ညစာစားပြီးသောအခါတွင် ရှောက်တထျန်းက ဆိုင်သိမ်းလျက် အလုပ်ရှုပ်နေသည်။ စွေ့စွေ့က အလုပ်များနေသောရှောက်တထျန်းကိုကြည့်၍ ရင်နာနေသောကြောင့် အချိန်ယူပြီး ပူနွေးသောအစားအသောက်များ လုပ်ကျွေးလိုက်သည်။ ထိုမြင်ကွင်းက အလွန်နွေးထွေးနေသည်။
သနားစရာကောင်းလောက်အောင် အားနည်းသောစုံတွဲသည် အကောင်းဆုံးကြိုးစား၍ ပျော်ရွှင်မှုကို တည်ဆောက်နေသည်။
သူတို့ကို ကူညီပေးမည့်လူမရှိလျှင် ကံကြမ္မာကောင်းကို ရလာမည်မဟုတ်ပေ။
ကံကြမ္မာ ....
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် မဖော်ပြနိုင်လောက်သောအရှိန်အဝါများ လှုပ်ရှားနေသည်။
ကံကြမ္မာပင်ဖြစ်သည်။
လောက၏ စွမ်းအားများအားလုံးတွင် မဟာတာအိုရှိနေသည်။ မဟာတာအိုစွမ်းအားသည် မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။
အရာအားလုံးသည် ကံကြမ္မာ၏သက်ရောက်မှုကို ခံရလိမ့်မည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင်ရှိသော ကံကြမ္မာသည် အံ့ဖွယ်ကိုးပါးတောင်၊ ဓားစံအိမ်၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၊ သူဆက်သွယ်ခဲ့သောလူများ၊ ကောင်းကင်တာအိုများ၊ သက်ရှိများအားလုံးနှင့် သက်ဆိုင်နေသည်။
မဟာကျင့်ကြံသူကြီးများက ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ချင်သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
ကံကြမ္မာကို နားမလည်နိုင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“ကျွီ ....”
မူဝမ်၏အခန်းတံခါးက ပွင့်သွားသည်။
“အစ်ကိုဟန်၊ အိပ်မပျော်ဘူးလား”
“အဲဒါဆို ညီမမူနဲ့ ကစားပေးရမလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး အခန်းထဲသို့ ပြေးဝင်သွားသည်။
ခဏအကြာတွင် သူက သနားစရာကောင်းသောပုံစံဖြင့် ပြန်ထွက်လာသည်။
“အစ်ကိုဟန်၊ ကျွန်မကို အပြစ်တင်လို့မရဘူးနော်။ မလုပ်နိုင်တာက အစ်ကိုဟန်ပဲ ....”
သူ့နောက်မှ အသံတစ်သံထွက်လာသည်။
....
အရုဏ်ဦးအချိန်တွင် ရွှေရောင်သမာဓိစွမ်းအားနှင့် ချီစွမ်းအင်အလင်းများက ရောယှက်နေပြီး နန်းမြို့တော်ကို ဖုံးလွှမ်းထားသည်။
ခြံဝိုင်းလေးထဲတွင် ပိဝူဟယ်က ပိယွင်နှင့်ပိချုံးကို ဦးဆောင်၍ ဓားထုတ်လိုက်သည်။
သူတို့က ဓားကို လှုပ်ရှားလိုက်သောကြောင့် မှိန်ဖျော့နေသောဓားအလင်းများ ထွက်ပေါ်လာသည်။
ကျင်းယွင်မိန်က ဘေးတွင် အပြုံးတစ်ခုနှင့်အတူ ကြည့်နေသည်။
ပိယွင်နှင့်ပိချုံးတို့က အလင်းဓားဆေးလုံးကို သုံးစွဲထားသောကြောင့် ခန္ဓာကိုယ်ပေါ်တွင် ဓားဆန္ဒများ ရစ်ဝဲနေသည်။
ဓားဆန္ဒသည် သူတို၏ဒန်ထျန်ထဲတွင်ရှိနေပြီး မမြင်သာသော်လည်း ဓားဆွဲထုတ်လိုက်သောပုံစံနှင့် အသုံးချထားသောခွန်အားကိုကြည့်၍ ဓားတာအိုနှင့်ပတ်သတ်ပြီး ပိုမိုနားလည်လာကြောင်း သိနိုင်သည်။
သူတို့၏ ကျင့်ကြံခြင်းပါရမီသည် တိုးတက်လာခဲ့သည်။
ကလေးနှစ်ယောက်သည် ဓားတာအိုတွင် ပါရမီပိုကောင်းလာသည်။
“ဟားဟား၊ ဒီဓားချက်က မဆိုးဘူပဲ။ တကယ်ကို ရှိန်လောက်တယ်”
“မင်းက ဓားကို တစ်ချက်တည်းလွှဲခုတ်လိုက်တာပဲ။ မင်းက တကယ်နားလည်ထားတယ်”
ပိဝူဟယ်က ပျော်ရွှင်နေသည်။
သူတို့သုံးယောက်က ဓားကွက်အချို့ကို လေ့ကျင့်ပြီး ဓားများကို သိမ်းသည်။
“ပိမိသားစုရဲ့ ကလေးနှစ်ယောက်က ဓားတာအိုမှာ ပါရမီရှိတယ်လို့ ဆရာဦးလေးက ပြောခဲ့တယ်။ အခုကြည့်လိုက်တော့ တကယ်အမှန်ပဲ”
“သူတို့က ငါတို့ဓားစုစည်းခြင်းဂိုဏ်းကို ဝင်ရောက်ဖို့အတွက် အဆင့်မီတယ်”
ခြံတံခါးတွင် အသံတစ်သံထွက်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဓားစုစည်းခြင်းဂိုဏ်းမှလူများ ဖြစ်သည်။
ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
မနေ့က ထိုလူများရောက်လာခဲ့လျှင် သူတို့က ကောင်းမွန်စွာ ကြိုဆိုလိမ့်မည်။
သို့သော် ယခုအချိန်တွင် သူတို့က စိုးရိမ်နေသည်။
“ငါက ခယ်ကျန်းယွဲ့ပါ။ ဒါကတော့ ငါ့ရဲ့ဂိုဏ်းတူညီလေး တုဟိုင်ပါ။ ငါတို့နှစ်ယောက်လုံးက ဓားစုစည်းခြင်းဂိုဏ်းရဲ့ ဂိုဏ်းခွဲမှူးတွေပဲ”
“မင်းတို့ကလေးတွေရဲ့ ကျင့်ကြံခြင်းပါရမီက မဆိုးဘူးလို့ ဆရာဦးလေးဝူလင်က ပြောလိုက်တယ်။ အဲဒါကြောင့် ငါတို့နှစ်ယောက်က သူတို့ကို တပည့်အဖြစ်လက်ခံဖို့ ရောက်လာခဲ့တာပဲ”
ခယ်ကျန်းယွဲ့က နိမ့်ပါးသောပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မောက်မာသောမျက်နှာထားဖြင့် ပြောသည်။
“သူတို့ကို ငါတို့နဲ့ထည့်လိုက်တော့”
“ဝတ်ထားတဲ့အဝတ်တွေကလွဲပြီး ဘာမှယူနေစရာမလိုဘူး”
“မင်းတို့က သူတို့ဆီကို သုံးနှစ်တစ်ကြိမ် လာလည်ခွင့်ရှိတယ်”
“ကျင့်ကြံခြင်းနဲ့ပတ်သတ်လာရင် ရှင်သန်ခြင်းနဲ့သေဆုံးခြင်းက ကံကြမ္မာအရပဲ။ သူတို့က ဝင်ခွင့်စစ်ဆေးပွဲမှာ မရှင်သန်နိုင်ခဲ့ရင် ကံဆိုးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်”
ခယ်ကျန်းယွဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အေးစက်စွာပြောသည်။
သူက ကလေးနှစ်ယောက်ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
“ဂိုဏ်းတူညီလေး၊ တစ်ယောက်ရွေးလိုက်ပါ”
‘ရွေးတယ်’
‘ကုန်ပစ္စည်းတွေလိုမျိုးလား’
ပိဝူဟယ်က ဝမ်းနည်းသွားသည်။
မနေ့က အခွင့်အရေးမရခဲ့လျှင် သူက ကလေးများကို ရွေးချယ်သွားသောကြောင့် အပြုံးတစ်ခုနှင့်အတူ ဦးညွှတ်နေရလိမ့်မည်။
ပိဝူဟယ်က ပေါ့ပါးစွာအသက်ရှူလိုက်ပြီး ရှေ့တက်၍ ဦးညွှတ်သည်။
“ဓားစုစည်းခြင်းဂိုဏ်းရဲ့ တာအိုရောင်းရင်းတို့၊ ငါတို့မိသားစုရဲ့ ကောင်စုတ်လေးနှစ်ယောက်က မင်းတို့ဂိုဏ်းကို မဝင်ရောက်တော့ပါဘူး”
‘ဂိုဏ်းကို မဝင်တော့ဘူးလား’
ပိချုံးနှင့်ပိယွင်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ တစ်ယောက်ရွေးတော့မည့် တုဟိုင်က ခယ်ကျန်းယွဲ့ကို ကြောင်အစွာကြည့်လိုက်သည်။
သူကျင့်ကြံလာသော နှစ်တစ်လျှောက်တွင် ထိုစကားမျိုးကို ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရသောကြောင့် နားကြားမှားသည်ဟု ထင်လိုက်မိသည်။