ငါ... ရှုံးသွားပြီ
Vol. 79 Ch. 1112
အခန်း (၁၁၁၂) ငါ... ရှုံးသွားပြီ
လူပေါင်း (၁၀)ယောက်ကျော်ရှိသော အုပ်စုတစ်စုကို ရန်ကျောက်ကဲက ပိတ်ဆို့တားဆီးထားသည်။
ဒါကိုမြင်တော့ ဝန်တိုက်ဟုန် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက တားဆီးလိုက်သောလူအုပ်စုအတွက် သူက အပြစ်ရှိသလို ခံစားရခြင်း ဖြစ်၏။
ထိုသူများက ရန်ကျောက်ကဲ တန်းရှတောင်ထွတ်မှ ဆင်းလာပြီဖြစ်ကြောင်း ဝန်တိုက်ဟုန်ကို အသိပေးခဲ့ကြသူများဖြစ်ပြီး ဝန်တိုက်ဟုန်ကိုယ်တိုင်ကလည်း ရန်ရှင်းထန်၏ မြေးဖြစ်သူကို စိန်ခေါ်ချင်ခဲ့သည် အမှန်ပင်။
ရန်ကျောက်ကဲက နောက်ကြောင်းခြေရာပြန်ကောက်ပြီး ဤလူအုပ်စုရှိနေသည့်နေရာကိုရှာတွေ့သွားသည်ဖြစ်ရာ ဝန်တိုက်ဟုန်မှာ အတော်လေးအဆင်မပြေသလို ခံစားရသည်။
လမ်းပိတ်ဆို့ခံရသည့် လူ (၁၀)ယောက်ကျော်မှာလည်း အလားတူပင် အဆင်မပြေသလို ခံစားရသော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ သူတို့နောက်သို့လိုက်လာနိုင်သည်မှာ ဝန်တိုက်ဟုန် ထုတ်ဖော်ပြောဆိုခြင်းကြောင့်မဟုတ်ကြောင်း သူတို့အားလုံး သိရှိထားကြသည်။
အုပ်စုခေါင်းဆောင်က လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...
“ဒါက... တာအိုရောင်းရင်း’ရန်’ တို့ ဓားသိုင်းယှဉ်ပြိုင်တာကိုကြည့်ရရင် ငါတို့အားလုံး ပျော်ရွှင်ကြမှာပါ ၊ ဒါပေမဲ့ မင်းပြောတဲ့စကားတွေကတော့ ငါတို့ကို စိတ်ရှုတ်ထွေးစေတာ အမှန်ပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
“ဟားဟား...”
ပြီးတော့ သူက အားလုံးကို တစ်ချက်အကဲခတ်ရင်း...
“စောစောက ငါ တန်းရှတောင်ထွတ်ကဆင်းလာတော့ မင်းတို့တွေ ငါ့ကိုစောင့်ကြည့်နေကြတာ မဟုတ်လား”
ထိုစကားကြောင့် တစ်ဖက်လူက အမူအရာပျက်သွားခြင်း မရှိဘဲ...
“တာအိုရောင်းရင်း ‘ရန်’ ဒီလိုစွပ်စွဲပြောဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး”
သက်လတ်ပိုင်းလူရွယ်က လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး သိမ်မွေ့စွာဆိုသည်။
“ငါတို့က စန့်ချင်အဆက်အနွယ် ကျင့်ကြံသူတွေပဲ ၊ မင်းတို့လို ယွိချင်အဆက်အနွယ်တွေကို ငါတို့ဘက်က မကြိုဆိုနိုင်ပေမယ့် မင်းက ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်ရဲ့ ဧည့်သည်တော်ဖြစ်တာကြောင့် ရိုင်းပျမှာမဟုတ်ပါဘူး ၊ မင်းကို ဧည့်ဝတ်ကျေပွန်လိုက်ရင် အထက်ဘုံကမ္ဘာမှာ ငါတို့တွေက ဟာသတွေဖြစ်ကုန်မှာပေါ့”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“မင်းရဲ့နာမည် သိပါရစေ...”
ထိုလူရွယ်က နှိမ့်ချသည်လည်းမဟုတ် ရိုကျိုးသည်လည်းမဟုတ်သော ပုံမှန်လေသံဖြင့်ပင် ပြန်ဖြေသည်။
“ငါက ချင်းဖိန်တောင် ၊ ဟွေလင်တောင်ကြားက ဝမ်ရွှင့်ပါ”
“ဟွေလင်တောင်ကြား...”
ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး တောက်ပသည့်အပြုံးတစ်ချက် ထွက်ပေါ်လာသည်။
“... တိမ်လွှာခွင်းဧကရာဇ်လက်အောက်မှာ ပညာသင်တဲ့ တပည့်တွေလား...”
လွန်ခဲ့သောနှစ်ပေါင်းများစွာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်ခဲ့စဉ်က ဘိုးဘေးဆရာသခင်အပြင် ရှေ့ဆောင်လမ်းပြ (၇) ဦး ရှိခဲ့သည်။ ထိုသူ (၇) ဦးကို အပြာရောင်ခရီးရှည် အရှင်သခင် (၇)ပါးဟု ခေါ်ဆိုကြသည်။
ထို အပြာရောင်ခရီးရှည် အရှင်သခင် (၇)ပါးတွင် ‘ကောင်းချင်းရွှမ်’ သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
သို့သော် တိချင်းလျန်ကတော့ ထိုအုပ်စုထဲတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတည်ထောင်ပြီးမှသာ သူမက တာအိုလမ်းစဉ် အောင်မြင်ပြီး ကျော်ကြားလာခြင်း ဖြစ်၏။
ထို အရှင်သခင် (၇)ပါးတွင် အားလုံးက ဘိုးဘေးဆရာသခင်၏ တပည့်များ မဟုတ်ကြဘဲ ကိုယ်ပိုင်ဆရာများ ရှိကြသည်။ သို့သော် အားလုံးက စန့်ချင်အဆက်အနွယ်များ ဖြစ်ကြ၏။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် အပြာရောင်ခရီးရှည် အရှင်သခင် (၇)ပါးတွင် (၂)ပါးသာလျှင် ကျန်ရစ်တော့သည်။
တစ်ယောက်က ရွှမ်ဟွမ်ဧကရီဖြစ်ပြီး ကျန်တစ်ယောက်ကတော့ တိမ်လွှာဧကရာဇ်ဟုခေါ်ဆိုသည့် တိမ်လွှာခွင်းဧကရာဇ် ဖြစ်သည်။
ထိုပုဂ္ဂိုလ်က ရွှမ်ဟွမ်ဧကရီ ၊ လုန်ချွမ်ဧကရာဇ်တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။
ဝါစဉ်အရပြောရမည်ဆိုလျှင်တော့ သူက ရွှမ်ဟွမ်ဧကရီထက် ဝါစဉ်ကြီးပြီး ဘိုးဘေးဆရာသခင်နှင့် မျိုးဆက်တူညီသည်။
သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အလွန်သြဇာညောင်းသူဖြစ်ပြီး အထက်ဘုံကမ္ဘာကို ဆက်ဆံရာတွင်လည်း ရွှမ်ဟွမ်ဧကရီ၏ဆရာဖြစ်သူနှင့် သဘောထားတူညီစွာ အစွန်းရောက်ပြီး ပြင်းထန်စွာ ရန်လိုကြသည်။
အထက်ဘုံကမ္ဘာတွင်ရှိစဉ်က ဝမ်ဖူ ၊ ပိုင်တောင်းနှင့် အခြားသူများက ရန်ကျောက်ကဲအား ထိုပုဂ္ဂိုလ်အကြောင်း အလေးအနက် ပြောပြခဲ့ဖူးသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ရွှမ်ဟွမ်ဧကရီ၏မျက်နှာကိုမထောက်ဘဲ ရန်ကျောက်ကဲတို့သားအဖကို လက်မခံသူဆို၍ ဤခေါင်းမာသော အဘိုးကြီးမှလွဲပြီး အခြားသူ မရှိပေ။
ဝမ်ရွှင့်တို့အုပ်စုက လုံးဝ တည်ငြိမ်နေသည်။
ဝမ်ရွှင့်က ဖြည်းညင်းစွာဖြင့်...
“အတိတ်က မင်းအဘိုးအတိုင်း ထပ်တူလုပ်ချင်တာလား တာအိုရောင်းရင်း’ရန်’...”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ပြဿနာရှာတဲ့သူမရှိရင် ငါ့ကို လမ်းပိတ်ပြီး စိန်ခေါ်တဲ့သူ ရှိနိုင်ပါ့မလား”
သူက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါပေမဲ့ အခုလည်း အဆင်ပြေပါတယ် ၊ အချင်းချင်းပညာဖလှယ်တာက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်လာနိုင်တယ်လေ”
ရန်ကျောက်ကဲက ဝန်တိုက်ဟုန်ကို လှမ်းကြည့်ရင်း...
“တာအိုရောင်းရင်း’ဝန်’... ငါ ဒီသိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ၊ မင်းအတွက် အဆင်ပြေတယ် မဟုတ်လား”
ဝန်တိုက်ဟုန်က ခေါင်းညိတ်ရင်း...
“အဆင်ပြေတာပေါ့...”
သူက စိတ်ထားရိုးရှင်းပြီး လောကအကြောင်း မသိရှိသော်လည်း လုံးဝ တုံး အ နေသူတော့ မဟုတ်ပေ။ ယခုအချိန်တွင် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ယောင်ဝါးဝါးဖြင့် သဘောပေါက်လာသည်။
သို့ပေသိ ရန်ရှင်းထန်၏ အဆက်အနွယ်နှင့် ဓားသိုင်းယှဉ်ပြိုင်ရန် အခွင့်အရေးကြုံလာသည့်အခါ သူ့အနေဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေဆဲပင်။
ရှောက်ပိုင်တောင်ထွတ်မှတပည့်များမှာ မည်သို့မှမတတ်နိုင်စွာ အခြေအနေကို ဒီအတိုင်းကြည့်နေရင်း ဝမ်ရွှင့်တို့အုပ်စုအား ဖော််ရွေမှုမရှိသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဝမ်ရွှင့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း အပြင်ပန်းတွင်တော့ မည်သည့်ခံစားချက်မှ မပေါ်လွင်အောင် ထိန်းသိမ်းထားသည်။
သူတို့အကြံအစည်ပေါ်သွားသဖြင့် အခြေအနေဆိုးရွားသည်မှန်သော်လည်း စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
သူတို့အားလုံး ရန်ကျောက်ကဲနှင့် ဝန်တိုက်ဟုန်ကို လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက အလွန်တရာ နာမည်ကျော်ကြားသူဖြစ်ပြီး သူ၏အရည်အချင်းနှင့် စွမ်းဆောင်ရည်များက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ပင် သတင်းရောက်ရှိလာသည်။
ဝန်တိုက်ဟုန်က ဟုန်တိဧကရာဇ်၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရှိ ကျင့်ကြံခြင်းအဆင့်တူသူများအလယ် ထိပ်ဆုံးတွင်ရပ်တည်သူဖြစ်သည်။
သို့ပေသိ သူက သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ရန်ကျောက်ကဲအား အနိုင်ယူနိုင်မည်ဟု မည်သူမှ မျှော်လင့်မထားကြပေ။
အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရောက်ချင်းမှာပင် လူသားအထွတ်ထိပ်အဆင့်ကို အနိုင်ယူခဲ့သော ရန်ကျောက်ကဲအား အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိသော ဝန်တိုက်ဟုန်က အနိုင်ယူနိုင်ပါမည်တဲ့လား။
မည်သို့ပင်ဖြစ်စေ ဤသည်က ဓားစွမ်းရည်ပြိုင်ပွဲတစ်ခုသာ ဖြစ်သည်။
ဤသည်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်လာပြီး ဤနယ်မြေမှ ဓားသိုင်းကျင့်ကြံသူများကို စိန်ခေါ်သည့် လုန်ချွမ်ဧကရာဇ်ကဲ့သို့ပင် ဖြစ်သည်။
ဟုန်တိဧကရာဇ်၏တပည့် စန့်ချင်အဆက်အနွယ် ‘ဝန်ထိုက်ဟုန်’ အတွက် အနိုင်ရရန် အခွင့်အရေး မရှိနိုင်ပေ။
ရန်ကျောက်ကဲက ဓားသိုင်းကျင့်ကြံသူစစ်စစ်မဟုတ်သော်လည်း ဓားနတ်ဘုရား ‘ရန်ရှင်းထန်’ ၏ မျိုးဆက်ဖြစ်သဖြင့် သူ့အနေဖြင့် ဓားသိုင်းပညာယှဉ်ပြိုင်ရန် စိန်ခေါ်ခြင်းကို လက်ခံမည်သာ ဖြစ်သည်။
ရန်ကျောက်ကဲက...
“ဒါက ရိုးရိုးရှင်းရှင်းပညာဖလှယ်တာဆိုတော့ ငါတို့ဓားတွေအသုံးပြုစရာမလိုပါဘူး ၊ တာအိုရောင်းရင်း’ဝန်’ ... စပြီးတိုက်ခိုက်ပါ”
ဝန်တိုက်ဟုန်က တည်ကြည်လေးနက်စွာဖြင့်...
“ဒါဖြင့် ငါတို့ စလိုက်ကြရအောင်”
ထို့နောက် သူက ဓားဆွဲမထုတ်ဘဲ ဓားဝိညာဉ်ထုတ်ဖော်ကာ စတင်တိုက်ခိုက်လိုက်သည်။
သူ့စကားအဆုံးသတ်သွားသည်နှင့် ရန်ကျောက်ကဲမျက်စိရှေ့တွင် အနက်ရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုဓားဝိညာဉ်မှာ လင်ပေါင်ဓားသိုင်း (၄)မျိုးမှ “နတ်ဘုရားသတ်ဖြတ်ဓားသိုင်း” မှလွဲပြီး အခြားမဟုတ်ပေ။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်း....။
သက်ရှိပုံစံများအားလုံးကို သုတ်သင်ပစ်နိုင်သည်။
ရှင်ခြင်းမှ သေခြင်းသို့ ပြောင်းလဲပစ်နိုင်သည်။
ရန်ကျောက်ကဲ၏ ကိုယ်တွင်းအင်္ဂါများ အနည်းငယ် တုန်ခါသွားသလို ခံစားလိုက်ရသည်။
ဝန်တိုက်ဟုန်၏ဓားဝိညာဉ် အနားသို့ ချဉ်းကပ်မလာခင်မှာပင် ရန်ကျောက်ကဲက ငုပ်လျှိုးနေသော ခြိမ်းခြောက်မှုကို အာရုံခံခဲ့မိသည်။
ရန်ကျောက်ကဲက ဘဝဖန်ဆင်းခြင်း ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသည်ဖြစ်ရာ ဒြပ်စင် ၉၅)ပါးကို သန့်စင်ပြီး ခန္ဓာကိုယ်၏အဓိကကိုယ်တွင်းအင်္ဂါ (၅)ခုကို တောင် (၅) လုံးပမာ သိပ်သည်းသွားစေကာ ‘ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ’ ကို ဖန်ဆင်းနိုင်စွမ်း ရှိသည်။ ထိုတန်ခိုးစွမ်းအားက သူ့အား ပြင်းထန်သောခံစစ်စွမ်းအားနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပြန်လည်ရှင်သန်နိုင်စွမ်းကို ပေးအပ်သည်။
သို့ပေသိ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ရင်ဆိုင်ရသည်က သဘာဝရန်သူကို ရင်ဆိုင်ရသည့်အလား ခံစားရစေသည်။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်းထက် တန်ခိုးစွမ်းအားမနိမ့်ကျသော အခြား သိုင်းပညာရပ်များကို ရင်ဆိုင်ရသည့်အခါ ‘ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ’ က အနည်းငယ် ခုခံနိုင်စွမ်း ရှိသေးသည်။
သို့တိုင် ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ကို ရင်ဆိုင်ရလျှင်တော့ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဘဝဖန်ဆင်းခြင်း ကောင်းကင်ကျမ်းစာမှမဟုတ်ပေ။ အလားတူ ထိပ်တန်းသိုင်းပညာရပ်များကို အခြေခံအုတ်မြစ်ထားရှိသူ မည်သူမဆို နတ်ဘုရားသတ်ဖြတ်ဓာသိုင်းကို တုံ့ပြန်နိုင်မည် မဟုတ်ပေ။
ဝန်တိုက်ဟုန်က တူညီသောကျင့်ကြံခြင်းအဆင့်တွင် လင်ဟန့်ဟွာထက် အားနည်းခြင်း မရှိကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။ သူက စန့်ချင်အဆက်အနွယ်၏ ထိပ်တန်းတပည့်တစ်ယောက်ဆိုသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် လိုက်ဖက်ညီသည်။
ရန်ကျောက်ကဲကလည်း ‘ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ’ ကို အသုံးပြုပြီး ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ကို တားဆီးရန် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။
ရန်ကျောက်ကဲက သူ၏လက်ညိုးလက်ခလယ်လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဓားဝိညာဉ်တစ်ခုထုတ်ဖော်ကာ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းဖြင့်ပင် တန်ပြန်တိုက်ခိုက်လိုက်သည်။
အနက်ရောင်အလင်းတန်းများက မိုးမြေတစ်ခွင်ဖြတ်ကျော်ကာ ကြောက်မက်ဖွယ်ရာ သေခြင်းတရားကို သယ်ဆောင်လာသည်။
ဓားအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ရှောက်ပိုင်တောင်ထွတ်မှတပည့်များ ၊ ဝမ်ရွှင့်တို့အုပ်စုအားလုံးသို့ ဝန်းရံသွားသည်။
သို့ပေသိ ဓားဝိညာဉ်နှစ်ခု ရိုက်ခတ်မိသည်မှလွဲပြီး မည်သည့်အန္တရယ်မှ မရှိခဲ့ပေ။
“ဒီ ရန်ကျောက်ကဲက တကယ်ပဲ ငါတို့ စန့်ချင်အဆက်အနွယ်ရဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းမှာ နက်နဲတဲ့အောင်မြင်မှု ရရှိထားတာပဲ”
ဝမ်ရွှင့်နှင့်အခြားသူများ တုန်လှုပ်သွားကြသည်။ သူတို့ရှေ့မှ သိုင်းပြိုင်ပွဲကို အာရုံစိုက်နေစဉ်မှာပင် တိုက်ပွဲက ရုတ်တရက် အဆုံးသတ်လုနီးပါး ဖြစ်သွား၏။
သူတို့ အံ့အားသင့်သွားကြပြီး...
“ဘာဖြစ်သွားတာလဲ...”
ဝန်တိုက်ဟုန်၏မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး သူ့မျက်ဝန်းများကလည်း စိတ်ရှုတ်ထွေးနေဟန် ရှိသည်။
သူက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ကောင်ကင်ထက်သို့ ခေါင်းမော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ငါ... ရှုံးသွားပြီ”
ရန်ကျေက်ကဲက ပြုံးရင်း...
“စန့်ချင်ဓားသိုင်းက စန့်ချင်ဓားသိုင်းကို ရှုံးသွားတာဆိုတော့ သိက္ခာကျစရာ မရှိပါဘူး”
ထိုစကားကြားတော့ ကျန်လူများအားလုံး အံ့အားသင့်သွားကြသည်။
စောစောက လက်ရည်တူတိုက်ခိုက်နေသည်မှာ ထင်ရှားသည်ဖြစ်ရာ ဝန်တိုက်ဟုန်က အဘယ့်ကြောင့် ရှုံးနိမ့်သည်ဟု ပြတ်ပြတ်သားသား ဝန်ခံရပါသနည်း။
ဝန်တိုက်ဟုန်က ရန်ကျောက်ကဲအား လမ်းပိတ်ပြီး စိန်ခေါ်သည်ဖြစ်ရာ ခေါင်းကြောမာစွာဖြင့် အလွယ်တကူ အရှုံးကို ဝန်ခံမည်မဟုတ်ပေ။
ဝမ်ရွှင့်က ဝန်တိုက်ဟုန်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်ရင်း...
“တာအိုရောင်းရင်း’ဝန်’ ... ဒါက ဘာဖြစ်တာလဲ”
ဝန်တိုက်ဟုန်က ဝန်ရွှင့်တို့အုပ်စုကိုကြည့်လိုက်ပြီး ပိုမိုစိတ်ရှုတ်ထွေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း...
“မင်းတို့ နောက်ကျောကိုကြည့်လိုက်...”