အခန်း (၅၀၉)
Vol. 37 Ch. 509
ဟန်မူယဲ့က သူတို့ကို စာပေဆွေးနွေးပွဲသို့ ခေါ်သွားမည်ဖြစ်သောကြောင့် ဇူအော်မောင်နှမသည် ကောင်းမွန်စွာမအိပ်နိုင်ခဲ့ပေ။
ဇူအော်လင်းကလည်း သေချာမအိပ်ခဲ့ပေ။
သူတို့ လှည်းပေါ်သို့ရောက်လာသောအခါတွင် အဝတ်သစ်များဝတ်ထားသော ဇူအော်လင်းက ကြာပွတ်ကို ပျော်ရွှင်စွာဝှေ့ယမ်းလိုက်ပြီး ထွက်လာခဲ့သည်။
လမ်းမကြီး၏ဘေးတွင် ရှောက်တထျန်းက ခေါင်းကုတ်လိုက်ပြီး ဘေးတွင်ရှိသောစွေ့စွေ့ကို ကြည့်သည်။
“စွေ့စွေ့၊ ငါတို့ကလေးကြီးလာရင် သူကိုလည်း စာလေ့လာခိုင်းရအောင်”
“ကျောင်းတော်သားဝတ်စုံနဲ့ ကြည့်ကောင်းမယ်ထင်တယ်”
ရှောက်တထျန်းက အင်္ကျီလက်များကို ဝှေ့ယမ်းသကဲ့သို့ လက်ကို ဝှေ့ယမ်းပြသည်။
စွေ့စွေ့က ရှောက်တထျန်း၏ပုံစံကို မြင်လိုက်ရသောအခါ မနေနိုင်တော့ဘဲ ရယ်မိသည်။ သူမက ကျောင်းတော်သားဝတ်စုံကိုဝတ်ထားသော ကျားခေါင်းနှင့်ရှောက်တထျန်းကို မြင်ယောင်မိသည်။
သူတို့နှစ်ယောက်က ရယ်လိုက်ပြီး စနောက်လျက် ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။
ဟန်မူယဲ့နှင့်မူဝမ်က သူတို့နှစ်ယောက်ကို စာပေဆွေးနွေးပွဲသို့ ဖိတ်ခေါ်သော်လည်း သူတို့က ငြင်းခဲ့သည်။
စွေ့စွေ့က စာပေဆွေးနွေးပွဲတွင်ပါဝင်ရန် အရည်အချင်းမရှိကြောင်း ခံစားမိသည်။ ရှောက်တထျန်းကတော့ ကျောင်းတော်သားများနှင့်ထိုင်ရန် သက်တောင့်သက်သာမရှိပေ။
“ညီအစ်ကိုတထျန်း၊ ကလေးအတွက် ဆေးတချို့ယူလာပေးဖို့ ငါ့ဇနီးက ပြောလိုက်တယ်”
ပေါင်မင်ချန်က ဆေးအိတ်နှင့်အတူ ဆိုင်ရှေ့သို့လျှောက်လာပြီး ပိတ်ထားသော အာခီမီကံကြမ္မာစံအိမ်ကို ကြည့်သည်။
သူထင်ထားသည့်အတိုင်း သူတို့က စာပေဆွေးနွေးပွဲသို့ သွားသည်။
တောင်ပိုင်းကုန်းမြေစားသောက်ဆိုင်တွင် ရှောက်တထျန်းနှင့်စွေ့စွေ့က သူ့ကို ပျော်ရွှင်စွာကြိုဆိုခဲ့သည်။
မြင်းလှည်းက လျင်မြန်စွာရွေ့လျားနေသည်။ မူဝမ်က လိုက်ကာစကို ဖွင့်လိုက်ပြီး အပြင်ဘက်တွင်ရှိသော ပြေးလွှားနေသည့်မြင်ကွင်းများကို မြင်ရသည်။
နန်းမြို့တော်တွင်ရှိသောလမ်းများသည် အလွန်ကျယ်ဝန်းပြီး မြင်းလှည်းများ ရင်ဘောင်တန်း၍ သွားနိုင်သည်။
နန်းမြို့တော်သည် ပထမဆုံးမြင်ခဲ့သောအချိန်နှင့် မတူတော့ပေ။
ရှေ့တွင် မြင်းလှည်းမောင်းနေသောဇူအော်လင်းက ဘေးတွင်ထိုင်နေသော ကလေးနှစ်ယောက်ကို လှည့်ကြည့်ပြီး ပြုံးသည်။
သူက သခင်လေးကို မြင်းလှည်းနှင့် မြို့အနှံ့ လိုက်ပို့ခဲ့သည်။ ဘဝက ပြောင်းလဲသွားခဲ့သည်။
မြင်းလှည်းက ရှေ့သို့ဆက်သွားနေသည်။ လမ်းဘေးနှစ်ဖက်တွင် လူများစုစည်းနေသည်။
အင်္ကျီလက်စရှည်သော ကျောင်းတော်သားများက ကျယ်လောင်စွာဆွေးနွေးနေကြသည်။
သူတို့က စာပေဆွေးနွေးပွဲကို တက်ရောက်မည့်လူများကဲ့သို့ စိတ်အားထက်သန်နေသည်။
ယနေ့သည် ကွန်ဖြူးရှပ်တာအို၏ ခမ်းနားသောနေ့ဖြစ်ပြီး ကျောင်းတော်သားများအတွက် နေ့ကောင်းရက်မြတ် ဖြစ်သည်။
ယနေ့သည် သူတို့နှင့် သက်ဆိုင်သည်။
ဇူအော်လင်းက ယနေ့ကဲ့သို့ စိတ်လှုပ်ရှားနေသော ကျောင်းတော်သားများ၏ပုံစံကို မမှတ်မိတော့ပေ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
မြင်းလှည်းက ရှေ့ဆက်သွားနေပြီး အရှိန်နှေးလိုက်သည်။
ယနေ့တွင် မြို့တော်မှထွက်လာသော ကျောင်းတော်သားများ အလွန်များသောကြောင့် လမ်းပိတ်နေသည်။
လမ်းပေါ်တွင် မြင်းလှည်းများ အရှိန်လျော့လိုက်ပြီး ကျောင်းတော်သားများနှင့်အတူ သွားနေသည်။
“အမ်၊ အဲဒါက မဟာကျောင်းတော်သားတစ်ယောက်ရဲ့ မြင်းလှည်းမဟုတ်လား။ ငါတို့ ကဗျာတစ်ပုဒ်ရွတ်ဆိုလိုက်ရင် သူက သတိထားမိမယ်ထင်လား”
လမ်းဘေးတွင်ရှိသော ကျောင်းသားတစ်ယောက်က မြင်းလှည်းတစ်စီးကိုညွှန်ပြပြီး တီးတိုးမေးသည်။
“အဲဒါက အကြံကောင်းလို့ ငါမထင်ဘူး .... ငါ့ကဗျာကို ဘယ်လိုထင်လဲ”
“စည်းမျဉ်းတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ ဆရာ .... ကျွန်တော့်မှာလည်း ကဗျာရှိပါတယ် ....”
ဖရိုဖရဲများကြားတွင် လူတစ်ယောက်က စာအုပ်များကို ဇူအော်ယုထင်နှင့် ဇူအော်ယုလုံ၏လက်ထဲသို့ ထည့်ပေးခဲ့သည်။
သူတို့က စာအုပ်ပေးလိုက်သောလူများကို မကြည့်နိုင်ခင် လက်ထဲတွင် စာအုပ်များ အပုံလိုက်ရောက်လာသည်။
မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဘာလုပ်ရမှန်းမသိတော့ပေ။
“ငါကြည့်ပါရစေ”
လှည်းထဲတွင် ဟန်မူယဲ့က ပြောလိုက်သည်။
ဇူအော်မောင်နှမက စာအုပ်များကို လျင်မြန်စွာပေးလိုက်သည်။
“ဟူး၊ ငါက သခင်လေးနဲ့ သခင်မလေးကိုသာ မတွေ့ခဲ့ရင် သူတို့လိုပဲ ဖြစ်နေလောက်တယ် ....” ဇူအော်ယုလုံက ဘေးတွင်ရှိသောကျောင်းသားများကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
သူ ဇူအော်ယုလုံက ပါရမီအနည်းငယ်သာရှိပြီး တော်ဝင်ကျောင်းတွင် သင်ခန်းစာများကို နားထောင်ခဲ့သည်။
နန်းမြို့တော်တွင် သူ့လိုလူများ မရေမတွက်နိုင်အောင် ရှိသည်။
သူ့တွင် တခြားသူများထက်သာရန် မည်သည့်အခွင့်အရေး ရှိသနည်း။
လမ်ဘေးတွင် ကျောင်းသားများက ဟန်မူယဲ့ဆီသို့ စာအုပ်များပေးလိုက်သော ဇူအော်မောင်နှမကို မြင်လိုက်ပြီး စာအုပ်များ လျင်မြန်စွာထပ်ပေးလာသည်။
မောင်နှမနှစ်ယောက်က လူတိုင်း၏စာအုပ်များကို မယူရဲဘဲ လက်ပြန်ရုတ်လိုက်သည်။
“ဇူအော်ယုလုံ”
“ယုလုံ၊ ငါပါ”
“စာရင်းစစ်အတန်းမှာ မင်းဘေးကထိုင်ခဲ့တဲ့ မူရုံထွေ့ပါ”
ဘေးတွင်ရှိသောမြင်းလှည်းပေါ်မှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ဇူအော်ယုလုံက လှည့်ကြည့်လိုက်ပြီး ဖက်တီးတစ်ယောက်ကို မြင်ရသည်။
မူရုံထွေ့က မြင်းလှည်းထဲသို့ ပြန်လှည့်လိုက်ပြီး ရှေ့တွင်ထိုင်နေသောလူအိုကြီးကို ကြည့်သည်။
“ကျောင်းအုပ်၊ ဇူအော်ယုလုံရဲ့နောက်ကွယ်မှာ မဟာကျောင်းတော်သားတစ်ဦးရှိနေတယ်လို့ ကျွန်တော်ကြားတယ်။ သူ့ကို စာအုပ်ပေးလိုက်ပါ့လား။ စိတ်မပူပါနဲ့ ယုလုံက ကျွန်တော့်ရဲ့ညီအစ်ကိုပါ”
ဖက်တီးလေးက ရင်ဘတ်ကိုပုတ်လိုက်သည်။
ချိုးချူးချီက ခဏတာတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်သည်။ သူက အင်္ကျီလက်ထဲမှ စာလိပ်တစ်လိပ်ကို သေချာထုတ်ယူသည်။
ဖက်တီးလေးက စာလိပ်ကို ဆွဲယူလိုက်ပြီး မြင်းလှည်း၏ပြတင်းပေါက်မှ ကိုယ်တစ်ဝက်ခန့်ထုတ်လိုက်သည်။
“ညီအစ်ကိုယုလုံ၊ ဒီစာအုပ်ကို ဆရာကြီးဆီပေးလိုက်ပါ။ ငါတို့ပြန်သွားရင် မင်းကို တစ်ပွဲလိုက်ကျွေးမယ် ....”
မူရုံထွေ့က ဇူအော်ယုလုံကို မျက်လုံးတစ်ဖက်မှိတ်ပြသည်။
ဇူအော်ယုလုံက အနည်းငယ်စိုးရိမ်နေသော်လည်း စာအုပ်ကို လှမ်းယူသည်။
“သခင်လေး၊ ဒါက ....”
သူက ဆိုင်ရှင်၏စွမ်းရည်ကို သိထားသည်။ ဆိုင်ရှင်က အရာအားလုံးကို နားလည်နိုင်သည်။
လှည်းထဲတွင် ဟန်မူယဲ့က ပြောလိုက်သည်။
“ငါ့ကိုပေး”
ဇူအော်ယုလုံက စာအုပ်ကို လွှဲပေးလိုက်သောအခါတွင် မူရုံထွေ့၏မျက်နှာက တောက်ပသွားသည်။ သူက တစ်ဖက်သို့လှည့်ပြီး ပြောသည်။
“ပြီးသွားပြီ”
ချိုးချူးချီက ခေါင်းညိတ်သည်။
သူ့ကျင့်ကြံခြင်းနှင့် ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဖြစ်သောကြောင့် သူက ဆရာသခင်များကို သိသည်။
တော်ဝင်ကျောင်းတော်၏ ဆရာသခင်အချို့နှင့်လည်း ရင်းနှီးသည်။
သို့သော် ယနေ့သည် ကွာခြားသည်။
စာပေဆွေးနွေးပွဲတွင်ပါဝင်နိုင်သော ကွန်ဖြူးရှပ်ပညာရှင်များသည် လောက၏အထွတ်အထိပ်တွင် ရှိနေသည်။
သူက ထိုလူမျိုး၏လမ်းညွှန်မှုကို ရနိုင်လျှင် ဆရာသခင်တစ်ယောက်အဖြစ် အဆင့်တက်သွားလိမ့်မည်။
ဆရာသခင်တစ်ယောက်ဖြစ်သွားလျှင် သူ့လောကသည် ကွာခြားသွားလိမ့်မည်။
ချိုးချိူးချီက အနည်းငယ်စိတ်လှုပ်ရှားနေသည်။
သူက ရှေ့တွင်ရှိသော ပျော်ရွှင်နေသည့်ဖက်တီးလေးကို လှည့်ကြည့်သည်။
သူက ဝိညာဉ်ကျောက်တုံးနှစ်သိန်းသုံး၍ ဖိတ်စာကိုဝယ်ယူခဲ့ပြီး သူ့ကို ဝိညာဉ်ကျောက်တုံးတစ်သိန်းဟု ပြောခဲ့သည်။
ထို့နောက် အရှက်မဲ့စွာ သူ့နောက်သို့ လိုက်လာသည်။
အစပိုင်းတွင် သူက ဖိတ်စာ၏မျက်နှာကြောင့် ဖက်တီးလေးကို ခေါ်လာခဲ့သည်။ သို့သော် ယခုအခြေအနေအရ ထိုဖက်တီးသည် မသိတတ်မလိမ္မာခြင်း မဟုတ်ပေ။
သို့သော် ဘေးတွင်ရှိသော ဆရာသခင်က စာအုပ်ဖတ်လိုက်လျှင် မည်သို့ခံစားရမည်ဖြစ်ကြောင်း သူမသိပေ။
ထိုအချိန်တွင် ဟန်မူယဲ့က စာအုပ်ပုံကို လှန်ကြည့်နေသည်။
တချို့စုတ်ချက်များက မြွေများ၊ နဂါးများ၊ ဖီးနစ်များနှင့် တူသည်။ တချို့က ကြောင်ခြစ်ထားသောလက်ရေးဖြစ်သည်။
တချို့စာလုံးများက ကျက်သရေရှိပြီး ခံစားချက်ကင်းမဲ့သည်။
ပေါက်ကရရေးထားသောစာများလည်း ရှိသည်။
အသင့်အတင့်ကောင်းမွန်သောစာများလည်း ရှိသည်။
သူက အသင့်အတင့်ကောင်းမွန်သောစာများကို ရွေးထုတ်ပြီး မုတ်စုများရေးပေး၍ ခေါက်ထားလိုက်သည်။
မူရုံထွေ့ပေးလိုက်သောစာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
လက်ရေးသည် ရိုးရှင်းပြီး အဖွင့်စကားသည် အဓိပ္ပာယ်ရှိသည်။
“လောကက ကြီးမားပြီး စကြဝဠာက တောက်ပတယ်။ တောင်တန်းတွေက စိမ်းလန်းနေတယ် ....”
ဟန်မူယဲ့က စာတစ်ခုလုံးကို ဖတ်လိုက်ပြီး ပြုံးသည်။ သူက စာရွက်တစ်ရွက်ထုတ်ယူပြီး ရေးပေးလိုက်သည်။
ထို့နောက် သူက စာရွက်ကို စာအုပ်ကြားတွင်ညှပ်၍ ပြန်ပေးလိုက်သည်။
ဇူအော်ယုလုံက လျင်မြန်စွာယူသည်။
“ညီအစ်ကိုမူရုံ ....”
ဇူအော်ယုလုံ၏အော်သံကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ကျောင်းသားများ အာရုံစိုက်လိုက်သည်။
တစ်ဖက်မြင်းလှည်း၏ပြတင်းပေါက် ပွင့်လာသည်။ မူရုံထွေက အံ့အားသင့်နေသောမျက်နှာထားဖြင့် ခေါင်းထွက်လာသည်။
“သခင်လေးက ဖတ်ပြီးသွားပြီ”
ဇူအော်ယုလုံက စာအုပ်ကို ပြန်ပေးသည်။
လူတိုင်းက စာအုပ်ကိုစိုက်ကြည့်နေပြီး မှတ်စုကို ဖွင့်ကြည့်ချင်စိတ်ပေါ်လာသည်။
မူရုံထွေ့က စာအုပ်ကိုယူလိုက်ပြီး ဇူအော်ယုလုံကို ခေါင်းညိတ်ပြ၍ မြင်းလှည်းထဲသို့ ပြန်ဝင်သွားသည်။
“ဟူး၊ မင်းတို့မှာ အဆက်အသွယ်ရှိဖို့လိုသေးတယ်။ မဟုတ်ရင် မင်းရဲ့စာတွေကို ဘယ်သူက မှတ်စုရေးပေးမှာလဲ”
လမ်းဘေးတွင် လူတစ်ယောက် စိတ်ပျက်စွာ ရေရွတ်သည်။
သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က မြင်းလှည်းကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
“အဲဒါက ဇူအော်မောင်နှမ မဟုတ်လား။ သူတို့က မာမိသားစုရဲ့စေ့စပ်ပွဲကို လက်မခံဘဲ အိမ်ပြောင်းသွားကြတယ်မဟုတ်လား။ အခု သူတို့က ချမ်းသာနေပြီလား”
မီးခိုးရောင်ဝတ်စုံနှင့်ကျောင်းတော်သား၏မျက်လုံးများက တောက်ပသွားပြီး ပြုံးသည်။
“ဇူအော်မိသားစုရဲ့သမီးက ယုထင်လို့ ခေါ်တာမဟုတ်လား။ သူမက ကြည့်ကောင်းပေမဲ့ နောက်ခံက နိမ့်ပါးလွန်းတယ်”
ကျောင်းတော်သားက ရေရွတ်လိုက်ပြီး ရှေ့တက်သွားသည်။
“ဦးလေးဇူအော်၊ ကျွန်တော်က လမ်းထဲမှာရှိတဲ့ ပိုင်မိသားစုက ပိုင်ထောင်ပါ”
စိတ်နှစ်၍မြင်းလှည်းမောင်းနေသောဇူအော်လင်းက နောက်လှည့်ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။ သူက ပြုံးလိုက်ပြီး ပြောသည်။
“သခင်လေးပိုင်လား”
မြင်းလှည်းမစီးနိုင်သော လူချမ်းသာမိသားစု။
နန်းမြို့တော်တွင် ထိုသို့ ကြွယ်ဝသောမိသားစုများ ရှိနေသည်။
ဇူအော်လင်းကဲ့သို့ အိမ်ငှားနေသောမိသားစုများ ပိုများသည်။
ဇူအော်လင်းက သူ့ကို ခေါ်လိုက်သောအခါတွင် ပိုင်ထောင်၏မျက်နှာက တောက်ပသွားပြီး စာအုပ်တစ်အုပ် ထုတ်ပေးသည်။
“ညီမဇူအော်၊ ကျေးဇူးပြုပြီး ဆရာကြီးဆီ ပေးလိုက်ပါ”
ဇူအော်ယုထင်က အဖေနှင့်အစ်ကိုဖြစ်သူကို ကမောက်ကမဖြစ်စွာ ကြည့်သည်။ သူမက ခဏတာတိတ်ဆိတ်နေပြီး လက်ခံလိုက်သည်။
ထို့နောက် တချို့လူများက စာအုပ်များပေးလာပြန်သည်။
စာအုပ်များကို လှည်းထဲသို့ ထည့်လိုက်သော်လည်း ပင်လယ်ထဲသို့ကျသွားသော ကျောက်တုံးများကဲ့သို့ တုံ့ပြန်မှုမရပေ။
ပိုင်ထောင်က လှည်းနောက်မှ လျင်မြန်စွာလိုက်လာသည်။ ခဏအကြာတွင် သူ့မျက်နှာထားက မည်းမှောင်လာသည်။
“ဘာကွန်ဖြူးရှပ်ပညာရှင်လဲ။ လူလိမ်တစ်ယောက်နေမှာ”
သူက တိတ်ဆိတ်စွာကျိန်ဆဲလိုက်ပြီး အသက်ပြင်းထန်စွာရှူ၍ ရပ်တန့်လိုက်သည်။
“ဇူအော်မောင်နှမက ဘယ်လိုကျွမ်းကျင်သူမျိုးဆီမှာ မှီခိုနိုင်မှာမလို့လဲ။ ငါ့စာအုပ်ကိုပေးလိုက်တာ နှမြောစရာပဲ”
သူက ရေရွတ်လိုက်ပြီး အင်္ကျီလက်ထဲမှ နောက်ထပ်စာအုပ်တစ်အုပ်ကိုထုတ်ယူသည်။ သူက တခြားမြင်းလှည်းတစ်စီးဆီသို့ ပြေးသွားသည်။
“ဝီ”
ထိုအချိန်တွင် ဟန်မူယဲ့တို့မြင်းလှည်း၏ ဘေးတွင်ရှိသောမြင်းလှည်းမှ ရွှေရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
မဟာကျောင်းတော်သားတစ်ယောက်သည် တာအိုကိုနားလည်ပြီး အဆင့်တက်သွားသည်။
လမ်းဘေးနှစ်ဖက်တွင် မရေမတွက်နိုင်လောက်သောကျောင်းတော်သားများက ချီစွမ်းအင်အလင်းကို မျက်လုံးအပြူးသား ကြည့်နေကြသည်။
‘မှတ်စုကြောင့်အဆင့်တက်သွားတာလား’
အမှန်ပင်ဖြစ်သည်။
မြင်းလှည်းထဲတွင် မူရုံထွေ့က အံ့အားသင့်နေသောမျက်နှာထားဖြင့် ထောင့်တွင်ကပ်နေသည်။
“ဘုရားရေ၊ ကျောင်းအုပ်က အဆင့်တက်သွားပြီလား။ ငါတော့ အများကြီးအကျိုးဆောင်ပေးလိုက်တာပဲ ....”
သူ့ရှေ့တွင်ရှိနေသောချိုးချူးချီက စာရွက်တစ်ရွက်ကို ကိုင်ထားပြီး တီးတိုးရေရွတ်နေသည်။ သူက မသိလိုက်ဘဲ အဆင့်တက်သွားသည်။
“ဘဝက ပစ္စုပ္ပန်အတွက်ပဲ မဟုတ်ဘူး။ စံပြဘဝလည်း ရှိသေးတယ်”
“လောကက အရမ်းကြီးမားတယ်။ ငါသွားကြည့်သင့်တယ်”
“စံပြဘဝ၊ ငါသွားကြည့်သင့်တယ်။ ငါသွားကြည့်သင့်တယ် ....”
မြင်းလှည်း၏ဘေးတွင် ကျောင်းသားများ စုစည်းနေပြီး မဟာကျောင်းတော်သား၏ အဆင့်တက်သွားသောကံကောင်းခြင်းကို ခံယူချင်နေသည်။
မရေမတွက်နိုင်လောက်သောလူများက အားကျမှု၊ စိတ်လှုပ်ရှားမှုများဖြင့် မြင်းလှည်းကို လှမ်းကြည့်သည်။
ကျောင်းသားများက လက်သီးဆုပ်ထားပြီး ကိုယ်တိုင်အဆင့်တက်သွားသည်ထက် စိတ်လှုပ်ရှားနေပုံရသည်။
သူတို့က အဆင့်တက်သွားသောလူ မဟုတ်ပေ။
သို့သော် တစ်ဖက်လူက မဟာကျောင်းတော်သားတစ်ယောက်၏မှတ်ချက်ကို ရရှိပြီး အဆင့်တက်နိုင်သောကြောင့် သူတို့လည်း ထိုသို့ဖြစ်နိုင်သည်။