← Chapters

အခန်း (၅၁၀)

Vol. 37 Ch. 510

အခန်း (၅၁၀)

Vol. 37 Ch. 510

မြို့အပြင်ဘက်တွင်ရှိသော မြစ်ကမ်းရှိလူများ၊ လမ်းပေါ်တွင်ရှိသော လူများ အားလုံးက ‌ခေါင်းမော့၍ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော ရွှေအလင်းကို ကြည့်သည်။

ဆရာသခင်တစ်ဦး အဆင့်တက်သွားသောကြောင့် မဟာတာအိုသည် ပျော်ရွှင်နေသည်။

မရေမတွက်နိုင်သောလူများသည် စာပေကြောင့် အဆင့်တက်သွားခြင်းကို မြင်လိုက်ရသည်။

ဤပွဲတွင် သူတို့က နောက်ထပ်အဆင့်တက်သွားမည့်လူများ ဖြစ်လာနိုင်သည်။

နတ်ဘုရားအလင်းပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးနှင့်ချီများက သမာဓိစွမ်းအားနှင့် ပေါင်းစပ်သွားသည်။ ချိုးချူးချီက ပိုမိုငယ်ရွယ်လာပုံပေါ်သည်။

သူက နူးညံ့‌သောမျက်နှာထားဖြင့် မူရုံထွေ့ကို ကြည့်သည်။

“မူရုံ၊ ကျေးဇူးပဲ”

သူ့စကားများကြောင့် မူရုံထွေ့က တစ်ကိုယ်လုံးတုန်ခါသွားပြီး မျက်ရည်ဝဲလာသည်။

ချိုးချူးချီက အနည်းငယ်အံ့အားသင့်သွားပြီး မေးတော့မည့်အချိန်တွင် မူရုံထွေ့၏အသံကို ကြားလိုက်ရသည်။

“ကျောင်းအုပ်၊ ကျွန်တော် ကျောင်းကို စရောက်လာတဲ့အချိန်ကစပြီး ရိုက်နှက်တာ၊ ဆူပူတာကိုပဲ ခံခဲ့ရတယ်။ ကျွန်တော့်အဖေက ခန်းဆောင်နှစ်ခု ဆောက်လုပ်ပေးခဲ့တာတောင် ကျောင်းအုပ်က ဒီလိုမျိုး မပြောဖူးဘူး”

မူရုံထွေ့က မျက်ရည်များကျဆင်းလာပြီး ငိုရှိုက်လျက် ပြောသည်။

“ကျောင်းအုပ်၊ ကျွန်တော်က ကျောင်းသားကောင်းတစ်ယောက် ဖြစ်ချင်တယ်”

ကျောင်းသားကောင်းတစ်ယောက် မဖြစ်ချင်သောလူ မရှိပေ။

ကျောင်းသားတိုင်းက နှလုံးသားထဲတွင် စာပေကို ထည့်သိမ်းထားကြသည်။

ထိုအရာသည် လောက၏ သင်ကြားမှုပုံစံ ဖြစ်သည်။

ချိုးချူးချီက နှလုံးသားထဲတွင် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူထိန်းချုပ်ထားခဲ့သော မဟာတာအိုအငွေ့အသက်များကို မထိန်းချုပ်နိုင်တော့ပေ။

ကောင်းကင်ထက်တွင် ပျောက်ကွယ်သွားသောချီစွမ်းအင်အလင်း ပြန်ပေါ်လာသည်။

ရွှေအလင်းသည် ယခင်ထက် ပိုမိုတောက်ပနေသည်။

ရွှေအလင်းထဲတွင် ခရမ်းရောင်အငွေ့အသက်အချို့လည်း ရောနှောနေသည်။

သူက တာအိုကို ထပ်မံနားလည်သွားသည်။

တာအိုကို နှစ်ကြိမ်တိတိ နားလည်ခဲ့သောကြောင့် ထွက်ပေါ်လာ‌သည့်နတ်ဘုရားအလင်းကို မိုင်တစ်ရာအကွာမှ မြင်နိုင်သည်။

လမ်းဘေးတွင်ရှိသော ကျောင်းသားများနှင့် လှည်းပေါ်တွင်ရှိသော ကွန်ဖြူးရှပ်ပညာရှင်များက ချိုးချူးချီ၏မြင်းလှည်းကို အံ့အားသင့်စွာကြည့်သည်။

ဒဏ္ဍာရီထဲတွင်သာရှိ‌သော တာအိုကို ဆက်တိုက်နားလည်ခြင်းသည် ယနေ့တွင် ဖြစ်လာခဲ့သည်။

‘ကွန်ဖြူးရှပ်တာအိုက တိုးတက်လာတော့မှာလား’

သူတို့ တွေးမိသည်။

“ဘယ်သူလဲ။ သူက တာအိုကို ဆက်တိုက်နားလည်နိုင်တယ်လား”

ရှေ့တွင်ရှိသောမြင်းလှည်းပေါ်မှ လူအိုကြီးတစ်ယောက်၏အသံ ထွက်လာသည်။

အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးက အာရုံစိုက်ထားပြီး အကြည့်များက ထူးဆန်းသွားသည်။

“မှတ်စုကြောင့် နားလည်သွားတာလား”

“တကယ်ပဲ စာပေဆွေးနွေးပွဲကြောင့် စိတ်လှုပ်ရှားနေပြီး လမ်းညွှန်ပေးလိုက်တဲ့အတွက် အဆင့်တက်သွားတာလား”

လူအိုကြီးက ခဏလောက်စဉ်းစားလိုက်ပြီး ပြောသည်။

“ချန်ရှစ်၊ ငါကြည့်ဖို့အတွက် လက်ရေးစာတချို့ ယူပေးပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် လှည်းမောင်းနေသော အဖြူရောင်ဝတ်စုံနှင့်လူငယ်က အံ့အားသင့်သွားသည်။

သို့သော် သူ့မျက်နှာထားက တောက်ပသွားပြီး ပတ်ဝန်းကျင်ကိုကြည့်၍ အော်ပြောလိုက်သည်။

“ဆရာချန်ရီက လက်ရေးစာတချို့ ကြည့်ချင်တယ်။ မင်းတို့ပေးနိုင်ရင် ပေးလိုက်ပါ”

ချန်ရီ ....

လူငယ်၏စကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက အသံပြုမိသည်။

“အဲဒါက တော်ဝင်ကျောင်းတော်ရဲ့ စည်းကမ်းကြီးတဲ့ဆရာမဟုတ်လား”

“ဆရာချန်ရီက ဆရာသခင်အဆင့် မဟာကျောင်းတော်သားတစ်ယောက်ပဲ”

“ငါ ငါရဲ့လက်ရေးစာကို ထုတ်မပေးရဲဘူး ....”

အရှုပ်အထွေးများကြားတွင် လူအများက စိုးရိမ်စွာဖြင့် လက်ရေးစာများ ထုတ်ပေးလိုက်သည်။

ချန်ရှစ်ဟူသောလူငယ်က လက်ရေးစာများကိုစုစည်းပြီး မြင်းလှည်းထဲသို့ ပို့လိုက်သည်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တွင်ရှိသောလူများက ပိုမိုစိတ်လှုပ်ရှားပြီး သိချင်လာသည်။

အစောပိုင်းတွင် လူတစ်ယောက်က မှတ်စုတစ်ခုကြောင့် အဆင့်တက်သွားပြီး တာအိုကို နှစ်ကြိမ်တိတိ နားလည်နိုင်ခဲ့သည်။

‘ဆရာသခင်ချန်ရီရဲ့မှတ်ချက်ကြောင့် အဆင့်တက်သွားမဲ့လူတွေ ရှိလာအုံးမှာလား’

တာအိုကိုနားလည်ရန်အတွက် ကံကောင်းမှဖြစ်နိုင်မည်။ သို့သော် အံ့ဖွယ်ဖြစ်ရပ်များ ထပ်ရှိလာစေရန် လူတိုင်း မျှော်လင့်မိသည်။

ချန်ရီက လက်ရေးစာများကို လက်ခံလိုက်သောအခါ တခြားလှည်းများကလည်း လက်ရေးစာများကို ယူလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် လူအုပ်က ပိုမိုရှုပ်ထွေးလာသည်။

ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲသည် မစတင်သေးသော်လည်း လူတိုင်း၏စိတ်လှုပ်ရှားမှုများသည် အထွတ်အထိပ်သို့ ရောက်နေပုံပေါ်သည်။

လှည်းထဲတွင် ဟန်မူယဲ့၏မျက်နှာထားက ထူးဆန်းနေသည်။

‘သူက တာအိုကို နှစ်ခါတောင်နားလည်သွားတာလား။ ထူးဆန်းလိုက်တာ’

‘ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ ချိုးချိူးချီက ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ သူက အခွင့်အရေးပဲ လိုအပ်နေတာ’

သူက ခပ်ဟဟရယ်လိုက်ပြီး မှတ်ချက်များပေးထားသောစာအုပ်များကို ကြည့်လိုက်သည်။

သူက ခဏတွေးလိုက်ပြီး စာအုပ်များကို ထပ်လှန်၍ ညင်သာစွာရေးလိုက်သည်။

“ကဗျာကောင်းပဲ။ ကဗျာဆရာရဲ့နှလုံးသားထဲမှာ တစ်ခုခုရှိနေတာကို မြင်နိုင်တယ်။ ဒါပေမဲ့ ‘ကျင့်ကြံခြင်းကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်’ဆိုတဲ့ စာကြောင်းမှာ အရာအားလုံးကို နည်းနည်းလောက် ပြောင်းပေးနိုင်မလား”

“ဒီစာကြောင်းက ဖြောင့်မတ်ပြီး ဉာဏ်ရှိတယ်။ စာရေးသူက အတွေးအခေါ်ကောင်းတယ် ....”

“စာလုံးနဲ့စာစုတွေကို ရှင်းလင်းအောင်‌ရေးရမယ် ....”

“ဒီစာစုက ဆွဲဆောင်မှုလျော့နည်းမသွားဘဲ လှပတယ်။ အလားအလာရှိတယ်”

“လူငယ်လေး၊ မင်းမှာ အိပ်မက်တစ်ခုရှိရင် ကြိုးစားလိုက်ပါ”

“မင်းရဲ့လက်ရေးလက်သားက တည်ငြိမ်ပြီး ခံ့ညားမှုရှိတယ်။ အနာဂတ်မှာ အောင်မြင်မှုကြီးတွေ ရလိမ့်မယ်”

....

အညစ်အကြေးများဆိုလျှင်ပင် လယ်ကွင်းကို မြေသြဇာပေးနိုင်သည်။

ဟန်မူယဲ့က ကဗျာနှင့်စာစုများကိုကြည့်လိုက်ပြီး မတူညီစွာ ခံစားရသည်။

သူ့စုတ်တံက အမျိုးမျိုးသောချီးကျူးစာများကို ရေးပေးနေသည်။ သာမန်ဆန်သော ကဗျာနှင့်စာစုများသည် အနည်းငယ်ပြင်ဆင်ပြီးသွားသောအခါတွင် ကောင်းမွန်လာသည်။

ရှုပ်ထွေးနေသောလက်ရေးပင်လျှင် စိတ်ဝင်စားဖွယ်ကောင်းလာသည်။

“ငါက အဆင့်တက်သွားပြီလား”

“ဆရာချန်ရီရဲ့လမ်းညွှန်မှုကြောင့် ငါက ဉာဏ်အလင်းရပြီး ကျောင်းတော်သားအဖြစ် ချက်ချင်း အဆင့်တက်သွားခဲ့ပြီ။ ငါက တစ်ခါတည်း အောင်မြင်သွားခဲ့ပြီ”

“ဆရာချန်ရီက တကယ်အံ့အားသင့်ဖို့ကောင်းတာပဲ”

လမ်းမပေါ်တွင် အော်ဟစ်သံများကို ကြားနိုင်သည်။

ချိုးချူးချီသည် ဆရာသခင်အဖြစ် အဆင့်တက်သွားပြီး ချီစွမ်းအင်အလင်းများ တောက်ပလာစေခဲ့သည်။ သို့သော် သူက သာမန်ကျောင်းတော်သားမဟုတ်ပေ။

ယခုအချိန်တွင် အားလုံးက အခွင့်အရေးရနိုင်သည်ဟု ခံစားလာရသည်။

သူတို့က မှတ်စုစာရွက်ကိုင်ထားပြီး တစ်ကိုယ်လုံးတုန်ခါလျက် သမာဓိစွမ်းအားများဖြင့် လွှမ်းခြုံထားသော နောက်ထပ်လူတစ်ယောက် ဖြစ်လာနိုင်သည်။

“ကျောင်းသားစုချီအာက ဆရာသခင်ချန်ရှစ်ရဲ့သင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်”

အဆင့်တက်သွားသောကျောင်းတော်သားက စိတ်လှုပ်ရှားစွာရှေ့တက်လာပြီး ချန်ရီ၏လှည်းကို ဦးညွှတ်သည်။

တစ်ကြိမ်သင်ပြဖူးလျှင် တစ်သက်လုံး ဆရာဖြစ်သည်။

ချန်ရှစ်က ပြုံးသည်။

သူ့အဘိုးသည် ‌တော်ဝင်ကျောင်းတော်၏ မဟာကျောင်းတော်သားတစ်ဦးဖြစ်သည်။ သူက ရိုးရှင်စွာသင်ပြရုံဖြင့် တစ်ဖက်လူကို ကျောင်းတော်သားတစ်ယောက် ဖြစ်လာစေနိုင်သည်။

လမ်းမပေါ်တွင် ထိုသို့လုပ်နိုင်သော ကျောင်းတော်သားများ သိပ်မရှိပေ။

“အင်း၊ မင်းက ကြိုးစားပြီးသင်ယူခဲ့တယ်။ ဒီလူအိုကြီးက မင်းအရိုအသေပေးတာကို လက်ခံလိုက်မယ်”

“ငါ့လှည်းနောက်ကနေ လိုက်ခဲ့။ မင်းကို အင်မော်တယ်သင်္ဘောဆီ ခေါ်သွားမယ်”

ချန်ရီ၏အသံကြောင့် စုချီအာနှင့် ပတ်ဝန်းကျင်တွင်ရှိသောလူများ မျက်လုံးပြူးသွားသည်။

အရိုအသေပေးခြင်းကို လက်ခံလိုက်သောကြောင့် ဆရာတပည့်ဆက်ဆံရေးကို အတည်ပြုလိုက်သည်။ အနာဂတ်တွင် စုချီအာက ချန်ရီကို ဆရာဟု ‌ခေါ်နိုင်သည်။

အင်မော်တယ်သင်္ဘောဆီသို့ ဖိတ်ခေါ်လိုက်သောကြောင့် ဆရာတပည့်ဆက်ဆံရေးကို အတည်ပြုလိုက်ရုံသာမက စုချီအာက တခြားမဟာကျောင်းတော်သားများနှင့်လည်း တွေ့နိုင်လိမ့်မည်။

ထိုအခွင့်အရေးမျိုးကို လက်ရင်းတပည့်များသာ ရရှိနိုင်သည်။

ချန်ရှစ်ကပင် သက်လတ်ပိုင်းအရွယ်လူကို အနည်းငယ် အားကျနေသည်။

“တပည့် .... တပည့်က ကျေးဇူးတင်ပါတယ်ဆရာချန်”

စုချီအာက အနည်းငယ်စုတ်ပြတ်နေသောအဝတ်ကို ကြည့်လိုက်ပြီး ရှက်သွားသည်။ ထို့နောက် သူက မြင်းလှည်း၏နောက်သို့ သွားလိုက်သည်။

ချန်ရီ၏မြင်းလှည်းတွင် ကျောင်းသားအများအပြား စုဝေးနေသောကြောင့် လမ်းပိတ်နေသည်။ နောက်တွင်ပါလာသော မြင်းလှည်းများက အနည်းငယ်နှေးကွေးသွားသည်။

မြင်းလှည်းများ ရပ်တန့်သွားမည်ဟု ကျောင်းသားများက မျှော်လင့်သည်။ ထိုမှသာ သူတို့၏စာများကို ဆရာသခင်များက ဖြည်းဖြည်းချင်း အကဲဖြတ်ပေးနိုင်မည်။

ထိုအချိန်တွင် ဟန်မူယဲ့က မှတ်စုရေးပေးထားသောစာများကို ထုတ်ပေးသည်။

“သူတို့ကို ပြန်ပေးလိုက်”

ဇူအော်ယုလုံနှင့် ဇူအော်ယုထင်က လျင်မြန်စွာယူလိုက်သည်။

စာအုပ်တိုင်းတွင် အနီရောင်မင်ရည်ဖြင့်ရေးသားထားသော မှတ်စုများဖြင့်ပြည့်နေကြောင်း သူတို့ မြင်လိုက်ရသည်။

‘ငါတို့ရဲ့သခင်လေးက အားလုံးကို အလေးအနက်ထားပြီး ဖတ်ခဲ့တာပဲ’

ဇူအော်ယုထင်နှင့် ဇူအော်ယုလုံက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

“ဟူကျိုးရဲ့ ကျန်းယွမ်ဟယ်၊ ကျန်းယွမ်ဟယ် .... ဆရာက ခင်ဗျားရဲ့စာကို အကဲဖြတ်ပြီးသွားပါပြီ ....”

“ဒီမှာ နာမည်ကို မမြင်ရဘူး။ ‘အီ’လိုမျိုး တစ်ခုခုကိုပဲ မြင်ရတယ်။ ကျေးဇူးပြုပြီး ရှေ့တက်လာခဲ့ပါ”

....

မောင်နှမနှစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

“ငါ ငါ့ရဲ့လက်ရေးစာကို အကဲဖြတ်ပေးလိုက်ပြီ”

လူတစ်ယောက်က ဟိန်းဟောက်သည်။

“ဟားဟား၊ ကျောက်သာရှန့်က ဒီလူအိုကြီးပါ၊ ဒီလူအိုကြီးပါ။ ကျေးဇူးပါဆရာ ကျေးဇူးပါ ....”

“အီက ငါပါ။ ပိုင်ရှန့်ဟယ်ပါ”

လက်ရေးစာပိုင်ရှင်များက ပြေးလာပြီး ယူလိုက်သည်။

လူတချို့က လက်များတုန်ခါနေပြီး မကြည့်ရဲပေ။ တချို့က မစောင့်နိုင်ဘဲ ချက်ချင်းကြည့်လိုက်သည်။

ပတ်ဝန်းကျင်ရှိလူများက ကိုယ်ပိုင်လက်ရေးစာမဟုတ်သော်လည်း ဝိုင်းရံ၍ ကြည့်လိုက်ကြသည်။ သူတို့ကလည်း အခွင့်အရေးကြောင့် အဆင့်တက်သွားနိုင်သည်။

“လူငယ်တွေက အိပ်မက်ရှိသင့်တယ်။ ဟုတ်တယ်၊ ဟုတ်တယ်။ ငါက အိပ်မက်ရှိရမယ်။ ငါလက်လျော့လို့မရဘူး။ ငါက သေချာပေါက် အခြေခံကျောင်းတော်သားစာမေးပွဲကို အောင်ရမယ် ....”

ဆံဖြူလူအိုကြီးတစ်ယောက်က လက်ရေးစာကို ကိုင်ထားပြီး အနီရောင်စာလုံးများကို ကြည့်သည်။ သူက မျက်ရည်များကျလာသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် သမာဓိစွမ်းအားအချို့ လှုပ်ရှားလာသည်။

ထိုစွမ်းအားသည် မသန်မာသော်လည်း အလွန်သိပ်သည်းသည်။

“ငါက နှစ်ပေါင်းခြောက်ဆယ်ကြာအောင် စာလေ့လာခဲ့တယ်။ ငါက နေ့တိုင်း စာရေးတယ်။ တခြားလူတွေက ငါ့ကို ပုပ်သိုးနေတဲ့ကျောင်းတော်သားတစ်ယောက်လို့ ထင်ကြတယ်။ ဒီနေ့မှာတော့ ငါ့ရဲ့ပါရမီကို အသိအမှတ်ပြုပေးတဲ့ ဆရာတစ်ယောက်ရှိလာပြီ”

“ဟားဟား၊ ငါတို့က ကျောင်းတော်သားတွေပဲ။ ဒါပေမဲ့ ငါတို့မှာလည်း အိပ်မက်တွေရှိတယ်။ တခြားလူတွေရဲ့အတွေးကို ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ”

ဆံဖြူလူအိုကြီး၏ဘေးတွင်ရှိသောလူက မျက်ရည်ဝဲနေပြီး လူအိုကြီးကို ကြည့်ပြီး ရေရွတ်လိုက်သည်။ လူအိုကြီးက စာအုပ်ကို လှန်နေပြီး နောက်ဆုံးစာမျက်နှာသို့ ရောက်လာသောအခါတွင် အသက်ရှူမြန်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။

သူ့ခန္ဓာကိုယ်ထဲမှ သန်မာသောသမာဓိစွမ်းအားများ ရုတ်တရက် ပေါက်ထွက်လာသည်။

“အနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ခဲ့ပေမဲ့လည်း ငါက လူငယ်တစ်ယောက် ဖြစ်နေတုန်းပဲ”

“ဟားဟား၊ အနိမ့်အမြင့်အတက်အကျတွေကို ကြုံတွေ့ခဲ့ပေမဲ့လည်း ငါက လူငယ်တစ်ယောက် ဖြစ်နေတုန်းပဲ”

“ကျောက်သာရှန့်က ဒီနေ့မှာ နားလည်သွားခဲ့ပြီ ....”

“ဘုန်း”

သိပ်သည်းသော သမာဓိစွမ်းအားနှင့် ခရမ်းရောင်အလင်းက ရောယှက်နေပြီး ကောင်းကင်အထိ ထိုးတက်သွားသည်။

မျက်စိကျိန်းလောက်သောအလင်းကြောင့် လူများက မျက်လုံးဖွင့်ကြည့်ရန် ခက်ခဲနေသည်။

အခြေခံအဆင့်ကျောင်းသား၊ ကျောင်းတော်သား၊ ဆရာ၊ ဆရာသခင် ....

ခြေတစ်လှမ်းဖြင့် အဆင့်လေးဆင့်အထိ ဖြတ်ကျော်သွားသည်။ သမာဓိစွမ်းအားများ ထပ်ကာတလဲလဲပေါ်ထွက်လာပြီး အလင်းရောင်သည် စကြဝဠာတစ်ခုသဖွယ် ဖြစ်နေသည်။

အလင်းတန်းထဲတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ရပ်နေသည်။ သူ့မျက်လုံးများက တောက်ပပြီး မျက်နှာထားက တည်ငြိမ်နေသည်။ သူက ရှေ့တွင်ရှိသောမြင်းလှည်းကို ဦးညွှတ်သည်။

ကြာခင်းကျောင်းတော်၏ ကျောက်သာရှန့်သည် နှစ်ပေါင်းခြောက်ဆယ်ကြာသည်အထိ စာလေ့လာခဲ့ပြီး ကျောင်းသားအဆင့်မှ ဆရာသခင်အဆင့်သို့ ချက်ချင်းရောက်သွားခဲ့သည်။ သူက ငယ်ရွယ်မှုကို ပြန်လည်ရရှိသွားသည်။

နှလုံးသားထဲတွင် လူတိုင်းက ဆယ်ကျော်သက်လူငယ်သာ ဖြစ်သည်။

မြင်းလှည်းထဲတွင် မူဝမ်က ဟန်မူယဲ့၏လက်ထဲတွင်ရှိ‌သော ဆက်တိုက်ပြောင်းလဲနေသည့် ရွှေအလင်းကို ကြည့်သည်။

ဟန်မူယဲ့က ပြုံးနေသည်။ သူက ရွှေအလင်းကို ဖြတ်သန်းကြည့်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ စွမ်းအားများပေါ်ထွက်လာသည်။

“တာအိုအဆင့်တက်ဖို့အတွက် ခန္ဓာကိုယ်ကို အသုံးချပြီး ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ငှားယူတယ်။ ဒါက အဝါရောင်ခုံရုံးပညာရပ်ပဲ”

သူက ရွှေရောင်အလင်းကို သိမ်းလိုက်ပြီး ခပ်ဟဟရယ်သည်။

“ဆရာသခင်တစ်ယောက်ဖြစ်လာဖို့အတွက် သမာဓိစွမ်းအားအချို့ကို အသုံးချပြီး အဝါရောင်ခုံရုံးနည်းစနစ်ကို တွက်ချက်ကြည့်လိုက်တာက မရှုံးပါဘူး”

All Chapters