အခန်း (၅၂၁)
Vol. 38 Ch. 521
တောင်ပိုင်းကုန်းမြေမှ အလယ်ပိုင်းကုန်းမြေသို့လာသောလမ်းတွင် ဟန်မူယဲ့နှင့်မူဝမ်က ရှောက်တထျန်းနှင့်စွေ့စွေ့တို့၏အခက်အခဲကို မြင်ခဲ့ရသည်။
သူတို့နှစ်ယောက် လူသားလောကတွင် ဟန်မူယဲ့နှင့်မူဝမ်တို့၏ကိုယ်ပွားနှင့် ဆင်တူသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးပြီး သေးငယ်သောပျော်ရွှင်မှုလေးကို ရှာဖွေနေကြသည်။
စွေ့စွေ့က တစ်ခုခုဖြစ်သွားလျှင် ရှောက်တထျန်းအတွက် ကလေးတစ်ယောက်ချန်ခဲ့ချင်သည်ဟု မူဝမ်ကို ပြောခဲ့သည်။
မူဝမ်က ခေါင်းညိတ်ပြီး သဘောတူခဲ့သည်။
ကံကောင်းစွာဖြင့် မူဝမ်က သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို နက်ရှိုင်းစွာနားလည်ပြီး မိခင်နှင့်ကလေးကို ကယ်တင်နိုင်ခဲ့သည်။
“စွေ့စွေ့တို့မိသားစုက ကလေးတစ်ယောက်နဲ့အတူ လမ်းအသစ်ကို စနိုင်ပြီ”
မူဝမ်က နူးညံ့သောမျက်လုံးများနှင့် ဟန်မူယဲ့ကို ကြည့်သည်။
“အစ်ကိုဟန်၊ အာခီမီကံကြမ္မာစံအိမ်ကို ဘယ်တော့ပိတ်မှာလဲ”
အာခီကံကြမ္မာစံအိမ်ကို ပိတ်သိမ်းမည်။
လူသားလောကသည် နှလုံးသားကို သန့်စင်ပေးနိုင်သည်။
စွေ့စွေ့တို့မိသားစုသည် လမ်းအသစ်ကို လျှောက်တော့မည်။ ဟန်မူယဲ့နှင့်မူဝမ်ကလည်း နှလုံးသားကိုသန့်စင်ရန်အတွက် နည်းလမ်းအသစ်ရှိနေသည်။
အာခီမီညီလာခံ စတင်တော့မည်။
သူတို့က အာခီမီညီလာခံအတွက် အလယ်ပိုင်းကုန်းမြေသို့ ရောက်လာခဲ့သည်။
အာခီမီဌာနက အာခီမီညီလာခံစတင်တော့မည်ဟု ကြေညာခဲ့သည်။ ဤတစ်ကြိမ်တွင် အာခီမီညီလာခံက ယခင်အကြိမ်များနှင့်မတူဘဲ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အပြင်ဘက်တွင် ကျင်းပလိမ့်မည်။
ထို့အပြင် အဓိကအားဖြင့် စစ်တပ်ကို ကူညီထောက်ပံ့ပေးရမည်။ မပါဝင်ချင်သော အာခီမီပညာရှင်များ နှုတ်ထွက်ခွင့်ရှိသည်။
သို့သော် အာခီမီဌာနက ဆုလာဘ်များကို ရက်ရောစွာပေးထားခဲ့သည်။
အာခီမီညီလာခံတွင် လုပ်ဆောင်ချက်ထူးချွန်သောလူများက အာခီမီလမ်းစဉ်၏ မြင့်မြတ်နယ်မြေဖြစ်သော ကျောက်စိမ်းသက်တံကမ္ဘာတွင် ကျင့်ကြံနိုင်မည်။
ထိုကမ္ဘာတွင် အာခီမီသူတော်စင်တစ်ပါး စောင့်ကြပ်နေသည်။
နန်းမြို့တော်တွင် အာခီမီဈေးအသီးသီးမှ အာခီမီပညာရှင်များ ပါဝင်ရန်တင်ပြခဲ့သည်။
အာခီမီမြင့်မြတ်နယ်မြေတွင် ကျင့်ကြံနိုင်မည်ဖြစ်သောကြောင့် မည်သို့ပင်အန္တရာယ်များပါစေ ထိုက်တန်သည်။
ထို့အပြင် စစ်တပ်လည်းရှိနေသောကြောင့် အလွန်အန္တရာယ်များမည်မဟုတ်ပေ။
“အာခီမီကံကြမ္မာစံအိမ်ကို ဖွင့်ထားလိုက်ရအောင်”
ဟန်မူယဲ့က တစ်နှစ်နီးပါးဖွင့်ထားခဲ့သော ဆေးဆိုင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
အာခီမီကံကြမ္မာစံအိမ်သည် ကံကြမ္မာကို ကိုယ်စားပြုသည်။
“ဇူအော်မောင်နှမက ဆေးဆိုင်ကို စောင့်ရှောက်နိုင်တယ်။ တခြားဆိုင်ကဆေးလုံးတွေက တင်ရောင်းလို့ရတယ်။ အမြတ်မများသလို အရှုံးလည်းမရှိဘူး။ သူတို့မိသားစုတွေမှာ မှီခိုစရာ တစ်ခုခုရှိသွားတာပေါ့”
ဟန်မူယဲ့နှင့် မူဝမ်တို့က ဆေးလုံးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးသည်။
အာခီမီကံကြမ္မာစံအိမ်ကို ဆက်ဖွင့်ထားခဲ့လျှင်လည်း ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲသွားလိမ့်မည်။
ထိုသို့ဆိုလျှင် ဇူအော်မောင်နှမအတွက် နေစရာရသွားလိမ့်မည်။
ထို့အပြင် လွန်ခဲ့သောနှစ်တွင် ဇူအော်ယုထင်က အဆင့်နိမ့်ဆေးလုံးများကို သန့်စင်နိုင်ပြီး တရားဝင်အာခီမီပညာရှင် ဖြစ်လာခဲ့သည်။
တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်၏ ရှောက်တထျန်းနှင့်စွေ့စွေ့၊ ဇူအော်မောင်နှမ သူတို့အားလုံးသည် မသိလိုက်ဘဲ ပြောင်းလဲသွားကြသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က ပြုံးသည်။
သူမကလည်း အာခီမီကံကြမ္မာစံအိမ်ကို မပိတ်ချင်ပေ။
“ဒါပေမဲ့ ကျွန်မတို့က ဒီမှာမရှိတော့ဘူးလေ။ စွေ့စွေ့နဲ့ယုထင်က တကယ်ပဲ စီးပွားရေးဆက်လုပ်နိုင်မှာလား”
“လူသားလောကမှာ တချို့လူတွေထွက်သွားရင် အများကြီးပြောင်းလဲသွားတတ်တယ်”
မူဝမ်က စိုးရိမ်စွာ ပြောသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး အာခီမီကံကြမ္မာစံအိမ်ထဲသို့ လျှောက်သွားသည်။
“ငါက သမင်ဖြူတောင်တန်းကျောင်းတော်ကို အကြောင်းကြားပြီးသွားပြီ။ ကျစ်ဟူက ပထမဆုံးတပည့်တစ်သုတ်နဲ့ ရောက်လာလိမ့်မယ်”
“နောက်ကျရင် ကျစ်ဟူကို အာခီမီကံကြမ္မာစံအိမ်မှာ နေခိုင်းလိုက်တာပေါ့”
ဟွမ်ကျစ်ဟူ ....
ဟန်မူယဲ့၏ မွေးစားသမီး၊ ဟွမ်လောင်လျှိုနှင့် လုချန်းဖျင်တို့၏ သမီး ....
ထိုမိန်းကလေးသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ အံ့ဖွယ်ကိုးပါးတောင်၏ မင်းသမီးလေးဖြစ်သည်။ သူမက သမင်ဖြူတောင်တန်းကျောင်းတော်တွင် ကွန်ဖြူးရှပ်တာအိုကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့သည်။
တုန်းဖန်ရှု၏စာအရ ဟွမ်ကျစ်ဟူ၏ပါရမီသည် အလွန်မြင့်သည်။ သူမက ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအိုကို ချက်ချင်းနားလည်နိုင်သည်။
လွန်ခဲ့သောလအနည်းငယ်ခန့်တွင် ဟန်မူယဲ့က လုယွီကျိုး၊ ရှုဝေတို့နှင့်အတူ ဆွေးနွေးပြီး သမင်ဖြူတောင်တန်းကျောင်းတော်၊ တော်ဝင်ကျောင်းတော်နှင့် နွယ်စိမ်းကျောင်းတော်တို့အတွက် အစီအစဉ်များ ချခဲ့သည်။
သူတို့က ကျောင်းတော်သုံးခုမှ တပည့်တစ်ရာစီကို လဲလှယ်၍ သင်ကြားစေမည်။
တော်ဝင်ကျောင်းတော်၏ တပည့်များထဲတွင် ပိုင်လီထုံယွင်က ခေါင်းဆောင်ဖြစ်သည်။ တခြားလူများက လက်ရွေးစင်များဖြစ်ပြီး အများစုသည် မိသားစုကြီးများမှ တပည့်များဖြစ်ကြသည်။
နွယ်စိမ်းကျောင်းတော်တွင် လက်ရွေးစင်တပည့်များ သိပ်မရှိသော်လည်း နွယ်စိမ်းကျောင်းတော်က တခြားကျောင်းတော်များနှင့် မတူပေ။ ရှုဝေလက်ခံထားသောတပည့်များသည် ကွန်ဖြူးရှပ်တာအိုကို ဆယ်စုနှစ်ချီ၍ ကျင့်ကြံခဲ့ကြသည်။
ရှုဝေ၏သင်ကြားမှုအောက်တွင်ရှိသော တပည့်အများစုသည် တရားဝင်ကျောင်းတော်သားများ ဖြစ်ကြသည်။ ကျန်လူများကိုလည်း ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်သိန်းထဲမှ ရွေးထုတ်ထားပြီး ကောင်းမွန်သောအခြေခံအုတ်မြစ်များ ပိုင်ဆိုင်ထားသည်။
တော်ဝင်ကျောင်းတော်၏တပည့်များသည် သမင်ဖြူတောင်တန်းကျောင်းတော်ကို အထင်မကြီးပေ။ သို့သော် ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲသည် နန်းမြို့တော်၏ ကွန်ဖြူးရှပ်တာအိုတည်ဆောက်ပုံကို ပြောင်းလဲသွားစေသည်။
လောကတွင်ရှိသောကျင့်ကြံသူများအားလုံးတွင် အရည်အချင်းရှိသည်။
ဘဝတစ်ဝက်ခန့် ပိတ်မိနေသော ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် အခွင့်အရေးတစ်ခုကိုသာ လိုအပ်လိမ့်မည်။
စာသင်ခန်း၏အပြင်ဘက်တွင်နားထောင်နေသော ကျောင်းတော်သားများအားလုံးသည် ပါရမီချို့ယွင်းနေခြင်း မဖြစ်နိုင်ပေ။
သခင်နွယ်စိမ်း၏တပည့်ဖြစ်သွားသော လျှိုယုံသည် စာပေလောကတွင် နာမည်တစ်ခုရလာသည်။ သူ့ကဗျာများကို ရွတ်ဆိုနေကြသည်။
လမ်းက မည်သည့်နေရာတွင်ရှိနေသနည်းဟု မေးလာခဲ့လျှင် ခြေထောက်အောက်တွင်ရှိနေသည်ဟု သူက ဖြေလိမ့်မည်။
လောကသည် ကျယ်ပြန့်သောကြောင့် သွားကြည့်သင့်သည်။
ဘဝသည် ပစ္စုပ္ပန်အတွက်သာ မဟုတ်ပေ။
ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲ၏ စကာလုံးများသည် ကွန်ဖြူးရှပ်ကျင့်ကြံသူများအတွက် တွန်းအားတစ်ခုဖြစ်လာပြီး နန်းမြို့တော်မှထွက်ခွာ၍ နေရာအနှံ့သို့ သွားနေကြသည်။
တောင်ပိုင်းကုန်းမြေနှင့် တုန်းရှန်ဒေသမှ သတင်းများအရ ကျောင်းသားအများစုသည် တတ်မြောက်ထားသောပညာရပ်များနှင့် နေရာတစ်ခုကို စောင့်ရှောက်ချင်ကြသည်။
ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲ၏ သက်ရောက်မှုသည် ဟန်မူယဲ့ခန့်မှန်းထားသည်ထက် ကျော်လွန်နေသည်။
အာခီမီကံကြမ္မာစံအိမ်သို့ ပြန်လာသောအခါတွင် ဟန်မူယဲ့နှင့်မူဝမ်က ဇူအော်ယုထင်ကို ပြောပြလိုက်ပြီး မိသားစုနှင့်အတူ ဆွေးနွေးစေခဲ့သည်။
ဇူအော်ယုထင်က ဆိုင်ထဲမှ ငေးမောစွာ ထွက်သွားသည်။
သူမက မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။ ယခုနှစ်သည် သူမအတွက် အိပ်မက်တစ်ခုနှင့် တူသည်။
ယခု အိပ်မက်မှ နိုးထချိန်သို့ ရောက်လာသည်။
“အစ်ကိုဟန်၊ စွေ့စွေ့က အခုမှ ကလေးမွေးထားတာ။ ကျွန်မက သွေးမျိုးဆက်ကာကွယ်ဖို့အတွက် ဆေးလုံးတချို့သန့်စင်ပြီး ကလေးရဲ့သွေးမျိုးဆက်စွမ်းအားကို နိုးထလာအောင်လုပ်ပေးဖို့ သင်ယူရအုံးမယ်။ ဆေးလုံးတွေကိုလည်း အသင့်ပြင်ထားရမယ်”
ခြံဝိုင်းလေးထဲတွင် မူဝမ်က တီးတိုးပြောလိုက်သည်။
သူမသန့်စင်ထားသောဆေးလုံးများသည် ကလေး၏သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ပြီး စွေ့စွေ့၏အသက်ကို ကယ်တင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ကလေးမွေးလာပြီဖြစ်သောကြောင့် ကလေး၏သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းရန် နည်းလမ်းရှာရမည်။
ထိုဆေးလုံးမျိုးသည် ကလေး၏သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ထားသောဆေးလုံးများထက် ပိုလွယ်သည်။
ဟန်မူယဲ့က မူဝမ်နှင့်အတူ တိတ်ဆိတ်သောအခန်းထဲသို့ ဝင်သွားသည်။ သူတို့နှစ်ယောက်က ထိုင်ချလိုက်ပြီး မီးတောက်ကို ထွန်းညှိလိုက်သည်။
ဟန်မူယဲ့က မူဝမ်၏ခါးကို တိတ်ဆိတ်စွာဖက်လိုက်သည်။
သူက အာခီမီတူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ရင်းနှီးနေသည်။
ဆေးလုံးများကိုသန့်စင်ရန်အတွက် လေးနာရီကြာခဲ့သည်။ မူဝမ်က ဆေးလုံးများကို သိမ်းဆည်းပြီးသောအခါတွင် တစ်ကိုယ်လုံး ပျော့ခွေသွားသည်။
မူဝမ်က နောက်သို့လှည့်ပြီး ဟန်မူယဲ့ကို ခါးသီးစွာကြည့်သည်။
“အစ်ကိုဟန်၊ လုပ်နိုင်တာလား မလုပ်နိုင်တာလား”
ဟန်မူယဲ့က နဖူးတွင် သွေးတိုးလာသည်။
ယောင်္ကျားတစ်ယောက်က သံသယအဝင်ခံရလျှင် တိုက်ရိုက်အကျဆုံးနည်းလမ်းဖြင့် လက်တွေ့ပြရမည်။
ကံမကောင်းစွာဖြင့် ဟန်မူယဲ့က တစ်နှစ်အတွင်း၌ နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို အများအပြား သန့်စင်နိုင်ခဲ့သော်လည်း စွမ်းအားများကို လွတ်လပ်စွာ မထိန်းချုပ်နိုင်သေးပေ။
နတ်ဘုရားသားရဲပါ့ရှားသည် အလွန်သန်မာသည်။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် မူဝမ်က ရယ်သည်။
သူမက ဟန်မူယဲ့၏နားရွက်နားတွင် တီးတိုးပြောလိုက်သည်။ “အစ်ကိုဟန်က ရှောင်ပိုင်တို့ပြောလိုက်တဲ့စကားတွေကို မေးခဲ့တယ်မဟုတ်လား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲ အဆုံးသတ်သွားသောအခါတွင် ပိုင်ဝူဟန်နှင့်ယွင်ကျင်းက မူဝမ်နှင့်ဟန်မူယဲ့ကို မကြာခဏ ဖိတ်ခေါ်ခဲ့သည်။
ဟန်မူယဲ့က သွားခဲ့သည်။ သို့သော် သူ့ကို အမျိုးသမီးတစ်ဦးက အဖော်ပြုမပေးဘဲ လုယွီကျိုးကသာ အဖော်လုပ်ပေးခဲ့သည်။ ထို့အပြင် ပြန်သွားလျှင် ကဗျာအချို့ ချန်ထားရမည်ဟုလည်း ပြောသေးသည်။
မူဝမ်ကိုတော့ ပိုင်ဝူဟန်နှင့်ယွင်ကျင်းတို့က တတိယထပ်သို့ ဆွဲခေါ်သွားသည်။
မင်းသမီးယွင်ကျင်းက သူမကို အကသင်ပေးလိုက်ဟု မူဝမ်က ပြောသည်။ သူမ ကပြသည်ကို မြင်ချင်သလားဟု မေးလိုက်သောအခါတွင် ဟန်မူယဲ့က မငြင်းခဲ့ပေ။
တစ်ခါတစ်ရံတွင် ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာခဲ့သည်။
ယနေ့ညတွင်လည်း ထို့အတူပင်ဖြစ်သည်။
....
ဟန်မူယဲ့က နောက်တစ်နေ့မနက်တွင် အခန်းထဲမှ နောက်ကျပြီး ထွက်လာခဲ့သည်။ တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်က အသက်ဝင်နေသည်။
ကလေးမွေးဖွားသည်ကို ဂုဏ်ပြုရန်အတွက် လူအများအပြား ရောက်လာသည်။ ရှောက်တထျန်းက ပြုံးလိုက်ပြီး သူတို့ကို နှုတ်ဆက်နေသည်။
ရှောက်တထျန်းနှင့် ဆက်ဆံရေးကောင်းသော ပေါင်မင်ချန်နှင့် တာအိုတန်ခိုးရှင်ချန်ယွင်တို့က လက်ဆောင်များ ပို့လိုက်သည်။
မူဝမ်က စွေ့စွေ့ဆီသို့သွားလည်ပြီး ဆေးလုံးများကို အချိန်မှန်သောက်ရန် ညွှန်ကြားပြီးသောအခါတွင် သူတို့နှစ်ယောက်က အာခီမီဌာနသို့ ထွက်လာခဲ့သည်။
တံခါးဝတွင်ရပ်နေသော ရှောက်တထျန်းက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်၍ သူတို့ကို နှုတ်ဆက်ခဲ့သည်။
ဟန်မူယဲ့က မူဝမ်နှင့်အတူ အာခီမီညီလာခံတွင် ပါဝင်ရန်အတွက် ရက်အနည်းငယ်နေလျှင် ထွက်သွားလိမ့်မည်ဟု ရှောက်တထျန်းကို ပြောခဲ့သည်။
သူ့မွေးစားသမီးက အာခီမီကံကြမ္မာစံအိမ်သို့ ရောက်လာလိမ့်မည်။
ရှောက်တထျန်းအတွက် ဟန်မူယဲ့တို့၏အကူအညီသာမရှိလျှင် သူနှင့်စွေ့စွေ့က ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။
ယခုအချိန်တွင် သူက ဆိုင်ဖွင့်ပြီး စွေ့စွေ့က ကလေးကို ဂရုစိုက်ပေးနိုင်သည်။
သခင်လေး၏မွေးစားသမီး ရောက်လာလျှင် သူက အကောင်းဆုံးကြိုးစားပြီး သူမကို ကာကွယ်ပေးမည်။
မူဝမ်က မြင်းလှည်းထဲတွင် ထိုင်လိုက်ပြီး အာခီမီကံကြမ္မာစံအိမ်ကို တွန့်ဆုတ်စွာ ကြည့်နေသည်။
အာခီမီကံကြမ္မာစံအိမ်တွင် နေထိုင်ခဲ့သောအချိန်များသည် သူမ၏ဘဝတွင် အမှတ်ရဆုံးအချိန်များ ဖြစ်နေလိမ့်မည်။
ပိုင်ဝူဟန်ပြောခဲ့သည့်အတိုင်း ဟန်မူယဲ့သည် ဝမ်မော့ရှန်နှင့် မတူသော်လည်း အဆုံးတွင် သူလျှောက်လှမ်းခဲ့သောလမ်းစဉ်က ကွာခြားမှုမရှိပေ။
သူတို့သည် ခက်ခဲသောလမ်းစဉ်ကို လျှောက်လှမ်းလိမ့်မည်။
လောကတွင် အမျိုးသမီးများသည် သူတို့၏အမျိုးသားများကို နှလုံးသားထဲမှ နက်ရှိုင်းစွာချစ်မြတ်နိုးသော်လည်း အတူမရှိနိုင်ခဲ့ပေ။ အဆုံးတွင် သူမတို့က ဖြတ်သွားဖြတ်လာများအဖြစ် ကျန်ရစ်ခဲ့သည်။
မဟာတာအိုသည် အထီးကျန်သောလမ်းစဉ်ဖြစ်ပြီး သူတို့က အတူခရီးသွားရန် အခွင့်အရေးမရှိခဲ့ပေ။
မူဝမ်က အပြုံးတစ်ခုနှင့်အတူ သူမအားကြည့်နေသော အစ်ကိုဟန်ကို မြင်လိုက်ရသည်။
မနေ့ညတွင် ရှောင်ပိုင်၏ပန်းချီများအတိုင်း ပြုလုပ်ခဲ့ကြောင်း တွေးမိသောအခါတွင် သူမက ရှက်သွားပြီး အကြည့်လွှဲလိုက်သည်။
ရှေ့တွင် အာခီမီဌာနရှိသည်။
ဆရာသခင်ပိုင်လီက ကျောက်စိမ်းသက်တံကမ္ဘာသို့သွားနိုင်ရန် စီစဉ်ပေးမည်ဟု မူဝမ်ကို ပြောခဲ့သည်။
ကျောက်စိမ်းသက်တံကမ္ဘာတွင်ရှိသော သူမ၏အကြီးအကဲဖြစ်သူ အာခီမီသူတော်စင်ကလည်း သူမကို တွေ့ချင်နေသည်။