အခန်း (၅၀၃)
Vol. 36 Ch. 503
ခယ်ကျန်းယွဲ့၏မျက်နှာက တွန့်လိမ်သွားပြီး မျက်လုံးထဲတွင် မကောင်းစိတ်များ ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
ထိုအရာသည် ဓားစုစည်းခြင်းဂိုဏ်းကို စော်ကားလိုက်ခြင်းဖြစ်သည်။
ယခုအချိန်တွင် အိမ်နီးချင်းများက စုဝေးလာကြသည်။
ပိဝူဟယ်တို့မိသားစုသည် ဤလမ်းကြားတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သောကြောင့် လူအများအပြားနှင့် ရင်းနှီးသည်။
ဓားစုစည်းခြင်းဂိုဏ်းက ကလေးနှစ်ယောက်ကို တပည့်အဖြစ်လက်ခံမည်ဖြစ်သော သတင်းသည် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် တခြားလူများက အားကျနေကြသည်။ ထို့ကြောင့် တခြားကလေးများက ပိညီအစ်ကိုကို လျှို့ဝှက်စွာ အနိုင်ကျင့်ခဲ့သည်။
ယနေ့တွင် ဓားစုစည်းခြင်းဂိုဏ်းမှလူများ ရောက်လာသောကြောင့် အိမ်နီးချင်းများသည် ဂုဏ်ပြုပေးရန်အတွက် ရောက်လာကြသည်။
သူတို့က ဝိညာဉ်ဆေးပင် တစ်ပင်၊ နှစ်ပင်ခန့်၊ တိမ်ချီဆေးလုံးအချို့နှင့် တခြားအရာများကို ယူလာခဲ့ကြသည်။
သူတို့အားလုံးက မြို့အောက်ပိုင်းတွင်နေထိုင်သော သာမန်လူသားများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏လက်ဆောင်များက စိတ်ရင်းကို ပြသခြင်းဖြစ်သည်။
ယခုအချိန်တွင် ပိဝူဟယ်၏စကားကြောင့် လူတိုင်းက အံ့အားသင့်သွားသည်။
ခြံစည်းရိုးအပြင်ဘက်တွင် အိမ်နီးချင်းများက ပိဝူဟယ်ကို စိုက်ကြည့်နေကြသည်။
‘ပိမိသားစုရဲ့ယောင်္ကျားက ရူးနေတာလား’
သူတို့လိုမိသားစုများအတွက် ဓားစုစည်းခြင်းဂိုဏ်းတွင် တပည့်ဖြစ်လာနိုင်လျှင် အလွန်ကောင်းသည်။
“ယွင်မိန်၊ မြန်မြန်လေး နင့်ယောင်္ကျားကို ပြောလိုက်အုံး”
“ဟုတ်တယ်။ ညီအစ်ကိုပိက ကလေးတွေကို ချစ်ပေမဲ့ ကလေးတွေက ကျင့်ကြံဖို့လိုအပ်တယ်လေ”
ပတ်ဝန်းကျင်ရှိလူများက အိမ်တံခါးရှေ့တွင်ရပ်နေသော ကျင်းယွင်မိန်ကို လျင်မြန်စွာပြောလိုက်သည်။
ခယ်ကျန်းယွဲ့၏မျက်လုံးထဲတွင် ချီစွမ်းအင်အလင်းများ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဆန္ဒတစ်ခု ပေါ်လာသည်။
“ငါက မင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ်”
ခယ်ကျန်းယွဲ့က နောက်ကျောတွင် လက်သီးဆုပ်ထားပြီး အေးစက်စွာပြောသည်။
“ငါတို့ဓားစုစည်းခြင်းဂိုဏ်းက လက်မခံတဲ့တပည့်ကို နန်းမြို့တော်မှာရှိတဲ့လူတွေက လက်ခံမှာမဟုတ်ဘူး”
သူ့စကားများကြောင့် ပိဝူဟယ်၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
ထိုအကြီးအကဲက သူ့ကလေးများကို တပည့်အဖြစ်လက်ခံမည်ဟုပြောပြီး လက်ဆောင်များပင် ပေးသွားခဲ့သည်။
သို့သော် ထိုအကြီးအကဲက ကလေးများအတွက် ဓားစုစည်းခြင်းဂိုဏ်းနှင့် တိုက်ခိုက်မည်လား သူမသိပေ။
‘အဲဒီအကြီးအကဲက ဓားစုစည်းခြင်းဂိုဏ်းကို ရန်မစချင်တာ ဒါမှမဟုတ် မနိုင်တာမျိုး ဖြစ်နေရင်ရော’
“ကျွန်တော်တို့မှာ ဆရာရှိပြီးသား”
ပိဝူဟယ်၏နောက်တွင်ရပ်နေသော ပိချုံးက အဖေဖြစ်သူ တွန်းအားပေးခံနေရသောကြောင့် ဒေါသတကြီးအော်ပြောလိုက်သည်။
သူ့စကားလုံးများကြောင့် လူတိုင်း၏မျက်နှာထား ပြောင်းလဲသွားသည်။
ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့၏မျက်နှာထားက ခါးသီးသွားသည်။
သူတို့က ထိုအကြောင်းကို ထုတ်ပြောရန် စိတ်ကူးမရှိပေ။
ပတ်ဝန်းကျင်ရှိလူများက အံ့အားသင့်သွားပြီး နောင်တရနေသည်။ တချို့က ခေါင်းခါလိုက်ပြီး နောက်ဆုတ်ရန် ပြင်သည်။
ပိမိသားစုသည် ဓားစုစည်းခြင်းဂိုဏ်းကို ရန်စခဲ့သည်။ သူတို့က အဆုံးသတ်ကောင်းမည်မဟုတ်ပေ။
ခယ်ကျန်းယွဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားဆန္ဒသည် လှုပ်ရှားလာပြီး ပတ်ဝန်းကျင်ကို မိုးကြိုးတစ်စင်းသဖွယ် ရိုက်ခတ်သွားသည်။ ခြံဝိုင်းလေးထဲတွင် လေပြင်းများ တိုက်ခတ်လာသည်။
သူ့ဘေးတွင် တုဟိုင်က ဓားရိုးပေါ်တွင် လက်တင်ထားသည်။
ပိဝူဟယ်၏ခန္ဓာကိုယ်ပေါ်မှ ချီစွမ်းအင်အလင်းများပေါ်ထွက်လာပြီး ကလေးနှစ်ယောက်ကို ကာကွယ်လိုက်သည်။
ကျင်းယွင်မိန်ကလည်း ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သူမက ရှေ့တစ်လှမ်းတိုးပြီး ပိဝူဟယ်၏ဘေးတွင် ရပ်လိုက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ ကမ္ဘာမြေအဆင့် မဟာကျင့်ကြံသူနှစ်ယောက်ပဲ”
ခယ်ကျန်းယွဲ့က မဟာကျင့်ကြံသူဆိုသောစကားကို ဖိပြောလိုက်သည်။
နန်းမြို့တော်တွင် ကမ္ဘာမြေအဆင့်ကျင့်ကြံသူများကို မဟာကျင့်ကြံသူအဖြစ် မယူဆနိုင်ပေ။
သူက အေးစက်စွာပြုံးလိုက်ပြီး ပိဝူဟယ်တို့စုံတွဲကို ကြည့်သည်။
“မစိုးရိမ်ပါနဲ့။ လောကမှာ အခွင့်အရေးတွေက ခန့်မှန်းလို့မရဘူး”
“မင်းတို့ရဲ့ကလေးတွေက ဓားစုစည်းခြင်းဂိုဏ်းရဲ့တပည့်တွေ ဖြစ်မလာဘူးဆိုမှတော့ ငါတို့က ဆရာတပည့်ဖြစ်ဖို့ ကံမပါလို့ပေါ့”
သူ့လေသံက ဖြည်းဖြည်းချင်း ညင်သာလာသောကြောင့် ပတ်ဝန်းကျင်ရှိလူများက ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
‘ဓားစုစည်းခြင်းဂိုဏ်းသားတွေက ဒီလိုမျိုး ကြင်ကြင်နာနာပြောတတ်လို့လား’
“နားလည်ပေးတဲ့အတွက် ကျေးဇူးပါပဲတာအိုရောင်းရင်း ....”
ပိဝူဟယ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။ သို့သော် သူ့စကားမဆုံးခင် ခယ်ကျန်းယွဲ့က လေသံကိုနှိမ့်ချ၍ ဓားဆန္ဒကို ဖိနှိပ်လိုက်သည်။
“ငါတို့ကို ရန်စရဲတာ ဘယ်သူလဲ ပြောစမ်း”
ခယ်ကျန်းယွဲ့က အံတင်းတင်းကြိတ်ထားသည်။ သူ့မျက်လုံးများက မီးတောက်နေပုံပေါ်သည်။
“တပည့်လက်ခံဖို့အတွက် ငါတို့ဓားစုစည်းခြင်းဂိုဏ်းကို ရန်စလိုက်တာပဲ”
ခယ်ကျန်းယွဲ့က အော်ဟစ်လိုက်သည်။ သူ့အသံက ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
ပတ်ဝန်းကျင်တဲအိမ်များက လေပြင်းများကြောင့် တုန်ခါသွားပြီး အမှိုက်နှင့်ဖုန်မှုန့်များ ကျဆင်းလာသည်။
ပိဝူဟယ်နှင့် ကျင်းယွင်မိန်တို့၏မျက်နှာထားက ဖြူဖျော့သွားသည်။
သူတို့၏ခွန်အားက တစ်ဖက်လူနှစ်ယောက်နှင့် ယှဉ်နိုင်သည်။
သို့သော် ဓားစုစည်းခြင်းဂိုဏ်းကို တားဆီးရန်မဖြစ်နိုင်ပေ။
‘အဲဒီအကြီးအကဲက သန်မာလိမ့်မယ်။ ဒါပေမဲ့ တပည့်လက်ခံဖို့အတွက် ဓားစုစည်းခြင်းဂိုဏ်းနဲ့ ရန်သူလုပ်ရမယ်ဆိုရင်တော့ နှစ်ခါစဉ်းစားလိမ့်မယ်’
‘ဒါက တန်ရဲ့လား’
“ခလွမ် ....”
တုဟိုင်က ဓားဆွဲထုတ်ပြီး ကျင်းယွင်မိန်ကို ချိန်ထားလိုက်သည်။
“မင်းတို့က နန်းမြို့တော်မှာ ရှိနေတယ်။ ဓားစုစည်းခြင်းဂိုဏ်းရဲ့စကားကို မလိုက်နာရင် ဘာဖြစ်မလဲဆိုတာ သိမှာပါ”
“မင်းတို့နှစ်ယောက်သေသွားရင်လည်း ကိစ္စမရှိပေမဲ့ ကလေးတွေအတွက် မစဉ်းစားတော့ဘူးလား”
ကျင်းယွင်မိန်က ဓားရှည်နှင့် ချိန်ထားခံရသည်။ ပိဝူဟယ်က အေးစက်စွာနှာမှုတ်ပြီး တောင်တန်းမြစ်ဓားကိုကိုင်၍ ကျင်းယွင်မိန်၏ရှေ့တွင် ရပ်လိုက်သည်။
ပိယွင်နှင့်ပိချုံးတို့က ဓားတိုလေးနှစ်လက်ကို ကိုင်ထားပြီး အမေဖြစ်သူကို ကာကွယ်ပေးချင်နေသည်။
ကျင်းယွင်မိန်က ကလေးနှစ်ယောက်ကို ကြည့်သည်။ သူမက ခေါင်းခါလိုက်ပြီး လက်မြှောက်၍ ကျောက်စိမ်းပြားကို ထုတ်ပြသည်။
“အဲဒီအကြီးအကဲက ကျောက်စိမ်းပြားကို ချန်ထားခဲ့တယ်။ လူတစ်ယောက်လွှတ်ပြီး သူတို့ကို တပည့်အဖြစ်လက်ခံမယ်လို့ ပြောလိုက်တယ်”
သူမက ညင်သာစွာ ပြောသည်။
ယခုအချိန်တွင် ဖုံးကွယ်ထားရန် မလိုတော့ပေ။
သူတို့က သေဆုံးသည်အထိ တိုက်ခိုက်မည်ဆိုလျှင်ပင် ဓားစုစည်းခြင်းဂိုဏ်းက ဤကိစ္စကို လွှတ်မပေးဘဲ ဆက်လက်စစ်ဆေးလိမ့်မည်။
ခယ်ကျန်းယွဲ့နှင် တုဟိုင်တို့က ကျောက်စိမ်းပြားကို ကြည့်သည်။
“ကုန်းစွန်းတဲ့လား”
ခယ်ကျန်းယွဲ့က မျက်မှောင်ကြုတ်သည်။
တုဟိုင်ကလည်း အနည်းငယ်အံ့အားသင့်သွားပြီး အေးစက်သောမျက်နှာဖြင့် တီးတိုးပြောသည်။
“ငါတို့ ဓားစုစည်းခြင်းဂိုဏ်းက နန်းမြို့တော်ရဲ့ ကုန်းစွန်းမိသားစုတွေနဲ့ မယှဉ်နိုင်ပေမဲ့ ကျောက်စိမ်းပြားတစ်ခုကြောင့် နောက်ဆုတ်သွားမှာမဟုတ်ဘူး”
နန်းမြို့တော်တွင် ကုန်းစွန်းမျိုးရိုးနာမည်နှင့် မိသားစုအများအပြားရှိသည်။ မြို့အထက်ပိုင်း၊ မြို့အလယ်ပိုင်းနှင့် မြို့အောက်ပိုင်းတွင် ကုန်းစွန်းမိသားစုများ ရှိနေသည်။
ထိုကျောက်စိမ်းပြားသည် ကုန်းစွန်းမျိုးရိုးနာမည်ရှိသော လူတစ်ယောက်က ပိညီအစ်ကိုကို တပည့်အဖြစ်လက်ခံမည်ဟု ပြောနေသည်။
မရေးမပါသော ကုန်းစွန်းမိသားစုဆိုလျှင် ဓားစုစည်းခြင်းဂိုဏ်းကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ခယ်ကျန်းယွဲ့က ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။
“ဟုတ်တယ်။ ကုန်းစွန်းမိသားစုဆိုရင်တောင် ....”
သူ့စကားမဆုံးခင် သူ့နောက်မှ အသံထွက်လာသည်။
“ငါတို့ကုန်းစွန်းမိသားစုဆိုရင်ရော”
ထိုအသံက ကြည်လင်နေသော်လည်း အမိန့်သံပါသည်။
လမ်းကြားတွင်ရှိသောလူများက လျင်မြန်စွာ နောက်ဆုတ်သွားပြီး အဖြူရောင်ပိုးထည်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို ဖော်ပြလိုက်သည်။
လူငယ်၏နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့်ဓားကျင့်ကြံသူများက လေးနက်စွာရပ်နေသည်။
ထိုလူငယ်ကို မြင်လိုက်ရသောအခါတွင် ခယ်ကျန်းယွဲ့က မျက်မှောင်ကြုတ်သည်။
သူက ထိုလူငယ်ကို မြင်ဖူးနေပုံရသော်လည်း မမှတ်မိခဲ့ပေ။
လူငယ်က ရှေ့တက်လာပြီး ခြံဝိုင်း၏ရှေ့တွင် ရပ်သည်။ သူက လက်မြှောက်လိုက်ပြီး ဦးညွှတ်သည်။
“ကုန်းစွန်းမိသားစုရဲ့ ကုန်းစွန်းကျစ်က ခေါင်းဆောင်ရဲ့အမိန့်အတိုင်း မင်းတို့နှစ်ယောက်ကို လာခေါ်တာပါ”
သူက ထိုသို့ပြောလိုက်ပြီး ကျောဆန့်၍ ပတ်ဝန်းကျင်ကို ကြည့်သည်။
“ကောင်းကင်အံ့ဖွယ်တိုင်းပြည်ရဲ့ ကုန်းစွန်းရှုက ပိယွင်နဲ့ပိချုံးကို တပည့်အဖြစ် ကိုယ်တိုင်လက်ခံခဲ့တယ်။ ဒီနေ့မှာ ကုန်းစွန်းကျစ်က မင်းတို့နှစ်ယောက်ကို ကုန်းစွန်းမိသားစုဆီကြိုဆိုဖို့ ရောက်လာတယ်”
ကုန်းစွန်းကျစ် ....
ကုန်းစွန်းရှု ....
ခယ်ကျန်းယွဲ့က လူငယ်ကို မှတ်မိသွားသည်။
နန်းမြို့တော်၏ လူငယ်ဓားကျင့်ကြံသူများကြားတွင် ကုန်းစွန်းမိသားစု၏ နံပတ်တစ်မျိုးဆက်သစ်ဖြစ်သော ကုန်းစွန်းကျစ်သည် လူတိုင်းကို ဖိနှိပ်ထားပြီး ဓားပညာရပ်၏ နဂါးငယ်ဟုသိကြသော မော့ကျီရှုနှင့် သရေကျအောင် တိုက်ခိုက်ခဲ့သည်။
သူ့အဘိုးသည် ကုန်းစွန်းမိသားစု၏ နံပတ်တစ်ဓားကျင့်ကြံသူဖြစ်ပြီး နန်းမြို့တော်၏ ထိပ်တန်းဓားကျင့်ကြံသူ ပြိုင်ဘက်ကင်းကုန်းစွန်းရှုဖြစ်သည်။
ဓားတစ်လက်ဖြင့် နန်းမြို့တော်ကို ဖိနှိပ်ထားနိုင်သည်။
ဓားတာအိုတွင် ထိုသို့ဂုဏ်ပြုခံရသောလူများ သိပ်မရှိပေ။
ကုန်းစွန်းရှုက လောက၏ ထိပ်တန်းဓားကျင့်ကြံသူဖြစ်သည်။
‘သူတို့က တပည့်နှစ်ယောက်အတွက်နဲ့ အဲဒီလူကို ရင်ဆိုင်တော့မှာလား’
ပတ်ဝန်းကျင်တွင်ရှိသောလူများက တွေးမိသည်။
‘သူတို့က တန်လို့လား’
‘ဓားစုစည်းခြင်းဂိုဏ်းက တန်လို့လား’
လက်ထဲတွင်ဓားကိုင်ထားသော တုဟယ်က ဖြူဖျော့သွားသည်။ သူက ဓားကို ဆက်မကိုင်နိုင်တော့သကဲ့သို့ ဓားက တုန်ခါနေသည်။
ကုန်းစွန်းကျစ်က သူတို့ကို မကြည့်ပေ။ သူက ပိယွင်နှင့်ပိချုံးကို ကြည့်လိုက်ပြီး ပြုံးသည်။
“အကြီးအကဲတို့၊ အားလုံးသိမ်းဆည်းပြီး မြို့အထက်ပိုင်းကို လိုက်ခဲ့ပါ”
‘မြို့အထက်ပိုင်းကို သွားရမှာလား’
မြို့အထက်ပိုင်းတွင် တိုင်းပြည်၏ အရေးပါသောမှူးမတ်များ နေထိုင်သည်။
မြို့အထက်ပိုင်းတွင်နေထိုင်သောလူများသည် ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တုန်ခါသွားစေသည်။
မြို့အောက်ပိုင်းရှိ အဆင့်နိမ့်အိမ်တွင်နေထိုင်သော ပိဝူဟယ်တို့မိသားစုက မြို့အထက်ပိုင်းသို့ ဖိတ်ခေါ်ခံလိုက်ရသည်။
အိမ်နီးချင်းများက အလွန်ထိတ်လန့်သွားပြီး ပိဝူဟယ်ကို အလွန်အားကျသောအကြည့်များဖြင့် ကြည့်နေသည်။
ပိဝူဟယ်က ကြောင်အနေသည်။
သူ့ကလေးများကို တပည့်အဖြစ်လက်ခံလိုက်သောလူသည် နန်းမြို့တော်၏ ပြိုင်ဘက်ကင်းကုန်းစွန်းရှု ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူက ကျောက်စိမ်းပြားကို ရလာသောအခါတွင် ကုန်းစွန်းမိသားစုများကို တွေးကြည့်ခဲ့သည်။
သူက ကုန်းစွန်းရှု၏နာမည်ကို အရင်ဆုံး ဖယ်ထုတ်လိုက်သည်။
သူက ထိုအကြောင်းကို မတွေးရဲပေ။
ထိပ်တန်းကျင့်ကြံသူတစ်ဦးသည် သူတို့၏ကလေးများကို အဘယ်ကြောင့် တပည့်အဖြစ် လက်ခံမည်နည်း။
မဖြစ်နိုင်ပေ။
သို့သော် ယခုအချိန်တွင် ပိယွင်နှင့်ပိချုံးအား တပည့်အဖြစ်လက်ခံခဲ့သောလူသည် ကုန်းစွန်းရှုဖြစ်သည်ဟု ကုန်းစွန်းကျစ်က ပြောနေသည်။
“ပြိုင်ဘက်ကင်းအကြီးအကဲ ကုန်းစွန်းရှုလား’
ပိဝူဟယ်က ကုန်းစွန်းကျစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါတို့ခေါင်းဆောင်မှာ အဲဒီနာမည်မျိုး ရှိပါတယ်”
ကုန်းစွန်းကျစ်က ခေါင်းညိတ်သည်။
ပိဝူဟယ်၏နောက်တွင်ရှိနေသော ကလေးနှစ်ယောက်၏မျက်လုံးများက တောက်ပသွားသည်။
‘ငါတို့ကို တပည့်အဖြစ်လက်ခံလိုက်တဲ့ အကြီးအကဲရဲ့ဘွဲ့ထူးက ပြိုင်ဘက်ကင်းတဲ့လား’
ကျင်းယွင်မိန်က ပိဝူဟယ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏လက်ချောင်းများက ဖြူဖွေးနေသည်။
သူမ၏စိတ်က အလွန်ရှုပ်ထွေးနေသည်။
‘ငါ့ကလေးတွေက ဘယ်လိုလုပ်ပြီး ပြိုင်ဘက်ကင်းကုန်းစွန်းရှုရဲ့တပည့်တွေ ဖြစ်သွားတာလဲ’
လူတိုင်းက တိတ်ဆိတ်နေပြီး ပိဝူဟယ်ကို ကြည့်နေကြသည်။
“ခလွမ် ....”
တုဟိုင်၏ လက်ထဲတွင်ရှိသောဓားက ပြုတ်ကျသွားသည်။ သူက တစ်ကိုယ်လုံးပျော့ခွေနေပြီး တုန်ခါလျက် ပုံကျသွားသည်။
သူ့ဘေးတွင် ခယ်ကျန်းယွဲ့ကလည်း အတူတူပင်ဖြစ်သည်။