ဓားတာအိုက ထာဝရဖြောင့်မတ်စွာ ဖြတ်သန်းရမည့် ဗဟိုအမှန်တရားဖြစ်သည်
Vol. 79 Ch. 1113
အခန်း (၁၁၁၃) ဓားတာအိုက ထာဝရဖြောင့်မတ်စွာ ဖြတ်သန်းရမည့် ဗဟိုအမှန်တရားဖြစ်သည်
ရန်ကျောက်ကဲက ဝန်တိုက်ဟုန်၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို နတ်ဘုရားသတ်ဖြတ်ဓားသိုင်းဖြင့်ပင် တုံ့ပြန်ရင်ဆိုင်ခဲ့သည်။
ရန်ကျောက်ကဲ၏ စန့်ချင်ဓားသိုင်းအောင်မြင်မှုက စန့်ချင်အဆက်အနွယ်များ ခန့်မှန်းထားသည်ထက် ကျော်လွန်သွားသည်။
သူ့ကို ယွိချင်အဆက်အနွယ်ကျင့်ကြံသူဟု ရှုမြင်ခံရပြီး အထက်ဘုံကမ္ဘာတွင် နေထိုင်သူဖြစ်လေရာ စန့်ချင်အဆက်အနွယ် သိုင်းပညာအမွေအနှစ်များနှင့် သက်ဆိုင်ခြင်း မရှိပေ။
ထိုသို့သောအခြေအနေမျိုးမှာပင် ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာတွင် ကြီးမားသော အောင်မြင်မှု ပိုင်ဆိုင်ထားသည်မှာ အမှန်တကယ် အံ့သြစရာကောင်းလှသည်။
သိုင်းပညာတစ်ရပ်တွင် မြင့်မားသည့်အောင်မြင်မှု ရရှိရန်မှာ ပင်ကိုယ်အရည်အချင်းအသာထား ဝီရိယအားစိုက်ထုတ်ရန်လိုအပ်ကြောင်း လူတိုင်းသိရှိကြသည်။
ရန်ကျောက်ကဲ၏ လက်ရှိအသက်အရွယ်အရဆိုလျှင် သူက အခြားသူများ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာကြာအောင် လုပ်ဆောင်ရမည့်ကိစ္စများကို ပြီးမြောက်အောင်မြင်နေခဲ့သည်။
သို့ဖြစ်ရာ ယနေ့ပွဲကြည့်ပရိတ်သတ် မည်သို့မှမနေနိုင်ဘဲ အံ့သြမဆုံး ဖြစ်ကြရသည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ဝန်တိုက်ဟုန်ကဲ့သို့ပင် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို အသုံးပြုလိုက်သဖြင့် စန့်ချင်အဆက်အနွယ်များစိတ်ထဲတွင် ကြိတ်ပြီး ပျော်ရွှင်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့က စန့်ချင်အဆက်အနွယ် ဓားသိုင်းအမွေအနှစ်နှင့်ပတ်သက်ပြီး ဂုဏ်ယူသောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ဝန်တိုက်ဟုန်အကြား ဓားသိုင်းယှဉ်ပြိုင်ခြင်းက ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ၏ အံ့သြဖွယ်ရာနှင့် ကြောက်မက်ဖွယ်ရာများကို သက်သေပြခြင်းဖြစ်သဖြင့် လူတိုင်းစိတ်အာရုံကို အလွန်တရာ ဖမ်းစားနိုင်ခဲ့သည်။
သို့သော် ဝန်တိုက်ဟုန်က ‘ရှုံးနိမ့်ကြောင်း’ ဝန်ခံကာ အမှန်တကယ်ပင် အရှုံးပေးသွားခဲ့သည်။ ဤသည်က ပြိုင်ပွဲကြည့်ပရိတ်သတ်များအားလုံးကို တုန်လှုပ်စေသည်။
လူတိုင်း၏အကြည့်များက ဝန်တိုက်ဟုန်အပေါ် စုရုံးရောက်ရှိသွားကြသည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများသာ ဝန်တိုက်ဟုန်၏ဆုံးဖြတ်ချက်ကို နားမလည်သည်မဟုတ် ဝမ်ရွှင့်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည်လည်း ပဟေဠိ ဖြစ်သွားကြသည်။
ဝမ်ရွှင့်က ဝန်တိုက်ဟုန်ကိုကြည့်ရင်း...
“မင်း ဘာဒဏ်ရာမှ မရဘူး မဟုတ်လား”
သူတို့မြင်တွေ့ရသည့်တိုက်ပွဲအခြေအနေက နှစ်ဘက်လုံးလက်ရည်တူနေပြီး မည်သူမှ အသာစီးမရခဲ့ပေ။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်း၏ သဘောသဘာဝကြောင့် တိုက်ပွဲက အန္တရယ်ရှိသည်မှန်သော်လည်း ဝန်တိုက်ဟုန်ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာတစ်ချက်မှ မရှိပေ။
ထိုသို့ဆိုလျှင် သရေပွဲဖြင့်သာ ပြီးဆုံးသင့်သည် မဟုတ်ပါလား။
သရေကျခဲ့သည်ဆိုလျှင်တောင်မှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူ မဟုတ်ပေ။
ဝန်တောက်ဟုန်က စန့်ချင်အဆက်အနွယ်ကျင့်ကြံသူဖြစ်ရုံသာမက သူ၏အဆက်အနွယ်တွင် ထိပ်တန်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။
လုန်ရွှယ်ကျီး၏သား လုန်ဟန့်ဟွာသည်ပင် သူ့ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်မည် မဟုတ်ပေ။
‘လုန်ဟန့်ဟွာ’ ဖြစ်ပြီး ‘လင်ဟန့်ဟွာ’ မဟုတ်သည်ကို သတိပြုရပေမည်။
အထက်ဘုံကမ္ဘာ ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်၏တပည့် ‘လင်ဟန့်ဟွာ’ ဆိုသည်က သူ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရသည့်အတွက် ဓားစွမ်းရည် အပြည့်အဝ ထုတ်ဖော်မပြနိုင်ပေ။
ထို့ကြောင့် ‘လင်ဟန့်ဟွာ’ နှင့် ယှဉ်ပြိုင်မည်ဆိုလျှင် ဝန်တိုက်ဟုန်က ဓားသိုင်းပညာပိုမိုသာလွန်မည်ဖြစ်ပြီး ‘လုန်ဟန့်ဟွာ’ နှင့် ယှဉ်ပြိုင်မှသာ လက်ရည်တူ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထို့ပြင် ဝန်တိုက်ဟုန်က ခေါင်းမာပြီး အနိုင်ရလိုစိတ်ပြင်းထန်သူဖြစ်ရာ လွယ်လွယ်နှင့် အရှုံးကိုဝန်ခံရန်မှာ ကောင်းကင်ဘုံတက်သည်ထက်ပင် ခက်ခဲပေသည်။
ယခု ဝန်တိုက်ဟုန်က ရန်ကျောက်ကဲနှင့် ရင်ဆိုင်ပြီးနောက် ရှုံးနိမ့်ခြင်းကို အလွယ်တကူ လက်ခံခဲ့သည်။
ဤသည်က ဝမ်ရွှင့်နှင့်အခြားသူများ၏ ခန့်မှန်းချက်ကို အမှန်တကယ်ပင် ကျော်လွန်သွားစေသည်။
အခြားသူများဆိုလျှင် ရွှမ်ဟွမ်ဧကရီ ၊ လုန်ချွမ်ဧကရာဇ်နှင့် လုန်ရွှယ်ကျီးတို့ထံ မျက်နှာကောင်းရရှိရန် ရန်ကျောက်ကဲကို ရှုံးနိမ့်ဟန်ဆောင်နိုင်သေးသော်လည်း ဝန်တိုက်ဟုန်ကတော့ လုံးဝ ထိုသို့သောသူမျိုး မဟုတ်ပေ။
ဝမ်ရွှင့်နှင့် ဟွေလင်တောင်ကြားမှ သိုင်းသမားများမဆိုထားနှင့် ရှောက်ပိုင်တောင်ထွတ်မှ တပည့်များသည်ပင် ဤအချက်ကို မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။
ဝန်တိုက်ဟုန်က...
“မင်းတို့ နောက်ကျောကိုကြည့်လိုက်...”
လက်ရှိအခိုက်အတန့်တွင် ဝန်တိုက်ဟုန်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း ဝမ်ရွှင့်နှင့်အခြားသူများ၏ မျက်နှာအမူအရာများကိုကြည့်ပြီး ပိုမိုစိတ်ရှုတ်ထွေးသွားဟန် ရှိသည်။
ဝန်တိုက်ဟုန်၏သတိပေးစကားကို နားထောင်ပြီးနောက် ဝမ်ရွှင့်နှင့် ဟွေလင်တောင်ကြားမှ သိုင်းသမားများအားလုံး အံ့အားသင့်သွားကြသည်။
အခြားဘက်တွင်ရှိနေသောတပည့်များ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့ထဲမှတ်တစ်ယောက်က ဝမ်ရွှင့် နောက်ကျောသို့ လှမ်းကြည့်လိုက်ပြီး ထိတ်လန့်စွာ တစ်ချက်အော်လိုက်သည်။
ဝမ်ရွှင့်က မျက်မှောင်ကြုံ့ရင်း...
“ဘာဖြစ်တာလဲ...”
ထိုတပည့်က ဝမ်ရွှင့်မေးမြန်းသည်ကို ပြန်မဖြေဘဲ သူ့ဘေးနားမှလူ၏ နောက်ကျောကို လှမ်းကြည့်ကြည့်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ သူ၏မျက်နှာအမူအရာက ထူးဆန်းသွားပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်ရရင် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ထပ်မံ ကြည့်ရှုလိုက်သည်။
ဝမ်ရွှင့်က ထပ်မေးလိုက်သည်။
“ဘာဖြစ်တာလဲ ပြောစမ်း”
ထိုတပည့်၏မျက်နှာထက်တွင် ငိုသည်ထက်အရုပ်ဆိုးသော အပြုံးတစ်ခု ပေါ်လာသည်။
“ဆရာဦးလေး... ဆရာဦးလေးရဲ့အင်္ကျီတွေ စုတ်ပြဲနေပြီ ၊ ပြီးတော့ အင်္ကျီပေါ်မှာ ‘လူယုတ်မာ’ လို့ ရေးထားတယ် ၊ ကျွန်တော့်ညာဘက်က ဂိုဏ်းတူအစ်ကို ‘ဟို’ ရဲ့ နောက်ကျောမှာတော့ ‘လူတိုင်း’ ဆိုတဲ့စာလုံး ရေးထိုးထားတယ်”
“မင်းတို့အားလုံး မလှုပ်ဘဲ ဒီအတိုင်း ရပ်နေကြစမ်း”
ဝမ်ရွှင့် အလျှင်အမြန် အမိန့်ပေးလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
ထိုအခါ သူ့အရှေ့မှ တပည့်များအားလုံး၏နောက်ကျောထက် အဝတ်အစားများပေါ်တွင် စာလုံးတစ်လုံးစီရေးထွင်းထားကြောင်း တွေ့မြင်လိုက်ရသည်။
ဘယ်မှညာသို့ ရေးထိုးထားသည်မှာ -
‘ဓား’ ၊ ‘တာအို’ ၊ ‘ထာဝရ’ ၊ ‘ဖြတ်သန်း၍’ ၊ ‘ဖြောင့်မတ်ခြင်း’ ၊ ‘ဗဟို’ ၊ ‘အမှန်တရား’ ၊ ‘အပြစ်ရှိ’ ၊ ‘လူတိုင်း’ ၊ ‘အဆုံးသတ်’ ၊ ‘မသန့်စင်’ ၊ ‘စူးနစ်’ ၊ ‘အေးစက်’
ဆိုသော စာလုံး (၁၃) လုံး ဖြစ်၏။
သူ၏နောက်ကျောတွင်ရေးထိုးထားသော ‘လူယုတ်မာ’ ဆိုသော စာလုံးကို ပေါင်းထည့်လိုက်မည်ဆိုလျှင် စကားလုံး (၁၄)လုံးတိတိ ရေးထိုးထားခြင်း ဖြစ်၏။
ထိုစကားလုံး (၁၄)လုံးကို ပေါင်းစပ်လိုက်မည်ဆိုလျှင် -
“ဓားတာအိုက ထာဝရ ဖြောင့်မတ်စွာ ဖြတ်သန်းရမည့် ဗဟိုအမှန်တရားဖြစ်သည် ၊ အပြစ်ရှိသောလူယုတ်မာတိုင်းကတော့ မသန့်စင်ခြင်းတွင် စူးနစ်ဝင်ရောက်ပြီး အေးစက်စွာ အဆုံးသတ်ကြရမည်”
ဟူ၍ ဖြစ်သည်။
မြင်ကွင်းကိုကြည့်ရင်း ဝမ်ရွှင့် မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။
သူကိုယ်တိုင်အပါအဝင် သူတို့အုပ်စု၏ အင်္ကျီများထက်တွင် လက်ရေးလှစာလုံးများ ရေးထိုးခံထားရသည်။
သူတို့ထဲတွင် သိုင်းသူတော်စင် အဋ္ဌမအဆင့် (၂)ယောက် ၊ သိုင်းသူတော်စင် သတ္တမအဆင့် (၆)ယောက်နှင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့် (၆)ယောက် ပါဝင်သည်။
သို့သော် သူတို့ (၁၄)ယောက်လုံး မည်သည့်မူမမှန်မှုကိုမှ သတိမထားမိခဲ့ကြပေ။
စာလုံး (၁၄) လုံး။
ထိုစာလုံးများထဲတွင် အရိုးရှင်းဆုံးစာလုံးသည်ပင် အနည်းဆုံး စုတ်ချက် (၄)ချက်ရေးဆွဲရန်လိုအပ်သည်။
စုတ်ချက် (၄)ချက်ရှိသော စာလုံးတစ်လုံးရေးသားရန်အတွက် ဓားချက် (၄)ချက် လိုအပ်သည်။
ရန်ကျောက်ကဲသာ သူတို့ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူတို့ (၁၄)ယောက်တွင် ဓားချက်အနည်းဆုံးဖြင့် အသတ်ခံရမည့်သူသည်ပင်လျှင် ဓားချက် (၄)ချက် ခုတ်ပိုင်းခံရပေမည်။
အခြား စုတ်ချက်များစွာဖြင့် ရေးသားထားသော စကားလုံးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ရန်ကျောက်ကဲ ထိုစားလုံးများရေးသားလိုက်စဉ် အဝတ်အစားများ စုတ်ပြဲပြတ်တောက်သွားသော်လည်း သူတို့အားလုံး လုံးဝ သတိမထားခဲ့မိကြပေ။
တိမ်လွှာဧကရာဇ်အဆက်အနွယ်မှ ဆင်းသက်လာသော ဝမ်ရွှင့်တို့အုပ်စုအနေဖြင့် ရတနာပစ္စည်းများစွာလည်း ပိုင်ဆိုင်ထားကြသည်။
သို့သော် ရန်ကျောက်ကဲ စာလုံးများရေးသားချိန်တွင် သူတို့ထံမှ ရတနာပစ္စည်းများသည်လည်း မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ကြပေ။
မှတ်သားဖွယ်ရာအကောင်းဆုံးမှာ ရန်ကျောက်ကဲက ထိုသို့ပြုလုပ်ရန်အတွက် ရှုတ်ထွေးသောဓားသိုင်းပညာကို အသုံးမပြုဘဲ ရိုးရှင်းပေါ့ပါးစွာပင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက သတ်ဖြတ်ခြင်းသည်သာအဓိကကျသော ၊ ပြန်းထန်ပြီး အလွန်အမင်းအန္တရယ်များသည့် ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ကို အသုံးပြုခဲ့သည်။
ထို့ပြင် သူက ဤဓားသိုင်းမှ ပေါက်ဖွားလာသော ရက်စက်ကြမ်းတမ်းပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထိန်းချုပ်နိုင်ခဲ့သည်။ ဤသို့ပြုလုပ်နိုင်ရန်မှာ အခြားသောသိုင်းပညာရပ်များစွာကို ထိန်းချုပ်နိုင်ခြင်းထက် ပိုမိုခက်ခဲသည်။
“နတ်ဘုရားသတ်ဖြတ်ဓားသိုင်း တစ်ခုတည်းမဟုတ်ဘူး...”
ဝမ်ရွှင့် စိတ်ထဲမှ တွေးလိုက်သည်။
“နတ်ဘုရားထောင်ချောက်ဓားသိုင်းလည်းပါတယ်... ဒီ ဓားသိုင်းနှစ်မျိုးကို တစ်ခုနဲ့တစ်ခု ခွဲလို့မရအောင် ပေါင်းစပ်ထားတာပဲ... သူ့ရဲ့ဓားသိုင်းကျွမ်းကျင်မှုက ဒီအဆင့်ထိတောင် ရောက်နေပြီလား”
ဝန်တိုက်ဟုန်ကဲ့သို့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်သည်ပင် ရှုံးနိမ့်ကြောင်း လိုလိုလားလားဝန်ခံသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
နတ်ဘုရားသတ်ဖြတ်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်း ပေါင်းစည်းစွမ်းအားကို မယှဉ်နိုင်ဘဲ ဝန်တိုက်ဟုန်၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင် ရှုံးနိမ့်ခဲ့ရသည်ဟု ပြောနိုင်သော်လည်း ၊ ဤကမ္ဘာလောကတွင် ဤမျှ ကြီးမားသော ဓားသိုင်းပညာ (၂)ရပ်ကို အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းနိုင်သူ မည်သူ ရှိနိုင်ပါမည်နည်း။
ဤသို့ပြုလုပ်ရန်မှာ ဓားသိုင်းပညာအလွန်တော်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းမြင့်မားသောကြောင့်ဖြစ်ကြောင်း လူတိုင်း နက်နဲရှင်းလင်းစွာ သိရှိကြသည်။
ဝန်တိုက်ဟုန်အနေဖြင့် ရှုံးနိမ့်ကြောင်း အလွယ်တကူ ဝန်မခံဘူးဆိုလျှင်တောင်မှ သူ့ကိုယ်သူ လိမ်ညာ၍ မရနိုင်ပေ။
အစပိုင်းတွင် သူတို့ (၂)ယောက် လက်ရည်ညီသည်ထင်ရသော်လည်း ပြိုင်ဘက်က သူ့ကို အစောကြီးကတည်းက လှောင်ပြောင်ရယ်မောခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ရှုံးနိမ့်မှုကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရသည်ပင်။
ဟွေလင်တောင်ကြားမှတပည့်များက သူတို့နောက်ကျောမှမြင်ကွင်းကို မတွေ့မြင်ရသေးသည့်တိုင် ဝမ်ရွှင့်၏မျက်နှာကတော့ ရှက်လွန်းသဖြင့် နီရဲလျှက် ရှိသည်။
ရှောက်ပိုင်တောင်ထွတ်မှ သိုင်းသမားများမှာလည်း ဘာဖြစ်သည်ကို သိချင်နေကြသည်။
ဟွေလင်တောင်ကြားမှ တပည့်များနောက်ကျောတွင် မည်သို့သောစာလုံးများရေးထိုးထားကြောင်း သူတို့မသိရှိကြသလို ထိုအုပ်စုကလည်း သူတို့မြင်သာအောင် ပြသမည် မဟုတ်ပေ။
ထိုအချိန်...
ရန်ကျောက်ကဲက အလွန်တရာ ပညာရှိဆန်လွန်းသော စာပေသမားတစ်ယောက် လေသံဖြင့်...
“ဓားတာအိုက ထာဝရ ဖြောင့်မတ်စွာ ဖြတ်သန်းရမည့် ဗဟိုအမှန်တရားဖြစ်သည် ၊ အပြစ်ရှိသောလူယုတ်မာတိုင်းကတော့ မသန့်စင်ခြင်းတွင် စူးနစ်ဝင်ရောက်ပြီး အေးစက်စွာ အဆုံးသတ်ကြရမည်”
ဟု ရွတ်ဆိုလိုက်သည်။
“ဒီ အသိပညာကို ဒီ ‘ရန်’ က မင်းတို့နဲ့အတူ မျှဝေချင်ပါတယ်”
ဤနေရာတွင် ရန်ကျောက်ကဲနှင့် ရင်းနှီးသူတစ်ယောက်ယောက်သာ ရှိနေမည်ဆိုလျှင် ဟိတ်ကြီးဟန်ကြီးဖြင့် လေလုံးထွားနေသော ရန်ကျောက်ကဲကိုကြည့်ပြီး မျက်လုံးလှန်မိမည် အမှန်ပင်။
ရန်ကျောက်ကဲက ရန်သူများနှင့်ရင်ဆိုင်ရာတွင် သွယ်ဝိုက်သည့်နည်းလမ်းများ ၊ မရိုးဖြောင့်သည့်နည်းလမ်းများကို အသုံးပြုရန် ဘယ်သောအခါမှ ဝန်လေးသူတစ်ယောက် မဟုတ်ပေ။
သို့သော် ယခုတော့ သူ့ပုံစံက ဝမ်ရွှင့်နှင့် အခြားသူများရှေ့တွင် အလွန်တရာ ဖြောင့်မတ်မှန်ကန်သော သူတော်ကောင်းကြီးတစ်ယောက်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲ ရွတ်ဆိုလိုက်သည့် စာသားကိုကြားရပြီးနောက် ဟွေလင်တောင်ကြားမှ တပည့် (၁၄)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရှောက်ပိုက်တောင်ထွတ်မှ တပည့်များမှာလည်း အခြေအနေကို တဖြည်းဖြည်းနားလည်လာကြပြီး မျက်နှာအမူအရာများ ထူးဆန်းသွားကြသည်။ သူတို့က ဝမ်ရွှင့်တို့အုပ်စုကိုကြည့်ပြီး ရယ်မောချင်သော်လည်း မရယ်မောရဲသဖြင့် အောင့်ထားကြသည်။
ဝမ်ရွှင့် မျက်နှာမှာတော့ မီးတောက်လောင်သည့်ပမာ နီရဲလျှက် ရှိသည်။
သူက အနေရခက်ဟန်ဖြင့် ဝန်တိုက်ဟောင်ဆီသို့ ဦးညွှတ်ရင်း...
“ငါ့ကို ခွင့်ပြုပါဦး...”
ပြောပြီးသည်နှင့် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် တုံ့ဆိုင်းသွားပြီး လှည့်ထွက်ရမလား ဒီအတိုင်းဆက်နေရမလားမသိ လမ်းပျောက်သွားသည်။
ဟွေလင်တောင်ကြားမှ အခြားသောတပည့်များသည်လည်း သူနှင့်အလားတူပင် ဖြစ်ရသည်။
နောက်ဆုံးမှာတော့ သူတို့အုပ်စု မည်သည့်အရာကိုမှ စဉ်းစားမနေတော့ဘဲ နောက်ပြန်လှည့်ကာ မြန်နိုင်သမျှမြန်မြန် ထွက်ခွာသွားကြလေတော့၏။