အခန်း (၅၂၂)
Vol. 38 Ch. 522
မူဝမ်က ဟန်မူယဲ့နှင့်အတူ ကြာမြင့်စွာရှိချင်လျှင် ကျောက်စိမ်းသက်တံကမ္ဘာသို့သွားပြီး သူတော်စင်၏လက်အောက်တွင် ကျင့်ကြံသင့်သည်ဟု ပိုင်လီရှင်းလင်က ပြောခဲ့သည်။
သူမပြောခဲ့သည့်အတိုင် သူမက အာခီမီသူတော်စင်တစ်ဝက်အဆင့်မဟုတ်လျှင် ဆရာဦးလေးဟွမ်တင်းရှု၏နောက်သို့ လိုက်နိုင်မည်မဟုတ်ပေ။
မြင်းလှည်းက ရှေ့သို့ဆက်သွားလိုက်သောအခါတွင် အာခီမီပညာရှင်များကို ပိုမြင်လာရသည်။
အာခီမီညီလာခံသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အာခီမီပညာရှင်များ၏ စုဝေးပွဲဖြစ်သည်။ အလယ်ပိုင်းကုန်းမြေအပြင် တခြားကုန်းမြေလေးခု၏ အာခီမီပညာရှင်များလည်း ရောက်လာကြသည်။
ဇူအော်လင်းက မြင်းလှည်းကို အာခီမီဌာန၏ရှေ့တွင်ရှိသော ရင်ပြင်အထိ မောင်းနှင်လိုက်သည်။ ဟန်မူယဲ့နှင့်မူဝမ်က မြင်းလှည်းထဲမှထွက်လာသောအခါ ရင်ပြင်တွင်ပြည့်နှက်နေသော အာခီမီကျင့်ကြံသူများကို မြင်လိုက်ရသည်။
ရင်ပြင်ကို ဖြတ်ကျော်ပြီးသောအခါတွင် သူတို့နှစ်ယောက်က မူဝမ်သွားလေ့ရှိသော စာကြည့်တိုက်သို့မသွားဘဲ အဓိကခန်းဆောင်သို့ သွားလိုက်သည်။
ဟန်မူယဲ့နှင့်မူဝမ်က အာခီမီဌာန၏စည်းဝေးပွဲတွင် ပါဝင်ရန်အတွက် ဖိတ်ကြားခံရသည်။
မူဝမ်၏ကျင့်ကြံခြင်းသည် လိုအပ်နေသေးသော်လည်း သူမဖန်တီးခဲ့သော သွေးမျိုးဆက်ဆေးလုံးက အလွန်အသုံးဝင်သည်။
မူဝမ်က နန်းမြို့တော်တွင် အာခီမီတာအိုနှင့်ပတ်သတ်၍ နာမည်ကြီးနေသည်။
ဟန်မူယဲ့၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်သည် နာမည်ကြီးပြီးသားဖြစ်သည်။
ဆရာသခင်ချင်ဝူယွမ်ကပင် တပည့်တစ်ယောက်အနေဖြင့် ဦးညွှတ်ခဲ့သည်။ သူက စည်းဝေးပွဲကိုတက်ရောက်ရန် အဆင့်မီသည်။
ထိုစည်းဝေးပွဲသည် အာခီမီ၊ ဓားဆေးလုံးသန့်စင်ခြင်းနှင့် ပတ်သတ်နေလိမ့်မည်ဟု ပြောကြသည်။
ဟန်မူယဲ့နှင့်မူဝမ်က ခန်းဆောင်ရှေ့သို့ ရောက်သွားသောအခါတွင် အာခီမီဌာန၏လူတစ်ယောက်က သူတို့ကို ကြိုဆိုလိုက်သည်။
မူဝမ်က ရင်ဘတ်တွင် အာခီမီဆရာတစ်ယောက်၏အဆင့်အတန်းဖြစ်သော ရွှေရောင်တံဆိပ်ပြားကို ချိတ်ဆွဲထားပြီး စာအုပ်တစ်အုပ်ကို ထုတ်ယူသည်။
အာခီမီဌာန၏အစောင့်က စာအုပ်ကိုစစ်ဆေးပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ခန်းဆောင်ထဲသို့ လျင်မြန်စွာဖိတ်ခေါ်လိုက်သည်။
ခန်းဆောင်၏အပြင်ဘက်တွင်ရှိနေသော အာခီမီပညာရှင်များက ဟန်မူယဲ့နှင့်မူဝမ်ကို အံ့အားသင့်စွာ ကြည့်သည်။
ယနေ့တွင် ခန်းဆောင်ထဲ၌ အာခီမီညီလာခံနှင့်ပတ်သတ်၍ ဆွေးနွေးကြလိမ့်မည်။ ပါဝင်ခွင့်ရှိသောလူတိုင်းသည် အနည်းဆုံး အာခီမီဆရာသခင်အဆင့်တွင် ရှိနေသည်။
‘ဆရာသခင်တံဆိပ်ပြားတောင်မရှိတဲ့ လူငယ်တစ်ယောက်က အထဲကို ဝင်နိုင်တာလား’
“ခေါင်းဆောင်ဟူ၊ သူတို့က ဘယ်သူတွေလဲ။ ဘာဖြစ်လို့ ခန်းဆောင်ထဲကို ဝင်နိုင်တာလဲ”
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ရှေ့တွင်ရှိသောအစောင့်ကိုကြည့်လိုက်ပြီး မပျော်ရွှင်စွာ ပြောသည်။
သူ့နာမည်က သွမ့်ချန်ဖြစ်ပြီး ဆရာသခင်တစ်ယောက်၏ တပည့်ဖြစ်သည်။ သူ့အာခီမီကျင့်ကြံခြင်းက ဆရာအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။
နန်းမြို့တော်၏ အာခီမီမျိုးဆက်သစ်လူငယ်များကြားတွင် သူက အလွန်အဆင့်မြင့်သော အာခီမီပညာရှင်တစ်ဦး ဖြစ်သည်။
‘ငါကတောင် ခန်းဆောင်ထဲကို မဝင်နိုင်ဘူး။ သူတို့နှစ်ယောက်က ဘာဖြစ်လို့ ဝင်နိုင်တာလဲ’
သွမ့်ချန်၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် အစောင့်၏မျက်နှာထားက ပြောင်းလဲသွားခြင်းမရှိဘဲ ဂရုမစိုက်စွာ ပြောသည်။
“မင်းက သိဖို့ အဆင့်မမီဘူး”
သူ့စကားများကြောင့် အပြင်ဘက်တွင်စောင့်နေသော အာခီမီကျွမ်းကျင်သူနှင့်တပည့်များ မျက်နှာထားပြောင်းလဲသွားသည်။
ထိုအချိန်တွင် ဟန်မူယဲ့နှင့်မူဝမ်က အာခီမီဌာန၏ခန်းဆောင်ထဲသို့ ဝင်ရောက်လာသည်။
စားပွဲခုံ၏ထိပ်တွင် အာခီမီသူတော်စင်တစ်ဝက်အဆင့်သုံးယောက် ထိုင်နေသည်။
အာခီမီသူတော်စင်တစ်ဝက်အဆင့် ချင်စုယန် ....
အာခီမီသူတော်စင်တစ်ဝက်အဆင့် ပိုင်လီရှင်းလင် ....
အာခီမီသူတော်စင်တစ်ဝက်အဆင့် ချွယ်စွန်း ....
သူတို့သုံးယောက်အပြင် ဒါဇင်ချီသော အာခီမီဆရာသခင်များလည်း ရှိနေသည်။
လူတိုင်း၏မျက်နှာထားက လေးနက်နေသည်။ ခန်းဆောင်ထဲတွင်ရှိသော ဖိနှိပ်နိုင်သည့်အငွေ့အသက်များကြောင့် မူဝမ်က အနည်းငယ်တုန်ခါသွားသည်။
ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ရွှေအလင်းတချို့တောက်ပလာပြီး ဖိအားများအားလုံးကို ချေဖျက်လိုက်သည်။
ခန်းဆောင်ထဲတွင် အနီရောင်နှင့် အနက်ရောင်ချပ်ဝတ်များကို ဝတ်ထားသော စစ်သူကြီးများလည်း ရှိနေသည်။
သူတို့၏ကိုယ်ပေါ်တွင်ရှိသော သတ်ဖြတ်လိုစိတ်များသည် ပိုမိုလေးနက်သည်။ သူတို့က မလှုပ်ရှားဘဲရပ်နေသော်လည်း သူတို့ကိုတိုက်ရိုက်ကြည့်ရန် ခက်ခဲသည်။
အပြင်ဘက်တွင်ရှိသော မျိုးဆက်သစ်တပည့်များ ဝင်လာခဲ့လျှင် သတ်ဖြတ်လိုစိတ်များကြောင့် ရူးသွပ်သွားနိုင်သည်။
ထိုစစ်သူကြီးများထဲတွင် ဟန်မူယဲ့၏အသိတစ်ယောက် ရှိနေသည်။
မြို့စောင့်တပ်စစ်သူကြီး ရှောင်လင်းရှန်ဖြစ်သည်။
ရှောင်လင်းရှန်က များသောအားဖြင့် စစ်တပ်တွင် နေထိုင်လေ့ရှိသည်။ သို့သော် ရှောင်မိသားစုဝင်များက အာခီမီကံကြမ္မာစံအိမ်သို့ မကြာခဏလာရောက်လေ့ရှိသည်။ သူတို့က တောင်ပိုင်းကုန်းမြေမှ ရှောင်ယွဲ့လီပေးလိုက်သော လက်ဆောင်များကိုလည်း ယူလာတတ်သည်။
သူတို့က ထိုဆက်ဆံရေးကို အချိန်တစ်ခုကြာသည်အထိ ထိန်းသိမ်းထားသည်ဟု ပြောနိုင်သည်။
ရှောင်လင်းရှန်၏အမြင်တွင် ဟန်မူယဲ့၏အဆက်အသွယ်နှင့်ခွန်အားသည် ရှောင်မိသားစုအောက် မကျပေ။
ထို့အပြင် အာခီမီကံကြမ္မာစံအိမ်၏ ဖွင့်ပွဲနေ့၌ အမတ်ချုပ်ကြီးဝမ်ကိုယ်တိုင် ရောက်လာခဲ့သည်။
ရှောင်မိသားစုက ထိုလူမျိုးကို လေးနက်စွာဆက်ဆံရမည်။
ဟန်မူယဲ့နှင့်မူဝမ် ရောက်လာသောအခါတွင် ခန်းဆောင်က တိတ်ဆိတ်သွားသည်။
စစ်သူကြီးနှင့် အာခီမီကျင့်ကြံသူအများစုသည် ဟန်မူယဲ့နှင့်မူဝမ်ကို မမြင်ဘူးပေ။ ထို့ကြောင့် သူတို့က မျက်မှောင်ကြုတ်လိုက်သည်။
ယနေ့ဆွေးနွေးပွဲသည် အလွန်အရေးကြီးသည်။
အာခီမီညီလာခံတင်မကဘဲ အငြိုးအတေးမဲ့နယ်မြေ၏ စစ်ပွဲနှင့်လည်း သက်ဆိုင်နေသည်။
စစ်တပ်သည် သတင်းများနှင့်အတူ ဤနေရာသို့ ရောက်လာခဲ့သည်။
စစ်တပ်၏လျှို့ဝှက်ချက်များကို နာမည်မရှိသော အဆင့်နိမ့်ကျင့်ကြံသူများ မကြားသင့်ပေ။
သို့သော် ခန်းဆောင်အတွင်း၌ သူတော်စင်တစ်ဝက်အဆင့်သုံးဦး ရှိနေသည်။ ထို့ကြောင့် တခြားလူများက အလျင်စလိုစကားပြောမည်မဟုတ်ပေ။ သူတို့က ထိပ်ဆုံးတွင်ရှိသောထိုင်ခုံများကို လှည့်ကြည့်လိုက်သည်။
ရှည်လျားသောမုတ်ဆိတ်များနှင့် အာခီမီသူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူက မျက်လုံးမျာမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် ဘေးတွင်ရှိသော ချင်စုယန်ကို လှည့်ကြည့်သည်။
“ဒါက ဝိညာဉ်ထိန်းချုပ်နည်းစနစ်နဲ့ ဆရာသခင်ချင်ဝူယွမ်ကို အဆင့်တက်သွားအောင်လုပ်ပေးခဲ့တဲ့ ဆရာမူယဲ့လား”
ချင်စုယန်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။
ဆရာမူယဲ့ ....
ခန်းဆောင်ထဲတွင် တိတ်ဆိတ်မှုပျောက်ဆုံးသွားပြီး ချက်ချင်းဆူညံလာသည်။
နန်းမြို့တော်တွင်ရှိသော သာမန်လူနှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ဆရာသခင်မူယဲ့၏နာမည်သည် ကျောက်စိမ်းရှားစောင်းပန်း စာပေဆွေးနွေးပွဲနှင့် တွဲလျက်ရှိနေသည်။
သို့သော် အာခီမီကျင့်ကြံသူကြီးများအတွက် ဆရာသခင်မူယဲ့သည် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကို ကိုယ်စားပြုသည်။
ထိုအရာသည် အာခီမီနည်းစနစ်များ၏ ပြောင်းလဲမှုတစ်ခုဖြစ်သည်။
နန်းမြို့တော်တွင် ကျွမ်းကျင်သူအားလုံးနီးပါးက ထိုနည်းစနစ်ကို လေ့လာခဲ့သည်။
စစ်သူကြီးများက ဟန်မူယဲ့ကို လှမ်းကြည့်သည်။
အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကို ဖြန့်ဝေလိုက်သည်မှာ တစ်နှစ်မပြည့်သေးသောကြောင့် အာခီမီပညာရှင်အများစုက နားမလည်သေးသော်လည်း အငြိုးအတေးမဲ့နယ်မြေတွင် စစ်တိုက်နေသော စစ်တပ်များကြားတွင် အချိန်ကြာမြင့်စွာ ပျံ့နှံ့နေခဲ့သည်။
ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ဖြင့် သန့်စင်ထားသော ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေးသည် ဆေးစွမ်းအားကြွယ်ဝပြီး ညင်သာမှုရှိသည်။ ဒဏ်ရာရနေသောလူများအတွက် အလွန်ရှားပါးသော ကုသဆေးဖြစ်သည်။
အရေးအကြီးဆုံးအနေဖြင့် ထိုဆေးလုံးက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရန် မလိုအပ်ပေ။ ထို့ကြောင့် ကောင်းကင်တာအို၏အထောက်အပံ့မရှိသော အာကာသထဲတွင်လည်း သန့်စင်နိုင်သည်။
သူတို့သိမ်းပိုက်ထားသော တခြားကမ္ဘာများတွင်လည်း ဆေးလုံးသန့်စင်နိုင်သည်။
ထိုအချက်ကြောင့် စစ်တပ်၏ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် ဖိအားများ လျော့ကျသွားသည်။
ခွဲဝေရရှိနိုင်သော အရင်းအမြစ်များထဲတွင် တိမ်တိုက်ပုံစံဖြစ်တည်နေသော ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေး ရှိနေလိမ့်မည်ဟု စစ်သူကြီးများက မျှော်လင့်ကြသည်။
ဤတစ်ကြိမ်တွင် စစ်တပ်က ထိုကိစ္စကြောင့် ရောက်လာခဲ့သည်။
“သူတော်စင်ချွယ်ကို နှုတ်ဆက်ပါတယ်။ အကြီးအကဲတို့အားလုံးကိုလည်း နှုတ်ဆက်ပါတယ်”
ဟန်မူယဲ့နှင့်မူဝမ်က လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ဦးညွှတ်သည်။
အာခီမီဆရာသခင်နှင့် စစ်သူကြီးများက လျင်မြန်စွာ ပြန်နှုတ်ဆက်လိုက်သည်။ ထိပ်ဆုံးတွင်ထိုင်နေသော သူတော်စင်တစ်ဝက်အဆင့်သုံးယောက်က ညင်သာစွာခေါင်းညိတ်သည်။
“အစ်ကိုချွယ်၊ ကျွန်မရဲ့ ဆရာတူအစ်မကို မှတ်မိသေးလား”
ချွယ်စွန်း၏ဘေးတွင်ရှိနေသော ပိုင်လီရှင်းလင်က မူဝမ်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မူဝမ်က ဆရာတူအစ်မရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ ဆရာက သူမကို ဂိုဏ်းဆီပြန်ခေါ်ဖို့ ရည်ရွယ်ထားတယ်”
ပိုင်လီရှင်းလင်က ဆရာတူအစ်မအကြောင်းကို ပြောလိုက်သောအခါတွင် ချွယ်စွန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။ ကျောက်စိမ်းသက်တံကမ္ဘာ၏သူတော်စင်က မူဝမ်ကို ပြန်ခေါ်ချင်ကြောင်း ကြားလိုက်ရသောအခါတွင် သူက မျက်လုံးပြူးသွားသည်။
ချွယ်စွန်းက မူဝမ်ကိုကြည့်လိုက်ပြီး အင်္ကျီလက်ကြားမှ ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ယူ၍ တွန်းပို့လိုက်သည်။
“မင်းရဲ့ဘိုးဘေးနဲ့ငါက မိတ်ဆွေဟောင်းတွေပဲ။ ဒါက မင်းအတွက်ပါ”
‘ချက်ချင်းလက်ဆောင်ပေးတာလား’
‘ဒီမိတ်ဆွေဟောင်းက ငါ့ရဲ့ဘိုးဘေးနဲ့ ထူးခြားတဲ့ဆက်ဆံရေးတစ်ခု ရှိလောက်တယ်’
မူဝမ်က ကျောက်စိမ်းပေလွှာကိုယူလိုက်ပြီး ဘေးတွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။ ဟန်မူယဲ့က ခေါင်းညိတ်လိုက်သောအခါတွင် သူမက ဦးညွှတ်သည်။
“ကျေးဇူးပါအကြီးအကဲ”
လူငယ်နှစ်ယောက်ကြောင့်တိတ်ဆိတ်သွားခဲ့သောလူများသည် ငြင်းဆန်မှုမရှိတော့ပေ။
အာခီမီသူတော်စင်တစ်ပါး၏ အနာဂတ်တပည့်နှင့် ဆေးလုံးပြောင်းလဲခြင်းနည်းနစ်ကို တီထွင်ခဲ့သော ဆရာသခင်တစ်ယောက်တို့သည် စည်းဝေးပွဲတွင်ပါဝင်ရန် အဆင့်မီသည်။
ချင်စုယန်က လက်မြှောက်လိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ဘေးတွင်ထိုင်ရန် အချက်ပြသည်။ သူက အသာအယာချောင်းဟန့်လိုက်ပြီး ပြောသည်။
“အားလုံးပဲ ဒီနေ့စည်းဝေးပွဲက အာခီမီညီလာခံရဲ့စည်းမျဉ်းတွေကို ဆုံးဖြတ်ဖို့အတွက်ပဲ”
တိတ်ဆိတ်သွားသော အာခီမီဆရာသခင်များကိုကြည့်လိုက်ပြီး ချင်စုယန်က တည်ငြိမ်စွာပြောသည်။
“အာခီမီညီလာခံက စစ်တပ်နောက်ကိုလိုက်ပြီး ဆေးလုံးသန့်စင်ရလိမ့်မယ်”
“ဒီစမ်းသပ်မှုက သုံးနှစ်ကြာမယ်”
ခန်းဆောင်ထဲတွင်ရှိသော ဆရာသခင်များက ထိုအကြောင်းနှင့်ပတ်သတ်ပြီး သိထားကြသည်။ ထို့ကြောင့် စကားမပြောပေ။
ချင်စုယန်၏မျက်လုံးများက တောက်ပသွားသည်။
“ပြိုင်ပွဲမှာပါဝင်မယ့် အာခီမီပညာရှင်တွေအားလုံးက စစ်တပ်မှာစာရင်းသွင်းပြီး မှူးမတ်ဝူရဲ့အုပ်ချုပ်မှုအောက်မှာ ရှိလိမ့်မယ်”
စစ်တပ်သို့ ဝင်ရောက်ရမည်။
ခန်းဆောင်ထဲတွင် ဆရာသခင်များက ခေါင်းမော့ကြည့်လိုက်သည်။
အာခီမီပညာရှင်များသည် များသောအားဖြင့် လွတ်လပ်ပြီး ပျင်းရိသည်။ စစ်တပ်၏စည်းမျဉ်းများကို လိုက်နာရမည်ဆိုလျှင် သူတို့အတွက် ခေါင်းကိုက်စရာဖြစ်သည်။
ကျင့်ကြံသူအများစုသည် စစ်တပ်၏ထိန်းချုပ်မှုကို မခံလိုပေ။
“ခေါင်းဆောင်ချင်၊ ကျွန်တော်တို့အာခီမီဌာနရဲ့ အာခီမီပညာရှင်တွေက စစ်တပ်ကိုဝင်ရောက်ဖို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြားဂိုဏ်းရဲ့ အာခီမီပညာရှင်တွေအတွက် စစ်တပ်ကိုဝင်ရောက်ဖို့ လွယ်မှာမဟုတ်ဘူး”
အစိမ်းပုပ်ရောင်ဝတ်စုံနှင့် အာခီမီဆရာသခင်တစ်ဦးက ပြောလိုက်သည်။
“ဟုတ်ပါတယ်။ နန်းမြို့တော်ရဲ့အာခီမီပညာရှင်တွေက အာခီမီဈေးတွေကို ဖိနှိပ်ထားနိုင်ပေမဲ့ နန်းမြို့တော်အပြင်မှာရှိတဲ့ အာခီမီပညာရှင်တွေက စမ်းသပ်မှုကနေ နှုတ်ထွက်သွားရင် အာခီမီညီလာခံက ဟာသဖြစ်သွားလိမ့်မယ်”
ခန်းဆောင်ထဲတွင်ရှိသောလူများက တစ်ယောက်ပြီးတစ်ယောက် စကားပြောလိုက်သည်။
ကျောက်စိမ်းရှားစောင်းပန်းစာပေဆွေးနွေးပွဲသည် အလွန်ခမ်းနားပြီး သက်ရောက်မှုကလည်း အလွန်ကြီးမားသည်။
ကွန်ဖြူးရှပ်တာအိုက သာမန်ဆွေးနွေးပွဲတစ်ခုမှ ခမ်းနားသောဂုဏ်သတင်းကို ရနိုင်လျှင် အာခီမီညီလာခံကလည်း ဆိုးဝါးမနေသင့်ပေ။
အာခီမီညီလာခံမှ အာခီမီပညာရှင်အများအပြား နှုတ်ထွက်သွားခဲ့လျှင် အာခီမီဌာနနှင့် အာခီမီကျင့်ကြံသူကြီးများက မျက်နှာပျက်ရလိမ့်မည်။
ချင်စုယန်၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက အောက်တွင်ရှိသော ခေါင်းဆောင်စစ်သူကြီးနှစ်ယောက်ကို လှမ်းကြည့်သည်။
ရှောင်လင်းရှန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး အော်ပြောသည်။
“အားလုံးပဲ စစ်ရေးကိစ္စတွေက ကစားစရာမဟုတ်ဘူး”
သူ့အသံက မိုးခြိမ်းသံနှင့်တူပြီး ခန်းဆောင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
ရှောင်လင်းရှန်က မည်းမှောင်နေသောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်ကစပြီး အငြိုးအတေးမဲ့နယ်မြေနဲ့တိုက်ပွဲမှာ စစ်သည်သန်းသုံးဆယ်နဲ့ ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၃၄၀ သေဆုံးခဲ့တယ်”
“မရေမတွက်နိုင်လောက်တဲ့အရိုးတွေနဲ့ အကြွင်းအကျန်ဝိညာဉ်တွေက အာကာသထဲမှာ လွင့်မျောနေရတယ်”
ခန်းဆောင်ထဲတွင် ရှောင်လင်းရှန်၏အသံက ပဲ့တင်ထပ်နေသည်။
စစ်သူကြီးများ၏မျက်နှာထားက ကြေကွဲဝမ်းနည်းပြီး မခံမရပ်နိုင်ဖြစ်နေသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက ကျင့်ကြံခြင်းအမွေအနှစ်တွေကို ရရှိလာတဲ့အချိန်မှာ ပြင်ပရန်သူနဲ့ ကျွမ်းကျင်သူတွေက မရေမတွက်နိုင်လောက်အောင် တိုက်ခိုက်နေကြတယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဘယ်လောက်တောင် စတေးခဲ့ပြီးပြီလဲ”