အခန်း (၅၀၅)
Vol. 37 Ch. 505
စာပေဆွေးနွေးပွဲ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းနှင့်အတူ ပါဝင်မည့်လူများ၏ နာမည်စာရင်လည်း ပေါက်ကြားလာသည်။
လွန်ခဲ့သောနှစ်ရာချီတွင် လက်ထောက်ကျောင်းအုပ်တစ်ယောက်မဖြစ်သေးသော လုယွီကျိုးက ကျောက်စိမ်းရှားစောင်းပင်ကို ရခဲ့သည်။
သူက ကျောက်စိမ်းရှားစောင်းပန်းကိုကြည့်၍ တာအိုကို နားလည်ခဲ့သည်။ အလှတရားသည် လျှပ်တစ်ပြက်အချိန်အတွင်း၌သာဖြစ်သည်ဟု ခံစားခဲ့ရသည်။
ထိုဉာဏ်အလင်းကြောင့် လုယွီကျိုးက အထိန်းအကွပ်မဲ့လာသည်။
ကျောက်စိမ်းရှားစောင်းပန်းသည် လုယွီကျိုးအတွက် တာအိုကိုနားလည်ရန် အခွင့်အရေးတစ်ခုဖြစ်ခဲ့သည်။
တခြားကွန်ဖြူးရှပ်ပညာရှင်များက ထိုအကြောင်းကို သိသွားသောအခါတွင် ကျောက်စိမ်းရှားစောင်းပန်းပွင့်ချိန်၌ တခြားလူများလည်း အခွင့်အရေးရနိုင်ရန် ရည်ရွယ်၍ လုယွီကျိုးကိုဖိတ်ခေါ်ပြီး စာပေဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဖြင့် ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲ ပေါ်ပေါက်လာသည်။
သို့သော် လုယွီကျိုးက နှစ်တစ်ရာခန့် ပျောက်ဆုံးသွားသောကြောင့် စာပေဆွေးနွေးပွဲလည်း အဆုံးသတ်သွားသည်။
ဤတစ်ကြိမ်သည် လုယွီကျိုးပြန်ရောက်လာပြီး ပထမဆုံးအကြိမ်အဖြစ် စာပေဆွေးနွေးပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်သည်။
စာပေဆွေးနွေးပွဲသို့ လူဦးရေတစ်ရာခန့်သာ ဖိတ်ခေါ်ခံရသည်။ ထိုလူများအားလုံးသည် ကွန်ဖြူးရှပ်တာအို၏ အထွတ်အထိပ်တွင် ရှိနေကြသည်။
ထိုဆွေးနွေးပွဲမျိုးသည် ဆရာသခင်များကြားတွင်သာ တည်ရှိခဲ့သည်။
သို့သော် အကြောင်းပြချက်တချို့ကြောင့် စာပေဆွေးနွေးပွဲသတင်းသည် နန်းမြို့တော်တွင် ညတွင်းချင်းပျံ့နှံ့သွားသည်။
ထိုသတင်းနှင့်အတူ လုယွီကျိုး၏ဖိတ်စာလည်း ပျံ့နှံ့လာသည်။
ထိုဖိတ်စာသည် မိတ္တူဖြစ်သော်လည်း အဖိုးတန်နေဆဲဖြစ်သည်။
ထိုဖိတ်စာကို ရလျှင် စာပေဆွေးနွေးပွဲကို လေ့လာနိုင်မည်။
လောကတွင် ထိပ်တန်းကွန်ဖြူးရှပ်ပညာရှင်များ၏ ဆွေးနွေးပွဲကို စောင့်ကြည့်နိုင်သောလူများ သိပ်မရှိပေ။
ထို့အပြင် ဖိတ်စာတစ်စောင်လျှင် ဝိညာဉ်ကျောက်တုံးသုံးထောင်သာ ကုန်ကျသည်။
ဝိညာဉ်သုံးထောင်တန်ဖိတ်စာသည် လူတစ်ယောက်ကို ကောင်းကင်အထိမြင့်တက်သွားအောင် အခွင့်အရေးပေးနိုင်သည်။
တချို့လူများက မယုံပေ။ သို့သော် နန်းမြို့တော်၏အပြင်ဘက်တွင်ရှိသော ယုံတင်းမြစ်ပေါ်၌ တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောကို ရာချီနေသောအပျော်လှေများက ဝိုင်းရံထားခဲ့သည်။
အပျော်လှေတိုင်းတွင် နဖူးစည်းစာတန်းရှိသည်။
“ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲကို လေ့လာနိုင်မည့် အပျော်လှေများ”
နောက်ထပ်နဖူးစည်းစာတန်းတစ်ခုတွင် မတူညီသောစာများကို ရေးသားထားသည်။
“ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲအတွက် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက တစ်ဦးတည်းထောက်ပံ့ပေးထားပါတယ်”
တချို့က ဝိညာဉ်ကျောက်တုံးသုံးထောင်ကုန်ကျသော ဖိတ်စာများကို ဝယ်ပြီး အပျော်လှေပေါ်တွင် ရှိနေသည်။
စာပေဆွေးနွေးပွဲအား လေ့လာနိုင်မည့်နည်းလမ်းကိုတော့ သူတို့က ပြောမပြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့က အပျော်လှေပေါ်မှ ပြန်ဆင်းမလာသည့်အတွက် ဖြစ်သည်။
ဝိညာဉ်ကျောက်တုံးသုံးထောင်က ဈေးကြီးသလား။
ဈေးကြီးသည်။
နန်းမြို့တော်တွင်ရှိသော သာမန်လူသားအများစုအတွက် တစ်သက်လုံးရှာဖွေလျှင်ပင် ဝိညာဉ်ကျောက်တုံးသုံးထောင်မရနိုင်ပေ။
သို့သော် မြို့ထဲတွင်ရှိသော ကွန်ဖြူးရှပ်ကျောင်းတော်သားများက ဝိညာဉ်ကျောက်တုံးသုံးထောင်ကို လွယ်ကူစွာထုတ်ပေးနိုင်သည်။
သို့သော် နန်းမြို့တော်တွင် လူပေါင်းသန်းချီ၍ ရှိနေသည်။
ထို့အပြင် မိတ္တူပွားထားသော ဖိတ်စာအရေအတွက်ကိုလည်း မသိနိုင်ပေ။
သို့သော် အပျော်လှေများကိုကြည့်လိုက်ပြီး လူဦးရေတစ်သိန်း တင်ဆောင်ထားနိုင်သည်ဟု တွက်ချက်ခဲ့ကြသည်။
ထို့ကြောင့် အများဆုံး ဖိတ်စာတစ်သိန်း ရှိလိမ့်မည်။
မြို့ထဲတွင် ဝိညာဉ်ကျောက်တုံးများ ရှားပါးမနေဘဲ ဖိတ်စာတစ်စောင်အတွက် ဝိညာဉ်ကျောက်တုံးသုံးထောင်ထုတ်ပေးရန် ဆန္ဒရှိသောလူ များစွာရှိသည်။
ဤအရာသည် အခွင့်အရေးတစ်ခုဖြစ်နိုင်သည်။
လူတချို့က ဖိတ်စာကို စောစီးစွာ ဝယ်ယူထားခဲ့သည်။ တချို့က အံတင်းတင်းကြိတ်၍ ဝိညာဉ်ကျောက်တုံးများချေးငှားပြီး ဖိတ်စာဝယ်ခဲ့သည်။ လူအချို့က ဝိညာဉ်ကျောက်တုံးများစုပေါင်း၍ တစ်ယောက်စာအတွက် ဝယ်ခဲ့သည်။
နှေးကွေးနေသောလူများက ဖိတ်စာဈေးနှုန်းသည် ဝိညာဉ်ကျောက်တုံးတစ်သောင်းအထိ တက်သွားကြောင်း ရုတ်တရက် သိလိုက်ရသည်။
သူတို့က အံတင်းတင်းကြိတ်ပြီး ဝယ်ယူရန် တွေးတောနေသောအချိန်တွင် ဝိညာဉ်ကျောက်တုံးသုံးသောင်းအထိ ဈေးပေါက်သွားသည်။ ဖိတ်စာကို ဝယ်ယူရန်အတွက် သူတို့အပေါ်တွင်သာ မူတည်တော့သည်။
လူအများအပြားက ဖိတ်စာကိုဝယ်ပြီး နေရာယူရန် အပျော်လှေများဆီသို့ သွားလိုက်ကြသည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက အပျော်လှေများပေါ်တွင် အရာအားလုံးထောက်ပံ့ပေးထားသည်ဟု ပြောကြသည်။ အစားအသောက်မှစ၍ ညအိပ်ရန်ကုန်ကျစရိတ်ကိုလည်း ထုတ်ပေးထားသည်။
အပျော်လှေပေါ်တွင်ရှိသော မိန်းကလေးများသည် စာပေဆွေးနွေးပွဲသို့လာရောက်သော ကွန်ဖြူးရှပ်ပညာရှင်များဆီသို့ ချဉ်းကပ်လာသည်ဟု ပြောကြသည်။ သူမတို့က လှည့်ကွက်အမျိုးမျိုးသုံး၍ ကျောင်းတော်သားများကို တိမ်ပေါ်အထိရောက်အောင် ပို့ပေးနေသည်။
ဆင်းရဲသော ကျောင်းတော်သားတစ်ယောက်သည် ဝိညာဉ်ကျောက်တုံးသုံးထောင်ကို ချေးယူ၍ ဖိတ်စာဝယ်ခဲ့သည်။ သူက အပျော်လှေပေါ်သို့ ရောက်လာသောအခါတွင် အဆင့်မြင့်အပျော်မယ်တစ်ဦးက သူ့ကို တန်ဖိုးထားပြီး ဝိညာဉ်ကျောက်တုံးတစ်သိန်း ပေးခဲ့သည်ဟု ပြောကြသည်။
....
ထိုကောလဟာလများ၏ စစ်မှန်မှုကို ဂရုစိုက်သောလူ မရှိပေ။ အမှားဖြစ်နေလျှင်လည်း အရေးမပါပေ။
အရေးကြီးဆုံးအရာသည် ယခုအချိန်အထိ ကွန်ဖြူးရှပ်ပညာရှင်များ ရှေ့ထွက်လာ၍ ရှင်းလင်းချက်မပေးခြင်းဖြစ်သည်။
ထိုအချက်သည် သတင်းကောင်းဖြစ်သည်။
ယခုအချိန်တွင် ဟန်မိသားစုဈေးဆိုင်မှ ဝန်ထမ်းများသည် မာမိသားစု၏မင်တုံး၊ ဟူမိသားစု၏စက္ကူ၊ စွန်းမိသားစု၏စုတ်တံနှင့် တော်ဝင်မိသားစု၏ ယွင်ကျိုးမင်ရည်များကိုသယ်၍ တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောဆီသို့ သွားနေကြသည်။
ထို့နောက် လတ်ဆတ်သော ဝိညာဉ်သစ်သီးခြင်းများကိုလည်း သယ်သွားကြသည်။
ဟန်မိသားစုဈေးဆိုင်သည် ပစ္စည်းအများအပြားဝယ်ယူခဲ့သောကြောင့် ဈေးဆိုင်အများအပြား ပစ္စည်းပြတ်သွားသည်။
ပါးနပ်သောကုန်သည်များက ဟန်မိသားစုဈေးဆိုင်သို့သွား၍ စီးပွားရေးအကြောင်း ဆွေးနွေးခဲ့ကြသည်။
စာပေရတနာများကိုရောင်းချသော စာအုပ်ဆိုင်နှင့် စာပေအဖွဲ့အစည်းများကလည်း ဟန်မိသားစုဈေးဆိုင်သို့ လူလွှတ်ခဲ့ကြသည်။
သူတို့၏လက်ထဲတွင် ရောင်းဝယ်နိုင်သော စာပေရတနာအမျိုးမျိုးရှိသည်။ ထို့အပြင် အကောင်းစားစုတ်တံ၊ မင်ရည်၊ စက္ကူနှင့် မင်တုံးများလည်း ရှိနေသည်။
ထို့အပြင် သူတို့ရရှိထားသော အချက်အလက်များအရ အင်မော်တယ်သင်္ဘောနှင့် အပျော်လှေများပေါ်တွင်ရှိသော စာပေပစ္စည်းများကို ဟန်မိသားစုဈေးဆိုင်က ပြန်သိမ်းလိမ့်မည်။
ထိုပစ္စည်းများ၏ တစ်ထောင်ပုံတစ်ပုံက စာပေရတနာ ဖြစ်လာနိုင်လျှင်ပင် အလွန်ကောင်းနေသည်။
ချန်ရူက ထိုအကြောင်းနှင့်ပတ်သတ်၍ မျှော်လင့်မထားခဲ့ပေ။
ထို့ကြောင့် စာကြည့်တိုက်အများအပြားက စုတ်တံ၊ မင်ရည်၊ စက္ကူနှင့် မင်တုံးများကို အလကားထောက်ပံ့ပေးလိုကြသည်။
အဝတ်ဆိုင်၊ ဝိညာဉ်သစ်သီးဆိုင်နှင့် သေရည်ရောင်းချသော ကုန်သည်များကလည်း စာပေဆွေးနွေးပွဲတွင် နာမည်ရနိုင်သ၍ ကုန်ပစ္စည်းများကို အလကား သို့မဟုတ် ဈေးလျော့၍ ထောက်ပံ့ပေးလိုကြသည်။
နန်းမြို့တော်တွင်ရှိသော အကြီးဆုံးအဝတ်ဆိုင်ဖြစ်သည့် ထျဲရီစံအိမ်မှ ဆိုင်ရှင်ဟူထျဲရီသည် ချန်ရူဆီသို့ ကိုယ်တိုင်အလည်လာပြီး မဟာကွန်ဖြူးရှပ်ပညာရှင်များအားလုံးအတွက် အဝတ်အစားထောက်ပံ့ပေးလိုကြောင်း ပြောခဲ့သည်။ သူတို့က စာပေဆွေးနွေးပွဲ၏အဆုံးတွင် အဝတ်သစ်များကို ပြန်လဲနိုင်သည်။
စာပေဆွေးနွေးပွဲတွင် မဟာကွန်ဖြူးရှပ်ပညာရှင်များ ဝတ်ဆင်ခဲ့သောအဝတ်များကို ပြန်ရောင်းလိုက်လျှင် ဆယ်ဆခန့်တန်ဖိုးတက်လာမည်ဟု ချန်ရူက ခန့်မှန်းမိသည်။
ဆရာသခင် သို့မဟုတ် သူတော်စင်တစ်ဝက်အဆင့်က ဝတ်ဆင်ထားပြီး မင်ရည်၊ ရေနှင့် သေရည်များ စွန်းထင်းနေလျှင် အဆတစ်ရာခန့် တန်ဖိုးတက်လာလိမ့်မည်။
လူတချို့က ထိုပစ္စည်းများကို စုဆောင်းရန်အတွက် ပိုက်ဆံအများအပြား သုံးလိမ့်မည်။
အပျော်လှေနှင့် တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်မှ အမျိုးသမီးများ၏ အဝတ်အစားအတွက် ဟူထျဲရီက ဆယ်ဆပိုပေးမည်ဟု ပြောခဲ့သည်။
မင်းသမီးယွင်ကျင်းနှင့် သခင်မလေပိုင်ဝူဟန်တို့၏ အဝတ်များကို အဆတစ်ထောင်ပိုပေး၍ ဝယ်မည်ဟု သူမက ဆက်ပြောသည်။
ထိုစီးပွားရေးက အလွန်ကောင်းမွန်သည်။
သို့သော် အဆုံးတွင် ချန်ရူက သဘောမတူခဲ့ပေ။ ထျဲရီစံအိမ်က အဝတ်များကို ထောက်ပံ့ပေးနိုင်သော်လည်း ထိုအဝတ်များကို ပြန်လည်အသုံးပြုရန်အတွက် ချန်ရူက မဆုံးဖြတ်နိုင်ပေ။
လှပသောဟူထျဲရီက ဆွဲဆောင်မှုများကို ထုတ်သုံးခဲ့သော်လည်း ချန်ရူက သဘောမတူရဲပေ။
မဟာကျောင်းတော်သားများကို ဘေးဖယ်ထားလျှင်ပင် မင်းသမီးယွင်ကျင်းက သူဌေးဖြစ်သူနှင့် ဆက်ဆံရေးအချို့ ရှိနေနိုင်သည်။
သို့သော် သူက ထိုအကြောင်းကို သတင်းပို့ရန်အတွက် ဟန်မူယဲ့ဆီသို့ ကျောက်စိမ်းပေလွှာနှင့်အတူ လူတစ်ယောက်ကို လွှတ်ခဲ့သည်။
ကံမကောင်းစွာဖြင့် ဟန်မူယဲ့က မူဝမ်နှင့်အတူ ပိုင်လီရှင်းလင်၏အိမ်သို့ သွားနေသည်။ ဇူအော်ယုလုံက ကျောက်စိမ်းပေလွှာကို လက်ခံထားလိုက်ပြီး ဟန်မူယဲ့ပြန်လာသောအခါတွင် ပေးလိမ့်မည်။
နေ့လယ်ပိုင်းတွင် အစိမ်းရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားသော ဟန်မူယဲ့က ခမ်းနားပြီး ရှေးကျသောခြံဝိုင်း၏ရှေ့တွင် မူဝမ်နှင့်အတူ ရပ်နေသည်။
ခြံဝိုင်း၏ဂိတ်တံခါးအပေါ်တွင် ဟွမ်စံအိမ်ဟု ရေးသားထားသည်။
ဆရာသခင်ဟွမ်တင်းရှု၏ လက်ရေးဖြစ်သည်။
“သခင်မလေးမူ၊ သခင်ကြီးနဲ့ သခင်မကြီးတို့က အနောက်ဘက်ခန်းဆောင်မှာ စောင့်နေပါတယ်။ သခင်မလေးတို့ တိုက်ရိုက်ဝင်သွားလို့ ရပါတယ်”
ဂိတ်တံခါးဝတွင် မီးခိုးရောင်ဝတ်စုံနှင့် အိမ်တော်ထိန်းတစ်ယောက်က သူတို့ကို အပြုံးတစ်ခုနှင့်အတူ ကြိုဆိုလိုက်သည်။
မူဝမ်က ဟွမ်စံအိမ်တွင် ရက်အနည်းငယ်ခန့် နေထိုင်ခဲ့သည်။ ဧည့်သည်များကိုကြိုဆိုရာတွင် လုပ်ဆောင်ချက်ကောင်းသော အိမ်တော်ထိန်းက သူမ၏နောက်ကြောင်းကို သိထားသည်။
မိသားစုခေါင်းဆောင်နှင့်ဇနီး၏ တူမဆိုသော အဆင့်အတန်းက အလွန်မြင့်မြတ်သည်။
မူဝမ်က အသာအယာခေါင်းညိတ်ပြလိုက်ပြီး ဘေးတွင်ရှိသောဟန်မူယဲ့ကို ကြည့်သည်။
“အစ်ကိုဟန်၊ နည်းနည်း စိတ်လှုပ်ရှားနေတာလား”
‘စိတ်လှုပ်ရှားရမှာလား’
ဟန်မူယဲ့က လျင်မြန်စွာခေါင်းခါသည်။
မူဝမ်က ပြုံးလိုက်ပြီး ဟန်မူယဲ့နှင့်အတူ အထဲသို့ ဝင်သွားသည်။
ကွမ်အိမ်တော်တွင် ချင်အိမ်တော်ကဲ့သို့ ဝိညာဉ်ဆေးပင်များကို နေရာအနှံ့တွင် မြင်နိုင်သည်။
မြင့်မားသောသစ်ပင်နှင့် ဆေးပင်အများစုသည် အလွန်သက်တမ်းရှည်နေသည်။
အဆောင်တချို့ကို ဖြတ်ကျော်လာပြီးသောအခါတွင် ဟန်မူယဲ့က ရေကန်တစ်ကန်ကို မြင်လိုက်ရသည်။
ရေကန်သည် သုံးဧက၊ ငါးဧကခန့် ကျယ်သည်။ ရေသည် ကြည်လင်မနေဘဲ အနက်ရောင်သန်းနေသည်။
မင်ရည်ရနံ့အချို့ကို ရနိုင်သည်။
ကန်ဘေးတွင်ရှိသော သစ်ပင်များအားလုံးသည် အနက်ရောင်သန်းနေသည်။
“ဟွမ်မိသားစုရဲ့ မင်တုံးရေအိုင်၊ သစ်ပင်နဲ့ပန်းပွင့်တွေက မင်ရည်အမှတ်အသားနဲ့ လန်းဆန်းနေကြတယ်။ ဆရာသခင်ဟွမ်ရဲ့ လက်ရာကတော့ တကယ့်ကို အားကျစရာပဲ”
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားပြီး တီးတိုးပြောသည်။
တာအိုနယ်မြေ ....
သုံးဧက ငါးဧကခန့်ကျယ်သော ရေကန်နှင့် ဘေးတွင်ရှိသော အနက်ရောင်သစ်ပင်များသည် တာအိုနယ်မြေတစ်ခုဖြစ်သည်။
ဟွမ်တင်းရှုက ပိုင်လီရှင်းလင်၏ဖိနှိပ်မှုကို ခံထားရသည်ဟု လူတိုင်း ပြောကြသည်။ ဇနီးသည်က သန်မာပြီး ခင်ပွန်းဖြစ်သူက အားနည်းသည်။ ထို့ကြောင့် ဟွမ်တင်းရှုက စိတ်ဆန္ဒပျောက်ဆုံးသွားပြီး မည်သည့်အရာကိုမှ မရေးတော့ဟု ပြောကြသည်။
ယခု မင်ရည်များနှင့်စွန်းထင်းနေသော တာအိုနယ်မြေကို မြင်ရသည်။
ကောလဟာလများကို မယုံသင့်ပေ။
“ဟွမ်မိသားစုရဲ့ မင်တုံးရေအိုင်၊ သစ်ပင်နဲ့ပန်းပွင့်တွေက မင်ရည်အမှတ်အသားနဲ့ လန်းဆန်းနေကြတယ်။ ကဗျာကောင်းပဲ။ မူယဲ့နဲ့ လူကိုယ်တိုင်တွေ့လိုက်ရတာက အကြိမ်တစ်ရာသတင်းကြားရတာထက် ပိုကောင်းတယ်။ မင်းက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ဦးပဲ”
ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် အဖြူရောင်ဝတ်စုံနှင့် အသက်ငါးဆယ်အရွယ်လူအိုကြီးတစ်ယောက်ကို မြင်ရသည်။ ထိုလူကြီးက ဆံပင်များကို သပ်ရပ်စွာဖြီးထားပြီး ရှည်လျားသောမုတ်ဆိတ်များရှိသည်။
သူ့ဘေးတွင် အာခီမီအငွေ့အသက်များကို ထုတ်လွှတ်ပေးနေသော အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးရှိသည်။
ထိုလူသည် ဆရာသခင်မဟုတ်သော သူတော်စင်တစ်ဝက်အဆင့် ဟွမ်တင်းရှုနှင့် အာခီမီသူတော်စင်တစ်ဝက်အဆင့် ပိုင်လီရှင်းလင်တို့ ဖြစ်ကြသည်။
“မူဝမ်က ဆရာသခင်နဲ့ ဆရာဦးလေးကို နှုတ်ဆက်ပါတယ်”
မူဝမ်က လျင်မြန်စွာဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။
“ဒါကတော့ ကျွန်မရဲ့ ဂိုဏ်းတူအစ်ကိုပါ”
ဟန်မူယဲ့က အနည်းငယ်ဦးညွှတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“ဟန်မူယဲ့က ဆရာသခင်နဲ့ ဆရာဦးလေးကို နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့ဖြစ်စေ ဆရာသခင်မူယဲ့ဖြစ်စေ နာမည်များထက် မပိုပေ။
သူတို့အဆင့်တွင်ရှိသော ကျင့်ကြံသူများအတွက် အဆင့်အတန်းသည် အရေးမကြီးဘဲ စိတ်နေစိတ်ထားကသာ အရေးကြီးသည်။
ဟန်မူယဲ့က ကိုယ့်ကိုယ်ကိုယ် အပြင်လူတစ်ယောက်အဖြစ် သဘောမထားဘဲ သူတို့ကို ရင်းနှီးစွာ နှုတ်ဆက်ခဲ့သည်။ ပိုင်လီရှင်းလင်နှင့် ဟွမ်တင်းရှုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်သည်။