← Chapters

ဓားသိုင်းယှဉ်ပြိုင်ခြင်းမှတစ်ဆင့်

Vol. 79 Ch. 1111

ဓားသိုင်းယှဉ်ပြိုင်ခြင်းမှတစ်ဆင့်

Vol. 79 Ch. 1111

အခန်း (၁၁၁၁) ဓားသိုင်းယှဉ်ပြိုင်ခြင်းမှတစ်ဆင့်

သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ထင်ရှားပေါ်လွင်နေကြောင်း ရန်ကျောက်ကဲ သိရှိသော်လည်း ဤသို့ သွားမည့်လမ်းကို ရုတ်တရက်တားဆီးပြီး စိန်ခေါ်ခံရခြင်းအတွက် အတော်လေး အံ့အားသင့်သွားမိသည်။

သူက ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ် မိသားစု၏ ဧည့်သည်တော်တစ်ယောက် ဖြစ်သည်။

ပြီးတော့ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့ကို လုန်ရွှယ်ကျီးကိုယ်တိုင် တန်းရှတောင်ထွတ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည် မဟုတ်ပါလား။

ရန်ကျောက်ကဲ ပြန်မဖြေမီ ရှောက်ပိုင်တောင်ထွတ်မှ တပည့်တစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် စကားလှမ်းပြောလိုက်သည်။

“ဆရာဦးလေး’ရန်’ ... ဂိုဏ်းတူအစ်ကို’ဝန်’ အပေါ်မှ ဗွေမယူပါနဲ့ ၊ သူက ဓားတာအိုကို အရမ်းစွဲလန်းပြီး စိတ်ကလည်း ဘွင်းဘွင်းရှင်းရှင်း ရှိလို့ပါ”

အခြားသော ရှောက်ပိုင်တောင်ထွတ်မှ တပည့်များသည်လည်း ဝန်တိုက်ဟုန်ကို လျှို့ဝှက်စွာ စကားပြောဆက်သွယ်နေကြဟန်ပင်။

ဝန်တိုက်ဟုန်က ဧည့်သည်တော်၏လမ်းကြောင်းကိုပိတ်ဆို့ပြီး စိန်ခေါ်လိုက်သည့်အတွက် ရှောက်ပိုင်တောင်ထွတ်မှ သိုင်းသမားများမှာ ဒေါသထွက်ခြင်းထက် အံ့အားသင့်ခြင်းကို ပိုပြီး ခံစားနေရသည်။

“ထန်မြောက်တောင်ထွတ်က ခရမ်းရောင်အလင်းဂူ...”

ရန်ကျောက်ကဲစိတ်ထဲ အချို့သောကိစ္စရပ်များကို ပြန်လည်စဉ်းစားလိုက်မိသည်။

ရန်ကျောက်ကဲ ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်တွင် ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့် ဝမ်ဖူတို့နှင့်အတူ ရှိနေစဉ်က သတင်းအချက်အလက်များစွာကို ရရှိခဲ့သည်။

ထိုသတင်းများထဲတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်ပတ်သက်သော ကိစ္စရပ်များလည်း ပါဝင်သည်။

အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အချင်းချင်း အဆင်မပြေကြသလို အလယ်ဆင့်နှင့် အဆင့်နိမ့်ကျင့်ကြံသူများအချင်းချင်း အသွားအလာအဆက်အဆံမရှိသည်မှာ အချိန်အတော်ကြာပေပြီ။

သို့သော် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကတော့ အခြေအနေကိုလေ့လာရန် အပြန်အလှန် သူလျှိုများစေလွှတ်ထားခဲ့ကြသည်။

သူလျှိုများစေလွှတ်ထားခြင်းက အသေးစိတ်အချက်အလက်များကို မလေ့လာနိုင်သော်လည်း ယေဘူယျအချက်အလက်များနှင့် အာဏာချိန်ခွင်လျှာအပြောင်းအလဲသတင်းများကို ရရှိနိုင်သည်။

သို့ဖြစ်ရာ သတင်းရရှိမှု အနည်းငယ် နှောင့်နှေးသည့်တိုင် ရန်ကျောက်ကဲနှင့် ဝါဒတောင် အဆက်မပြတ်အင်အားကြီးမားလာသည့်သတင်းကို လုန်ချွမ်ဧကရာဇ်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကျင့်ကြံသူများ သတင်းရရှိခဲ့ကြသည်ပင်။

ထို့အတူ အထက်ဘုံကမ္ဘာသည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်ပတ်သက်သည့် သတင်းများကို အဆင့်တစ်ခုအထိ သိရှိခဲ့ကြသည်။

ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ပတ်သက်ဆက်နွယ်သူဖြစ်လေရာ သူက ထိုအကြောင်းအရာများကိုမေးမြန်းသည့်အခါ ဝမ်ဖူတို့အုပ်စုကလည်း ဖုံးကွယ်ထားခြင်း မရှိပေ။

ဝမ်ဖူ၏စကားအရဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လုံးဝ စည်းလုံးခြင်းမရှိဟု ကောက်ချက်ချနိုင်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရွှမ်ဟွမ်ဧကရီ၏အခွင့်အာဏာက အထက်ဘုံကမ္ဘာမှ တိဟွမ်မြေကမ္ဘာဧကရာဇ်ထက်ပင် ကြီးမားသည်။

သို့သော် ရွှမ်ဟွမ်ဧကရီ၏ အဆက်အနွယ်တစ်ခုတည်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အုပ်စိုးထားခြင်း မဟုတ်ပေ။

ဤသို့ဖြစ်ရသည့်အကြောင်းရင်းက ရန်ကျောက်ကဲတို့၏ ဘိုးဘေးများနှင့် အနည်းနှင့်အများ သက်ဆိုင်နေသည်။

ဝမ်ဖူက အသေးစိတ်ပြောမပြသည့်တိုင် ဘာကိုဆိုလိုကြောင်း ရန်ကျောက်ကဲ နားလည်ခဲ့သည်။

အဘွားဖြစ်သူ တိချင်းလျန်က အဘိုးဖြစ်သူ ရန်ရှင်းထန်နောက်လိုက်သွားခြင်းနှင့်ပတ်သက်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘံဒ၏ ဘိုးဘေးဆရာသခင် ၊ တိချင်းလျန်နှင့် ကောင်းချင်းရွှမ်တို့၏ဆရာကိုယ်တိုင်က အတော်လေး မကျေမနပ်ဖြစ်ခဲ့သည်။

နောက်ပိုင်း တိချင်းလျန် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားရသည့်အခါ ထိုဘိုးဘေးဆရာသခင်က အလွန်ကြီးမားစွာ နောင်တရခဲ့သည်။

ဤကိစ္စများဖြစ်ပျက်ပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အထက်ဘုံကမ္ဘာကြား ရန်ငြိုးဖွဲ့မှုစတင်ခဲ့သလို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်လည်း ကြားနေအဖွဲ့နှင့် အစွန်းရောက်အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားသည်။

ဘိုးဘေးဆရာသခင်နှင့်တကွ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အထက်ပိုင်းအကြီးအကဲအများစုက အစွန်းရောက်သဘောထား ရှိကြသည်။

သို့သော် ရွှမ်ဟွမ်ဧကရီကတော့ ကြားနေဝါဒ ကျင့်သုံးခဲ့သည်။

ဤသည်က သူမနှင့် လုန်ချွမ်ဧကရာဇ်ကြားမှ ဆက်ဆံရေးကြောင့် မဟုတ်ခဲ့ပေ။ တိချင်းလျန်သေဆုံးမှုနှင့်ပတ်သက်ပြီး သူမသည်လည်း အလွန်တရာ ဝမ်းနည်းပူဆွေးရသည်ပင် ဖြစ်သည်။

သို့သော် ယခင်တစ်ချိန်က သူမ ရန်ရှင်းထန်ကို ရှုံးနိမ့်ခဲ့သည့်တိုင် ထိုသူက သူမအား ရှုံးနိမ့်ခြင်းအတွက် မထီမဲ့မြင်မပြုခဲ့ခြင်းအပေါ် ကျေးဇူးတင်စွာ အမှတ်ရနေမိသည်။

ဟုတ်ပေ၏။

ရွှမ်ဟွမ်ဧကရီနှင့် မျိုးဆက်တူသူများကြားတွင် ကြားနေသဘောထားရှိသူက လူနည်းစု ဖြစ်သည်။

ဤကိစ္စများအပြင် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပွားခဲ့သော အခြားသော ရန်ငြိုးရန်စများလည်း ရှိသေးသည်။ ဤကိစ္စများကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အုပ်စုနှစ်စု အကြီးအကျယ်ကွဲသွားပြီး လက်ရှိအခြေအနေအထိ ဦးတည်လာခဲ့သည်။

ရန်ကျောက်ကဲတို့သားအဖအပေါ် မည်သို့ဆက်ဆံမည်လဲဆိုသည်နှင့်ပတ်သက်ပြီး ကွဲပြားမှုက ပိုပြီး သိသာလာသည်။

ရန်ကျောက်ကဲ စိန်ခေါ်ခံရသော ယခုအခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် -

ချင်းဖိန်တောင် ၊ ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူတွင်နေထိုင်သည့် ‘ဟုန်တိဧကရာဇ်’ မှာ ကြားနေဝါဒဆွဲကိုင်သူတစ်ယောက်ဖြစ်ကြောင်း သတင်းထွက်သူ ဖြစ်၏။

ရှောက်ပိုင်တောင်ထွတ်မှ တပည့်များ၏ တုံ့ပြန်မှုကိုကြည့်ခြင်းအားဖြင့် ဤသတင်းကအမှန်ဖြစ်နိုင်သည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။

ဟုန်တိဧကရာဇ်က ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့က အစဉ်အဆက် အလွန်ရင်းနှီးသူများဖြစ်ကြပြီး ကောင်းမွန်သောဆက်ဆံရေး ရှိသည်။

ထို့ကြောင့် ဝန်တိုက်ဟုန်က ရန်ကျောက်ကဲအား လမ်းပိတ်ပြီးစိန်ခေါ်လိုက်သည့်အခါ ရှောက်ပိုင်တောင်ထွတ်မှတပည့်များမှာ ဒေါသထွက်ခြင်းထက် အံ့အားသင့်ခြင်းကိုသာ ခံစားကြရခြင်း ဖြစ်၏။

သူတို့ပုံစံက အချင်းချင်းဖြန်ဖြေပေးပြီး ဝန်တိုက်ဟုန်ကို ပြန်သွားစေရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲက ဘေးကပင် အခြေအနေကို လေ့လာနေပြီး ဤသည်က အမှန်တကယ်ပင် စိတ်ဝင်စားဖွယ်ဖြစ်ကြောင်း သိရှိလိုက်သည်။

‘ဟုန်တိဧကရာဇ်’ က ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့ကဲ့သို့ ကြားနေသဘောထားရှိသူဖြစ်သည်ဆိုလျှင် သူ၏အဆက်အနွယ်က အဘယ့်ကြောင့် ရန်ကျောက်ကဲအား စိန်ခေါ်ရပါသနည်း။

ဤသို့ပြုလုပ်သည်က ဟွမ်တိဧကရာဇ်နှင့် ရွှမ်ဟွမ်ဧကရီကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး ၊ ထိုသို့ဖြစ်လာပါက ရွှမ်ဟွမ်ဧကရီအဆက်အနွယ်အတွက် ခက်ခဲစေမည်မှာ သေချာသည်။

ပြဿနာရှိသည်မှာ ‘ဝန်တိုက်ဟုန်’ က ထိုအချက်ကို လုံးဝ သဘောပေါက်ဟန် မတူပေ။

သူက ဟုန်တိဧကရာဇ်၏သဘောထားကို တမင်တကာ ဆန့်ကျင်နေခြင်း မဟုတ်ပေ။ ရှောက်ပိုင်တောင်ထွတ်မှ တပည့်များပြောဆိုသည့်အတိုင်း သူက ရိုးရှင်းစွာပင် သိုင်းတာအိုနှင့်ပတ်သက်ပြီး သစ္စာရှိစါာ စိန်ခေါ်ခြင်း ဖြစ်သည်။

သူက ရန်ကျောက်ကဲ ၊ ယွိချင်အဆက်အနွယ် ၊ ထိုက်ချင်အဆက်အနွယ်များအပေါ် ကိုယ်တိုင်ကိုယ်ကျ ဆိုးရွားသော ခံစားချက်များ မရှိနိုင်သော်လည်း ရန်ရှင်းထန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား အနိုင်ယူလိုက်သောဖြစ်ရပ်နှင့်ပတ်သက်ပြီး စိတ်ထဲစွဲနေဟန် ရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်ရှိလာကြောင်း သတင်းရသည်နှင့် ချက်ချင်းပင် သူ့ကိုလာရှာခြင်း ဖြစ်၏။

သူက စိတ်ထားရိုးရှင်းသူတစ်ယောက်ဖြစ်သော်လည်း အမတကူးပြောင်းခြင်း အလယ်ဆင့် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့် ရှိသူဖြစ်၏။ ကျင့်ကြံခြင်းအဆင့်နှင့်ယှဉ်လျှင် သူ၏အသက်အရွယ်က အတော်လေး ငယ်ရွယ်သည်ဖြစ်ရာ အလားအလာများစွာရှိသူတစ်ယောက်ဟု ဆိုနိုင်သည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ငါ တန်းရှတောင်ထွတ်ကိုရောက်နေတာ မင်း ဘယ်လိုလုပ်သိတာလဲ ၊ ပြီးတော့ ငါပြန်ဆင်းတာလာကိုရော မင်း ဘယ်လိုလုပ်သိတာလဲ”

သူက ဆက်ပြောသည်။

“မင်း ငါ့ကို တစ်ချိန်လုံး ဒီနေရာမှာ လာစောင့်နေတာတော့ မဟုတ်ဘူးမလား”

ထိုစကားကိုကြားတော့ ဝန်တိုက်ဟုန် ခဏမျှ အံ့အားသင့်သွားပြီး ချီတုံချတုံဖြစ်သွားကာ ချက်ချင်း အဖြေပြန်မပေးနိုင်ပေ။

သူ့ပုံစံကိုကြည့်ရင်း တစ်စုံတစ်ယောက်က ဝန်တိုက်ဟုန်ကို စိန်ခေါ်လိုစိတ်ဖြစ်လာအောင် စွပေးလိုက်သဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲသာမက ရှောက်ပိုင်တောင်ထွတ်မှ တပည့်များအားလုံး နားလည်လိုက်ကြသည်။

ရှောက်ပိုင်တောင်ထွတ်မှတပည့်တစ်ယောက်က ဖြန်ဖြေရန် အမြန်ဆုံးကြိုးစားလိုက်သည်။

“ဒါက နားလည်မှုလွဲတာပါ ဆရာဦးလေး’ရန်’...”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဘာမှမဖြစ်ပါဘူး”

သူက ဆက်ပြောသည်။

“ကောင်းပြီလေ တာအိုရောင်းရင်း’ဝန်’... ဒီတော့ အပြန်အလှန် သင်ပြပေးကြတာပေါ့”

ရှောက်ပိုင်တောင်ထွတ်မှ တပည့်များကတော့ စိုးရိမ်နေဟန် ရှိသည်။ မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်ကတော့ မျက်နှာပျက်စရာဖြစ်သွားမည်မှာ သေချာနေသည် မဟုတ်ပါလား။

ဟုန်တိဧကရာဇ်က များသောအားဖြင့် ကြားနေဝါဒဖြစ်သော်လည်း သူ၏အဆက်အနွယ်မှ ဝန်တိုက်ဟုန်က ရန်ကျောက်ကဲအား ရှုံးနိမ့်သွားလျှင် ရွှမ်ဟွမ်ဧကရီအပေါ် သဘောထားပြောင်းသွားမည်လား ပြောရခက်သည်။

ဝန်တိုက်ဟုန်က တခြားထပ်မတွေးတော့ဘဲ ရန်ကျောက်ကဲအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“ဒါဖြင့် စပြီးတိုက်ခိုက်ပါ...”

ရန်ကျောက်ကဲက လက်တစ်ဖက်ကာပြရင်း...

“ဒါက သိုင်းပညာဖလှယ်တာပဲ သေခြင်းရှင်ခြင်းတိုက်ပွဲမှမဟုတ်တာ ၊ တိုက်ခိုက်မယ့်အချိန်နဲ့နေရာကို ငါ ရွေးချယ်လို့ရတယ် မဟုတ်လား”

ထိုစကားကြားတော့ ဝန်တိုက်ဟုန်က ချက်ချင်းပင် တိုက်ခိုက်ရန်အသင့်ပြင်ထားသည်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့... ဖြစ်သင့်ပါတယ်”

ရန်ကျောက်ကဲက...

“ဒါဖြင့် ငါ့နောက်လိုက်ခဲ့ပါ...”

ထို့နောက် ရန်ကျောက်ကဲက လေကဲ့သို့လျှင်မြန်သောအရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။

ဝန်တိုက်ဟုန် ရောက်ရှိလာရာလမ်းကြောင်းအတိုင်း ရန်ကျောက်ကဲ ထွက်ခွာသွားခြင်း ဖြစ်၏။ ဤသည်ကို ဝန်တိုက်ဟုန် ကိုယ်တိုင်လည်း သိရှိသည်။

အားလုံးက ကမန်းကတန်းဖြင့် ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားကြသည်။

နောက်ဆုံးမှာတော့ ရန်ကျောက်ကဲက ပြုံးလျှက်ပင် လူတစ်စုကို တားဆီးထားသည့် မြင်ကွင်းအား တွေ့မြင်လိုက်ကြရသည်။

ထိုလူအုပ်စုက ရန်ကျောက်ကဲ တားဆီးသည်ကိုခံလိုက်ရသောအခါ အရုပ်ဆိုးစွာပင် မျက်နှာများ ပျက်ယွင်းသွားကြသည်။

သူတို့အဖွဲ့ ခေါင်းဆောင်ဖြစ်သူက...

“မင်းက ဘာဖြစ်ချင်တာလဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒီ ‘ရန်’ က ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူက တာအိုရောင်းရင်း ‘ဝန်’ နဲ့ ဓားသိုင်းယှဉ်ပြိုင်မလို့ပါ ၊ ဒါပေမဲ့ ဘယ်သူမှ မကြည့်ရဘူးလို့ တားမြစ်မထားပါဘူး”

သူက ပေါ့ပါးသည့်လေသံဖြင့် ဆက်ပြောသည်။

“မင်းတို့ကြည့်ချင်ရင် ပွင့်ပွင့်လင်းလင်းကြည့်လို့ရပါတယ် ၊ ဘာလို့ ဒီနေရာမှာပုန်းကွယ်ပြီး ရလဒ်ကို စောင့်နေမှာလဲ ၊ ငါနဲ့ တာအိုရောင်းရင်း ‘ဝန်’ တိုက်ခိုက်ဖို့ မင်းတို့ နဂိုကတည်းက မျှော်လင့်ထားကြတာ မဟုတ်ဘူးလား”

All Chapters