သိမ်မွေ့ပြီးအံ့သြစရာကောင်းသောကံတရား
Vol. 79 Ch. 1114
အခန်း (၁၁၁၄) သိမ်မွေ့ပြီးအံ့သြစရာကောင်းသောကံတရား
ဤမျှ ထူးခြားသော ရယ်စရာကောင်းသည့်မြင်ကွင်းကို တွေ့မြင်ရသဖြင့် ရှောက်ပိုက်တောင်ထွတ်မှတပည့်များမှာ ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်မိကြသည်။
ဝမ်ကျွင့်တို့အုပ်စုမှာ အနည်းငယ် မူးဝေသလိုဖြစ်သွားပြီး ရှက်လည်းရှက် ဒေါသလည်းထွက်သွားကြသည်။
သူတို့အနေဖြင့် စာလုံးများရေးသားထားသည့် အင်္ကျီများကို အခြားသူများမမြင်အောင် စုတ်ဖြဲပစ်လိုက်နိုင်သော်လည်း အရှက်ကွဲသည်က အရှက်ကွဲသည်ပဲ ဖြစ်သည်။ ဟန်ဆောင်ခြင်းက သူတို့ခံစားရသည့် အရှက်တရားကို ပျောက်ကွယ်သွားစေမည် မဟုတ်ပေ။
ရန်ကျောက်ကဲက ဝမ်ရွှင့်တို့အုပ်စုကို အခက်တွေ့အောင်မလုပ်ဘဲ သူတို့ထွက်ခွာသွားသည်ကို မတားဆီးခဲ့ပေ။
တကယ်တော့ ရန်ကျောက်ကဲ ရေးသားလိုက်သည့် စာလုံး (၁၄)လုံးက ဝမ်ရွှင့်တို့အုပ်စုအတွက် ရေးသားခြင်း မဟုတ်ပေ။ အရေးပါသော ပွဲကြည့်ပရိတ်သတ်များရှိနေသဖြင့် သူတို့ကို ဆွဲဆောင်ရန် ပြုလုပ်လိုက်ခြင်းသာ ဖြစ်သည်။
ဟုတ်ပေ၏။
အဝေးတစ်နေရာရှိ တိမ်တိုက်များနက်ရှိုင်းရာ နေရာတစ်ခုတွင် ရန်ကျောက်ကဲရှိရာသို့ အာရုံစိုက်နေသည့် မျက်ဝန်းနှစ်စုံ ရှိနေသည်။
“စိတ်ဝင်စားဖို့ကောင်းတယ်... ဒီ အဘိုးကြီး ရှိနေတဲ့နေရာကိုတောင် ဒီလူငယ်က ခန့်မှန်းနိုင်နေမလားပဲ”
ရှေးကျသည့်အသံတစ်သံက ရေရွတ်လိုက်သည်။
သူ့ဘေးနားမှ အခြားအသံတစ်ခုက...
“ဆရာ့ကိုတော့ ရှာမတွေ့နိုင်ဘူး ၊ ဒီတပည့် ရှိနေတာကိုတော့ ရှာတွေ့နိုင်တယ်”
အဘိုးအိုက...
“ရန်ရှင်းထန်နဲ့ တိချင်းလျန်ရဲ့ မျိုးဆက်က တကယ့်ကို ထူးခြားတာပဲ ၊ အထက်ဘုံကမ္ဘာမှာ အတော်မွှေနှောက်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ၊ ကြည့်ရတာ ဒီကောင်လေးက သူ့အဘိုးအဘွားတွေထက်တောင် သာပုံရတယ်”
ဒုတိယအသံက အေးစက်စွာဖြင့်...
“ဒါပေမဲ့ သူက အရမ်းမာနကြီးလွန်းတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဒီလိုမျိုးဆက်ဆံရသလား”
အဘိုးအိုက ရယ်မောလိုက်ရင်း...
“ဒါလည်း ကောင်းပါတယ် ၊ သူက အထက်ဘုံကမ္ဘာမှာ ဒီထက်တောင်ပိုပြီး မာနကြီးသေးတယ်”
ခဏနေပြီးမှ အဘိုးအိုက...
“ကဲ... သွားကြရအောင်”
တိမ်တိုက်များအလယ် ပုန်းကွယ်နေသော လူ (၂)ယောက် ပျောက်ကွယ်သွားသည်နှင့် မိုးမြေတစ်ခုလုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရန်ကျောက်ကဲက ထိုသူများကို အာရုံစိုက်နေခြင်းအား ပြန်လည်ရုတ်သိမ်းလိုက်ရင်း...
“အစစ်အမှန်နတ်ဘုရားတစ်ပါးပဲ... တိမ်လွှာဧကရာဇ်လား ၊ ဟုန်တိဧကရာဇ်လား ၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်လား”
ဟု တွေးတောလိုက်သည်။
ထိုသူများ ထွက်ခွာသွားတော့မှ ရန်ကျောက်ကဲက သူ့အရှေ့မှ အခြေအနေကို အာရုံစိုက်လိုက်သည်။
ဝမ်ရွှင့်တို့အုပ်စု အဝေးဆီ ပျောက်ကွယ်သွားတော့မှ ဝန်တိုက်ဟုန်က သက်ပြင်းတစ်ချက်ချရင်း ရန်ကျောက်ကဲအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားက ဓားသိုင်းကျင့်ကြံသူစစ်စစ်မဟုတ်ဘူးလို့ သတင်းကြားထားတာ ၊ ဓားသိုင်းနဲ့ပတ်သက်ပြီး ဒီလောက် နက်နဲသိမ်မွေ့တဲ့ အောင်မြင်မှုတွေ ရရှိထားမယ်လို့ ထင်မထားမိဘူး ၊ ဒီ ‘ဝန်’ အရမ်း လေးစားမိပါတယ်”
သူက ဆက်ပြီးတောင်းပန်စကားဆိုလိုက်သည်။
“ငါ့ဘက်က ရိုင်းပျမိတဲ့အတွက် ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားကို တောင်းပန်ပါတယ်”
ဝန်တိုက်ဟုန် အမှန်တကယ်ပင် အရှုံးတရားကို လက်ခံလိုက်သည်။
သူ့အရှေ့မှ ရန်ကျောက်ကဲက ရန်ရှင်းထန်ကဲ့သို့ ကိုယ်ပိုင်ဓားသိုင်းအသုံးပြုကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အနိုင်ယူခဲ့ခြင်း မဟုတ်ပေ။
ပြီးတော့ ရန်ကျောက်ကဲက ဓားသိုင်းကျင့်ကြံသူစစ်စစ် မဟုတ်ပေ။
ထိုအချက်က ဝန်တိုက်ဟုန်ကို ပိုပြီး လမ်းပျောက်သွားသလို ခံစားရစေသည်။
စန့်ချင်အဆက်အနွယ်ဓားသိုင်းက စန့်ချင်အဆက်အနွယ်ဓားသိုင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သဖြင့် အလွန်တရာ အရှက်ကွဲခြင်းမျိုးမရှိသော်လည်း ယွိချင်အဆက်အနွယ်တစ်ယောက်က စန့်ချင်အဆက်အနွယ်ဓားသိုင်းတွင် သူ့ထက်တော်နေသည်ဖြစ်ရာ ထိုအချက်က ဝန်တိုက်ဟုန်အတွက် အရှက်ရစရာ ဖြစ်စေသည်။
ရှောက်ပိုင်တောင်ထွတ်မှ တပည့်များအပါအဝင် စန့်ချင်အဆက်အနွယ် သိုင်းကျင့်ကြံသူများအားလုံး စိတ်ပျက်လက်ပျက်ဖြစ်ရုံသာမက စိတ်များလည်း ရှုတ်ထွေးနေကြသည်။
သူတို့အားလုံး အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ရင်း တွေးမိကြသည်မှာ...
“ဘာပဲဖြစ်ဖြစ် ဆရာဦးလေး’ရန်’က ငါတို့မျက်နှာမပျက်အောင်တော့ လုပ်ခဲ့သားပဲ”
“ဟွေလင်တောင်ကြားက တိမ်လွှာဧကရာဇ်အဆက်အနွယ်ဖြစ်တဲ့ ဝမ်ရွှင့်တို့အုပ်စုတော့ နည်နးည်းမျက်နှာပျက်စရာ ဖြစ်သွားတာပေါ့ ၊ ဒါပေမဲ့ အစ်ကို’ဝမ်’ ရှုံးသွားတဲ့အတွက် ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူက ဟုန်တိဧကရာဇ်ကိုတော့ အမျက်ရှစေမှာ မဟုတ်ဘူး”
ထိုအချက်ကြောင့် ရှောက်ပိုင်တောင်ထွတ်မှတပည့်များ စိတ်အေးသွားကြသည်။
“ဟုန်တိဧကရာဇ် အမျက်မရှရင်ပြီးတာပါပဲ ၊ ကျန်တဲ့ကိစ္စကတော့ အကြီးအကဲတွေဆီ အစီရင်ခံပြီး ဖြေရှင်းလိုက်လို့ရတယ်”
ဝန်တိုက်ဟုန်က စိတ်များရှုတ်ထွေးနေသော်လည်း စိတ်ထဲမှာတော့ ရန်ကျောက်ကဲအပေါ် မည်သည့်အာဃာတမှ မရှိပေ။
တဖြည်းဖြည်း သူ့စိတ်များတည်ငြိမ်လာပြီးနောက် ဓားသိုင်းပညာအကြောင်း ပြန်စဉ်းစားရင်း ရန်ကျောက်ကဲအား စကားဆိုလိုက်သည်။
“ငါ လေ့လာကြည့်သလောက် မင်းရဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဆက်အနွယ်က ဆင်းသက်လာတဲ့ဓားသိုင်း မဖြစ်နိုင်ဘူး”
“လမ်းလျှောက်ရင်း စကားပြောကြတာပေါ့”
ရန်ကျောက်ကဲက ရှောက်ပိုင်တောင်ထွတ်သို့ လမ်းဆက်လျှောက်လာရင်း ဖုံးကွယ်မထားဘဲ ပေါ့ပေါ့ပါးပါးပင် ပြောပြလိုက်သည်။
“အမှန်အတိုင်းပြောရရင်... ဒီ ‘ရန်’ အသုံးပြုတဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဓားသိုင်း မဟုတ်ပါဘူး ၊ ပြင်ပလောကကို ခရီးထွက်ရင်း အမှတ်မထင်ရရှိခဲ့တာပါ”
ထိုစကားကြားတော့ ဝန်တိုက်ဟုန်နှင့် အခြားသူများ မှင်တက်သွားကြသည်။
ရန်ကျောက်ကဲက စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာ တတ်ကျွမ်းကြောင်း ဟိုးအရင်ကတည်းကပင် အားလုံး သိထားပြီး ဖြစ်သည်။
တိချင်းလျန် ကွယ်လွန်သွားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ရွှမ်ဟွမ်ဧကရီက တိချင်းလျန်၏မျိုးဆက်များကို စောင့်ရှောက်ပညာသင်ပေးမည်ဖြစ်ကြောင်း အားလုံး သိရှိသည်။ ထို့ကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဓားသိုင်းအမွေကို ရန်ကျောက်ကဲရရှိခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများက ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သော်လည်း ရန်ကျောက်ကဲနှင့် တိုက်ခိုက်ခဲ့သည့် ဝန်တိုက်ဟုန်ကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ သဲလွန်စများကို တွေ့မြင်နိုင်စွမ်း ရှိသည်။
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားရဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သောပေါင်ထျန်းကျွင်းအဆက်အနွယ်က ဆင်းသက်လာတဲ့ မျိုးရိုးအမွေအနှစ်နဲ့ ဆင်တူနေတာ မအံ့သြတော့ပါဘူး”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အဆက်အနွယ်များစွာရှိသည်ဆိုသော်လည်း အများစုက လင်ပေါင်ထျန်းကျွင်း၏တပည့် ‘ဝူတန့်မယ်တော်’ နှင့်သာ ချိတ်ဆက်မှု ရှိကြသည်။
အခြားသောအဆက်အနွယ်များမှာလည်း သိပ်ပြီးထူးမခြားနားများ ဖြစ်ကြပြီး ရှေးဟောင်းအဆက်အနွယ်များထဲမှသူများမှာ နည်းပါးကြသည်။
ယခု ရန်ကျောက်ကဲ၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကတော့ စန့်ချင်အဆက်အနွယ်အစစ်အမှန် ၊ ယွမ်ကျုန်းကျောင်းတော်တည်ထောင်သူဘိုးဘေး ၊ တာအိုဆရသခင်ယွမ်ခန်းမှ ဆင်းသက်လာသည်ဖြစ်ရာ သောပေါင်ထျန်းကျွင်း၏ အဆက်အနွယ်ဟု ဆိုနိုင်သည်။
တူညီသောသိုင်းပညာတစ်ရပ်ကို မတူညီသောလူများကျင့်ကြံသည့်အခါ မရေမတွက်နိုင်သော မူကွဲများထွက်ပေါ်လာမည်မှာ သဘာဝပင် ဖြစ်၏။
သောပေါင်ထျန်းကျွင်းနှင့် ဝူတန့်မယ်တော်တို့ နှစ်ယောက်လုံးက စန့်ချင်အဆက်အနွယ်တည်ထောင်သူဘိုးဘေး လင်ပေါင်ထျန်းကျွင်း၏ တပည့်များ ဖြစ်ကြသည့်တိုင် အမွေအနှစ်များကတော့ မတူကွဲပြားကြသည်။
သိုင်းပညာဆိုသည်က မျိုးဆက်တစ်ဆင့်မှတစ်ဆင့်သို့ လက်ဆင့်ကမ်းလာသည်ဖြစ်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲပြားမှုကတော့ အနည်းနှင့်အများ ရှိနိုင်သည်။
နတ်ဘုရားများအုပ်ချုပ်သောခေတ်ကာလ အချိန်တစ်ခုတွင် သောပေါင်ထျန်းကျွင်း ပျောက်ကွယ်သွားပြီးနောက် သူ၏သားစဉ်မြေးဆက်အနည်းငယ် ဤလောကတွင် ကျန်ရှိနေသေးသည်။
ထို့ကြောင့် ဝန်တိုက်ဟုန်က ရန်ကျောက်ကဲ၏ ဓားသိုင်းအယူအဆကွဲပြားမှုကို သိရှိနေခြင်းဖြစ်ပြီး ယခု ရန်ကျောက်ကဲကိုယ်တိုင် ဝန်ခံသည့်အခါ အတည်ပြုနိုင်ခဲ့သည်။
ဝန်တိုက်ဟုန်က...
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား စန့်ချင်ဓားသိုင်းကို ကျင့်ကြံနိုင်တာ တကယ့်ကို ကံကြမ္မာ တိုက်ဆိုင်တာပဲ”
ထိုစကားက မည်သည့်ဟန်ဆောင်မှုမှ မပါဝင်သော သူ့ရင်ထဲမှ စကားစစ်စစ် ဖြစ်သည်။
သို့သော် အခြားသူများနားထဲတွင်တော့ ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာကို စွန့်ခွာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် လာရောက်နေထိုင်ရန် စည်းရုံးနေသကဲ့သို့ ဖြစ်သည်။
ရှောက်ပိုင်တောင်ထွတ်မှ တပည့်များက မည်သည့်စကားမှမဆိုဘဲ ရန်ကျောက်ကဲနှင့် ဝန်တိုက်ဟုန်တို့ပြောသည့်စကားများကိုသာ နားစွင့်နေကြသည်။
ရန်ကျောက်ကဲက မသိမသာ ပြုံးလိုက်ရင်း...
“ဟုတ်တယ်... ကံကြမ္မာဆိုတာ ခန့်မှန်းရခက်တယ်လို့ ငါ ခံစားမိတယ်”
ခဏအကြာမှာတော့ သူတို့အားလုံး ရှောက်ပိုင်တောင်ထွတ်သို့ရောက်လာကြပြီး လုန်ဟန့်ဟွာ စောင့်ဆိုင်းနေကြောင်း တွေ့လိုက်ကြရ၏။
ဝန်တိုက်ဟုန်ကိုမြင်တော့ လုန်ဟန့်ဟွာ အနည်းငယ် အံ့အားသင့်သွားပြီး သူ့စိတ်ထဲ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။
ဝန်တိုက်ဟုန်က ချက်ချင်းပင် စကားဆိုလိုက်သည်။
“တာအိုရောင်းရင်း ‘လုန်’ ... ဒီ ‘ဝန်’ က လင်ယဲ့ထိပ်တန်းအရှင်သခင်ကို အပြစ်ပြုမိတဲ့အတွက် တောင်းပန်ဖို့ ရောက်လာတာပါ”
လင်ယဲ့ထိပ်တန်းအရှင်သခင် ဆိုသည်က လုန်ဟန့်ဟွာ၏ အကြီးဆုံးဦးလေး ၊ ရှောက်ပိုင်တောင်ထွတ်အရှင်သခင် ‘ကောင်းရွှယ်ပေါ်’ ၏ ဘွဲ့အမည် ဖြစ်သည်။
ရှောက်ပိုင်တောင်ထွတ်မှတပည့်အချို့က စောစောက ဖြစ်ပျက်ခဲ့သည်များကို လုန်ဟန့်ဟွာအား အသံပို့လွှတ်စနစ်ဖြင့် ပြောပြကြသည်။
ရန်ကျာက်ကဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုန်ဟန့်ဟွာက ဝန်တောက်ဟုန်နှင့် စကားစမြည်ပြောဆိုလိုက်သည်။
တောင်ထွတ်ဆီသို့အတူတူတက်ကြစဉ် လုန်ဟန့်ဟွာက ရန်ကျောက်ကဲအား အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“ဆရာဒေါ်လေးက ဓားသိုင်း (၄)မျိုးလုံး ကျွမ်းကျင်တာမှန်ပေမယ့် တန်းရှာတောင်ထွတ်မှာတော့ နတ်ဘုရားသုတ်သင်ဓားသိုင်းဝိညာဉ်တစ်ခုပဲ ကျန်ရစ်ခဲ့တာ ၊ ကြည့်ရတာ... နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို မင်း တစ်နေရာက အမှတ်မထင်ရခဲ့တာ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဟုတ်တယ်... ကျွန်တော်လည်း စောစောကပဲ သူတို့ကိုပြောနေတာ ၊ ကံတရားက အရမ်းအံ့သြစရာကောင်းတယ်”
သီးခြားနယ်မြေမှ ကျုန်းယွမ်တာအိုကျောင်းတော်သို့သွားရောက်စဉ်က ထိုက်ချင်အဆက်အနွယ်သိုင်းပညာရပ်ရှိမည်ထင်၍ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဟိုရောက်မှ စန့်ချင်အဆက်အနွယ် သိုင်းပညာရပ်ဖြစ်နေသဖြင့် သူလည်း အတော်လေး အံ့အားသင့်ခဲ့ရသည်ပင်။
လုန်ဟန့်ဟွာက...
“ဒါနဲ့ မင်း တန်းရှတောင်ထွတ်ကပြန်လာပြီဆိုတော့ အာရုံစိုက်ရမယ့်ကိစ္စတစ်ခု ရှိနေတယ်”
သူက ဆက်ပြောသည်။
“အခု အဖေလည်း ရှောက်ပိုင်တောင်ထွတ်မှာ ရောက်နေတယ် ၊ သူနဲ့ အကြီးဆုံးဦးလေးက မင်းကို အသေးစိတ်ပြောပြလိမ့်မယ်”