← Chapters

အခန်း (၅၀၄)

Vol. 36 Ch. 504

အခန်း (၅၀၄)

Vol. 36 Ch. 504

ဓားပြုတ်ကျသွားသောအသံကြောင့် ပိဝူဟယ်က အသိစိတ်ပြန်ဝင်လာသည်။

သူက အပြုံးတစ်ခုနှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကုန်းစွန်းကျစ်ကို ပြောသည်။

“ခဏလောက်စောင့်ပေးပါ သခင်လေးကုန်းစွန်း။ ကျွန်တော်တို့က ချက်ချင်းထုတ်ပိုးလိုက်ပါ့မယ်”

သူက ကျင်းယွင်မိန်နှင့် ကလေးနှစ်ယောက်၏လက်ကို ကိုင်ထားပြီး အိမ်ထဲသို့ဝင်သွား၍ အဝတ်အစားများကို ထုပ်ပိုးလိုက်သည်။ ပိဝူဟယ်တို့က လျင်မြန်စွာပြန်ထွက်လာသည်။

ကျင်းယွင်မိန်က ရှုပ်ထွေးနေသောခံစားချက်များဖြင့် ပိတ်ထားသောတံခါးကို လှည့်ကြည့်သည်။

သူတို့မိသားစုက ဤအိမ်လေးတွင် နှစ်ချီအောင် နေထိုင်ခဲ့သည်။

ထိုနှစ်များအတွင်း၌ ဘဝသည် ခက်ခဲသော်လည်း ငြိမ်းချမ်းသည်ဟု ပြောနိုင်သည်။

ကံကောင်းစွာဖြင့် အနာဂတ်သည် ပိုကောင်းနေလိမ့်မည်။

ဒဏ်ရာများပျောက်ကင်းသွားသော ကျင်းယွင်မိန်က ပြုံးလိုက်ပြီး ပိယွင်နှင့်ပိချုံးကို ဦးဆောင်၍ ပိဝူဟယ်နှင့်အတူ ထွက်လာသည်။

ကုန်းစွန်းကျစ်က တခြားလူများကို တစ်ချက်မှမကြည့်ပေ။ သူက လှည့်ထွက်သွားပြီး ပိမိသားစုကို ဦးဆောင်လိုက်သည်။ သူတို့က မြင်းလှည်းပေါ်သို့တက်ပြီး မြို့အထက်ပိုင်းသို့ ဦးတည်လိုက်သည်။

အစမှအဆုံးထိ ဓားစုစည်းခြင်းဂိုဏ်းမှ ခယ်ကျန်းယွဲ့နှင့် တုဟိုင်ကို အာရုံစိုက်သောလူ မရှိခဲ့ပေ။

ကုန်းစွန်းမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် ထိုလူများကို နောက်တစ်ခါကြည့်မိလျှင် အဆင့်အတန်းနှင့်မကိုက်ညီဟု ခံစားရသည်။

အိမ်နီးချင်းများက တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။

ယနေ့ဖြစ်ရပ်ကြောင့် ဓားစုစည်းခြင်းဂိုဏ်းမှလူများ ဒေါသထွက်သွားရသည်။

သို့သော် သူတို့က တပည့်လက်ခံရန် ဂရုမစိုက်နိုင်တော့ပေ။ ဓားစုစည်းခြင်းဂိုဏ်းက ကုန်းစွန်းမိသားစုကို ရန်စမိလိုက်သောကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် စဉ်းစားရလိမ့်မည်။

သာမန်လူနှင့်ကျင့်ကြံသူများက နန်းမြို့တော်၏စည်းမျည်းများကို မချိုးဖောက်နိုင်ပေ။

သို့သော် အင်အားစုကြီးများ၏ အစစ်အမှန်ကျွမ်းကျင်သူများသည် စည်းကမ်းချမှတ်ထားသောလူများ ဖြစ်သည်။

ခြံဝိုင်းလေးထဲတွင် ခယ်ကျန်းယွဲ့က ဗလာဖြစ်နေသောပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။

“တု .... ဂိုဏ်းတူညီလေးတု၊ ငါတို့ ....”

မြေကြီးပေါ်တွင်ပုံကျနေသော တုဟယ်က ဓားကိုကောက်ယူလိုက်ပြီး တီးတိုးပြောသည်။

“ဂိုဏ်းတူအစ်ကို၊ ငါတို့က နန်းမြို့တော်မှာ ဆက်နေလို့မရ‌တော့ဘူး”

ခယ်ကျန်းယွဲ့က ခေါင်းညိတ်သည်။

ကုန်းစွန်းမိသားစုကို ရန်စမိသောကြောင့် ဂိုဏ်းအတွက် ပြဿနာအများအပြား ရောက်လာလိမ့်မည်။

သူတို့က နန်းမြို့တော်တွင် ဆက်ရှိနေလျှင် ဂိုဏ်းက သူတို့ကို ညှာတာနေမည်မဟုတ်ပေ။

သူတို့က မြို့တော်မှ လျင်မြန်စွာထွက်သွားကြသည်။

သူတို့က မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဓားစုစည်းခြင်းဂိုဏ်းက ရှုပ်ထွေးနေသည်။

အနီရောင်ချပ်ဝတ်ကို ဝတ်ပြီး ဓားကြီးတစ်လက်ကို ကိုင်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးက အ‌ဆောက်အအုံတိုင်းကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။

ကမ္ဘာမြေအဆင့် ဂိုဏ်းခွဲမှူးများ၊ ကောင်းကင်အဆင့်အကြီးအကဲများက ထိုဓားကျင့်ကြံသူကို မတားနိုင်ပေ။

သူက ခန်းဆောင်ထဲအထိဝင်သွားပြီး ဂိုဏ်း၏နာမည်ပြားကို ဖျက်ဆီးခဲ့သည်။ ထို့နောက် သွေးအန်လျက် လဲကျနေသော ဓားစုစည်းဂိုဏ်း၏ဂိုဏ်းချုပ်ကို ဆွဲ‌ခေါ်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်သွားသည်။

‘ဂိုဏ်းချုပ်က အဖမ်းခံလိုက်ရတာလား’

ဓားစုစည်းခြင်းဂိုဏ်း၏တပည့်များက လမ်းပျောက်နေသည်။

လူတစ်ယောက်က ကင်းလှည့်တပ်ဖွဲ့ကို လျင်မြန်စွာသွားရှာလိုက်သည်။

နန်းမြို့တော်တွင် ရန်ပွဲများကို တားဆီးထားသည်။

ဓားစုစည်းခြင်းဂိုဏ်းသည် မည်သူ့ကိုမှ ရန်မစခဲ့‌သော်လည်း အလကားနေရင်း အရိုက်ခံလိုက်ရသည်။ သူတို့က ကင်းလှည့်တပ်ဖွဲ့ဆီသို့သွား၍ တရားမျှတမှုရှာဖွေရမည်။

ဓားစုစည်းခြင်းဂိုဏ်း၏ဂိုဏ်းချုပ်က ချက်ချင်းဆိုသလိုပင် မြို့အထက်ပိုင်းသို့သွားသော လမ်းပေါ်သို့ ပစ်ချခံလိုက်ရသည်။

မြင်းလှည်းတပ်ဖွဲ့က ရပ်တန့်သွားသည်။

မြင်းစီးနေသောကုန်းစွန်းကျစ်က ရှေ့သို့ကြည့်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာသည်။

သူက ‌ကျောတွင်ဓားလွယ်ထားသောလူဆီမှ ထွက်ပေါ်လာသောဓားဆန္ဒများကို ခံစားနိုင်သည်။

အလွန်အားကောင်းသည်။

‘နန်းမြို့တော်ရဲ့ မီးတောက်နီစစ်တပ်မှာ ဒီလိုဓားကျင့်ကြံသူမျိုး ဘယ်တုန်းက ပေါ်လာခဲ့တာလဲ’

“စစ်သူကြီးက ငါတို့ကုန်းစွန်းမိသားစုရဲ့ယာဉ်တန်းကို ဘာဖြစ်လို့ တားဆီးလိုက်ရတာလဲ”

ထိုလူဆီမှ သတ်ဖြတ်လိုစိတ်များကို မခံစားရသောကြောင့် ကုန်းစွန်းကျစ်၏လေသံက အနည်းငယ်ပျော့ပြောင်းသွားသည်။

ထိုလူက ခေါင်းမော့ပြီး ကုန်းစွန်းကျစ်ကို ခေါင်းညိတ်ပြသည်။ ထို့နောက် သူက ပိဝူဟယ်ကို ကြည့်သည်။

“သူက ဓားစုစည်းခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

သူက လက်ထဲတွင်ရှိသောဓားဖြင့် ဓားစုစည်းခြင်းဂိုဏ်းမှ ဂိုဏ်းချုပ်၏လည်ပင်းကို ထောက်ထားသည်။ ထို့နောက် အေးစက်စွာပြောသည်။

“အနာဂတ်မှာ ဓားစုစည်းခြင်းဂိုဏ်းက ချီယန်ဓားဂိုဏ်းကို ဝင်ရောက်ရမယ်။ မင်းက အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်။ နားလည်လား”

ဓားသည် အေးစက်သောဓားဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူက ငြင်းဆိုလိုက်လျှင် ဓားက သူ့လည်ပင်းကို ဖြတ်တောက်သွားလိမ့်မည်။

ဓားစုစည်းခြင်းဂိုဏ်း၏ဂိုဏ်းချုပ်က ခက်ခဲစွာခေါင်းညိတ်သည်။

သူက မသေချင်သေးပေ။

ပိဝူဟယ်နှင့်ကျင်းယွင်မိန်တို့က မျက်လုံးပြူးသွားသည်။

ချီယန်ဓားဂိုဏ်းသည် သူတို့ဂိုဏ်း၏နာမည်ဖြစ်သည်။

ကျင်းယွင်မိန်၏ဖခင်က ဂိုဏ်းချုပ်ဖြစ်ခဲ့သည်။

ချီယန်ဓားဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီး ဂိုဏ်းနာမည်ကိုထုတ်ပြောသောလူ မရှိတော့ပေ။

ရှေ့တွင်ရှိနေသောလူက မည်သူနည်း။

“တာအိုရောင်းရင်း၊ မင်းက ....”

ပိဝူဟယ်က မြင်းပေါ်မှ ခုန်ဆင်းလာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

“ငါ့နာမည်က လင်းရှန်ပါ။ ငါက အခု မီးတောက်နီစစ်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ”

ထိုလူက နက်ရှိုင်းသောအသံဖြင့် ပြောသည်။

လင်းရှန် ....

လေ့ကျင့်ရေးမှူးလင်း ....

လင်းရှန်က နောက်တွင်ရှိသောမြင်းလှည်းကို ကြည့်သည်။ သူက ခေါင်းတိုးကြည့်နေသော ကလေးနှစ်ယောက်နှင့် အကြည့်ချင်းဆုံသွားသည်။

“ဟားဟား၊ မင်းတို့တွေ ကောင်းကောင်းကျင့်ကြံရမယ်။ ပြင်ပဘုံကနေ ငါပြန်လာရင် မင်းတို့ကို ပြန်ပေးသင့်တာတွေ ပြန်ပေးမယ်”

လင်းရှန်က ရယ်လိုက်ပြီး မျက်လုံးထဲတွင်ရှိသော မျက်ရည်များကို ဖိနှိပ်ထားသည်။ သူက လှည့်ထွက်သွားသည်။

“ကင်းလှည့်တပ်ဖွဲ့က ဘယ်မှာလဲ”

“ငါက ဓားစုစည်းခြင်းဂိုဏ်းကို တိုက်ခဲ့တယ်။ ငါက အပြစ်ခံယူဖို့ ဆန္ဒရှိတယ်။ မင်းတို့က ဒါကို ကင်းလှည့်တပ်ဖွဲ့ဆီ သတင်းပို့နိုင်တယ်”

လင်းရှန်က ခြေလှမ်းကျဲများနှင့်အတူ ထွက်သွားသည်။

ကင်းလှည့်တပ်ဖွဲ့၏ ကျွမ်းကျင်သူများက တိတ်ဆိတ်စွာလိုက်လာသည်။

ကုန်းစွန်းကျစ်၏မျက်နှာထားက ပြောင်းလဲသွားပြီး ထွက်သွားသောလင်းရှန်ကို ကြည့်သည်။

ပိဝူဟယ်နှင့်ကျင်းယွင်မိန်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လှည်းပေါ်တွင်ရှိသောကလေးများကို ပြန်ကြည့်သည်။

အကြောင်းပြချက်တချို့ကြောင့် ကလေးနှစ်ယောက်က စိတ်လှုပ်ရှားနေပုံပေါ်သည်။ သူတို့က ထိုလူကို နှစ်ပေါင်းများစွာကြာအောင် သိလာပုံပေါ်သည်။

မြင်းလှည်းက ရှေ့ဆက်သွားပြီး ဓားစုစည်းခြင်းဂိုဏ်းမှလူတချို့ နောက်မှလိုက်လာသည်။

ထိုလူများက ယခုအချိန်တွင် ချီယန်ဂိုဏ်း၏လူများ ဖြစ်သွားကြသည်။

လင်းရှန်၏ခြိမ်းခြောက်မှုတင်မကဘဲ ကုန်းစွန်းရှု၏တပည့်ဖြစ်သွားသော ပိညီအစ်ကိုကြောင့် ချီယန်ဓားဂိုဏ်းသို့ ဝင်ရောက်လိုက်ခြင်းသည် ဉာဏ်ရှိသောရွေးချယ်မှုဖြစ်သည်။

မြို့အောက်ပိုင်းတွင်ရှိသော ဓားစုစည်းခြင်းဂိုဏ်းတွင် ဆက်နေရန် မလိုတော့ပေ။

ကုန်းစွန်းရှု၏အကူအညီနှင့်ဆိုလျှင် သူတို့က ရှေ့ဆက်သွားနိုင်မည်။

ပိဝူဟယ်က ကျင်းယွင်မိန်နှင့် ဆွေးနွေးပြီး ထိုလူများကို လက်ခံလိုက်သည်။

ယခင်က ချီယန်ဓားဂိုဏ်းကို ပြန်လည်တည်ထောင်ရန်အတွက် သူတို့ မတွေးရဲခဲ့ပေ။ သို့သော် ထိုအကြောင်းသည် သူတို့၏နှလုံးသားထဲတွင် ရှိနေပြီး မေ့မပစ်နိုင်ပေ။

ယခုအချိန်တွင် သူတို့၏ကလေးများက အကြီးအကဲကုန်းစွန်းရှု၏တပည့်များ ဖြစ်သွားသောကြောင့် တချို့အရာများ ပြောင်းလဲသွားခဲ့သည်။

ထိုအရာသည် ကျင့်ကြံခြင်းလောက၏ လည်ပတ်ပုံပင်ဖြစ်သည်။

....

မြို့လယ်တွင်ရှိသော လွင့်မျောဝိညာဉ်မြို့ဖြစ်သည်။

လွင့်မျောဝိညာဉ်မြို့တွင် ရှန့်ကျောင်းတော်ဟုခေါ်သော ကျောင်းတစ်ကျောင်းရှိသည်။

ထိုကျောင်းတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ ငါးယောက်နှင့် ရာချီနေသောကျောင်းသားများ ရှိသည်။

တော်ဝင်ကျောင်းတော်သို့ဝင်ရောက်နိုင်သောလူများ အနည်းငယ်သာရှိသည်။ ကျောင်းသားအများစုသည် တခြားကျောင်းတော်များတွင် ပညာသင်ကြားရသည်။

နန်းမြို့တော်တွင် ရာချီနေသောကျောင်းများ ရှိသည်။

ထိုအချိန်တွင် အရပ်ပုပြီး ဝဖြိုးသော ပိုးသားဝတ်စုံနှင့်လူငယ်တစ်ယောက်က ဖိတ်စာတစ်စောင်ကို ကိုင်ထားပြီး ကျောင်းထဲသို့ ပြေးဝင်လာသည်။

“ကျောင်းအုပ်ချိုး၊ ကျောင်းအုပ်ချိုး ကိစ္စကြီးတစ်ခု ဖြစ်နေပြီ”

လူငယ်က ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် ခန်းဆောင်ထဲတွင်ထိုင်နေသော ကျောင်းသားများက လှည့်ကြည့်လိုက်သည်။

လူငယ်၏နာမည်သည် မူရုံထွေ့ဖြစ်ပြီး လွင့်မျောဝိညာဉ်မြို့၏ ကုန်သည်မိသားစုကြီးတစ်ခုမှ တရားဝင်သားဖြစ်သည်။

သူက ကျောင်းထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။ အပြုအမူရိုင်းစိုင်းပြီး နားလည်မှုမရှိပေ။

မူရုံထွေ့၏အော်သံကို ကြားလိုက်ရသောအခါ စားပွဲထိပ်တွင်ထိုင်နေသော အနက်ရောင်မုတ်ဆိတ်နှင့်အကြီးအကဲက မျက်မှောင်ကြုတ်သည်။ သူက လက်မြှောက်လိုက်သောအခါတွင် ချီစွမ်းအင်အလင်းတစ်ခု ဆင်းသက်လာသည်။

“မူရုံထွေ့၊ မင်းက ကျောင်းစည်းကမ်းကို ချိုးဖောက်ချင်တာလား”

လူအိုကြီးက အော်ဟစ်လိုက်သည်။ ရွှေရောင်သမာဓိစွမ်းအားများသည် ချိန်းကြိုးတစ်ခုအဖြစ် အသွင်ပြောင်းပြီး မူရုံထွေ့ကို ရစ်ပတ်လိုက်သည်။

“ကျောင်းအုပ်၊ ကျောင်းအုပ်၊ တကယ်ကိစ္စကြီးဖြစ်နေတာ”

ချိန်ကြိုးဖြင့် ချည်နှောင်ခံထားရသော မူရုံထွေ့က လက်ထဲတွင်ရှိသောဖိတ်စာကို ဝှေ့ယမ်းပြသည်။

“ကျွန်တော့်မှာ အပျော်လှေကိုသွားဖို့ ဖိတ်စာရှိတယ်။ ကျောင်းအုပ်ကိုပေးဖို့ ရောက်လာခဲ့တာ”

‘အပျော်လှေဖိတ်စာလား’

ပတ်ဝန်းကျင်တွင်ရှိသော ကျောင်းသားများက ခေါင်းငုံ့ပြီး ခိုးရယ်လိုက်ကြသည်။

လူအိုကြီး၏မျက်နှာထားက အေးစက်သွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“မသိနားမလည်တဲ့ကောင်။ ငါ ချိုးချူးချီက မင်းလိုမျိုး မိန်းမလိုက်စားတဲ့လူလို့ ထင်နေတာလား”

“ဒီလူအိုကြီးက မင်းကို သင်ခန်းစာကောင်းကောင်းပေးရတော့မယ်။ ငါတို့ကွန်ဖြူးရှပ်ပညာရှင်တွေက နှလုံးသားကို ကြိုးစားလေ့ကျင့်ရမယ်”

လူအိုကြီး၏လက်ထဲတွင်ရှိနေသော ကျောက်စိမ်းပေတံက ချီစွမ်းအင်အလင်းများဖြင့် တောက်ပလာပြီး မူရုံထွေ့ကို ရိုက်ချတော့မည်ဖြစ်သည်။

မူရုံထွေ့က လည်ပင်းကျုံ့လိုက်ပြီး အော်ပြောသည်။

“ကျောင်းအုပ်၊ ဒါက ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲအတွက် ဖိတ်စာနော်။ ကျွန်တော်က ဒီဖိတ်စာကိုရဖို့ ဝိညာဉ်ကျောက်တုံးတစ်သိန်း သုံးခဲ့ရတယ်။ ကျောင်းအုပ်မလိုချင်ရင်လည်း ကျွန်‌တော့်ဘာသာ သွားလိုက်မယ်”

‘ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲလား’

ချိုးချူးချီက ကြောင်အသွားပြီး မူရုံထွေ့၏ရှေ့သို့ ဖျတ်ခနဲ‌ရောက်လာသည်။ သူက ဖိတ်စာကို ယူလိုက်သည်။

“ဒါက တကယ်ပဲ ဒဏ္ဍာရီလာ ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲအတွက် ဖိတ်စာလား”

“ဒီပုံတူပွားထားတဲ့ဖိတ်စာကိုသုံးပြီး စာပေဆွေးနွေးပွဲမှာ ဝင်ပါလို့ရလား”

ချိုးချူးချီက တီးတိုးရေရွတ်လိုက်ပြီး ကျောင်းထဲမှ ထွက်သွားသည်။

“ငါက ကွန်ဖြူးရှပ်တာအိုရဲ့ မဟာကျင့်ကြံသူတွေကို သွားကြည့်တော့မယ်။ မင်းတို့ကောင်တွေ ကိုယ့်ဘာသာစာကြည့်နေတော့”

‘ကိုယ့်ဘာသာ စာကြည့်ရမှာလား’

ခန်းဆောင်ထဲတွင်ရှိသော ကျောင်းသားများအားလုံးက သဘောတူလိုက်သည်။

“‌ကျောင်းအုပ်၊ ကျွန်‌တော့်ကို လွှတ်ပေးပါအုံး ....”

မူရုံထွေ့က နာကျင်စွာ‌အော်ဟစ်လိုက်သည်။

....

နေ့တစ်ဝက်အတွင်း၌ နှစ်ပေါင်းရာချီအကြာတွင် တပည့်လက်ခံလိုက်သော ပြိုင်ဘက်ကင်းကုန်းစွန်းရှု၏သတင်းသည် နန်းမြို့တော်တွင် ပျံ့နှံ့သွားသည်။

ပြိုင်ဘက်ကင်းကုန်းစွန်းရှု၏ သဘောကျမှုကို ခံလိုက်ရသော ပါရမီကောင်းသည့်လူကို နန်းမြို့တော်တွင်ရှိသော ဓားကျင့်ကြံသူများအားလုံး သိချင်နေကြသည်။

ကုန်းစွန်းရှု၏အဆင့်အတန်းအရ တပည့်လက်ခံမည်ဟု ကြေညာလိုက်လျှင် တပည့်ခံလိုသောလူများသည် မြို့အထက်ပိုင်းမှ မြို့အပြင်ဘက်အထိ တန်းစီနေလိမ့်မည်။

တော်ဝင်မိသားစု၏ လက်ရွေးစင်များကပင် ကုန်းစွန်းရှုကို စိတ်လှုပ်ရှားသွားအောင် မလုပ်နိုင်ပေ။

သို့သော် ယနေ့တွင် ကုန်းစွန်းရှုက တပည့်လက်ခံလိုက်သည်ဟု ရုတ်တရက် သတင်းထွက်လာသည်။ ထိုအကြောင်းကို စိတ်မဝင်စားသောလူ မရှိပေ။

ဓားကျင့်ကြံသူကြီးများက သတင်းများကို ဆက်လက်စုံစမ်းနေသည်။

သို့သော် ကုန်းစွန်းရှု၏ တပည့်လက်ခံလိုက်သောသတင်းနှင့် ယှဉ်လိုက်လျှင် နန်းမြို့တော်က ပိုမိုဆူပွက်နေသည်။ နှစ်ရက်အကြာတွင် ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲ ကျင်းပလိမ့်မည်။

ထိုအကြောင်းကိုသိသောလူ သိပ်မရှိပေ။

စာပေဆွေးနွေးပွဲတွင် ကွန်ဖြူးရှပ်တာအို၏ ထိပ်တန်းကျွမ်းကျင်သူများသာ ဝင်ရောက်ဆင်နွှဲနိုင်သည်။

ထိုပွဲက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအချို့၏ သီးသန့်ဆွေးနွေးပွဲဖြစ်သည်။ သို့သော် အကြောင်းပြချက်တချို့ကြောင့် ထိုသတင်းက နန်းမြို့တော်တွင် ညတွင်းချင်းပျံ့နှံ့လာသည်။

All Chapters