← Chapters

အခန်း (၅၃၅)

Vol. 39 Ch. 535

အခန်း (၅၃၅)

Vol. 39 Ch. 535

“ဆေးလုံးသန့်စင်တာကနေ ဘာရလိုက်တယ်လို့ မင်းထင်လဲ” ဟန်မူယဲ့က လီစစ်မင်၏ဘေးသို့ရောက်လာပြီး ညင်သာစွာမေးသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဓားအလင်းများကိုငေးမောနေသော လီစစ်မင်က တုန်ခါသွားပြီး လျင်မြန်စွာပြောလိုက်သည်။

“ကျွန်တော်တို့ ဒီလိုမျိုးသန့်စင်နေရင် မီးပြင်းဖိုတစ်ဖိုမှာ ဓားဆေးလုံးသုံးထောင်က အကန့်အသတ်ပဲလို့ ခန့်မှန်းရပါတယ်”

“ဆရာသခင်တွေရဲ့ ဝိညာဉ်စွမ်းအားက အရမ်းသန်မာပြီး လမ်းညွှန်ဖို့ခက်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

လီစစ်မင်၏ပြောစကားသည် ပြဿနာကို ညွှန်ပြနေသည်။

အစောပိုင်းတွင် ချင်စုယန်က ဦးဆောင်ခဲ့သည်။ လီစစ်မင်၏လမ်းညွှန်မှုအောက်တွင် ချင်စုယန်၏ဝိညာဉ်စွမ်းအားက ဆရာသခင်များအားလုံးကို ဖိနှိပ်နိုင်သည်။

ချင်စုယန်က မလှုပ်ရှားဘဲ တခြားလူများက ဆေးလုံးသန့်စင်မှုကို လမ်းညွှန်ရမည်ဆိုလျှင် ဝိညာဉ်စွမ်းအားကုန်ဆုံးမှု အလွန်များသည်။

“အဲဒါဆိုရင် သူတို့ကို အုပ်စုဖွဲ့ပြီး သန့်စင်ဖို့တာဝန်ပေးလိုက်မယ်။ အထွတ်အထိပ်ဆရာသခင်အချို့က လမ်းညွှန်ပြီး ဆရာသခင်တစ်ရာက ပူးပေါင်းပေးရမယ်။ သူတို့က တစ်ရက်ကို မီးပြင်းဖိုတစ်ခုပဲ သန့်စင်ရမယ်”

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားပြီး တီးတိုးပြောသည်။

ဘေးတွင်ရှိနေသောချင်စုယန်က ဓားဆေးလုံးကို သိမ်းဆည်းထားခဲ့သည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒီနည်းလမ်းက မဆိုးဘူး။ လူပြောင်းပြီးသန့်စင်ရမှာဆိုတော့ တစ်နေ့အတွင်း မီးပြင်းဖိုတွေအများကြီး သန့်စင်နိုင်လိမ့်မယ်”

ဟန်မူယဲ့က ပြုံးသည်။

တာအိုအနှစ်သာရမီးပြင်းဖိုက ဆေးလုံးသန့်စင်သောအခါတွင် ဆေးလုံးချီနှင့် ဝိညာဉ်စွမ်းအားတချို့ကိုယူ၍ သူက အသုံးပြုနိုင်ကြောင်း ပြောပြမည်မဟုတ်ပေ။ တာအိုအနှစ်သာရမီးပြင်းဖိုတွင် အသိစိတ်ရှိနေပြီး ဆေးလုံးသန့်စင်ခြင်းကို တက်ကြွစွာလမ်းညွှန်ပေးနိုင်ကြောင်း အသိပေးမည်မဟုတ်ပေ။

သူတို့က အုပ်စုဖွဲ့ပြီး ဆေးလုံးသန့်စင်သောအခါတွင် ဆေးလုံးသန့်စင်ခြင်း ချောမွေ့နေကြောင်း နားလည်သွားလိမ့်မည်။ သူတို့က မီးပြင်းဖိုကိုထိန်းချုပ်ရန်အတွက် အလွန်စိုးရိမ်နေရန် မလိုအပ်ပေ။

လမ်းညွှန်မှုအနည်းငယ်ပေးလိုက်လျှင် ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များက စီးဆင်းသွားပြီး ဆေးလုံးများကို ချောမွေ့စွာ သန့်စင်လိမ့်မည်။

ဓားအမြုတေ၏စွမ်းအားကို မြင်လိုက်ရသောကြောင့် နောက်တွင်ရှိနေသော အာခီမီပညာရှင်များက သန့်စင်ကြည့်ချင်နေသည်။

အထူးသဖြင့် လူတစ်ရာပူးပေါင်းပြီး သန့်စင်နေသောကြောင့် မတူညီသောနားလည်မှုများ ရလာလိမ့်မည်။

ဟန်မူယဲ့က ဆေးလုံးသန့်စင်နေသောအချိန်တွင် တခြားလူများ၏ဝိညာဉ်နှင့် ထိတွေ့ခဲ့သည်။ သူက မီးပြင်းဖိုထဲတွင်ရှိသော သမုဒ္ဒရာတစ်စင်းနှင့်ဆင်တူသည့် ဆေးစွမ်းအားကို မြင်ခဲ့ရသည်။ ထိုဖြစ်စဉ်သည် ဝိညာဉ်နှင့် အာခီမီကျင့်ကြံခြင်းကို လှုံ့‌ဆော်ပေးနိုင်သည်။

လီစစ်မင်က အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ဟန်မူယဲ့နှင့်ချင်စုယန်က သူတို့ကို အုပ်စုဖွဲ့ပေးခဲ့သည်။ ချက်ချင်းဆိုသလိုပင် အာခီမီပညာရှင်ရှစ်ထောင်က လူနှစ်ရာပါသော အုပ်စုလေးဆယ်အဖြစ် ကွဲထွက်သွားသည်။

အာခီမီပညာရှင်နှစ်ရာထဲတွင် ဝိညာဉ်စွမ်းအားကို လမ်းညွှန်ပေးရန်အတွက် အနည်းဆုံး အာခီမီဆရာသခင်သုံးဦး ပါဝင်နေသည်။

တခြားအာခီမီပညာရှင်များက ချီစွမ်းအင်နှင့်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းပြီး ဓားအမြုတေသန့်စင်မည့်နည်းလမ်းအတိုင်း ဆေးစွမ်းအားများကို လှုံ့ဆော်ပေးရမည်။

မီးပြင်းဖိုတစ်ခုလျှင် ဆေးလုံးသုံးထောင် ....

သို့သော် အစပိုင်းတွင် ဖြစ်ပေါ်လာသောဆေးလုံးများက အစီအစဉ်တကျမရှိပေ။ ဆေးလုံးတချို့က သာမန်အဆင့်တွင် ရှိနေသည်။ အဆင့်မြင့်ဆေးလုံးများက အနည်းငယ်ပိုများသည်။

ကံကောင်းစွာဖြင့် ဓားဆေးလုံးများက သောက်သုံးရန်မဟုတ်ပေ။ ဓားတစ်လက်အဖြစ် အသုံးပြုရမည်။ အရည်အသွေးနိမ့်ကျသွားခြင်းသည် တိုက်ခိုက်နိုင်စွမ်းတွင် သက်ရောက်မှုသိပ်မရှိသော်လည်း ဓားဆေးလုံး၏သက်တမ်း တိုသွားလိမ့်မည်။

သူတို့က တစ်ရက်အတွင်း၌ မီးပြင်းဖိုအခုနှစ်ဆယ် သန့်စင်ခဲ့ပြီး ဆေးလုံးငါးသောင်းကို ထုတ်လုပ်ခဲ့သည်။

ကျန်ရှိနေသော အာခီမီပညာရှင်တစ်ဝက်က ဘေးတွင်စောင့်ကြည့်နေပြီး ဆေးလုံးများကို မသန့်စင်ခဲ့ပေ။

ဟန်မူယဲ့က နေ့တစ်ဝက်ခန့်စောင့်ကြည့်ခဲ့ပြီး စိတ်ဝင်စားမှုပျောက်ဆုံးသွားသောကြောင့် သင်္ဘောပျံဆီသို့ ပြန်လာသည်။

သင်္ဘောပျံ၏ တိတ်ဆိတ်နေသောအခန်းထဲမှ ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

ထိုချီစွမ်းအင်အလင်းသည် အလွန်မှိန်ဖျော့နေပြီး အပြင်လူများ မမြင်နိုင်ပေ။

ချီစွမ်းအင်အလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင်ရှိနေသော ဧရာမမီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည်။

နဂါးသည် မီးပြင်းဖိုထဲတွင် ကူးခပ်နေပြီး ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအား၊ ချီစွမ်းအားနှင့် ဆေးစွမ်းအားများကို တိတ်ဆိတ်စွာ စုဆောင်းလိုက်သည်။

ထိုစွမ်းအားများက တာအိုအနှစ်သာရမီးပြင်းဖိုထဲတွင် ကျန်နေခဲ့သည်။ အကယ်၍ ဟန်မူယဲ့က မယူဘဲနေလျှင်ပင် ထိုစွမ်းအားများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။

ဝိညာဉ်စွမ်းအားများကို စိတ်နယ်ပယ်ထဲသို့ပို့ပြီး ဝိညာဉ်လိပ်ပြာဓားကို အားဖြည့်ပေးလိုက်သည်။

ချီစွမ်းအင်သည် ဒန်ထျန်ထဲသို့ရောက်သွားပြီး ဓားတာအိုရွှေအမြုတေ၏စွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။

ဆေးစွမ်းအားများကို ခန္ဓာကိုယ်အတွက် အသုံးပြုလိုက်သည်။

နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဟန်မူယဲ့အတွက် ဆေးစွမ်းအားများ မလိုအပ်ပေ။ သို့သော် အနည်းငယ်သည် ဘာမှမရှိသောအရာထက် ပိုကောင်းသည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် ကိုယ်ပိုင်အကျိုးအမြတ်အတွက်သာ ရွေးချယ်နေလျှင် ကောင်းမွန်မည်မဟုတ်ပေ။

အပြင်ဘက်တွင် မီးတောက်များ လျော့နည်းမသွားပေ။ ဟန်မူယဲ့က ဝိညာဉ်စွမ်းအားနှင့် ဆေးစွမ်းအားများကို အဆုံးမရှိ ရနေသည်။

ထိုကျင့်ကြံခြင်းမျိုးသည် အလွန်စိတ်ကျေနပ်စရာကောင်းသည်။

ကိုယ်ပိုင်ဝိညာဉ်ကျောက်တုံးများကို အသုံးမပြုဘဲ ကျင့်ကြံနိုင်လျှင် တက်ကြွနေလိမ့်မည်။

“ဘုန်း”

စမ်းချောင်းများသည် မြစ်တစ်စင်းအဖြစ် ပေါင်းစပ်သွားသည်။ မီးပြင်းဖိုထဲမှစုစည်းထားသော ချီစွမ်းအင်များသည် ဟန်မူယဲ့၏ ဒန်ထျန်ထဲတွင်ရှိသော ဓားတာအိုရွှေအမြုတေကို ရစ်ပတ်လိုက်သည်။

တတိယအဆင့်အထွတ်အထိပ်သို့ရောက်နေသော ရွှေအမြုတေက ဖြည်းဖြည်းချင်း အသွင်ပြောင်းသွားသည်။

ရွှေအမြုတေပေါ်တွင် ဝိညာဉ်အင်းကွက်များ သွယ်ယှက်နေသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ဓားကျင့်ကြံခြင်းပုံရိပ်များ ပေါ်လာသည်။

အံ့ဖွယ်ဓာတ်စင်ဓားနည်းစနစ် ....

အံ့ဖွယ်တစ်ခု ဓားနည်းစနစ် ....

အရှေ့ပင်လယ် ဓားနည်းစနစ် ....

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားနည်းစနစ် ....

ဓားနည်းစနစ်များ၏လမ်းညွှန်မှုအောက်တွင် ရွှေအမြုတေက ပြောင်းလဲသွားခဲ့သည်။

တိတ်ဆိတ်သောအခန်းထဲတွင် ဓားအလင်းများ စုစည်းနေသည်။

ဆယ်ရက်အကြာတွင် ဟန်မူယဲ့က အခန်းထဲမှ ထွက်လာသည်။

သူ့အငွေ့အသက်က အနည်းငယ်ပြောင်းလဲသွားသည်။ သူက အရွှေအမြုတေတတိယအဆင့်မှ စတုတ္ထအဆင့်သို့ ရောက်သွားသည်။

သူ့တွင် ရွေးချယ်စရာမရှိပေ။ သူက စွမ်းအင်အများအပြားကို စုစည်းထားပြီး သန့်စင်ရန် အချိန်မရှိတော့ပေ။

အစပိုင်းနှစ်ရက်ခန့်တွင် အာခီမီပညာရှင်များသည် မီးပြင်းဖိုတစ်ခုလျှင် ဆေးလုံးသုံးထောင်ကို သန့်စင်နိုင်ခဲ့သည်။ သို့သော် ဆေးစွမ်းအားများ အလေအလွင့်ဖြစ်နေသေးသည်။

နောက်ပိုင်းတွင် အာခီမီပညာရှင်များက ပိုမိုကျွမ်းကျင်လာပြီး ပူးပေါင်းဆောင်ရွက်မှုတွင် နားလည်မှုရှိလာသည်။ ထို့ကြောင့် မီးပြင်းဖိုတစ်ခုလျှင် ဆေးလုံးငါးထောင်ကို သန့်စင်နိုင်ခဲ့သည်။

ထို့ကြောင့် တစ်နေ့လျှင် ဆေးလုံးတစ်သိန်း သန့်စင်နိုင်ခဲ့သည်။ ဆေးလုံးများ၏အရည်အသွေးကလည်း ပိုမိုတိုးတက်လာသည်။

တာအိုအနှစ်သာရမီးပြင်းဖိုမှ ရရှိလာသော စွမ်းအားများကလည်း အလွန်များပြားလာပြီး ဟန်မူယဲ့က အချိန်မီ မသန့်စင်နိုင်တော့ပေ။

ချင်စုယန်က လှမ်းခေါ်လိုက်သောကြောင့် ဟန်မူယဲ့က ကျင့်ကြံရာမှ ထွက်လာခဲ့သည်။

ဆယ်ရက်အတွင်း၌သန့်စင်ထားခဲ့သော ဓားဆေးလုံးများကို အာခီမီညီလာခံသို့ သွားပို့ရမည်။

အာခီမီပညာရှင်များက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန် အားနည်းသည်။ သူတို့က ဓားအမြုတေများနှင့်ဆိုလျှင် ပိုမိုလုံခြုံလာလိမ့်မည်။

ဆေးလုံးအများအပြားရထားသောကြောင့် ချင်စုယန်က ကိုယ်တိုင်သွားပေးရမည်။ ဟန်မူယဲ့ကတော့ သူနှင့်အတူ လိုက်ရမည်။

မူဝမ်က စစ်တပ်နှင့်အတူ ရှေ့တန်းသို့ လိုက်သွားသည်။ သူမ၏အခြေအနေကို မသိရသေးပေ။

ထို့အပြင် ဟန်မူယဲ့၊ ချင်စုယန်နှင့် တခြားလူများက ဤကြယ်သေပေါ်တွင် ရှိနေလိမ့်မည်မဟုတ်ပေ။ သူတို့က တခြားလျှို့ဝှက်တာဝန်များကို ဆောင်ရွက်ရဦးမည်။

သူတော်စင်တစ်ဝက်အဆင့်သို့ရောက်နေသော လုယွီကျိုးက ဤနေရာတွင်ရှိနေလျှင် အဆင်ပြေသည်။ တခြားကျွမ်းကျင်သူများက အချိန်မဖြုန်းသင့်ပေ။

လီစစ်မင်ကို ဝိညာဉ်ဆေးပင်များပေးလိုက်ပြီး ဆေးလုံးသန့်စင်မှုကို စောင့်ကြပ်ထားရန် မှာကြားခဲ့သည်။ ထို့နောက် ချင်စုယန်နှင့်ဟန်မူယဲ့က သင်္ဘောပျံကိုစီးပြီး ကျွမ်းကျင်သူ သုံးရာ၊ မီးတောက်နီစစ်သည် တစ်ထောင်နှင့်အတူ တိတ်ဆိတ်စွာထွက်သွားသည်။

ဤတစ်ကြိမ်တွင် သင်္ဘောပျံက လမ်းကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ အာကာသထဲတွင် သန္ဓေပြောင်းသားရဲများနှင့် တွေ့ခဲ့လျှင်ပင် မတိုက်ခိုက်ဘဲ ရှောင်သွားလိမ့်မည်။

မိုင်သောင်းချီအကွာတွင် သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံများကို တွေ့လိုက်ရသည်။ စစ်မြေပြင်သတင်းများကိုလည်း သိလိုက်ရသည်။

စစ်မြေပြင်သို့ သန်းချီသောစစ်ကူများရောက်လာပြီး သိမ်းပိုက်ခံထားရသော ကမ္ဘာအများအပြားကို တည်ငြိမ်စေခဲ့သည်။

ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်နှင့် အငြိုးအတေးမဲ့နယ်မြေ၏ စစ်တပ်က ကြယ်အချို့အပေါ်တွင် တိုက်ခိုက်နေကြသည်။ နှစ်ဖက်ကျွမ်းကျင်သူများက အစွမ်းကုန်တိုက်ခိုက်ပြီး တစ်ဖက်လူများကို အနိုင်ယူချင်နေသည်။

စစ်တပ်၏ခေါင်းဆောင်အသစ်ဖြစ်သူ လုယန်က စစ်တပ်ကိုဦးဆောင်ပြီး ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲများတွင် သားသတ်သမားလုက နာမည်ကြီးလာသည်။

ဟန်မူယဲ့၏သင်္ဘောပျံက ရှေ့တန်းသို့ မသွားခဲ့ပေ။ နောက်တန်းတွင်ရှိသော ဟွေမင်ကမ္ဘာဟုခေါ်သည့် ကြယ်တစ်စင်းတွင် ရပ်တန့်လိုက်သည်။

အာခီမီညီလာခံကို ဟွေမင်ကမ္ဘာတွင် ကျင်းပနေသည်။

ယခုအချိန်တွင် ပိုင်လီရှင်းလင်ဦးဆောင်သော အာခီမီညီလာခံက ရက်အချို့ကြာသည်အထိ ကျင်းပပြီးခဲ့သည်။

ဟန်မူယဲ့တို့ရောက်လာသောအခါတွင် ဆေးလုံးချီများက ကောင်းကင်ထက်ပေါ်၌ တိမ်တိုက်များအဖြစ် စုစည်းနေကြောင်း မြင်လိုက်ရသည်။

အဆုံးမရှိသော ချီစွမ်းအင်အလင်းများက ဤကမ္ဘာကို လွှမ်းခြုံထားသည်။

ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေးများကို တစ်ခုပြီးတစ်ခု တိမ်တိုက်ဆေးလုံးများအဖြစ် သန့်စင်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းများထဲတွင် သိမ်းထားသည်။

“ချင်စုယန်၊ ငါတို့က သုံးလကြာရင်တွေ့မယ်လို့ သဘောတူထားတာ။ မင်းက အစောကြီးရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”

ချင်စုယန်၊ ဟန်မူယဲ့နှင့် တခြားလူများကို တွေ့လိုက်ရသောအခါတွင် ပိုင်လီရှင်းလင်က ပျော်သွားပုံပေါ်သည်။

တခြားဆရာသခင်များကလည်း ပြုံးလိုက်ပြီး ရှေ့တက်၍ အရိုအသေပေးသည်။

ယခင်တွက်ချက်မှုများအရ ပထမဆုံး ဓားဆေးလုံးတစ်သန်းကို သန့်စင်ရန်အတွက် အနည်းဆုံး သုံးလကြာလိမ့်မည်။

ထို့ကြောင့် သူတို့က ဆေးလုံးများသန့်စင်ပြီးသည်အထိ စောင့်ဆိုင်းရန် သဘောတူခဲ့သည်။

သုံးလအကြာတွင် ဆေးလုံးများကို ဆုအဖြစ် အာခီမီညီလာခံသို့ ပို့ပေးလိမ့်မည်။

သို့သော် ယခုအချိန်တွင် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပြီးဆုံးသွားသည်။

ချင်စုယန်က လက်မြှောက်လိုက်သောအခါတွင် ဓားအမြုတေတစ်ခု ပေါ်လာသည်။

ပိုင်လီရှင်းလင်က ယူကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။

“ဓားဆေးလုံးတွေ ဘယ်လောက်ယူလာခဲ့တာလဲ”

ချင်စုယန်က ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ပေးသည်။

ထိုကျောက်စိမ်းသေတ္တာသည် ပစ္စည်းအများအပြားကို နေရာလွတ်ထဲတွင် ထည့်သိမ်းထားနိုင်သော ရတနာတစ်ခုဖြစ်သည်။

ယခုအချိန်တွင် ကျောက်စိမ်းသေတ္ထာထဲ၌ ဆေးလုံးများဖြင့် ပြည့်နေသည်။

ဓားဆေးလုံးများ ....

နေ့တစ်ဝက်အကြာတွင် ဟွေမင်ကမ္ဘာ၏ကောင်းကင်ထက်၌ ဓားအလင်းများဖြင့် ပြည့်သွားသည်။

All Chapters