အခန်း (၅၃၉)
Vol. 39 Ch. 539
“အကြီးအကဲ၊ ကျွန်တော်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အပြင်စည်းနံပတ်တစ်တပည့် မော့ယွမ်ဆီကနေ ဓားနည်းစနစ်တစ်ခုကို သင်ယူထားတယ်”
“အဲဒီဓားနည်းစနစ်ကို ဖန်တီးဖို့အတွက် ဓားတစ်သောင်းကို နှစ်ပေါင်းနှစ်ရာကြာအောင် လေ့လာပြီး စုစည်းခဲ့တယ်”
“ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်လို့ ခေါ်တယ်”
ဟန်မူယဲ့က မှူးမတ်ဝူဆီသို့လှည့်ထားသော ဓားအလင်းများကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။ “အကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ဓားချက်ကို ကြည့်ပါ”
သူစကားပြောပြီးသောအခါတွင် ဓားတစ်သောင်းပေါ်ထွက်လာသည်။
ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်၊ ဓားတစ်လက်မှ ဓားတစ်သောင်းအဖြစ် ခွဲထွက်ခြင်း ....
“ကောင်းတယ်”
မှူးမတ်ဝူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော ပေတစ်သောင်းဓားအလင်းဖြင့် ခုတ်ချသည်။
ကောင်းကင်ထက်တွင် ဓားချီများမြင့်တက်လာပြီး ဓားတစ်သောင်းသည် တစ်ပြိုင်နက်ပြေးထွက်သွားသည်။
ဟန်မူယဲ့လွှတ်လိုက်သောဓားများသည် ပျံသန်းသွားသောအချိန်၌ ရုတ်တရက်ထိတွေ့ပြီး ပေါင်းစပ်သွားကြသည်။
ယခုအချိန်တွင် ဓားတစ်သောင်းသည် ဓားတစ်လက်အဖြစ် ပြန်လည်စုစည်းသွားသည်။
ဓားခုတ်ချလိုက်သောမှူးမတ်ဝူက ပျော်ရွှင်စွာရယ်မောလိုက်သည်။
“ဓားတာအိုကို ဒီအဆင့်အထိကျင့်ကြံနိုင်တာ ရှားပါးလွန်းတယ်။ မင်းက ဓားစံအိမ်ရဲ့အသိအမှတ်ပြုခြင်းကို ရခဲ့တဲ့အတွက် မအံ့ဩတော့ပါဘူး”
သူက လက်မြှောက်လိုက်ပြီး ခုတ်ချလိုက်သောဓားအလင်းကို ပြန်သိမ်းသည်။
“ဒီဓားနဲ့ဆိုရင် မင်းက နေရာအနှံ့ကို သွားနိုင်ပြီ”
ဟန်မူယဲ့၏ဓားကိုကြည့်လိုက်ပြီး မှူးမတ်ဝူ၏မျက်နှာထားက ဖြည်းဖြည်းချင်း လေးနက်လာသည်။
သူ့နောက်တွင် ပေတစ်သောင်းရှည်လျားသော အစိမ်းရောင်နဂါးတစ်ကောင် ပေါ်လာသည်။
မဟာမိစ္ဆာ၏ အစစ်အမှန်ခန္ဓာကိုယ် ....
ရှေးခေတ် အစိမ်းရောင်နဂါးသွေးမျိုးဆက် ....
ယခုအချိန်တွင် ဟန်မူယဲ့က သူနှင့်တူသော နတ်ဘုရားသားရဲတစ်ကောင်၏ခန္ဓာကိုယ်ကို သန့်စင်ထားသည့် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ကို မြင်လိုက်ရသည်။
‘မဟုတ်ဘူး။ သူက နတ်ဘုရားသားရဲရဲ့ခန္ဓာကိုယ်ကို သန့်စင်ထားတာမဟုတ်ဘူး။ မှူးမတ်ဝူက ရှေးခေတ်အစိမ်းရောင်နဂါးကလန်ကပဲ’
ထို့ကြောင့် အမတ်ချုပ်ကြီးဝမ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကောင်းကင်တာအို၏ သူတော်စင်တစ်ယောက် ဖြစ်သွားသော်လည်း မှူးမတ်ဝူက ဆက်လက်ကျင့်ကြံနိုင်ခဲ့သည်။
သူက ကောင်းကင်တာအိုစွမ်းအားကို ကျင့်ကြံခြင်းမဟုတ်ဘဲ သွေးမျိုးဆက်စွမ်းအားကို ကျင့်ကြံသည်။
ထိုရှေးခေတ်သွေးမျိုးဆက်သည် သူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်သည်။
“ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက နှစ်ပေါင်းသုံးသောင်းကျင့်ကြံဖို့အတွက် ငါ့ကို ပျက်စီးခြင်းစကြဝဠာရဲ့ အစိမ်းရောင်နဂါးမျိုးနွယ်ကနေ ခေါ်သွားခဲ့တယ်”
“ဆရာရဲ့ တပည့်သုံးထောင်ထဲမှာ တပည့်တစ်ရာလောက်ပဲ သူ့အမွေအနှစ်ကို ရနိုင်တယ်”
“နောက်ဆုံးမှာတော့ ဆရာတူအစ်ကိုဝမ်၊ ဆရာတူညီလေးယွမ်ထျန်းနဲ့ ငါကပဲ အမွေအနှစ်ကို ရခဲ့တယ်”
မှူးမတ်ဝူက ဓားတစ်လက်ကိုင်ထားပြီး ခန္ဓာကိုယ်ပတ်လည်တွင် အလင်းစက်ကွင်းများကို ထုတ်လွှတ်နေသည်။ သာလွန်သော ချီစွမ်းအင်အငွေ့အသက်များ ပေါ်ထွက်လာသည်။
သူက ကျဆင်းလာသောဓားရှည်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ဆရာတူအစ်ကိုဝမ်က ကောင်းကင်နဲ့မြေကြီးရဲ့ကျားကွက်ကို ကျင့်ကြံပြီး အရာအားလုံးကို ကျားစေ့အဖြစ် အသုံးချတယ်”
“ဆရာတူညီလေးယွမ်ထျန်းက ဓားတာအိုရဲ့အစစ်အမှန်အဓိပ္ပာယ်ကိုကျင့်ကြံပြီး ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို အသုံးပြုခဲ့တယ်”
“ငါက ပျက်စီးခြင်းစကြဝဠာကို ပြန်လည်စုစည်းဖို့ သစ္စာဆိုခဲ့တယ်။ အဲဒါကြောင့် ငါ့ရဲ့ကြေးခွံတွေကို စစ်သားအဖြစ်အသုံးချပြီး ကောင်းကင်စက်ဝန်းစစ်ပွဲဝင်္ကပါအတွက် ကြေးခွံ ၃၆၁,၀၀၀ခုကို တည်ဆောက်ခဲ့တယ်”
“မင်းက ဆရာရဲ့အမွေအနှစ်ကိုရရှိခဲ့တာ ကံကြမ္မာကြောင့်ဖြစ်လိမ့်မယ်”
“မင်းက ကောင်းကင်စက်ဝန်းစစ်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်ရင် ကောင်းကင်အံ့ဖွယ်ဂိုဏ်းရဲ့ကောင်းကင်အောက်မှာ နောက်ထပ်လူတစ်ယောက် ထပ်တိုးလာလိမ့်မယ်”
သူ့စကား အဆုံးသတ်သွားသောအခါ ကောင်းကင်တွင် အစိမ်းရောင်အလင်းများဖြင့် ပြည့်သွားသည်။
ဆယ်ပေမြင့်မားသော အစိမ်းရောင်ကြေးခွံများက လှံကိုင်ထားသောစစ်သည်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့က တိုက်ပွဲဝင်္ကပါတစ်ခုတည်ဆောက်ပြီး လေထုထဲတွင် ရပ်နေသည်။
စစ်သည် ၃၆၁,၀၀၀က ဝင်္ကပါတစ်ခုတည်ဆောက်ထားပြီး ဟန်မူယဲ့ကို ဝိုင်းရံလိုက်သည်။
ထိုအချိန်တွင် ဓားရှည်က မှူးမတ်ဝူ၏ရှေ့သို့ ရောက်နေသော်လည်း ရှေ့ဆက်မသွားနိုင်တော့ပေ။
“တိုက်ပွဲဝင်္ကပါလား”
ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး ပြုံးသည်။
“ကျွန်တော်က ကောင်းကင်စက်ဝန်းကျားကွက်ကို ရရှိလိုက်တဲ့အချိန်မှာ မှူးမတ်ဝူက စစ်တပ်ဝင်္ကပါနဲ့ တာအိုကိုရရှိထားတာဖြစ်လိမ့်မယ်လို့ တွက်ချက်ကြည့်ခဲ့တယ်”
မှူးမတ်ဝူက လက်မြှောက်ပြီး အပြုံးတစ်ခုနှင့်အတူ ရှေ့တွင်ရှိသောဓားရှည်၏ထိပ်ဖျားကို ထိတွေ့သည်။
“မင်းပြောတာမှန်တယ်။ ငါ့ဝင်္ကပါကို မင်းဘယ်လိုချိုးဖျက်မလဲဆိုတဲ့အပေါ်မှာ ....”
စကားမဆုံးခင် မှူးမတ်ဝူက မျက်လုံးပြူးသွားသည်။
စစ်တပ်ဝင်္ကပါ၏ဝိုင်းရံမှုကိုခံထားရသော ဟန်မူယဲ့၏ပတ်ပတ်လည်တွင် ပါ့ရှား၏ပုံရိပ်ပေါ်လာသည်။
ပါ့ရှား၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ ပြေးလွှားနေသည်။
“မှူးမတ်ဝူ၊ ခင်ဗျားက စစ်တပ်ဝင်္ကပါကို မသင်ယူခဲ့ဘူးပဲ။ ခင်ဗျားရဲ့သွေးမျိုးဆက်စွမ်းအားကို ပိတ်လှောင်ပြီး ခင်ဗျားရဲ့တာအိုနယ်မြေစွမ်းအားနဲ့ ခင်ဗျားရဲ့အဓိကခန္ဓာကိုယ်ကို လူသားလောကမှာ ရှိနေစေခဲ့တယ်”
“အရှေ့ပင်လယ်ရေနဂါးမျိုးနွယ်က ခင်ဗျားရဲ့သွေးမျိုးဆက်မဟုတ်လား”
ဟန်မူယဲ့က အော်ပြောလိုက်သည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော ပြင်းထန်သည့် သွေးနှင့်ချီစွမ်းအားများက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စစ်တပ်ဝင်္ကပါတင်မကဘဲ မှူးမတ်ဝူ၏ တာအိုနယ်မြေစွမ်းကလည်း တားဆီးမထားနိုင်ခဲ့ပေ။
ဟန်မူယဲ့၏ပတ်ပတ်လည်တွင် နေရာလွတ်တစ်ခုဖြစ်သွားသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး နောက်ထပ်ဓားတစ်လက်ကို စုစည်းသည်။
“အစပိုင်းမှာ ကျွန်တော်က ခင်ဗျားရဲ့စစ်တပ်ဝင်္ကပါကို ဓားတာအိုရဲ့ အဆင့်လေးနားလည်နိုင်စွမ်းနဲ့ ချိုးဖောက်ကြည့်မလို့ပဲ။ ဒါပေမဲ့ အခု စိတ်ကူးအသစ်ရလာတယ်”
ဟန်မူယဲ့၏စကားသံက အဆုံးမရှိသောယုံကြည်ချက်များ၊ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။
“ဓားကျင့်ကြံခြင်းက လောကရဲ့ အသန့်စင်ဆုံးစွမ်းအားကို ဖော်ပြနိုင်တယ်”
“အရာအားလုံးကို တစ်ချက်တည်း ခုတ်ပစ်နိုင်တယ်”
“ဒါပေမဲ့ စွမ်းအားသန့်စင်မှုက အဆုံးစွန်ဆုံးအရာမဟုတ်ဘူး”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားသည် သွေးမျိုးဆက်စွမ်းအားများ စုစည်းလာသောကြောင့် အဆုံးမရှိသောသွေးရောင်အလင်းကို ထုတ်ပေးနေသည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်တွင်ရှိသော အသန်မာဆုံးစွမ်းအားသည် ဓားတာအိုရွှေအမြုတေမဟုတ်သလို ချီပင်လယ်ထဲတွင်ရှိသော ဓားဆန္ဒလည်း မဟုတ်ပေ။ စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်လိပ်ပြာဓားလည်း မဟုတ်ပေ။
ထိုစွမ်းအားများက သန်မာသော်လည်း မှူးမတ်ဝူနှင့်ယှဉ်လိုက်လျှင် အကူအညီမဲ့သွားရလိမ့်မည်။ စစ်တပ်ဝင်္ကပါကိုလည်း ချိုးဖောက်နိုင်မည်မဟုတ်ပေ။
လောကတွင် တာအိုနယ်မြေကို တူညီသောစွမ်းအားဖြင့်သာ ချိုးဖောက်နိုင်သည်။
ဥပမာပေးရလျှင် နတ်ဘုရားသားရဲပါ့ရှား၏ သန့်စင်သောခွန်အားဖြစ်သည်။
ရုပ်ခန္ဓာစွမ်းအားကို ဓားတစ်လက်အဖြစ်အသုံးချပြီး သွေးအဆီအနှစ်များက လမ်းညွှန်ပေးမည်။ ဤဓားချက်သည် ပါ့ရှား၏တိုက်ခိုက်မှုဖြစ်သည်။
“မှူးမတ်ဝူ၊ ဒီဓားချက်က ဘယ်လိုဖြစ်သွားမလဲ ကြည့်ရအောင်”
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ထဲတွင်ရှိသောဓားကိုမြှောက်၍ မှူးမတ်ဝူကို ခုတ်ချသည်။
ဓားချက်ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်၌ရှိနေသော တာအိုနယ်မြေသည် ပြိုကွဲသွားသည်။
မှူးမတ်ဝူက နာကျင်နေသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး လက်ကို ဖိချသည်။
“ဘုန်း”
တိတ်ဆိတ်နေသောအခန်းထဲတွင် လေပြင်းများပေါ်ထွက်လာပြီး စက္ကူနှင့်သစ်သားများကို ယိမ်းထိုးသွားစေသည်။
တာအိုနယ်မြေပျက်စီးသွားပြီး မှူးမတ်ဝူ၏အခန်းက ရှုပ်ပွသွားသည်။
စားပွဲခုံရှေ့တွင်ထိုင်နေသော မှူးမတ်ဝူက ခါးသီးစွာပြုံးလိုက်ပြီး သူ့ရှေ့တွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်သည်။
‘သူက အစစ်အမှန်ဓားကျင့်ကြံသူတစ်ယောက်ပဲ’
‘ငါက အဲဒီလိုဓားချက်မျိုးကို မသုံးနိုင်ဘူး’
ဓားကျင့်ကြံသူများအားလုံးသည် အရူးများဖြစ်ကြသည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင်ရှိသော တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားပြီး ပြုံးလိုက်သည်။
ယခုအချိန်တွင် သူက မှူးမတ်ဝူ၏ခွန်အားကို စိန်မခေါ်နိုင်သေးပေ။
ပြန်လည်မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် တာအိုနယ်မြေတစ်ခုတည်းအပေါ်တွင် မှီခိုနေခြင်းမဟုတ်ပေ။
ကံကြမ္မာ၏ နောက်ပိုင်းအဆင့်သို့ရောက်နေသော ကျွမ်းကျင်သူများသည် စွမ်းအားပြောင်းလဲနိုင်ရန် ကြိုးစားနေကြသည်။
ပြောင်းလဲနေသောထိုစွမ်းအားမျိုးကို ဟန်မူယဲ့က လက်ရှိအချိန်တွင် တွက်ချက်မကြည့်နိုင်ပေ။
သို့သော် မှူးမတ်ဝူပြောခဲ့သည့်အတိုင်း သူ့ဓားချက်သည် အရာအားလုံးကို ရှင်းပြနိုင်သည်။
သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ထိုဓားချက်မျိုးကို ထုတ်သုံးနိုင်သည်။
ထိုဓားချက်ကို မှူးမတ်ဝူကလည်း အသိအမှတ်ပြုလိုက်ရသည်။
နယ်မြေစွမ်းအားဖြင့် သွေးမျိုးဆက်စွမ်းအားကို ချိပ်ပိတ်ထားသော မှူးမတ်ဝူက စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်လျှင် စိတ်ကူးမယဉ်နိုင်လောက်သောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်လိမ့်မည်။
“ပါ့ရှားကလန်ရဲ့သွေးမျိုးဆက်ကိုဖိနှိပ်ထားတဲ့ နတ်ဘုရားကျောက်တိုင်ကို ငါသိတယ်”
မှူးမတ်ဝူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အဲဒါနဲ့ ပျက်စီးခြင်းတောရိုင်းကို လဲမယ်”
ပါ့ရှားကလန်၏သွေးမျိုးဆက်ကိုဖိနှိပ်ထားသော နတ်ဘုရားကျောက်တိုင် ....
ပါ့ရှားကလန်၏သွေးမျိုးဆက်သည် အလွန်အားကောင်းသောကြောင့် ခန္ဓာကိုယ်များ ပိုမိုကြီးမားလာသည်။ ထို့ကြောင့် ပါ့ရှားကလန်၏ဘိုးဘေးက နတ်ဘုရားကျောက်တိုင်ကိုဖန်တီးရန်အတွက် မဟာနည်းစနစ်တစ်ခုကို အသုံးပြုခဲ့သည်။ ထို့နောက် နတ်ဘုရားသားရဲပါ့ရှား၏ကျောပေါ်သို့ တင်ပေးလိုက်သည်။
နတ်ဘုရားကျောက်တိုင်၏ဖိနှိပ်မှုကြောင့် ပါ့ရှားက ခန္ဓာကိုယ်အရွယ်အစားကို စိတ်ကြိုက်ပြောင်းလဲနိုင်ခဲ့သည်။
သွေးမျိုးဆက်စွမ်းအားမှတ်ဉာဏ်များအရ ထိုကောလဟာလသည် အပြည့်အဝမှန်ကန်မှုမရှိသော်လည်း တချို့အရာများသည် စစ်မှန်ကြောင်း ဟန်မူယဲ့က သိထားသည်။
ဥပမာအနေဖြင့် နတ်ဘုရားကျောက်တိုင်သည် ပါ့ရှား၏သွေးမျိုးဆက်ကို အမှန်တကယ်သိပ်သည်းနိုင်သည်။
ဟန်မူယဲ့၏ လက်ရှိကျင့်ကြံခြင်းအမြန်နှုန်းနှင့်ဆိုလျှင် ပါ့ရှား၏ခန္ဓာကိုယ်ကို အပြည့်အဝသန့်စင်ရန် နှစ်ပေါင်းတစ်ထောင် သို့မဟုတ် နှစ်ပေါင်းတစ်သောင်း ကြာမြင့်သွားလိမ့်မည်။
သို့သော် နတ်ဘုရားကျောက်တိုင်နှင့်ဆိုလျှင် ဆယ်စုနှစ်အနည်းငယ်သာ ကြာမြင့်လိမ့်မည်။
ဟန်မူယဲ့အတွက် နတ်ဘုရားကျောက်တိုင်သည် အလွန်ကောင်းမွန်သော အထောက်အကူပစ္စည်းဖြစ်သည်။
သို့သော် ပျက်စီးခြင်းတောရိုင်းနှင့် ထိုကျောက်တိုင်ကိုလဲလှယ်ရန် အနည်းငယ်တုံ့ဆိုင်းနေသည်။
ပျက်စီးခြင်းတောရိုင်းကို ရှန့်လင်းရွှမ်းဆီသို့ပေးထားပြီး အနာဂတ်တွင် ပျက်စီးခြင်းစကြဝဠာကမ္ဘာသို့ သွားနိုင်ရန် လမ်းညွှန်တစ်ခု ဖြစ်လာလိမ့်မည်။
ပျက်စီးခြင်းကမ္ဘာသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာကဲ့သို့ အားကောင်းပြီး ကြွယ်ဝသည်။
ဟန်မူယဲ့က သွေးမျိုးဆက်စွမ်းအား၏ရင်းမြစ်ကို ရှာဖွေချင်သောကြောင့် ထိုနေရာသို့ သွားရလိမ့်မည်။
“စိတ်မပူပါနဲ့။ ငါက ပျက်စီးခြင်းကမ္ဘာကို ပြန်ဖို့အတွက် ပျက်စီးခြင်းတောရိုင်းကို လိုချင်တာပါ”
ဟန်မူယဲ့က တုံ့ဆိုင်းနေသောကြောင့် မှူးမတ်ဝူက ညင်သာစွာပြောလိုက်သည်။
“ဆရာတူအစ်ကိုဝမ်မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်။ ငါက ပျက်စီးခြင်းကမ္ဘာကိုသွားဖို့ အချိန်ကျလာပြီ”
“နောက်ဆုံးကျရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက မင်းအတွက်ပဲ ဖြစ်လာမှာပါ”
မှူးမတ်ဝူ၏လေသံက အနည်းငယ်အထီးကျန်နေပုံပေါ်သည်။
သို့သော် ဟန်မူယဲ့အတွက် အနည်းငယ်ကွဲပြားနေသည်။
မှူးမတ်ဝူက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားချင်သည်။ အမတ်ချုပ်ကြီးဝမ်၏အကြံအစည်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကျော်လွန်နေပုံရသည်။
‘သူတော်စင်ဖြစ်သွားတဲ့လူတွေက ဘယ်ကိုသွားကြတာလဲ’
“ကျွန်တော်က ပျက်စီးခြင်းတောရိုင်းကို ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ကျွန်တော်ကလည်း ပျက်စီးခြင်းကမ္ဘာကို သွားချင်တယ်”
ဟန်မူယဲ့က မှူးမတ်ဝူကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
မှူးမတ်ဝူ၏ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းအရဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အပြင်ဘက်တွင် လွင့်မျောနေသော ပျက်စီးခြင်းတောရိုင်းကို လုယူနိုင်သည်။ သို့သော် ထိုသို့မလုပ်ဘဲ တောင်းဆိုပြီး ဟန်မူယဲ့ကို မျက်နှာသာပေးနေသည်။
“ကောင်းပြီ”
မှူးမတ်ဝူက ပြုံးလိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ပေးသည်။ သူက ပြောလိုက်သည်။
“မင်းက နတ်ဘုရားကျောက်တိုင်ကို ဘယ်တော့သွားရှာမှာလဲ။ ငါ့ကို ကြိုပြီးအသိပေးပါ”
မျက်နှာသာပြန်ပေးခြင်းဖြစ်သည်။ ဟန်မူယဲ့က နတ်ဘုရားကျောက်တိုင်ကို သွားရှာလျှင် သူက ကူညီပေးနိုင်သည်ဟု ပြောနေသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့်စစ်ဆေး၍ ထွက်သွားသည်။
အခန်းထဲမှထွက်သွားသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မှူးမတ်ဝူ၏မျက်လုံးများ တောက်ပသွားသည်။