အခန်း (၅၁၄)
Vol. 37 Ch. 514
လုယွီကျိုးက ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ဟန်မူယဲ့က အဆင်ပြေသည်။ ထို့အပြင် သူက ငိုကြွေးနေသောမူဝမ်ကို ဖက်ထားပြီး ညင်သာစွာနှစ်သိမ့်ပေးနေသည်။
“ညီအစ်ကို၊ ရှုဝေက စာပေဆွေးနွေးပွဲကို ဖျက်ဆီးသွားတာမျိုး ခွင့်မပြုသင့်ဘူးနော်”
လုယွီကျိုးက ရယ်လိုက်ပြီး တခြားလူများကို လှည့်ကြည့်သည်။
ချင်စုယန်နှင့်တခြားလူများက ပြုံးသည်။
သူတို့အားလုံးက သူတော်စင်တစ်ဝက်အဆင့်များဖြစ်ကြသည်။ သူတို့၏မျက်နှာထားက တည်ငြိမ်နေပြီး အသိစိတ်ဆုံးရှုံးသွားမည်ကို စိုးရိမ်ရန်မလိုပေ။
သို့သော် သူတို့က မလှုပ်ရှားသင့်ပေ။
ရှုဝေက သူတော်စင်တစ်ဝက်အဆင့်သို့ မရောက်သေးပေ။
သူတို့၏အမြင်တွင် ဟန်မူယဲ့က မျိုးဆက်သစ်တစ်ယောက်ဖြစ်သည်။ သို့သော် သူက သက်ရောက်မှုမခံရပေ။
ထိုသို့ဆိုလျှင် သူက လှုပ်ရှားသင့်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပေထောင်ချီအကွာတွင်ရှိသော သစ်သားလှေကို ကြည့်သည်။
ရှုဝေက အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး အပြုံးတစ်ခုနှင့်အတူ လှေပေါ်တွင် ရပ်နေသည်။
သူ့ပတ်ဝန်းကျင်သည် တွန့်လိမ်နေပြီး တခြားကမ္ဘာတစ်ခုတွင်ရှိသည်ဟု ထင်ရသည်။
သူ့ဝိညာဉ်စွမ်းအားက အလွန်သန်မာသည်။ သူက တာအိုနယ်မြေကို ဖွဲ့စည်းရမည်ဖြစ်သော်လည်း မလုပ်နိုင်ခဲ့ပေ။ ကိုယ်ပိုင်ခွန်အားကို တည်ငြိမ်အောင်မထိန်းသိမ်းနိုင်ဘဲ အသိစိတ်ဆုံးရှုံးလုနီးပါး ဖြစ်နေသည်။
ဟန်မူယဲ့၏ဆေးလုံးက ရှုဝေ၏သက်တမ်းကို ဆွဲဆန့်ပေးခဲ့သော်လည်း သူ့ကို အပြည့်အဝအသိစိတ်ဝင်လာအောင် မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် ရှုဝေက အချိန်အတော်ကြာသည်အထိ မြစ်ထဲတွင်တစ်ဦးတည်းနေပြီး တခြားလူများနှင့် မဆက်သွယ်ခဲ့ပေ။
ဟန်မူယဲ့က ရှုဝေကိုကြည့်လိုက်ပြီး ပြုံးသည်။
ကဗျာတစ်ပုဒ်နှင့်အတူ စာပေဆွေးနွေးပွဲအား ဖိနှိပ်ထားသော ရှုဝေကို သူက အပြစ်မတင်ပေ။
ထိုကိစ္စမျိုးရှိလာလျှင် စာပေဆွေးနွေးပွဲနှင့်ပတ်သတ်သောပုံပြင်များ ပိုမိုပြန့်ပွားသွားလိမ့်မည်။
စာပေဆွေးနွေးပွဲအတွက်တာဝန်ယူထားသော သူတော်စင်တစ်ဝက်အဆင့်များ ရှိသည်။ ထိခိုက်မှုကြီးများ မဖြစ်နိုင်ပေ။
သို့သော် ယခုအချိန်တွင် သူက ကဗျာစပ်ရမည်။
ရှုဝေက အားလုံး၏အာရုံစိုက်မှုများကို ဆွဲယူသွားလျှင် ကိစ္စမရှိသော်လည်း သူက အတားအဆီးကို မကျော်ဖြတ်နိုင်လျှင် လူအများ၏စိတ်ကို နာကျင်စေလိမ့်မည်။
ထိုသို့ဆိုလျှင် ကောင်းမည်မဟုတ်ပေ။
ဟန်မူယဲ့က ညင်သာစွာလက်မြှောက်လိုက်ပြီး ပြောသည်။
“ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဆံပင်တွေက မီးခိုးရောင်သန်းနေပေမဲ့ ကျမ်းစာကို လေ့လာနေတုန်းပဲ။ မင်းက သင်ယူဖို့အတွက် ရှင်သန်နေခဲ့တယ်”
ဟန်မူယဲ့၏စကားကြောင့် အင်မော်တယ်သင်္ဘောပေါ်တွင်ရှိသော သူတော်စင်တစ်ဝက်အဆင့်များ၏မျက်နှာထား ပြောင်းလဲသွားသည်။
အသိစိတ်လွတ်သွားသောလူများထဲတွင် ကျောင်းတော်သားမဟုတ်သောလူများက အဆင်ပြေသည်။ သူတို့က ထိုစာသားကြောင့် မည်သည့်အရာကိုမှ မခံစားရဘဲ ဝမ်းနည်းမှုကိုသာ အနည်းငယ်ခံစားရသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားလေ့လာခဲ့သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ကြေကွဲမှု၊ မကျေနပ်မှုများကို ခံစားလိုက်ရသည်။
“ငါက ကဗျာကို နှစ်ပေါင်းခြောက်ဆယ်ကြာအောင် လေ့လာခဲ့တယ်။ ဒါပေမဲ့ အများကြီးမရခဲဘူး ....”
“စာလေ့လာဖို့ ခက်ခဲတယ်။ ဘဝက ....”
ဗဟုသုတများသောလူများက ဝမ်းနည်းမှုကို ပိုမိုခံစားရသည်။
လုယွီကျိုး၊ ယန်ကျန်းချင်နှင့် တခြားလူများက ဟန်မူယဲ့ကို ထူးဆန်းစွာကြည့်သည်။
‘သူက နွယ်စမ်းရှုဝေရဲ့ စိတ်ရှုပ်ထွေးမှုကို ချေဖျက်ရမှာမဟုတ်ဘူးလား။ သူ့ကဗျာက နွယ်စိမ်းရှုဝေကိုတောင် ထောက်ပံ့ပေးနေသေးတယ်။ တခြားလူတွေက လွတ်မြောက်ချင်ပေမဲ့ မလွတ်မြောက်နိုင်တော့ဘူးလား’
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ရှုဝေကိုကြည့်လိုက်ပြီး ဆက်ပြောသည်။
“အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ ကြယ်တွေ ကြွေကျလာတယ်။ တောင်နဲ့မြစ်တွေ ပျက်စီးသွားပြီး လေပြင်းတွေ တိုက်ခတ်လာတယ် ....”
အလယ်ပိုင်းကုန်းမြေ၏နန်းမြို့တော်သည် စစ်ပွဲများကို နှစ်တစ်သောင်းကြာသည်အထိ မကြုံခဲ့ရပေ။ သို့သော် နန်းမြို့တော်၏ မိသားစုတိုင်းက အသုဘအခမ်းအနား၏ အဖြူရောင်ပိတ်စများကို မြင်ဖူးသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အပြင်ဘက်တွင် သွေးစွန်းနေသော ရွှေရောင်သံချပ်ကာများ ရှိသည်။ မီးတောက်နီစစ်တပ်၏စစ်သည်များ မြှုပ်နှံထားသောနေရာတွင် တောင်နှင့်မြစ်များ ပျက်စီးနေသည်။
ဟန်မူယဲ့၏အသံက ပဲ့တင်ထပ်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် တီးတိုးစကားသံကို ကြားလိုက်ရပုံပေါ်သည်။
လောက၏ ဝမ်းနည်းမှုဖြစ်သည်။ ပြန်မလာနိုင်သော မရေမတွက်နိုင်လောက်သည့် သူရဲကောင်းများနှင့် ပျက်စီးသွားသော တောင်နှင့်မြစ်များအတွက် ဖြစ်သည်။
ရှုဝေ၏ကဗျာက စိတ်ထိခိုက်စေလျှင် ဟန်မူယဲ့၏ကဗျာက လောကကို ဝမ်းနည်းစေသည်။
သူတော်စင်တစ်ဝက်အဆင့်က အသိစိတ်ကို ထိန်းသိမ်းထားပြီး စိတ်ရှုပ်ထွေးသွားမည်မဟုတ်ပေ။
သို့သော် ကောင်းကင်နှင့်မြေကြီးက ဝမ်းနည်းနေသည်။ သူတော်စင်တစ်ဝက်အဆင့်တာအိုနယ်မြေများက ကောင်းကင်ဘုံကိုးပါးငိုကြွေးနေသကဲ့သို့ တုန်ခါလာကြသည်။
လုယွီကျိုးနှင့် သုံးပေအကွာတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးပြူးလာသည်။
သူက တာအိုနယ်မြေကို သိပ်မကြာခင်အချိန်တွင် ဖွဲ့စည်းခဲ့သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့်ပေါင်းစပ်ပြီး တုန်းရှန်ဒေသအဖြစ် ပြောင်းလဲသွားသောကြယ်သည် တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။
ယန်ကျန်းချင်၏မျက်နှာထားက လေးနက်နေပြီး စိတ်ရှုပ်ထွေးနေသောလုယွီကျိုးကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ထပ်ကြည့်သည်။
“သူတို့က ညီအစ်ကိုတွေမဟုတ်ဘူးလား။ အခု ကြည့်ရတာ ....”
ဟွမ်တင်းရှုက လုယွီကျိုးကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လူအိုကြီးလုရဲ့တာအိုနယ်မြေက မတည်မငြိမ်ဖြစ်နေတယ် ....”
စာတစ်ကြောင်းဖြင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအားလုံးကို ဖမ်းစားနိုင်ပြီး စာနှစ်ကြောင်းဖြင့် သူတော်စင်တစ်ဝက်အဆင့်ကို ဖမ်းစားနိုင်သည်။ ဟန်မူယဲ့က ယနေ့တွင် နွယ်စိမ်းနှင့်အတူ ယုံတင်းမြစ်တွင်ရှိသော လူအားလုံးကို ဖမ်းစားချင်ပုံရသည်။
ချင်စုယန်၏မျက်လုံးများက တောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
သူက ဟန်မူယဲ့၏ ကဗျာတစ်ပုဒ်လုံးကို သိချင်မိသည်။
‘သူက လူတိုင်းကိုဖိနှိပ်ဖို့အတွက် ကိုယ်ပိုင်စွမ်းရည်ကိုထုတ်ပြပြီး နွယ်စိမ်းနဲ့ ပူးပေါင်းချင်တာလား။ အဲဒါဆိုရင် သူတော်စင်တစ်ဝက်အဆင့်က လှုပ်ရှားလာပြီး လောကကို ထိတ်လန့်သွားစေလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ပိုင်စကားလုံးတွေနဲ့ပဲ ပြန်ပြီး တုံ့ပြန်မှာလား’
ကဗျာမဆုံးခင်အထိ ဟန်မူယဲ့၏ရည်ရွယ်ချက်ကို မသိနိုင်ပေ။
သို့သော် သင်္ဘောဦးထိပ်တွင်ရှိသော သူတော်စင်တစ်ဝက်အဆင့်အချို့၏ကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများ ရှိနေသည်။
ဟန်မူယဲ့၏ကဗျာက ပြဿနာရှာရန်အတွက်ဖြစ်လျှင် သူတို့က တိုက်ခိုက်လိမ့်မည်။
ဟန်မူယဲ့က တစ်ခုခုကို အာရုံခံမိပုံပေါ်ပြီး နောက်သို့လှည့်ကြည့်၍ ခပ်ဟဟရယ်သည်။ ထို့နောက် ကျယ်လောင်စွာပြောသည်။
“အခက်အခဲတွေကို ကျော်ဖြတ်ပြီးသွားတဲ့အချိန်မှာ ကြယ်တွေ ကြွေကျလာတယ်။ တောင်နဲ့မြစ်တွေ ပျက်စီးသွားပြီး လေပြင်းတွေ တိုက်ခတ်လာတယ်။ ငါက အမြစ်မရှိဘဲ ရေထဲမှာမျောပါနေတဲ့ ရေညှိပင်တွေလိုပဲ”
ပထမစာကြောင်းများသည် ကွန်ဖြူးရှပ်တာအိုအတွက်ဖြစ်ပြီး နောက်ဆုံးစာကြောင်းသည် လူတိုင်းအတွက် ဖြစ်သည်။
ရောင်စုံအဝတ်များနှင့်အမျိုးသမီးများသည် ဝမ်းနည်းစွာငိုကြွေးလိုက်သည်။
အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် ယွင်ကျင်းနှင့်ယွင်သွမ့်က တစ်ယောက်ကိုတစ်ယောက် ဖက်ထားပြီ ငိုနေသည်။
တခြားအခန်းထဲတွင် ဇီတာကြိုးပေါ်၌ရှိသော ပိုင်ဝူဟန်၏လက်ချောင်းများ တုန်ခါသွားသည်။ သူမက ဖြည်းဖြည်းချင်း လက်မြှောက်လိုက်ပြီး သက်ပြင်းချသည်။
တခြားလူများ မတုံ့ပြန်နိုင်ခင် ဟန်မူယဲ့က ဆက်ပြောသည်။
“ကမ်းခြေစောင့်တပ်က ငါ့ကို ကြောက်ရွံ့စေတယ်။ ငါထောင်ချောက်မိသွားတဲ့အချိန်မှာ အထီးကျန်နေတယ်”
ဘဝသည် ခါးသီးပြီး အထီးကျန်ဆန်သည်။
အလွန်ဝမ်းနည်းဖွယ်ကောင်းပြီး ရှင်သန်စရာအကြောင်းမရှိပေ။
သစ်သားလှေပေါ်တွင် ရှုဝေက ဗလာဖြစ်နေသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက တစ်ယောက်တည်းသာ ရပ်နေသည်။ သူ့ပတ်ဝန်းကျင်တွင် အပျော်လှေများက ဆူညံနေသည်။
လောကတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများသည် ဆက်သွယ်မနေပေ။ ဘဝသည် အထီးကျန်လှသည်။
ထိုအရာမျိုးသည် ဘဝတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။
ရှုဝေက ခေါင်းငုံ့ကြည့်သည်။ သူက ရေမျက်နှာပြင်ပေါ်တွင် အရိပ်ကို ပြန်မြင်ရသည်။
ရှေ့တစ်လှမ်းတိုးလိုက်လျှင် သေဆုံးသွားမည်။
အင်မော်တယ်သင်္ဘောပေါ်တွင် ချင်စုယန်က အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဓားဆန္ဒတစ်ခု လှည့်ပတ်နေသည်။
သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး မျက်လုံးထဲတွင် နတ်ဘုရားအလင်းများ တောက်ပလာသည်။
ထုံကွေ့ဓားစုယန် ....
ယခုအချိန်တွင် လောကကို ဓားတစ်လက်ဖြင့် ဖြတ်တောက်နိုင်သောလူက သူတစ်ယောက်သာရှိသည်။
ဟန်မူယဲ့၏ကဗျာသည် ကွန်ဖြူးရှပ်ကျင့်ကြံသူနှင့် လောကကို ဖိနှိပ်ပြီး ဝမ်းနည်းစေသည်။ နွယ်စိမ်းရှုဝေပင်လျှင် သက်ရောက်ခံလိုက်ရသည်။
ဟန်မူယဲ့၏နောက်ဆုံးစာသားသည် အရာအားလုံးကို မပြောင်းလဲနိုင်လျှင် ချင်စုယန်က ထုံကွေ့ဓားကိုသုံးပြီး လောကကိုချိုးဖောက်၍ လူတိုင်းကို ပြန်နိုးရမည်။
သို့သော် ထိုသို့ဖြစ်သွားလျှင် တာအိုနှလုံးသားပျက်စီးသွားသောလူများက တစ်သက်လုံး အဆင့်တက်နိုင်တော့မည်မဟုတ်ပေ။
ထိုအရာသည် မဟာကျင့်ကြံသူတစ်ဦး၏ စွမ်းအားဖြစ်သည်။
စကားတစ်ခွန်းသည် လူတစ်သောင်း၏ကျင့်ကြံခြင်းလမ်းစဉ်ကို ဆုံးဖြတ်ပေးနိုင်သည်။
ယနေ့တွင် ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူများ ရှိနေသည်။ သူတို့၏လမ်းစဉ် ပြတ်တောက်သွားခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။
ချင်စုယန်၏ထုံကွေ့ဓားက လောကကို ဖြတ်တောက်နိုင်သည်။ ယနေ့တွင် စာပေဆွေးနွေးပွဲ အဆုံးသတ်သွားပြီး နောင်တွင် ထပ်ရှိလာလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ဟန်မူယဲ့က ကဗျာတစ်ပုဒ်ဖြင့် လောကကိုဖိနှိပ်ခဲ့ကြောင်း လူတိုင်းမှတ်မိနေလိမ့်မည်။
လူတစ်ယောက်နှင့် ကဗျာတစ်ပုဒ် .....
‘ဟန်မူယဲ့က ဒီနေ့မှာ နာမည်ကြီးလာဖို့အတွက် အရာအားလုံးကို အစီအစဉ်ချထားခဲ့တာလား’
ချင်စုယန်က မျက်လုံးများမှေးကျဉ်းလိုက်သည်။
ဟန်မူယဲ့၏အသံ ထွက်ပေါ်လာသည်။
“သေဆုံးခြင်း၊ ကျဆုံးခြင်း၊ အရာအားလုံး၊ ယောင်္ကျားသားတွေ ....”
သေဆုံးခြင်း ....
သေဆုံးခြင်းကသာ သူတို့ကို လွတ်မြောက်စေလိမ့်မည်။
‘သူက မရေမတွက်နိုင်လောက်တဲ့လူတွေရဲ့အသက်ကို အသုံးပြုပြီး တာအိုကို ဖြည့်ဆည်းနေတာပဲ’
ချင်စုယန်၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားအလင်းသည် သမာဓိစွမ်းအားနှင့်ပေါင်းစပ်သွားပြီး ခုတ်ချလိုက်သည်။
သူက ယနေ့တွင် ဓားချက်ဖြင့် လောကကို မဖျက်ဆီးခဲ့လျှင် သိန်းချီသောလူများ သေဆုံးသွားလိမ့်မည်။
ဤဓားချက်ဖြင့် သူတို့၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း ဖြတ်တောက်ပြီးသာ ဖြစ်သွားမည်။
ယနေ့ပြီးသွားလျှင် ချင်စုယန်က နန်းမြို့တော်တွင် ဆက်မနေနိုင်တော့ပေ။
သို့သော် သူက ဓားချက်ကို သုံးရမည်။
သူ ချင်စုယန်သည် ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံပြီး သူတော်စင်တစ်ဝက်အဆင့် ဖြစ်လာခဲ့သည်။ ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအိုကို ပေါင်းစပ်ပြီး သူက ထုံကွေ့ဓားဟူသောအမည်ကို ရလာခဲ့သည်။ နောက်ပိုင်းတွင် သူက အာခီမီကို အာရုံစိုက်ထားပြီး အာခီမီသူတော်စင်တစ်ဝက်အဆင့် ဖြစ်လာခဲ့သည်။
သူ၏ ကွန်ဖြူးရှပ်တာအို၊ ဓားတာအိုနှင့် အာခီမီတာအိုတို့သည် လူသားလောက၏အထွတ်အထိပ်တွင် ရှိနေသည်။
သို့သော် အဆုံးတွင် သူက ထုံကွေ့ဓားဖြင့် အရှေ့ပင်လယ်ကိုဖိနှိပ်ခဲ့သော ဆုံးဖြတ်ချက်ပြတ်သားသည့် ချင်စုယန်ဖြစ်နေဆဲပင်။
“ဝီ”
ဓားအလင်းကျဆင်းလာသည်။
ဟန်မူယဲ့က အမူအယာကင်းမဲ့သောမျက်နှာထားဖြင့် မော့ကြည့်သည်။
“သူ့ကို စကားပြောပါစေ”
လေထုထဲတွင် အသံတစ်သံထွက်လာသည်။
ထိုအသံထွက်လာသောအချိန်တွင် လောကသည် အေးခဲသွားသည်။
ချင်စုယန်၏ဓားသည်လည်း လေထဲတွင် ရပ်တန့်သွားသည်။
ဤလောကတွင် သူတော်စင်တစ်ဝက်အဆင့်၏ဓားကို တားဆီးနိုင်သောလူ တစ်ယောက်သာရှိသည်။
အမတ်ချုပ်ကြီးဝမ် ....
ဝမ်မော့ရှန် ....
ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်သည်။ သူက ရှေ့တွင်ရှိသောလောကကို ကြည့်လိုက်ပြီး အော်ဟစ်သည်။
“ငါတို့ကျင့်ကြံတဲ့အချိန်မှာ ခန္ဓာကိုယ်၊ နှလုံးသားနဲ့ မဟာတာအိုကို ကျင့်ကြံတယ်။ ငါတို့ရှာဖွေတာက လွတ်လပ်ခြင်းမဟုတ်ဘဲ ထာဝရရှင်သန်ခြင်းပဲ”
“ကောင်းကင်နဲ့မြေကြီးက မင်းရဲ့နှလုံးသားထဲမှာ ရှိနေတယ်ဆိုရင် ထာဝရရှင်သန်ခြင်းကို မရနိုင်ဘူး”
“ကောင်းကင်နဲ့မြေကြီးက အကန့်အသတ်မဲ့အာကာသရဲ့ ကြယ်လေးတစ်စင်း၊ အချိန်မြစ်ရဲ့ အလင်းတစ်ပွင့်ထက် မပိုဘူး”
“သေဆုံးခြင်းက အဲဒီလိုမျိုးပဲ။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းက တဒင်္ဂပဲ။ ဒီဘဝမှာ ဘာကိုများ တောင်းဆိုစရာရှိလို့လဲ”
‘ဘာကိုများ တောင်းဆိုစရာရှိလို့လဲ’
‘ဒီဘဝမှာ ဘာကိုများ တောင်းဆိုစရာရှိလို့လဲ’
ယုံတင်းမြစ်ကမ်းပါးတွင် လူတိုင်းက ခေါင်းမော့ကြည့်လိုက်သည်။
ဟန်မူယဲ့က သင်္ဘောဦးထိပ်တွင် ရပ်နေသည်။ သူက လက်သီးဆုပ်ထားပြီး သတ္တုကဲ့သို့ခိုင်မာသောအသံဖြင့် အော်ဟစ်သည်။
“သေဆုံးခြင်းက ယောင်္ကျားသားတွေအားလုံးဆီကို ရောက်လာမှာပဲ။ ဒါပေမဲ့ သူတို့အားလုံးက သမိုင်းနဲ့ ထိုက်တန်ရမယ်”
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးကြားတွင် မိုးကြိုးလျှပ်စီးများ ပေါ်ထွက်လာသည်။
အဆုံးမရှိသော တောင်နှင့်မြစ်များကြားတွင် ကောင်းကင်က အပြာရောင်သန်းနေသည်။
မြစ်ထဲတွင် ဝမ်းနည်းမှုများအားလုံး ချက်ချင်းပျောက်ကွယ်သွားသည်။
သူ၏ တက်ကြွပြီးအားကောင်းသောစကားသံသည် ပဲ့တင်ထပ်နေပြီး နောက်ဘဝတစ်ခု မရှိနိုင်သည့်အတွက် အချိန်မဖြုန်းသင့်ကြောင်း ပြင်းထန်စွာကြိုးစား၍ ဘဝကို ဂုဏ်ယူသင့်ကြောင်း ပြောပြနေသည်။