အခန်း (၅၂၈)
Vol. 38 Ch. 528
သို့သော် တုံ့ဆိုင်းနေသည့် အာခီမီပညာရှင်များလည်း ရှိသည်။
စစ်တပ်နှင့်အတူ အာကာသထဲသို့လိုက်သွားရမည်ဆိုလျှင် အာခီမီကျင့်ကြံခြင်းတွင် ကန့်သတ်မှုများ ရှိလာလိမ့်မည်။
သို့သော် သူတို့ အသံမထွက်နိုင်ခင် နန်းမြို့တော်သို့ သတင်းတစ်ခုရောက်လာသည်။
သဲချန်ဒေသ၏ လျန်ယွဲ့တောင်ကြားဂိုဏ်းမှ အာခီမီပညာရှင်များသည် အမိန့်နာခံမှုမရှိဘဲ အာခီမီညီလာခံတွင်ပါဝင်ရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဒေသသုံးခု၏ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သူ လုယန်က ကိုယ်တိုင်လှုပ်ရှားခဲ့သည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်သုံးထောင်က လျန်ယွဲ့တောင်ကြားဂိုဏ်းကို ရှင်းထုတ်လိုက်သည်။
အဆုံးတွင် လျန်ယွဲ့တောင်ကြားဂိုဏ်း၌ မြက်တစ်ပင်လျှင် မပေါက်နိုင်တော့ပေ။
ထိုသတ်ဖြတ်မှုအပြီး၌ သားသတ်သမားလု၏နာမည်သည် ပိုမိုထင်ရှားလာသည်။
ထိုဖြစ်ရပ်ကြောင့် အထွန့်တက်ချင်သောအာခီမီကျင့်ကြံသူများ ပါးစပ်ပိတ်သွားသည်။
....
နန်းမြို့တော်၏အနောက်ဘက်တွင်ရှိသော မီးတောက်နီစစ်တပ်စခန်းတွင်ဖြစ်သည်။
သွေးနီရောင်ချပ်ဝတ်များနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များက လေးနက်စွာ မတ်တပ်ရပ်နေသည်။
သူတို့အားလုံးက လက်နက်များ ကိုင်ဆောင်ထားသည်။
သူတို့၏ရှေ့တွင် အရပ်ရှည်သော မှူးမတ်ချုံးဝူဖြစ်သည့် ချန်ချင်းကျစ်သည် လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။
အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့တစ်ယောက် စစ်စခန်းသို့ ရောက်လာသောအခါတွင် သူ့မျက်လုံးများ အေးစက်သွားသည်။
“မှူးမတ်ဝူ”
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွှတ်သည်။
ချန်ချင်းကျစ်က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ ဦးညွှတ်သည်။
“မီးတောက်နီစစ်တပ်ရဲ့ ကွယ်လွန်သွားတဲ့စစ်သည်တွေကို နတ်တစ်ပါးအဖြစ် တရားဝင်ဘွဲ့ထူးချီးမြှင့်ပေးဖို့ ချန်ချင်းကျစ်က တောင်းဆိုပါရစေ”
သူ့နောက်တွင် မီးတောက်နီစစ်တပ်၏ မရေမတွက်နိုင်လောက်သောစစ်သားများက ဒူးတစ်ဖက်ထောက်ပြီး ခေါင်းငုံ့၍ အော်ဟစ်သည်။
“ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့မီးတောက်နီစစ်တပ်ရဲ့ ကွယ်လွန်သွားတဲ့စစ်သည်တွေကို နတ်ဘုရားတာအိုအရ ဘွဲ့ထူးချီးမြှင့်ပေးပါ”
လေထုထဲတွင် အဆုံးမရှိသောချီစွမ်းအင်အလင်းများ သောင်းကျန်းနေပြီး ကြေကွဲဝမ်းနည်းမှုနှင့် မကျေနပ်ချက်များကို သယ်ဆောင်ထားသည်။
အကြွင်းအကျန်ဝိညာဉ်စွမ်းအားများသည် စစ်ပွဲတွင် ဆက်လက်မတိုက်ခိုက်နိုင်သည့်အတွက် နောင်တများဖြင့် ညည်းညူနေပုံပေါ်သည်။
ဟန်မူယဲ့၏မျက်နှာထားက အလွန်အမင်း လေးနက်နေသည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မှူးမတ်ချုံးဝူကို ကြည့်သည်။
“မှူးမတ်ဝူ၊ ဒါက ခင်ဗျားရဲ့အကြံလား ဒါမှမဟုတ် အမတ်ချုပ်ကြီးဝမ်ရဲ့ အကြံလား”
သူ ဟန်မူယဲ့က သိန်းချီသောစစ်သားများကို နတ်ဖြစ်လာအောင် လုပ်မပေးနိုင်ပေ။
သူက လုပ်နိုင်စွမ်းရှိလျှင်ပင် လုပ်မပေးရဲချေ။
သူက ဝမ်မော့ရှန်နှင့်ယှဉ်ပြိုင်၍ ကောင်းကင်တာအိုစွမ်းအားကို လုယူနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အဆုံးမရှိသော ကံကြမ္မာကြိုးမျှင်များ ဖြစ်ပေါ်လာလိမ့်မည်။
ထိုအရာသည် ကွန်ဖြူးရှပ်တာအို၏ အခြေခံအုတ်မြစ်ကို ယိမ်းယိုင်သွားစေနိုင်သည်။
ထို့ကြောင့် ဟန်မူယဲ့က မေးရမည်။
မှူးမတ်ချုံးဝူက ဖြည်းဖြည်းချင်းခေါင်းမော့ပြီး ဟန်မူယဲ့ကို ကြည့်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော သတ်ဖြတ်လိုစိတ်များက အလွန်သိပ်သည်းပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားနိုင်သော နဂါးတစ်ကောင်ဖြစ်လာသည်။
သူ့နောက်တွင် စစ်သည်များနှင့် စစ်စခန်း၏ အဆုံးမရှိသောသွေးချီများက ကောင်းကင်ပြိုကျလာသကဲ့သို့ လှည့်ပတ်နေသည်။
ထိုအင်အားစု၏ရှေ့တွင် သာမန်ကောင်းကင်အဆင့်ကျင့်ကြံသူများ၏ဝိညာဉ် ပျက်စီးသွားလိမ့်မည်။
ကောင်းကင်အံ့ဖွယ်စစ်တပ်၏ အားကောင်းသောသတ်ဖြတ်လိုစိတ်များက ပြိုင်ဘက်ကင်းနေရသော အကြောင်းအရင်းတစ်ခု ဖြစ်သည်။
စစ်သည်တစ်သိန်း စုစည်းလိုက်သောအခါတွင် စစ်တပ်ဝင်္ကပါ၏ ချီနှင့်သွေးစွမ်းအားများက ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ဦး၏ အကာအကွယ်အလွှာကို တိုက်ရိုက်ထိုးဖောက်ပြီး ဖိနှိပ်ထားနိုင်သည်။
ယခုအချိန်တွင် စစ်သည်တစ်သိန်း မရှိသော်လည်း စစ်စခန်း၏ သတ်ဖြတ်လိုစိတ်များက စစ်တပ်ဝင်္ကပါနှင့် မခြားပေ။
ရှေ့တွင်ရပ်နေသောဟန်မူယဲ့က တုံ့ပြန်လိုက်ရသည်။
“ဝီ”
ရွှေရောင်သမာဓိစွမ်းအားများသည် အလင်းတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ကာကွယ်လိုက်သည်။
သူ့စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားက ထောက်တိုင်တစ်ခုကဲ့သို့ စိတ်နယ်ပယ်ကို တည်ငြိမ်စွာ ထိန်းသိမ်းထားသည်။
ချီပင်လယ်နှင့် ဒန်ထျန်ထဲတွင်ရှိသော ဓားအလင်းက အနည်းငယ်လှုပ်ရှားသွားသော်လည်း သက်ရောက်မှုမရှိပေ။
ထောင်ချီသော ရန်သူများ၏ရှေ့တွင် ဓားကျင့်ကြံသူများက တည်ငြိမ်စွာရှိနေသည်။
စစ်သည်များ၏မျက်နှာထားက ပြောင်းလဲမသွားပေ။
မှူးမတ်ဝူ၏မျက်လုံးများက တောက်ပလာပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“အမတ်ချုပ်ကြီးဝမ်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ငြင်းဆိုတာမျိုး မရှိပါဘူး”
‘မငြင်းဘူးတဲ့လား’
‘အဲဒီတော့ ထောက်ခံတာမျိုးလည်း မရှိဘူးပေါ့’
ဟန်မူယဲ့က မှူးမတ်ချုံးဝူကို ကြည့်သည်။
‘ကောင်းကင်အံ့ဖွယ်စစ်တပ်ရဲ့ နံပတ်တစ်ပုဂ္ဂိုလ်၊ သိုင်းပညာလမ်းစဉ်ရဲ့ နံပတ်တစ်ပုဂ္ဂိုလ်က အမတ်ချုပ်ကြီးဝမ်နဲ့ ဆန့်ကျင်နေတာလား’
မှူးမတ်ဝူက ဟန်မူယဲ့၏အတွေးကို နားလည်နေသကဲ့သို့ ပြောလိုက်သည်။
“ငါက မီးတောက်နီစစ်တပ်ကို နှစ်တစ်သောင်းကြာအောင်ဦးဆောင်ပြီး ပြင်ပကမ္ဘာတွေမှာ မရေမတွက်နိုင်လောက်အောင် တိုက်ခိုက်ခဲ့တယ်”
“ငါက သူရဲကောင်းဝိညာဉ်တွေအတွက် အိမ်တစ်လုံး ပေးချင်ရုံပါပဲ”
“ငါတို့ရဲ့နှလုံးသားထဲမှာ စွဲလမ်းမှုတစ်ခုရှိလာရင် မလွတ်မြောက်နိုင်ဘဲ ကံကြမ္မာကို ဖြစ်ပေါ်စေလိမ့်မယ်။ အဲဒါကို မင်းလည်း သိပါတယ်”
စွဲလမ်းမှု၊ ကံကြမ္မာ ....
ဟန်မူယဲ့က လေးနက်စွာခေါင်းညိတ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကွန်ဖြူးရှပ်တာအိုအခြေခံအုတ်မြစ်အား ယိမ်းယိုင်သွားစေနိုင်သော ဤဖြစ်ရပ်ကို အမတ်ချုပ်ကြီးဝမ်က မတားဆီးသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
မရေမတွက်နိုင်လောက်သောစစ်သူကြီးများက မှူးမတ်ဝူ၏နောက်သို့လိုက်၍ တိုက်ပွဲဝင်ခဲ့သည်။ သူတို့၏ အကြွင်းအကျန်ဝိညာဉ်များသည် မှူးမတ်ဝူ၏ စွဲလမ်းမှုဖြစ်လာသည်။
ထိုဖြစ်ရပ်ကို သေချာမဖြေရှင်းနိုင်လျှင် မှူးမတ်ဝူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ် ရပ်တန့်သွားလိမ့်မည်။
‘အမတ်ချုပ်ကြီးဝမ်က ကိုယ်ပိုင်လမ်းစဉ်ကို ဦးစားပေးရမလား ဒါမှမဟုတ် မှူးမတ်ဝူရဲ့ကျင့်ကြံခြင်းအတားအဆီးကို ဖယ်ရှားပေးရမလား”
ဝမ်မော့ရှန်က တိတ်ဆိတ်နေရုံသာ တတ်နိုင်ခဲ့သည်။
ဟန်မူယဲ့ကလည်း တိတ်ဆိတ်နေသည်။
သူက ကွမ်မြစ်ဝနှင့် အင်မော်တယ်လရေကန်ဘေးတွင် အမိန့်စာဖြင့် နတ်များအား ဘွဲ့ထူးချီးမြှင့်နိုင်ခဲ့သည်။ သို့သော် ထိုနတ်များသည် အရေအတွက်နည်းပါးပြီး ခွန်အားသိပ်မရှိပေ။
သူတို့က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူပြီး ကိုယ်ပိုင်တာအိုနှင့် ပေါင်းစပ်၍ သမာဓိစွမ်းအားအချို့ကိုစားသုံးလိုက်လျှင် နတ်ဖြစ်လာနိုင်သည်။
သို့သော် မှူးမတ်ဝူက သိန်းချီ၊ သန်းချီသော ဝိညာဉ်အကြွင်းအကျန်များကို တစ်ခါတည်း ဘွဲ့ထူးချီးမြှင့်ပေးစေချင်သည်။ သူအသုံးပြုရမည့် ဝိညာဉ်စွမ်းအားကို စိတ်ကူးမကြည့်နိုင်ပေ။
ထို့အပြင် ထိုသို့ ကြီးမားစွာလှုပ်ရှားလိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ မဟာတာအိုကို သေချာပေါက် လှုံ့ဆော်မိလိမ့်မည်။ ထိုအချိန်တွင် ဖြစ်လာမည့်အရာကို မည်သူမှ မသိနိုင်ပေ။
ဟန်မူယဲ့၏တွက်ချက်မှုအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်တာအိုစွမ်းအားသည် သူနှင့်ဝမ်မော့ရှန်ကို တိုက်ခိုက်စေလိမ့်မည်။
သူက ထိုသို့တွေးလိုက်မိပြီး နှလုံးခုန်မှားသွားသည်။
‘ဒါက မဟာတာအိုရဲ့ဆန္ဒလား ဒါမှမဟုတ် ကံကြမ္မာစွမ်းအားလား’
ဓားဘုရင်ယွမ်ထျန်း၏စကားအရ ကျင့်ကြံသူများ၏ မဟာလမ်းစဉ်သည် အလိုလျောက် ယှဉ်ပြိုင်မိလိမ့်မည်။
သူက နန်းမြို့တော်တွင် ကြာမြင့်စွာနေထိုင်ခဲ့သောကြောင့် တရားဝင်ဘွဲ့ထူးများချီးမြှင့်ပေးရန်အတွက် အလိုလျောက်ကံပါလာခြင်း ဖြစ်လိမ့်မည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။
တချို့အရာများကို ရှောင်တိမ်းချင်သော်လည်း မရှောင်နိုင်ပေ။
ထို့အပြင် သူက ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။ ရန်သူနှင့်ရင်ဆိုင်ရလျှင် သူ့ဓားကို ဆွဲထုတ်ရုံသာရှိသည်။
သူက ရှေ့တက်သွားပြီး စစ်သည်တစ်ယောက်၏လက်ထဲတွင်ရှိသော လှံကျိုးတစ်ချောင်းကို ဆွဲယူသည်။
ဓားချီများ စိမ့်ဝင်သွားပြီး ရွှေအလင်းတစ်ခု တောက်ပလာသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
လှံပိုင်ရှင်သည် နန်းမြို့တော်၏ သာမန်မိသားစုမှ လူငယ်တစ်ယောက်ဖြစ်သည်။ သူက အသက် ၁၇နှစ်၊ ၁၈ခန့်သို့ ရောက်လာသောအခါတွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။
စစ်စခန်းတွင် သုံးနှစ်တာ လေ့ကျင့်ရမည်။ ပြင်ပကမ္ဘာသို့ ထွက်ခွာရန် လိုအပ်သောအခါတွင် သင်္ဘောပျံဖြင့် ချက်ချင်းထွက်ခွာရမည်။
ဆယ်နှစ် ....
နှစ်၂၀ ....
နှစ်တစ်ရာ ....
အာကာသထဲတွင် အဆုံးမရှိသောသတ်ဖြတ်မှုနှင့် တိုက်ပွဲများ ရှိနေသည်။
လူငယ်က ရဲဘော်ရဲဘက်များ မည်မျှပြောင်းလဲသွားခဲ့ကြောင်း မသိနိုင်တော့ပေ။
သူက စစ်ပွဲမှရရှိလာသော အရင်းအမြစ်များကို နန်းမြို့တော်တွင်ရှိသောအိမ်သို့ အကုန်ပြန်ပို့ခဲ့သည်။
သူ့ညီငယ်သည် တော်ဝင်ကျောင်းတော်တွင် စာသင်ကြားနေသည်။
သူ့ညီမငယ်သည် လက်ထပ်သွားသည်။ သူ့ယောက်ဖသည် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု လုပ်နေသည်။
သူ့ကိုစောင့်နေမည်ဟုပြောခဲ့သော မျက်စောင်းထိုးအိမ်မှ မိန်းကလေးသည် အဘွားကြီးတစ်ယောက် ဖြစ်သွားခဲ့သည်။
သူက အာကာသထဲတွင် တိုက်ခိုက်နေသော်လည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်ကြည့်လိုက်သောအခါ ထိုကမ္ဘာသည် သူ့နှလုံးသားထဲတွင်ရှိသော အတောက်ပဆုံးကြယ်တစ်လုံးကဲ့သို့ တောက်ပနေခဲ့သည်။
နှစ်တစ်ရာကြာသွားသော်လည်း ထိုကြယ်သည် တောက်ပနေဆဲဖြစ်သည်။
သန္ဓေပြောင်းသားရဲများ တိုက်ခိုက်လာသောအခါတွင် မီးတောက်နီစစ်သည်သုံးထောင် သေဆုံးသွားခဲ့သည်။
လှံပိုင်ရှင်သည် အဆုံးအထိ တိုက်ခိုက်ခဲ့သော်လည်း သေဆုံးသွားရသည်။
“မီးတောက်နီစစ်တပ် မီးပြတိုက်စစ်စခန်းရဲ့ တပ်စု၁၂ခုခေါင်းဆောင် ကောင်းတဟယ်က ကောင်းကင်အံ့ဖွယ်သစ်သားဝိညာဉ်ဆင့်ခေါ်ခြင်း ၃,၁၅၄ခုနှစ်မှာ မွေးဖွားလာခဲ့တယ်။ သူက အသက် ၁၇၄နှစ်မှာ သေဆုံးသွားတယ်”
“ကောင်းတဟယ်က တိုက်ပွဲမှာ ၃၅၉ကြိမ်တိတိ အကျိုးဆောင်ပေးပြီး ၁၆၂ကြိမ် အပြင်းအထန်ဒဏ်ရာရခဲ့တယ်”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ သူ့စိတ်ထဲတွင် စစ်မထွက်ခင် စာရွက်တစ်ရွက်အား အကြိမ်ပေါင်းများစွာကြည့်နေသော ဆံဖြူလူအိုကြီးတစ်ယောက်ကို ပြန်တွေးမိသည်။
‘အစ်ကိုတဟယ်၊ ကျွန်မကိုလက်ထပ်ဖို့အတွက် ဘယ်တော့ပြန်လာမှာလဲ’
စာရွက်ပေါ်တွင် စာတစ်ကြောင်းရှိနေခဲ့သည်။
ဟန်မူယဲ့က လှံကိုချလိုက်ပြီး တခြားစစ်သည်တစ်ယောက်၏လက်ထဲတွင်ရှိသော သံချပ်ကာတစ်ခုကို ဆုပ်ကိုင်သည်။
သံချပ်ကာသည် အေးစက်ပြီး သွေးနီရောင်သန်းနေသည်။
ချီစွမ်းအင်နှင့် သမာဓိစွမ်းအားများ ဝင်ရောက်သွားပြီး မြင်ကွင်းများ ထပ်ပေါ်လာသည်။
နန်းမြို့တော်အထက်ပိုင်းရှိ မိသားစုကြီးတစ်ခုတွင် တပည့်များက နှစ်ပေါင်း၂၀ကျင့်ကြံပြီး အခြေခံအုတ်မြစ် တတိယအဆင့်သို့ ရောက်လာသည်။ သူတို့က အကြီးအကဲများနှင့်အတူ ပြင်ပဘုံသို့ ထွက်လာခဲ့သည်။
တပည့်တစ်ယောက်က နှစ်ပေါင်းငါးရာကြာအောင် တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်လာသည်။ သူက နယ်မြေတစ်ခုကို စောင့်ကြပ်ခဲ့သည်။
သူက အငြိုးအတေးမဲ့နယ်မြေ၏စစ်တပ်နှင့် တိုက်ခိုက်ခဲ့သည်။ အဆုံးတွင် စစ်သည်များက သူ၏ သံချပ်ကာတစ်ဝက်ကိုသာ ပြန်ရှာတွေ့ခဲ့သည်။
“မီးတောက်နီစစ်တပ်ရဲ့ စစ်သူကြီးလုယွီထောင်က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကျောက်ဝူခေတ် ၈၉နှစ်မြောက်မှာ မွေးဖွားပြီး မင်ဟွေခေတ်ရဲ့ ၄၈နှစ်မြောက်မှာ သေဆုံးခဲ့တယ်။ သူက တိုက်ပွဲအကျိုးဆောင်မှတ် ၃,၅၀၀စုစည်းထားပြီး တတိယတန်းစား စစ်သူကြီးတစ်ဦးဖြစ်တယ်”
“စစ်သူကြီးလုယွီထောင်က လုယန်တိုက်ကြီးကို နှစ်ပေါင်းသုံးရာ စောင့်ကြပ်ခဲ့တယ်။ သူက တိုက်ပွဲအမျိုးမျိုး ရှစ်ထောင်ကို ကြုံတွေ့ခဲ့ရတယ်”
ပုံရိပ်ထဲတွင် သွေးနီရောင်သံချပ်ကာကို ဝတ်ထားသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ဓားရှည်ကိုင်၍ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးထွက်သွားသည်။
သူက ရဲစွမ်းသတ္တိရှိသောစကားလုံးများကို မပြောခဲ့ပေ။ တာဝန်ကျသောနေရာကို စောင့်ကြပ်ပြီး ဓားထုတ်၍ ကောင်းကင်ကို တိုက်ခိုက်ရမည်။ ထိုအရာသည် သူ့တာဝန်ဖြစ်သည်။
ဟန်မူယဲ့က သံချပ်ကာကို ချလိုက်ပြီး လက်ကိုင်ရိုးတချို့သာကျန်သော ခေါက်ယပ်တောင်ကို ကြည့်သည်။
ပျက်စီးနေသောယပ်တောင်ပေါ်တွင် စာလုံးအချို့ကို မြင်နိုင်သည်။
ထိုစာလုံးများက တက်ကြွနေပြီး ရဲတင်းသည်။
သူက ယပ်တောင်ကို ညင်သာစွာကိုင်လိုက်သည်။
ယပ်တောင်ကို သမာဓိစွမ်းအားများ ရစ်ပတ်သွားပြီး မြင်ကွင်းတစ်ခု ပေါ်လာသည်။
“တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ မင်းက ပညာတတ်ဖို့လိုတယ်။ ပြီးတော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ သက်ရှိတွေအားလုံးအတွက် အသုံးဝင်ရမယ်”
“ဒီတစ်ကြိမ်မှာ မီးတောက်နီစစ်တပ်က အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျောင်းတော်သားသုံးရာ လိုအပ်နေတယ်။ တော်ဝင်ကျောင်းရဲ့ ကျောင်းသားတွေက ဆန္ဒအလျောက် စာရင်းပေးနိုင်တယ်”
စင်မြင့်ပေါ်တွင်ရှိသော သက်လတ်ပိုင်းအရွယ်ကျောင်းတော်သားသည် ယခုအချိန်တွင် တော်ဝင်ကျောင်းတော်နှင့်ပတ်သတ်၍ ဂရုမစိုက်တော့သော လက်ထောက်ကျောင်းအုပ် ယန်ကျန်းချင်ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့်ယန်ကျန်းချင်က စိတ်အားထက်သန်နေပုံပေါ်သည်။ စင်မြင့်၏အောက်တွင် တော်ဝင်ကျောင်းတော်၏ကျောင်းသားများက ရှေ့တက်လာပြီး ပိတ်ဖြူပေါ်တွင် နာမည်များရေးလိုက်သည်။
“ယန်မင်ကျီ”
စုတ်ချက်များသည် ကျက်သရေရှိပြီး လွတ်လပ်သည်။
ယန်ကျန်းချင်၏မျက်လုံးထဲတွင် ဂုဏ်ယူမှုများရှိနေသည်။
ကျောင်းတော်သားများသည် စစ်တပ်သို့ဝင်ရောက်ပြီး ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရသည်။
ထို့နောက် စစ်ပွဲများအတွက် စီစဉ်မှုများပြုလုပ်ပြီး စစ်တပ်ကို တာဝန်ယူရသည်။
တက်ကြွပြီးအားနည်းသောကျောင်းတော်သားများမှစ၍ လက်ဝါးတွင် အသားမာတက်နေသော ချပ်ဝတ်စစ်သည်များအထိ စစ်ပွဲတွင် အားလုံးပါဝင်လာကြသည်။