← Chapters

အခန်း (၅၀၆)

Vol. 37 Ch. 506

အခန်း (၅၀၆)

Vol. 37 Ch. 506

“လူငယ်သူရဲကောင်းလေးပဲ။ အစတုန်းက ငါမယုံခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ မင်းကိုတွေ့လိုက်ရတော့ လောကမှာ မင်းလိုလူမျိုးရှိနေသေးတယ်ဆိုတာကို ယုံသွားပြီ”

ပိုင်လီရှင်းလင်က ဟန်မူယဲ့ကို ကြည့်သည်။

“မူဝမ်က သွေးမျိုးဆက်အာခီမီနည်းစနစ်ကို ရှာဖွေချင်တာ မထူးဆန်းတော့ပါဘူး”

ဟန်မူယဲ့က အသာအယာခေါင်းငုံ့သည်။

‘အထင်ကြီးစရာပဲ။ သူမက ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားကို မြင်နိုင်တယ်ပေါ့’

‘သူမက အာခီမီသူတော်စင်တစ်ဝက်အဆင့်ပဲလေ’

“ဟားဟား၊ လာပြီး ထိုင်ပါအုံး”

ဟွမ်တင်းရှုက ကျယ်လောင်စွာရယ်သည်။ သူက ရှေ့တက်လာပြီး ဟန်မူယဲ့၏လက်ကို ဆွဲယူ၍ အိမ်ထဲသို့ ခေါ်သွားသည်။

“မင်းရဲ့ကဗျာက တကယ်ကောင်းတာပဲ။ ပြီးရင် ငါချရေးလိုက်မယ်”

“ဒါနဲ့ နောက်ထပ်ကဗျာနှစ်ကြောင်းကို ဘယ်လိုဆက်ရေးရမလဲ”

ဟွမ်တင်းရှုက ဟန်မူယဲ့ကို အိမ်ထဲသို့ ဆွဲခေါ်သွားသောအခါတွင် မူဝမ်၏မျက်နှာထားက အနည်းငယ်တောင့်တင်းသွားသည်။

သူမကို မေ့သွားပုံပေါ်သည်။

“ကောင်မလေး၊ နင့်ရဲ့ဆရာဦးလေးက တစ်ယောက်ယောက်ကိုသဘောကျတာ ရှားတယ်”

ပိုင်လီရှင်းလင်၏မျက်လုံးထဲတွင် နတ်ဘုရားအလင်းများတောက်ပနေပြီး ညင်သာစွာပြောသည်။

သူမက မူဝမ်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“သူက ဂန္တဝင်စာပေဖြစ်တဲ့ အဝါရောင်ခုံရုံးစာအုပ်ကို လေ့လာထားတယ်။ လောကမှာ သူတန်ဖိုးထားတဲ့လူတွေ သိပ်မရှိဘူး”

ပိုင်လီရှင်းလင်၏မျက်လုံးထဲတွင် ဂုဏ်ယူမှုတချို့ ရှိနေသည်။

သူမရွေးချယ်ထားသော ခင်ပွန်းဖြစ်သူ တာအိုလက်တွဲဖော်သည် သာမန်လူမဟုတ်ပေ။

ဇနီးသည်က သန်မာပြီး ခင်ပွန်းဖြစ်သူက အားနည်းသည်ဟူသော ကောလဟာလများသည် အမှန်မဟုတ်ပေ။ ဟွမ်တင်းရှုက ကျင့်ကြံခြင်းတွင် အားစိုက်ထားပြီး အပြင်လောကကို ဂရုမစိုက်သောကြောင့်သာ ဖြစ်သည်။

ဟွမ်တင်းရှုက အငြိုးအတေးမဲ့နယ်မြေ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လေ့လာပြီး အဝါရောင်ခုံရုံးဂန္တဝင်စာပေကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ သူ့ဝိညာဉ်စွမ်းအားကျင့်ကြံခြင်းကြောင့် ပိုင်လီရှင်းလင်က ထိတ်လန့်သွားခဲ့ရသည်။

သူမခင်ပွန်း၏ ကျင့်ကြံဆင့်ကိုပင် မခန့်မှန်းရဲပေ။

“သွားကြစို့။ ကျောက်စိမ်းသက်တံကမ္ဘာရဲ့ ဆေးဟင်းလျာတချို့လုပ်ဖို့ ငါ့ကို ကူညီပေးအုံး”

ပိုင်လီရှင်းလင်က မူဝမ်ကို လက်တွဲထားပြီး ဦးဆောင်သွားသည်။

မူဝမ်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ရောက်သွားသောဟန်မူယဲ့ကို လှည့်ကြည့်သည်။

‘ငါ့အစ်ကိုဟန်ကို ဆရာဦးလေးနဲ့ ဆရာသခင်က တန်ဖိုးထားတယ်’

‘ငါ့အစ်ကိုဟန်က ဘယ်လိုလူမျိုးမလို့လဲ’

သူမ၏နှလုံးသားက ချိုမြိန်နေသည်။

“ဟူး၊ နင်က ငါနဲ့တူတာပဲ”

ပိုင်လီရှင်းလင်၏အသံ ထွက်ပေါ်လာသောကြောင့် မူဝမ်က ရှက်သွားသည်။

“အမှန်အတိုင်းပြောရရင်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်က နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိနေရင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြပြီး လုပ်သင့်တာကို လုပ်ရမယ်”

ပိုင်လီရှင်းလင်က မူဝမ်ကို လှည့်ကြည့်သည်။

“နင်က နင့်ရဲ့ဂိုဏ်းတူအစ်ကိုနဲ့ အချိန်အတော်ကြာအောင် ရှိနေခဲ့ပေမဲ့ အခုထိ အပျိုပဲဖြစ်နေသေးတယ်”

သူမက မူဝမ်၏ နီရဲ‌နေသောမျက်နှာကိုကြည့်လိုက်ပြီး ခေါင်းခါသည်။

“ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ချစ်တာ သဘာဝပဲ။ နင်က ဒီအတိုင်း လွှတ်ထားလို့မရဘူး”

“နင့်ရဲ့ဂိုဏ်းတူအစ်ကိုက ထူးချွန်တဲ့လူတစ်ယောက်ပဲ။ နင်က သူ့ကို ဖမ်းမထားနိုင်ရင် တစ်ယောက်ယောက်လုသွားမှာကို စိုးရိမ်ရလိမ့်မယ်”

“မဟုတ်ပါဘူး။ ကျွန်မ၊ အဲဒါ ဂိုဏ်းတူအစ်ကိုက ....”

မူဝမ်က လျင်မြန်စွာရှင်းပြလိုသော်လည်း မတတ်နိုင်ခဲ့ပေ။ သူမ၏မျက်နှာက နီရဲနေပြီး စိတ်လှုပ်ရှားနေသည်။

“မဟုတ်ဘူးလား”

ပိုင်လီရှင်းလင်က မျက်မှောင်ကြုတ်သည်။

“ငါနားလည်ပြီ။ သူက မိစ္ဆာသားရဲတစ်ကောင်ရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ ပေါင်းစပ်ထားတယ်။ သူ့ရုပ်ခန္ဓာစွမ်းအားက လိုက်ဖက်ညီမှုမရှိဘူး”

ပိုင်လီရှင်းလင်၏စကားကြောင့် မူဝမ်က ထပ်ကာတလဲလဲ ခေါင်းညိတ်လိုက်သည်။

“ဒီလိုငယ်ရွယ်တဲ့အချိန်မှာ မစွမ်းဆောင်နိုင်တာက ပြဿနာရှိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ နင့်ရဲ့ဆရာဦးလေးကျိုချက်ထားတဲ့ ‌ဆေးသေရည်နည်းနည်းလောက် ယူသွားလိုက်။ ညဘက်ကျရင် အဆင်ပြေစေရမယ်လို့ ငါအာမခံတယ်”

သူမ၏အဒေါ်ဖြစ်သူက အနည်းငယ်နားလည်မှုလွဲနေသည်ဟု ခံစားလိုက်ရသည်။

အစ်ကိုဟန်က လုပ်နိုင်သည်။

အမှန်တကယ် လုပ်နိုင်သည်။

....

စာကြည့်ခန်းထဲတွင် ပန်းချီကား၊ လက်ရေးလှစာလိပ်များဖြင့် ပြည့်နေသည်။

အရာအားလုံးသည် ရတနာများဖြစ်ကြသည်။

ကွန်ဖြူးရှပ်ပညာရှင်ကြီးများ၏ လက်ရေးကို နေရာအနှံ့တွင် တွေ့နိုင်သည်။

ဤစုဆောင်းမှုသည် အာခီမီကံကြမ္မာစံအိမ်ထက် အဆပေါင်းများစွာပိုသည်။

“ဟီးဟီး၊ မင်းကြိုက်လား”

ဟွမ်တင်းရှုက စားပွဲပေါ်တွင် စုတ်တံတစ်ချောင်းကိုင်လိုက်ပြီး မော့ကြည့်သောအခါတွင် ပတ်ဝန်းကျင်အားကြည့်နေသော ဟန်မူယဲ့ကို မြင်ရသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။

“မင်းကြိုက်တာကို ယူသွားလိုက်ပါ”

“မင်းက လုယွီကျိုးရဲ့ခြံဝိုင်းကနေ ပန်းချီကားတွေဖြုတ်ယူသွားတယ်လို့ မူဝမ်က ပြောတယ်”

“ရိုးရိုးသားသားပြောရရင် သူ့ရဲ့ စု‌ဆောင်းမှုလေးမှာ ပစ္စည်းကောင်းတွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ”

“ငါ့စုဆောင်းမှုတွေကို ကြည့်လိုက်။ ဒါတွေကမှ လက်ရာမြောက်ပစ္စည်းတွေမဟုတ်လား”

ကျောင်းတော်သားများအတွက် တစ်ယောက်ကိုတစ်ယောက် အထင်သေးခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

လုယွီကျိုး၏ဂုဏ်သတင်းက အနည်းငယ်ဆိုးဝါးသော်လည်း ရတနာအများအပြားရှိသောကြောင့် တခြားလူများက မခံချင်ဖြစ်နေသည်။

ထိုအကြောင်းနှင့်ပတ်သတ်၍ ယန်ကျန်းချင်က ဟန်မူယဲ့ကို ပြောခဲ့သည်။

ဟန်မူယဲ့က လုယွီကျိုး၏ခြံဝိုင်းကို ရှင်းထုတ်လိုက်သောအခါ နန်းမြို့တော်တွင်ရှိသောလူအများက ဝမ်းသာနေသည်။

ဟွမ်တင်းရှုက ပန်းချီကားများကို ရွေးချယ်ရန် ခွင့်ပြုလိုက်သောအခါတွင် ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ ဟွမ်တင်းရှုနှင့် တခြားကျောင်းတော်သားများ၏ ပန်းချီကားအချို့ကို ရွေးယူလိုက်သည်။

“ဟွမ်ကျိုးအအေးစာကဗျာရဲ့ စာလုံးတွေက နဂါးတစ်ကောင်လိုပဲ။ စုတ်ချက်က ရဲတင်းပြီး တက်ကြွတယ်။ တကယ့်ကို လက်ရာမြောက်ပစ္စည်းပဲ”

ဟန်မူယဲ့က ဟွမ်တင်းရှု၏လက်ရေးစာကို သိမ်းလိုက်သည်။

“ဘိုးဘေးမူလတာအိုနားလည်ခြင်းပန်းချီကားလား။ ဒါကို ဝမ်မော့ကျယ်ကိုယ်တိုင် ဆွဲခဲ့တာမဟုတ်ဘူးလား။ အဲဒါဆိုရင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်”

ဟွမ်တင်းရှုက နေရာတွင်ရပ်နေပြီး ပန်းချီကားနှင့်လက်ရေးစာများအား သိမ်းဆည်းနေသောဟန်မူယဲ့ကို ကြည့်သည်။ သူ့နှုတ်ခမ်းထောင့်များက တွန့်သွားသည်။ သူက စုတ်တံထိပ်ဖျားတွင်စီးကျသွားသော မင်ရည်စက်ကိုပင် သတိမထားမိတော့ပေ။

သူက ခေါင်းငုံ့ကြည့်လိုက်သောအခါ မင်ရည်စက်တချို့က စက္ကူပေါ်တွင် ရှိနေသည်။

“ရွှေတိမ်တိုက်စာရွက်တော့ အလကားဖြစ်ပါပြီ”

ဟွမ်တင်းရှုက စားပွဲပေါ်ရှိစက္ကူကို ဖယ်တော့မည့်အချိန်တွင် ဟန်မူယဲ့က ‌ရှေ့တိုးလာပြီး ညင်သာစွာပြောသည်။

“ကျွန်တော်က ဆရာဦးလေးရဲ့ပန်းချီကားတွေကို အလကားယူလို့ ဘယ်ဖြစ်မလဲ။ ဒီစာရွက်နဲ့စုတ်တံကိုသုံးပြီး ဆရာဦးလေးအတွက် ပန်းချီဆွဲပေးပါ့မယ်”

သူက စားပွဲပေါ်တွင်ရှိသောမင်တုံးကို ကောက်ယူလိုက်ပြီး လက်ကိုခါယမ်း၍ ဖြန်းချလိုက်သည်။

စက္ကူပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသောမင်ရည်စက်များ စွန်းထင်သွားသည်။

သူက ဟွမ်တင်းရှု၏လက်ထဲတွင်ရှိသော စုတ်တံကို လှမ်းယူလိုက်ပြီး လျင်မြန်စွာရေးဆွဲသည်။ သစ်ကိုင်းပေါ်တွင် အနက်ရောင်မက်မွန်ပန်းများ လျင်မြန်စွာပွင့်လန်းလာသည်။

“ကောင်းတယ်။ ကောင်းတယ်”

မက်မွန်ပွင့်များကို မြင်လိုက်ရသောအခါတွင် ဟွမ်တင်းရှုက ချီးကျူးလိုက်သည်။

စာကြည့်ခန်း၏အပြင်ဘက်တွင် လူတစ်ယောက်က အခန်းထဲသို့ ခေါင်းထိုး၍ ကြည့်လိုက်သည်။

ကျောင်းတော်သားဝတ်စုံနှင့် ပိုင်လီထုံယွင်က အံ့အားသင့်စွာကြည့်နေသည်။ ဟန်မူယဲ့က ပန်းချီဆွဲပြီး သူမ၏အဘိုးက ဘေးတွင် စောင့်ကြည့်နေသည်။

သူမက အဘိုးဖြစ်သူ၏စိတ်ထားကို ကောင်းမွန်စွာနားလည်သည်။

လက်ရေးလှနှင့် ပန်းချီတွင် ဟွမ်တင်းရှု၏ချီကျူးမှုကို လက်ခံနိုင်‌သောလူများ လောကတွင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ရှိသည်။

အာခီမီကံကြမ္မာစံအိမ်၏ ပိုင်ရှင်သည် ထူးချွန်သော ကဗျာဆရာတစ်ဦးဖြစ်သည်။ သူမ၏အဘိုးက သူ့ကို ပန်းချီနှင့်ပတ်သတ်၍ ချီကျူးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမက စာကြည့်ခန်းထဲသို့ တိတ်ဆိတ်စွာလျှောက်သွားလိုက်ပြီး ဟန်မူယဲ့၏ပန်းချီကို ကြည့်သည်။

မင်ရည်မက်မွန်ပွင့်များဖြစ်သည်။

သစ်ကိုင်းများသည် ရှုပ်ထွေးပြီး ရောနှောနေသည်။ မက်မွန်ပွင့်နှင့် အဖူးများက သစ်ကိုင်းပေါ်တွင် သဘာဝကျစွာ လှပနေသည်။

မင်ရည်ရနံ့များသည် မက်မွန်ပန်းရနံ့အဖြစ်ပြောင်းသွားပြီး လူတစ်ယောက်၏နှလုံးသားကို လန်းဆန်းစေသည်။

ပိုင်လီထုံယွင်က အသက်တစ်ခါရှုံရုံဖြင့် စိတ်ကြည်လင်သွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏နှလုံးသားထဲတွင် အေးမြသောမွှေးရနံ့ စွဲထင်သွားသည်။

ဟွမ်တင်းရှုက မြေးဖြစ်သူကို ကြည့်လိုက်ပြီး စကားမပြောပေ။ သူက ခေါင်းငုံ့လိုက်ပြီး ပန်းချီကို ထပ်ကြည့်သည်။

ထိုအချိန်တွင် ဟန်မူယဲ့က စားပွဲခုံကို ရှင်းလင်းပြီး စုတ်တံကို သိမ်းလိုက်သည်။

သူက စုတ်တံကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ဟွမ်တင်းရှုကို ပေးသည်။

“ဆရာဦးလေး၊ ကျေးဇူးပြုပြီး ပြင်ဆင်ပေးပါအုံး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်တင်းရှုက ရယ်မော၍ စုတ်တံကို ယူသည်။

“မင်းက ပန်းချီပညာရပ်မှာ ကျွမ်းကျင်ပြီးသားပဲ။ မင်ရည်တွေနဲ့ ပန်းချီဆွဲလိုက်တဲ့နည်းစနစ်က ရှုချင်းထန့်အောက် မကျဘူး။ ငါက ပြုပြင်ပေးဖို့ လိုသေးလို့လား”

“လူငယ်လေး၊ မင်းက ဂုဏ်ယူသင့်တယ်”

သူက စကားပြောလိုက်ပြီး ဟန်မူယဲ့ပြောခဲ့သောကဗျာကို ချ‌ရေးသည်။

“ဟွမ်မိသားစုရဲ့ မင်တုံးရေအိုင်၊ သစ်ပင်နဲ့ပန်းပွင့်တွေက မင်ရည်အမှတ်အသားနဲ့ လန်းဆန်းနေကြတယ်´

ပိုင်လီထုံယွင်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် ရေရွတ်သည်။

“အဘိုးမှာ နောက်ထပ်လက်ရာမြောက်ပစ္စည်းတစ်ခု ရှိလာပြီပဲ ....”

သူမ၏စကားမဆုံးခင် ဟွမ်တင်းရှုက ခေါင်းမော့၍ ဟန်မူယဲ့ကို ကြည့်သည်။

“နောက်ထပ်စာကြောင်းနှစ်ကြောင်းကိုရော ဆက်ပါအုံး”

‘ဆက်ပါအုံးတဲ့လား’

ပိုင်လီထုံယွင်က မျက်လုံးပြူးသွားသည်။

ထိုကဗျာကို ဆရာသခင်မူယဲ့က ရေးသားခဲ့သည်။

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး ညင်သာစွာပြောသည်။

“အရောင်တွေကို ဘယ်သူမှမချီးကျူးစေနဲ့”

ဟွမ်တင်းရှု၏တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူက ခေါင်းငုံ့ပြီး စာကြောင်းကို ချရေးသည်။

သူရေးပြီးသောအခါတွင် ဟန်မူယဲ့က ဆက်ပြောသည်။

“သင်းရနံ့တွေကို လောကမှာ ထားခဲ့ပါ”

သူစကားပြောပြီးသောအခါ အခန်းထဲတွင် ရွေရောင်သမာဓိစွမ်းအားများ လှုပ်ရှားလာသည်။ ခရမ်းရောင်အလင်းများက ဟွမ်တင်းရှု၏ခန္ဓာကိုယ်ပေါ်တွင် ရစ်ဝဲနေပြီး ကောင်းကင်အထိ ထိုးတက်သွားလုနီးပါး ဖြစ်နေသည်။

“ကောင်းတယ်။ တကယ့်ကိုကောင်းတဲ့ စာသားပဲ”

“လောကမှာ ဒီလိုမျိုးလုပ်နိုင်တဲ့ကွန်ဖြူးရှပ်ပညာရှင်တွေ အယောက်နှစ်ဆယ်ထက်ပိုမရှိဘူး”

ဟွမ်တင်းရှုက စကားပြောလိုက်ပြီး နောက်ဆုံးစာသားကိုရေး၍ လက်မှတ်ထိုးသည်။

“မူယဲ့က မင်ရည်မက်မွန်ပန်းကို ရေးဆွဲခဲ့တယ်။ သူက ကဗျာကိုရွတ်ဆိုပြီး ဟွမ်တင်းရှုက ရေးသားခဲ့တယ်”

တံဆိပ်နှိပ်ပြီးသွားသောအခါတွင် ဟွမ်တင်းရှုက မင်ရည်မက်မွန်ပန်းများကို တိတ်ဆိတ်စွာရှုစားနေသည်။ သူက ရယ်လိုက်ပြီး ပြောသည်။

“အခန်းထဲမှာရှိတဲ့ပန်းချီကားတွေနဲ့ မင်ရည်မက်မွန်ပန်းပန်းချီကားကိုလဲရတာ ဒီအဘိုးကြီးအတွက် အရှုံးမရှိဘူး”

သူ့စကားကို ကြားရသောအခါတွင် ပိုင်လီထုံယွင်က ပတ်ဝန်းကျင်ကို ကြည့်သည်။ အခန်းသည် အနည်းငယ်ဗလာဖြစ်နေသည်။

“ယောင်္ကျားရေ အစားအသောက်တွေ အသင့်ဖြစ်ပြီ။ မြန်မြန်လာခဲ့တော့”

စာကြည့်ခန်း၏အပြင်ဘက်မှ ပိုင်လီရှင်းလင်၏အသံ ထွက်လာသည်။

ဟွမ်တင်းရှုက ပြုံးလိုက်ပြီး ပန်းချီကားကို နံရံတွင်သေချာချိတ်သည်။ ထို့နောက် သူက ပန်းချီကားကို လေ့လာကြည့်လိုက်ပြီး ဆက်တိုက်ခေါင်းညိတ်နေသည်။

ခဏအကြာတွင် သူက ပိုင်လီထုံယွင်ကို လှည့်ကြည့်သည်။

“ထုံယွင်၊ ဘာဖြစ်လို့ပြန်လာတာလဲ။ ဒီနေ့ ကျောင်းတော်ကို မသွားဘူးလား”

သူက စကားပြောနေစဉ်တွင် ဟန်မူယဲ့ကိုဦးဆောင်၍ အခန်းထဲမှ ထွက်သွားသည်။

ပိုင်လီထုံယွင်က ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး နောက်မှလိုက်လာသည်။

“အဘိုး၊ ကြည့်လိုက်ပါအုံး။ ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲရဲ့ဖိတ်စာကို မိတ္တူကူးပြီးရောင်းရလောက်အောင် ဘယ်သူက အရှက်မဲ့နေတာလဲမသိဘူး”

“ဖိတ်စာတစ်စောင်ကို ဝိညာဉ်ကျောက်တုံးသုံးထောင်ပေးရတယ်။ အခု မြို့တော်မှာရှိတဲ့လူတိုင်းက ဖိတ်စာရဖို့ တိုက်ခိုက်နေကြတယ်။ ဖိတ်စာတန်ဖိုးက ဝိညာဉ်ကျောက်တုံးငါးသောင်းအထိ ရောက်သွားပြီ”

“အဘိုး၊ ဒီကိစ္စမှာ ဝင်ပါသင့်တယ်လို့ ထင်လား”

ပိုင်လီထုံယွင်၏စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်တင်းရှုက နောက်လှည့်ကြည့်သည်။

သူက လက်ကိုဆန့်ထုတ်ပြီး ဖိတ်စာကိုယူသည်။ ဖိတ်စာကို ဖတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

“ဒီမနက်မှာ လူတစ်ယောက်က ဒီဖိတ်စာကိုပို့ပြီး ငါ့ရဲ့လက်ရေးစာတစ်စောင်ကို ယူသွားတယ်။ စာပေဆွေးနွေးပွဲမှာ ဆုအဖြစ် သုံးမယ်လို့ ပြောသွားတယ်”

ဘေးတွင်ရှိနေသောဟန်မူယဲ့က တည်ငြိမ်နေသော်လည်း ရယ်ချင်နေသည်။

ချန်ရူက အတော်လေးမြန်သည်။ သူက ဟွမ်တင်းရှုဆီသို့ လူလွှတ်ခဲ့သည်။

ဟွမ်တင်းရှု၏စကားကြောင့် ပိုင်လီထုံယွင်က အံ့အားသင့်သွားသည်။ ထို့နောက် သူမက အံတင်းတင်းကြိတ်ထားပြီး ဒေါသများနှင့်အတူ ပြောသည်။

“အဲဒီလူဆိုးတွေကတော့ အဘိုးကိုတောင် လိမ်ရဲတယ်လား”

သူမက လက်သီးဆုပ်များကို တက်ကြွစွာဝှေ့ယမ်းလိုက်သည်။

“သူတို့ကိုဖမ်းမိရင် သေချာပေါက် ....”

ဟွမ်တင်းရှုက ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းဘယ်လိုထင်လဲ”

ဟန်မူယဲ့က ဖိတ်စာကိုကြည့်ပြီး ခေါင်းညိတ်သည်။

“ဒါက ကျွန်တော်တို့ ကွန်ဖြူးရှပ်ကျင့်ကြံသူတွေအတွက် ကောင်းတဲ့ဖြစ်ရပ်ပဲ”

‘ကောင်းတဲ့ဖြစ်ရပ်လား’

All Chapters