အခန်း (၅၄၃)
Vol. 39 Ch. 543
ခန်းဆောင်၏အပြင်တွင်ရပ်နေသော ဟန်မူယဲ့က ခဏစောင့်နေခဲ့သည်။ သူက နောက်သို့ လှည့်ကြည့်လိုက်သောအခါတွင် ချိပ်တံဆိပ်အပိုင်းအစကို ကိုင်ထားသော နတ်သခင်ထိုက်ယွီအား မြင်လိုက်ရသည်။
တခြားနတ်သခင်သုံးယောက်နှင့် နတ်စစ်သူကြီးများက နောက်မှ နီးကပ်စွာလိုက်လာသည်။
“စစ်သူကြီးစွန်း၊ ငါတို့က မင်းရဲ့တောင်းဆိုချက်ကို လက်ခံပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို အာကာသထဲမှာရှိတဲ့ နတ်ဘုရင်ရဲ့အစိတ်အပိုင်းဆီ ခေါ်သွားပေးပါ”
နတ်သခင်ထိုက်ယွီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ခင်ဗျားတို့ပဲလား”
နတ်သခင်မကျီထိုက်က ကြည်လင်သောအသံဖြင့် ပြောသည်။
“နင်က ငါတို့ကို နတ်ဘုရားချိပ်တံဆိပ်အပိုင်းအစတွေရှိတဲ့နေရာဆီ ခေါ်သွားဖို့ပဲလိုတာပါ။ အဲဒါကိုခွဲဝေဖို့က ငါတို့ကိစ္စပါ”
တစ်ဖက်တွင် ပေါက်ကွဲသံများကို ကြားနေရသည်။ တိုက်ပွဲတစ်ခု ဖြစ်နေသည်။
ယွင်ချန်ကြယ်၏ နတ်စစ်သူကြီးများသည် တခြားလူများနှင့် တိုက်ခိုက်နေသည်။
သို့သော် နတ်သခင်လေးပါးက ဂရုမစိုက်ပေ။ သူတို့က နတ်ဘုရားချိပ်တံဆိပ်၏ အစိတ်အပိုင်းများကိုသာ ရှာချင်သည်။
ယခုအချိန်တွင် နတ်ဘုရားချပ်တံဆိပ်ကိုရှာဖွေရန် အရေးအကြီးဆုံးဖြစ်သည်။ တခြားလူများ၏သေခြင်းရှင်ခြင်းကို ဂရုစိုက်နေမည်မဟုတ်ပေ။
“ဘုန်း”
ငါးခုမြောက်နတ်ဘုရားချိပ်တံဆိပ်ကို ရှာတွေ့သွားသောအခါတွင် နတ်သခင်ထိုက်ယွီ၏ခန္ဓာကိုယ်က နတ်ဘုရားအလင်းများဖြင့် ပြည့်နှက်လာသည်။
အဆင့်တက်သွားသည်။
နတ်ဘုရားချိပ်တံဆိပ်အပိုင်းအစများကို စုစည်းပြီး ခန္ဓာကိုယ်ထဲတွင် သန့်စင်လိုက်သောအခါတွင် သူက ဝိညာဉ်ဖွဲ့စည်းခြင်းတတိယအဆင့်သို့ ရောက်သွားသည်။
ထိုမြင်ကွင်းကြောင့် တခြားနတ်သခင်များက စိတ်လှုပ်ရှားသွားပြီး ပြန့်ကျဲနေသော ချိပ်တံဆိပ်အစိတ်အပိုင်းများကို လျင်မြန်စွာလိုက်ရှာလိုက်သည်။
“ဘုန်း”
ဒုတိယမြောက်အဆင့်တက်သွားသောလူသည် နတ်သခင်မင်ကျီးဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအလင်းများ ပေါ်ထွက်လာပြီး နောက်ဆုံးကျန်နေသော ကျန်ဘုရားအလင်းသည် ငြိမ်းသက်သွားခဲ့သည်။
“ဝီ”
နတ်သခင်မကျီထိုက်က နတ်ဘုရားချိပ်တံဆိပ်အပိုင်းအစတစ်ခုကို ဆွဲယူလိုက်သည်။ သူမက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။
နတ်သခင်ထိုက်ယွီနှင့် တခြားလူများကလည်း ရွှေရောင်တောက်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ဆီသို့ ရောက်လာသည်။
“စစ်သူကြီးစွန်း၊ နောက်ထပ် နတ်ဘုရားချိပ်တံဆိပ်တစ်ဝက်က ဘယ်မှာလဲ”
နတ်သခင်ထိုက်ယွီက ဟန်မူယဲ့ကိုစိုက်ကြည့်လိုက်ပြီး တီးတိုးမေးသည်။
သူတို့က နတ်ဘုရားချိပ်တံဆိပ်၏တစ်ဝက်ကိုသာ စုစည်းနိုင်ခဲ့သည်။ ထို့ကြောင့် ယွင်ချန်ကြယ်၏ နတ်ဘုရင်စွမ်းအားကိုစုစည်းရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ကျန်တစ်ဝက်သည် ဟန်မူယဲ့နှင့် တစ်ခုခုပတ်သတ်နေရမည်။
နတ်ဘုရားအလင်းများသည် ဟန်မူယဲ့၏ခေါင်းပေါ်သို့ ဧရာမတောင်တစ်လုံးသဖွယ် ဆင်းသက်လာသည်။
သို့သော် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ ခမ်းနားသောနတ်ဘုရားအလင်းများထွက်လာပြီး ဖိအားများအားလုံးကို ခုခံထားသည်။
သူ့နတ်ဘုရားအလင်း၏စွမ်းအားသည် နတ်သခင်လေးပါးအောက် မကျပေ။
နတ်စစ်သူကြီးတစ်ယောက်တွင် ထိုစွမ်းအားမျိုးမရှိနိုင်ပေ။ သူက နတ်ဘုရင်တစ်ပါး၏စွမ်းအားများကို ဆက်ခံထားခြင်းဖြစ်လိမ့်မည်။
ဟန်မူယဲ့က အလင်းတန်းထဲတွင်ရှိနေပြီး နတ်ဘုရင်လေးပါးကိုကြည့်၍ တည်ငြိမ်သောမျက်နှာထားဖြင့် ပြောသည်။
“ယွင်ချန်ကြယ်က အခြေအနေကိုထိန်းသိမ်းဖို့အတွက် နတ်ဘုရင်တစ်ပါးလိုအပ်တယ်လို့ နတ်ဘုရင်သွမ်ယွဲ့က ပြောလိုက်တယ်”
“မင်းတို့လေးယောက်ထဲမှာ တစ်ယောက်ကပဲ နတ်ဘုရင်ဖြစ်နိုင်မယ်”
ဟန်မူယဲ့က မျက်နှာထားဆိုးဝါးနေသော နတ်ဘုရင်လေးပါးကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“နတ်ဘုရင်တစ်ပါးက နတ်ဘုရားချိပ်တံဆိပ်ကိုစုစည်းပြီး ကောင်းကင်တာအိုကို ထိန်းချုပ်တယ်။ ယုံကြည်မှုစွမ်းအားတွေက မင်းတို့ထင်သလိုမျိုး မရိုးရှင်းဘူး”
“ငါတို့က ယွင်ချန်ကြယ်ရဲ့နတ်ဘုရားစွမ်းအားတွေကို မပေါင်းစည်းဘူးဆိုရင် နှစ်တစ်ရာအတွင်းမှာ ကောင်းကင်တာအိုက လွတ်မြောက်သွားပြီး နတ်ဘုရားတာအိုစွမ်းအားက ပျောက်ကွယ်သွားလိမ့်မယ်”
“အဲဒီအချိန်ကိုရောက်ရင် မင်းတို့တွေ ဘယ်နေရာကိုမှ သွားနိုင်တော့မှာမဟုတ်ဘူး”
ဟန်မူယဲ့၏စကားကြောင့် နတ်သခင်လေးပါး၏မျက်နှာထားက ပိုမိုဆိုးဝါးသွားသည်။
သူတို့အားလုံးက နတ်ဘုရားချိပ်တံဆိပ်၏အစိတ်အပိုင်းများကို ဆုပ်ကိုင်ထားသောကြောင့် ဟန်မူယဲ့၏စကားများက မှန်ကန်နေကြောင်း သိလိုက်ရသည်။
ကောင်းကင်တာအိုသည် အသိစိတ်ရှိပြီး တခြားလူများ၏ကျွန်ပြုခြင်းကို မခံလိုပေ။
နတ်ဘုရင်တစ်ပါး၏ဖိနှိပ်မှုမရှိလျှင် ကောင်းကင်တာအိုသည် နတ်ဘုရားတာအိုအမွေအနှစ်ကိုဖျက်ဆီးရန် နည်းလမ်းရှာလိမ့်မည်။
“အဲဒါက နောက်ကျမှဖြစ်လာမယ့်ပြဿနာပဲ။ အခု ငါတို့ကို နတ်ဘုရားချိပ်တံဆိပ်အပိုင်းအစတွေ ပေးလိုက်ပါ”
နတ်သခင်မကျီထိုက်က ဟန်မူယဲ့ကိုစိုက်ကြည့်နေပြီး တီးတိုးပြောသည်။
သူမ၏စကားများကြောင့် တခြားလူသုံးယောက်က တုန်ခါသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“ငါ့မှာ နတ်ဘုရားချိပ်တံဆိပ်တစ်ဝက် မရှိဘူး။ ငါ့တို့နတ်ဘုရင်ရဲ့လက်ထဲမှာပဲ ရှိတယ်”
နတ်ဘုရားချိပ်တံဆိပ်တစ်ဝက်သည် နတ်ဘုရင်သွမ်ယွဲ့၏လက်ထဲတွင် ရှိနေသည်။
နတ်သခင်လေးပါး၏မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။ သူတို့က စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး နတ်ဘုရားအလင်းတန်းတစ်ခုကို ထုတ်လွှတ်သည်။
“နတ်သခင်မင်ကျီး၊ ငါ့ရဲ့နတ်ဘုရင်က ခဏနေရင် ရောက်လာလိမ့်မယ်။ နတ်ဘုရားချိပ်တံဆိပ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကို စုစည်းပြီး သူ့ရဲ့အတည်ပြုချက်ကိုရနိုင်ဖို့ မင်းအပေါ်မှာပဲ မူတည်နေတယ်”
ထိုသို့ဖြင့် ဟန်မူယဲ့က နောက်ဆုတ်သွားသည်။
နတ်ဘုရားအလင်းများ တောက်ပနေပြီး အာကာသထဲကို အလင်းပေးနေသည်။
နတ်သခင်မင်ကျီးက ဟန်မူယဲ့၏စကားကို နားမလည်သကဲ့သို့ ကြောင်အနေပုံရသည်။
“ငရဲကိုသွားလိုက်တော့ ....”
နတ်သခင်ထိုက်ယွီက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော နတ်ဘုရားချိပ်တံဆိပ်၏ အစိတ်အပိုင်းများသည် ရွှေရောင်တူတစ်လက်အဖြစ် ပြောင်းလဲသွားပြီး နတ်သခင်မင်ကျီး၏ဦးခေါင်းကို ရိုက်ချသည်။
နတ်သခင်မကျီထိုက်နှင့် နတ်သခင်ကောင်းစွန်းတို့က တုံ့ဆိုင်းနေသော်လည်း နတ်ဘုရားအလင်းများကို ထုတ်လွှတ်ပြီး တိုက်ခိုက်လိုက်သည်။
“ဘုန်း”
တိုက်ခိုက်မှုတစ်ခုကြောင့် နတ်သခင်မင်ကျီး၏ပတ်ပတ်လည်တွင်ရှိနေသော နတ်ဘုရားအလင်းအကာအကွယ်သည် ပျက်စီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများ စိမ့်ထွက်လာသည်။
သို့သော် သူက ထိုတိုက်ခိုက်မှုကြောင့် သေဆုံးမသွားခဲ့ပေ။
သူ့ကျင့်ကြံဆင့်သည် ဝိညာဉ်ဖွဲ့စည်းခြင်းပဥ္စမအဆင့်တွင် ရှိနေသည်။
သူထုတ်ပြထားသော နတ်ဘုရားတစ်ပိုင်း တတိယအဆင့်မဟုတ်ဘဲ ပဥ္စမအဆင့်ဖြစ်သည်။
သူက နတ်သခင်လေးပါးတွင် နံပတ်တစ်ဖြစ်သည်။
နတ်ဘုရားသွမ်ယွဲ့က နတ်သခင်မင်ကျီးနှင့် ပူးပေါင်းချင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
“အဲဒီတော့ မင်းက အများဆုံးဖုံးကွယ်ထားနိုင်တဲ့လူပေါ့”
နတ်သခင်ထိုက်ယွီက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသောတောင်ဝှေးက ပြင်းထန်စွာကျဆင်းလာသည်။
အဆုံးမရှိသောကြယ်လေပြင်းများသည် နတ်သခင်မင်ကျီးကို လွှမ်းခြုံသွားသည်။
တခြားနတ်သခင်နှစ်ယောက်ကလည်း တုံ့ဆိုင်းမနေပေ။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအလင်းများ တောက်ပနေပြီး ဓားနှင့်လက်နက်များကို နတ်သခင်မင်ကျီးဆီသို့ ပစ်လွှတ်လိုက်သည်။
နတ်သခင်မင်ကျီး၏မျက်နှာထားက မည်းမှောင်နေသည်။ သူက လက်မြှောက်ပြီး ရွှေရောင်ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်းတို့က ငါ့ကို တွန်းအားပေးနေတာပဲ ....”
သူက အော်ဟစ်လိုက်ပြီး လှုပ်ရှားသည်။ သူက နတ်ဘုရားအလင်းကို ချိုးဖောက်လာပြီး နတ်သခင်ထိုက်ယွီ၏ရှေ့သို့ ရောက်လာသည်။
နတ်သခင်ထိုက်ယွီ၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လက်မြှောက်လိုက်သောအချိန်တွင် နတ်သခင်မင်ကျီး၏ဓားက သူ့တောင်ဝှေးနှင့်လက်ကို ဖြတ်တောက်သွားသည်။
“ဘန်း”
နတ်သခင်မကျီထိုက်နှင့် နတ်သခင်ကောင်းစွန်းတို့၏ လက်နက်များက နတ်သခင်မင်ကျီး၏ကျောပေါ်သို့ ကျရောက်လာပြီး အကာအကွယ်အလင်းကို ဖျက်ဆီးလိုက်သည်။ လက်နက်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
သို့သော် နတ်သခင်ကျီးမင်က နတ်သခင်ထိုက်ယွီ၏ လက်ပြတ်နှင့် တောင်ဝှေးကို လှမ်းယူသည်။ သူ့တစ်ကိုယ်လုံးကို နတ်ဘုရားအလင်းများဖြင့် လွှမ်းခြုံသွားသည်။
နတ်ဘုရားစွမ်းအားများကို သန့်စင်ခဲ့သည်။
တောင်ဝှေးကို နတ်သခင်ထိုက်ယွီ၏နတ်ဘုရားစွမ်းအားဖြင့် ပေါင်းစပ်ထားသည်။ လက်တစ်ဖက်ကိုလည်း နတ်သခင်ထိုက်ယွီ၏စွမ်းအားများဖြင့် ဖန်တီးထားသည်။
ထိုနတ်ဘုရားစွမ်းအားများကို မင်ကျီးက သန့်စင်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို လက်နက်များဖြင့် ထိုးဖောက်ခံထားရသော်လည်း သူ့နတ်ဘုရားစွမ်းအားက ပိုမိုအားကောင်းလာသည်။
နတ်သခင်ထိုက်ယွီက လက်ပြတ်သွားပြီး တောင်ဝှေးကို ဆုံးရှုံးလိုက်ရသည်။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး လက်တစ်ဖက်ပြန်ပေါက်လာသည်။
သို့သော် သူ့အငွေ့အသက်များက ချက်ချင်းအားနည်းသွားသည်။
နတ်သခင်မင်ကျီးက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက နတ်သခင်ထိုက်ယွီ၏ခေါင်းကို ဓားဖြင့်ခုတ်ချသည်။
ယခုအချိန်တွင် နတ်သခင်မင်ကျီးက နတ်သခင်ထိုက်ယွီကို သတ်ဖြတ်ရန်ကြိုးစားနေသည်။ နတ်သခင်မကျီထိုက်နှင့် နတ်သခင်ကောင်းစွန်းက နောက်ကျောဘက်မှနေ၍ နတ်သခင်မင်ကျီးကို တိုက်ခိုက်နေသည်။
သို့သော် နတ်သခင်မင်ကျီးက နတ်သခင်ထိုက်ယွီကိုသတ်ဖြတ်ရန် ဆုံးဖြတ်ထားသည်။ သူ့ဓားချက်တိုင်းသည် နတ်သခင်ထိုက်ယွီ၏နတ်ဘုရားစွမ်းအားများကို ယူဆောင်သွားပြီး နတ်သခင်ထိုက်ယွီကို ဆက်တိုက်အားနည်းလာစေသည်။
နတ်သခင်ထိုက်ယွီ၏နတ်ဘုရားစွမ်းအားများကို ယူပြီးသောအခါတွင် သူက နတ်သခင်နှစ်ပါး၏ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူက ပြန်လည်တိုက်ခိုက်ပြီး မောက်မာစွာပြုံးသည်။
သူက နတ်သခင်ထိုက်ယွီကို သတ်ဖြတ်နိုင်သ၍ တခြားနတ်သခင်နှစ်ပါးကို ခုခံရန် စွမ်းအားများရလာလိမ့်မည်။
နတ်သခင်သုံးပါးကိုသတ်ဖြတ်ပြီး နတ်ဘုရားစွမ်းအားများကို စုပ်ယူပြီးသွားလျှင် သူ နတ်သခင်မင်ကျီးက နတ်ဘုရင်ဖြစ်လာရန်အတွက် တစ်ဦးတည်းသောရွေးချယ်ခံ ဖြစ်လိမ့်မည်။
နတ်ဘုရင်တံဆိပ်ပြားတစ်ဝက် မရှိလျှင်ပင် သူက ယွင်ချန်ကြယ်၏ ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်လိမ့်မည်။ အချိန်တချို့ယူပြီး နတ်ဘုရင်ချိပ်တံဆိပ်ကို ထပ်မံစုစည်းလိုက်လျှင် အဆင်ပြေသွားလိမ့်မည်။
“သေရမယ်ဆိုရင်လည်း အတူတူသေတာပေါ့ ....”
နတ်သခင်မင်ကျီး၏ဓားက နတ်သခင်ထိုက်ယွီကို ထပ်မံခုတ်ဖြတ်သွားသည်။ နတ်သခင်ထိုက်ယွီက ရူးသွပ်နေသောမျက်နှာထားဖြင့် မရှောင်တိမ်းတော့ဘဲ နတ်သခင်မင်ကျီးဆီသို့ ပြေးဝင်လာသည်။
ထို့နောက် နတ်ဘုရားအလင်းများ ပေါက်ကွဲထွက်သွားသည်။
လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။ အဆုံးမရှိသောနတ်ဘုရားအလင်းတန်းများသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။
နတ်ဘုရားအလင်းများ ပျောက်ကွယ်သွားသောအခါတွင် နတ်သခင်ထိုက်ယွီ၏ခန္ဓာကိုယ်က အလွန်အားနည်းသွားသည်။ နတ်သခင်မင်ကျီး၏မျက်နှာက မည်းမှောင်နေပြီး ခန္ဓာကိုယ်က ကျိုးပဲ့သွားသည်။
နတ်ဘုရားအလင်းများကြောင့် နတ်သခင်မကျီထိုက်နှင့် နတ်သခင်ကောင်းစွန်းတို့ကလည်း တုန်ခါသွားသည်။ သူတို့က ဒဏ်ရာရသွားသည်။
နတ်သခင်မင်ကျီးက အံတင်းတင်းကြိတ်လိုက်ပြီး နတ်သခင်မကျီထိုက်နှင့် နတ်သခင်ကောင်းစွန်းကို လှည့်ကြည့်သည်။
“ငါ့ကို နတ်ဘုရားချိပ်တံဆိပ်အစိတ်အပိုင်းတွေ ပေးလိုက်”
သူ့ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်။
“မဟုတ်သေးဘူး”
နတ်သခင်မကျီထိုက်က ရွှေရောင်နတ်ဘုရားအလင်းများဖြင့် အစိတ်အပိုင်းတစ်ခုကို လွှမ်းခြုံထားပြီး တီးတိုးပြောသည်။
“ငါတို့က ငါတို့ရဲ့နတ်ဘုရားစွမ်းအားနဲ့ ပူးပေါင်းထားတယ်။ ပူးပေါင်းမှုကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူချိုးဖောက်လို့ရမှာလဲ”
သူမ၏စကားများကြောင့် နတ်သခင်မင်ကျီးက ကြောင်အသွားသည်။
ဘေးတွင်ရှိနေသော နတ်သခင်ထိုက်ယွီ၏ခန္ဓာကိုယ်က ပိုမိုကြည်လင်လာသည်။ သူက ထိတ်လန့်နေသောမျက်နှာထားဖြင့် သိပ်မဝေးသောနေရာတွင်ရှိသည့် ဟန်မူယဲ့ကို ကြည့်သည်။
“ဒါက မင်းလက်ချက်ပဲ။ နတ်ဘုရားချိပ်တံဆိပ် အစိတ်အပိုင်းတွေက တစ်ခုခုမှားနေတယ်”
တခြားနတ်သခင်များကလည်း ဟန်မူယဲ့ကို လှမ်းကြည့်သည်။