← Chapters

လူသားဆန်စွာ ရိုးဖြောင့်မှုက အရင်းအမြစ်

Vol. 50 Ch. 669

လူသားဆန်စွာ ရိုးဖြောင့်မှုက အရင်းအမြစ်

Vol. 50 Ch. 669

“သနားစရာကောင်းလိုက်တဲ့ ကောင်းကင်နတ်ဆိုးတွေ... ခွေးတောင် လုပ်ပေးခဲ့ပေမယ့် တစ်ဖက်လူတွေကတော့ ခွေးရဲ့ဘဝကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး”

ဖုရွေ့လော် ခေါင်းမော့လိုက်ပြီး သူ၏ နီရဲနေသော မျက်လုံးများက အသံလာရာဆီသို့ ကြည့်လိုက်သည်။ အရှိန်ပြင်းပြင်း တောက်လောင်နေသည့် မီးတောက်မီးလျှံများကြားမှ တန်ခိုးရှင်သစ်ခုတ်သမားသည် သူ့ဆီ လျှောက်လာ၏။ သူ၏ခြေထောက်အောက်တွင် ချော်ရည်ပူများ တသွင်သွင် စီးဆင်းနေပြီး ကောင်းကင်ထက်မှ လော့ဖူကောင်းကင်ဘုံ၏ အပိုင်းအစများကလည်း မီးတောက်များ တိုးလို့တန်းလန်းဖြင့် ရွာကျနေဆဲ ဖြစ်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက မကြာခင် သူ့အရှေ့သို့ ရောက်လာကာ အလေးအနက် ပြောသည်။ “ဖုရွေ့လော်၊ မင်းနဲ့ငါ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးခဲ့တုန်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သုတ်သင်ချင်တာ မင်းမဟုတ်ဘူး တခြားတစ်ယောက်လို့ ပြောခဲ့တယ်... အဲဒီတုန်းက ငါ မင်းကို မပြောခဲ့မိဘူး... ဥခြင်း မှောက်သွားရင် မကွဲတဲ့ဥရယ်လို့ မရှိဘူးကွ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ သုတ်သင်ခံရရင် မင်းတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရော အသက်ရှင်မယ်ထင်လို့လား”

ဖုရွေ့လော်က သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး အော်ဟစ်သည်။ “ကန်းယောင်မြို့က ဝင်တိုက်တဲ့နေရာနဲ့ အဝေးဆုံးနေရာ... အခိုင်မာဆုံးခံတပ်ပဲ... မြို့ထဲက ကောင်းကင်နတ်ဆိုးတွေ ဒီဒဏ်ကို ခံနိုင်တယ်.... ဒါလေးကြောင့်နဲ့ ငါ့ကောင်းကင်နတ်ဆိုးမျိုးနွယ် မျိုးတုံးမသွားဘူး”

တန်ခိုးရှင်သစ်ခုတ်သမား သူ့ကို သနားကရုဏာသက်စွာ ကြည့်လိုက်မိသည်။ “ကန်းယောင်မြို့အပြင်က နေရာတွေကရော”

ဖုရွေ့လော်၏ အသက်ရှူသံများ မြန်လာ၏။

ကန်းယောင်မြို့သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တစ်ရာပုံ၊ တစ်ပုံကိုသာ ကာကွယ်ပေးနိုင်၏။ ကျန်ကောင်းကင်နတ်ဆိုးများအနေဖြင့် ကမ္ဘာနှစ်ခု ထိတိုက်မှု၏ အားလှိုင်းဒဏ်ကို မတောင့်ခံနိုင်ဘဲ သေဆုံးရလိမ့်မည်။

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ချိရှီဟာ ကြယ်တွေကို မောင်းနှင်ရင်း ရန်သူ့လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီး လော့ဖူကောင်းကင်ဘုံဆီ ရောက်လာခဲ့တယ်... ချိရှီနဲ့ ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေ ရောက်လာကြတဲ့အတွက် လော့ဖူကောင်းကင်ဘုံမှာ ကပ်ဘေးတွေ ဖြစ်ပေါ်လာတယ်... ဒါကြောင့် မင်းတို့အနေနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက လေသံအေးအေးဖြင့် ပြောနေသည်။ “စဉ်းစားကြည့်... ချိရှီတို့ကို လော့ဖူကောင်းကင်ဘုံဆီ သွားအောင် ဖိအားပေးခဲ့တဲ့ လူတွေက ဘယ်သူဖြစ်မလဲ... မင်း အကြောင်းရင်းကို တွေးကြည့်ဖူးလား... တကယ်တော့ ချိမင်ခေတ်ရဲ့ ရန်သူတွေက ဘယ်သူမှန်း မင်း ကောင်းကောင်း သိပါတယ်... ဒါပေမဲ့ မင်း မတွေးကြည့်ရဲဘူး... မယုံရဲဘူး... အမှန်တရားကို မျက်ကွယ်ပြုရင်း မင်း ကိုယ့်ကိုယ်ကို လိမ်ညာခဲ့တယ်... အခု နိုးထဖို့ အချိန်ကျပြီ”

ဖုရွေ့လော် ဟားတိုက်အော်ရယ်လိုက်၏။ “သူတို့တွေက ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေနဲ့ ငါတို့ကောင်းကင်နတ်ဆိုးတွေကို အကောက်ကြံခဲ့တဲ့လူတွေ ဟုတ်တယ်... သူတို့ကြောင့် ငါတို့တွေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ တိုက်ခိုက်ဖို့အပြင် ရွေးချယ်စရာမရှိခဲ့တာလည်း မှန်တယ်... ဒါပေမဲ့ မင်းကရော... မင်းကလည်း ဘာများ ကောင်းနေလို့လဲ... မင်းက ငါတို့ကောင်းကင်ဘုံမှာ ယဇ်ပလ္လင်တွေ တည်ဆောက်ခဲ့တယ်... လော့ယွင်ချွီက အဲဒီယဇ်ပလ္လင်တွေကို အသုံးချပြီး လော့ဖူကောင်းကင်ဘုံကို စတေးခဲ့တာကွ... မင်း ဘာလို့ ထွက်ပြေးလာနိုင်ခဲ့တာလဲ... ကောင်းကင်နတ်ဘုံက လူတွေ ရောက်လာမှာ မင်းစောင့်နေခဲ့တာ မဟုတ်လား.... သူတို့လက်ငှားပြီး လော့ဖူကောင်းကင်ဘုံကို စတေးပြီး ငါ့ကို မင်းတို့နဲ့ပူးပေါင်းအောင် ဖိအားပေးမလို့ မဟုတ်လား... ငါ အရူးမဟုတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ “မင်းက တကယ် အရူးမဟုတ်ပါဘူး.... ကောင်းကင်နတ်ဘုံရဲ့ လက်ငှားပြီး မင်းကို ငါနဲ့ပူးပေါင်းအောင် လုပ်ဖို့ ငါ ကြံခဲ့တာမှန်တယ်... ဒါပေမဲ့ ကောင်းကင်နတ်ဘုံက ယဇ်ပလ္လင်တွေ မရှိတာနဲ့ လော့ဖူကောင်းကင်ဘုံကို မစတေးတော့ဘူး ထင်နေရင်တော့ မင်း သိပ်တုံးသွားပြီ”

ဖုရွေ့လော် တိတ်ဆိတ်သွား၏။

တန်ခိုးရှင်သစ်ခုတ်သမား ဆက်ပြောလိုက်သည်။ “ငါ ယဇ်ပလ္လင်တွေကို တည်ဆောက်ခဲ့သည်ဖြစ်စေ၊ မတည်ဆောက်ခဲ့သည်ဖြစ်စေ ကောင်းကင်နတ်ဘုံဟာ လော့ဖူကောင်းကင်ဘုံကို စတေးဦးမှာပဲ... သူတို့က မင်းတို့ရဲ့ ဘိုးဘေးမြေ လော့ဖူကောင်းကင်ဘုံကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ဝင်တိုက်ခိုင်းဦးမှာပဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံလည်း သေရလိမ့်မယ်... ဘယ်သက်ရှိသတ္တဝါမှ အသက်ရှင်မှာမဟုတ်ဘူး... ဒါကြောင့် အသက်ရှင်သန်ရေး၊ မျိုးမတုံးရေးအတွက် ကောင်းကင်နတ်ဆိုးတွေအနနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြောင်းရွှေ့ရလိမ့်မယ်... အဲဒီအချိန်ကျ ကောင်းကင်နတ်ဘုံက မင်းတို့လက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှင်းပစ်နိုင်ပြီ.... သူတို့ရည်ရွယ်ချက်က ဒါပဲ”

ဖုရွေ့လော် လေလျော့သွားသော အိတ်တစ်အိတ်လို ပျော့ခွေသွားပြီး မေးလိုက်သည်။ “မင်း မြေအောက်ဘုံအရှင်သခင် ပဋိညာဉ် ချုပ်ဆိုခဲ့တုန်းက ဒီလိုနေ့ ရောက်လာမယ် သိထားပြီးသား မဟုတ်ဘူးလား... ဘာလို့ ဘာမှမပြောခဲ့တာလဲ”

“ဒီနေ့ မတိုင်ခင်အထိ ငါတို့က ရန်သူတွေ ဖြစ်ခဲ့ကြတယ်... ဘာကြောင့် ငါက ပြောခဲ့ရမှာလဲ”

တန်ခိုးရှင်သစ်ခုတ်သမားက လက်တစ်ဖက် ဆန့်ထုတ်ပေးကာ အလေးအနက် ပြောလိုက်၏။ “ဒီနေ့ကစပြီး ရန်သူလား မိတ်ဆွေလား”

ဖုရွေ့လော် သူ့လက်ကို ကြည့်ရင်း အနည်းငယ် တွန့်ဆုတ်နေသည်။ တခဏကြာသော် လက်နှစ်ဖက်သည် တစ်ဖက်ကိုတစ်ဖက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြ၏။

လော့ဖူကကောင်းကင်ဘုံမှာ စောင်းကျလာပြီး နောက်ဆုံးတွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ တိုက်ချလိုက်တော့သည်။

စွမ်းအင်အကူးအပြောင်းတံတား၏ ဘေးတွင် ချင်မူက တရွေ့ရွေ့ ကျလာနေသည့် လော့ဖူကောင်းကင်ဘုံအား ကြည့်နေသည်။ မြေထုကြီးသည် စစ်ပွဲပေါင်း မရေမတွက်နိုင်အောင် ကျော်ဖြတ်ခဲ့သော လီမြို့ကို တိုက်ချသွား၏။ ထိုင်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ စွမ်းအင်အကူးအပြောင်းတံတားထဲသို့ သူ့ထက်ငါ အလုအယက် တိုးဝှေ့ပြေးလွှားနေကြသဖြင့် ချင်မူပင် လူအုပ်ကြီးကြောင့် လဲကျတော့မလို ဖြစ်သွားသည်။

မည်သူမှ သူ့လူ၊ ငါ့လူ မသိတော့... တစ်ယောက်ကိုတစ်ယောက် တက်နင်းရင်း မိမိအသက်အတွက် အသည်းအသန် ပြေးနေကြသည်။

“မူအာ”

ရွာလူကြီးနှင့် အဘွားစစ်တို့က တိုးဝှေ့နေသော လူအုပ်ကြီးကို ရှောင်တိမ်းရင်း သူ့ကို လှမ်းအော်သည်။ ချင်မူ သူတို့ကို မြင်သည့်အခါ ပြုံးပြလိုက်၏။ “ကျွန်တော် ရတယ် တကယ်ပါ”

လော့ဖူကောင်းကင်ဘုံ ကျဆင်းလာသည့်အခါ မြေပြင်သည် တူဖြင့် ထူချလိုက်သော မှန်တစ်ချပ်သဖွယ် ကွဲအက်သွား၏။ ပြိုကွဲသွားသော အစအနများက လေပေါ် မြောက်တက်လာကြသည်။

နီရဲတောက်နေသော ချော်ရည်ပူတို့သည် မြေပြင်ပေါ်ရှိ အကွဲကြောင်းများမှ ပန်းထွက်လာကြ၏။ မြေကြီးမှာ ပျော့‌ပျောင်းလာပြီး အချိန်မရွေး ကျွံကျသွားတော့မည့်နှယ် ရှိနေသည်။ မြေလှိုင်းများက မို့မောက်တက်လာကာ အရပ်မျက်နှာတစ်ခွင်သို့ လိမ့်ထွက်ကုန်သည်။

မြေသားစိုင်တို့သည် ကျောက်ခဲ၊ သဲမှုန်တို့ဖြင့် ရောနှောလျက် ချော်ရည်မီးတောက်များနှင့်အတူ လှိုင်းလုံးကြီးများပမာ ဖြာဆင်းနေ၏။ ပေတစ်သိန်းမြင့်မားသော တောင်များပင် လှိုင်းလုံးများနှင့် မယှဉ်နိုင်တော့ပေ။

ကမ္ဘာနှစ်ခု၏ ဝင်တိုက်မှုကြောင့် လေဆင်နှာမောင်းကြီးများ ဖွဲ့တည်လာကာ အဘက်ဘက်သို့ တိုက်ချဖျက်စီးနေသည်။ မိုးကြိုးများက အပြင်းထန်ဆုံး မိုးကြိုးမုန်တိုင်း ဖြစ်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်လျှောက် အမြန်နှုန်းအရှိန်ဖြင့် လွှမ်းခြုံသွားသည်။

မီးတောက်မီးလျှံများမှ မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးတစ်ခု ကောင်းကင်ထက်ဆီ မြင့်တက်သွားသည်။ မကြာမီ မှိုပွင့်တိမ်တိုက်ကြီးသည် ဧကရာဇ်အတိုင်ပင်ခံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များ သွန်းလုပ်ထားသော နေနှစ်စင်းအနား ရောက်လာ၏။ နေလုံးကြီးနှစ်လုံးမှာ စက္ကူရွက်သဖွယ် ကွဲထွက်သွားသည်။

“မူအာ သွားတော့”

ရွာလူကြီးနှင့် ကျန်ရှိသူများက လှမ်းအော်သည်။ “တံတားဆီ မြန်မြန်သွား... မင်း ဒီအခြေအနေကနေ လွတ်အောင် ပြေးနိုင်တယ်”

ချင်မူ ငေး၍ကြည့်နေမိသည်။ အဘွားစစ်က လူအုပ်ကြီးကို တိုးပြီး သူ့ဆီ တံတားဆီသို့ ဆွဲခေါ်သွားသည်။ အားလုံး တစ်ယောက်နှင့်တစ်ယောက် တွန်းထုတ်တက်နင်းရင်း တံတားအပေါ် အလုအယက် တက်နေကြသည်။

ချင်မူမှာ အဘွားစစ်ဆွဲခေါ်ရာ နောက်သို့ ပါသွားသည်။ သူက ကြောင်ငေးနေသောမျက်လုံးများဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ အဖျက်စီးလှိုင်းများကို ခုခံရင်း ကာကွယ်ပေးနေကြသော နတ်ဘုရားများအား သူ မြင်လိုက်ရ၏။ သူတို့က ပြည်သူပြည်သားများ ထွက်ပြေးနိုင်အောင် အချိန်ဆွဲပေးနေကြသည်။

လောင်ကျွမ်းနေသော အလင်းရောင်က ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများကို တိုက်စားပြီး သူတို့၏ရုပ်ခန္ဓာများအား အငွေ့ပျံသွားစေသည်။ နတ်ဘုရားများပင် ဤအဖျက်စီးလှိုင်း၏ ရှေ့မှောက်၌ မပြောပလောက်တော့ပေ။

လော့ဖူကောင်းကင်ဘုံက ကြားတွင် ခံနေသဖြင့် တစ်ဖက်ခြမ်းရှိ ကောင်းကင်နတ်ဆိုးတို့၏ အခြေအနေကို သူ မမြင်ရသော်လည်း စိတ်ကူးကြည့်နိုင်သည်။ မိစ္ဆာနတ်ဘုရားတို့သည် ကမ္ဘာနှစ်ခု၏ ဝင်တိုက်မှုကို ခုခံပြီး သူတို့လူများ အသက်ရှင်နိုင်ရန် အသက်နှင့်လဲ၍ ကြိုးစားရုန်းကန်နေကြလိမ့်မည်။

မိစ္ဆာနတ်ဘုရားများပင် ဖြစ်စေကာမူ အဖျက်စီးအားလှိုင်းကို မခံနိုင်မှန်း သူတို့ သိပါသော်လည်း မျိုးနွယ်အတွက် အသက်စွန့်ပေးကြလိမ့်မည်။

“ကျွန်တော် ရတယ်... ကျွန်တော် ရတယ်” ချင်မူ့နှုတ်မှ ထိုစကားသာ ထွက်လာနေသည်။

ဤဖြစ်ရပ်သည်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ အချိန်မှီ ထွက်မပြေးနိုင်သော လူများ၊ သူတို့နှင့် နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် တိုက်ခိုက်ခဲ့သော ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့၏ နိဂုံးအား မီးမောင်းထိုးပြနေ၏။

ထိုစဉ်၊ သူ စောင့်ကြည့်နေစဉ် ပထမလူသားဧကရာဇ်... လွန်ခဲ့သော နှစ်နှစ်သောင်းတုန်းက စစ်ပွဲမှ ထွက်ပြေးခဲ့သော ထိုလူသည် ကမ္ဘာနှစ်ခု ဝင်တိုက်နေသော နေရာသို့ ဆင်းသက်လိုက်၏။ ပထမလူသားဧကရာဇ်ကား ကမ္ဘာနှစ်ခု၏ အဖျက်စီးအားလှိုင်းကို ရင်ဆိုင်နေချေပြီ။

သူ၏ကျင့်စဉ်က ကောင်းကင်မြေပြင်နှလုံးသားလျှို့ဝှက်ကျင့်စဉ် ဖြစ်ပြီး မုဒြာသိုင်းက ကောင်းကင်မြေပြင်မုဒြာသိုင်းကွက် ဖြစ်သည်။

သူသည် ကပ်ဆိုးကြီး၏အလယ်၌ ရပ်လျက် လွန်ခဲ့သော နှစ်နှစ်သောင်းတုန်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲဆီသို့ ပြန်ရောက်သွားပုံရ၏။ လွန်ခဲ့သော နှစ်နှစ်သောင်းတုန်းက ‘သူ’ ပြန်ဖြစ်သွားသယောင် ထင်ရသည်။

သို့သော် အတိတ်တုန်းကလို ထွက်မပြေးတော့ပေ။

သူ၏ကျင့်စဉ်နှင့် မုဒြာသိုင်းကွက်သည် ယခုလိုအခြေအနေနှင့် ရင်ဆိုင်ရန်အတွက်သာ ကျင့်ကြံထားခြင်းဖြစ်၏။ ပျက်စီးသွားသော ကောင်းကင်နှင့်မြေပြင်အတွက် နှလုံးသားတစ်ခု ဖွဲ့တည်ပြီး လူသားအားလုံး၏ အသက်များကို ကယ်ပေးလိမ့်မည်။

ချင်မူ ထိုလူ့ကို အဝေးမှ လှမ်းကြည့်နေမိသည်။ ဤကဲ့သို့ လေးနက်တည်ကြည်စွာဖြင့် စိတ်အားတက်ကြွနေသော ပထမလူသားဧကရာဇ်၏ပုံစံအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းကွက်များက ကမ္ဘာလောကကြီးကို ပြောင်းလဲသွားစေမည့် အခြေအနေနှင့် ရင်ဆိုင်ရန် ဖြစ်သည်။ ကောင်းကင်မြေပြင်မုဒြာသည် သဘာဝကပ်ဘေးများကို ဟန့်တာပြီး လူသားများ ထွက်ပြေးနိုင်အောင် အချိန်ဆွဲပေးနေ၏။

ရုတ်တရက် စွမ်းအင်အကူးအပြောင်းတံတားက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ယဇ်ပလ္လင်အပေါ်ရှိ သင်္ကေတအမှတ်အသားများမှ တဘုန်းဘုန်း ပေါက်ကွဲစပြုလာသလို၊ ကောင်းကင်သတ္ထုများနှင့် စက်သွားများလည်း ပြိုကွဲနေချေပြီ။ ယဇ်ပလ္လင်၏အတွင်းထဲမှ တဂျောင်းဂျောင်း မြည်ဟည်းသံများ ထွက်လာသည်။

ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “တံတား ပျက်စီးနေပြီ မဝင်ကြနဲ့တော့... မြန်မြန် ပြန်ထွက်ကြ... တံတားပြိုနေပြီ”

သူ့အသံသည် ကျယ်လောင်စွာ ဟိန်းထွက်သွားသော်လည်း လူများမှာ တံတားထဲ ပြေးဝင်နေကြသေးသည်။

ထိုအခိုက်အတန့်တွင် တံတားပြိုကျသွားသဖြင့် ကောင်းကင်ယံသို့ ထိုးတက်နေသော အလင်းတန်းများ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။ မရေမတွက်နိုင်သော ခန္ဓာကိုယ်အပိုင်းအစများ တဘုတ်ဘုတ် ပြုတ်ကျလာသည်။ ကြယ်ကြီးမှာမူ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ အတော်များများ ဝင်ရောက်သွားပြီဖြစ်သော်လည်း မဝင်သေးသည့်နေရာမှစ၍ တိတိရိရိ ဖြတ်ခံလိုက်ရ၏။

ဖြတ်ခံလိုက်ရသည့် ကြယ်အစိတ်အပိုင်းသည်လည်း ကျဆင်းလာပြီး တစတစ ကြီးမားလာကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ဝင်တိုက်ပေတော့မည်။

မိုးရေစက်များသဖွယ် ပြုတ်ကျလာနေသော အသားစများကို မြင်လျှင် ချင်မူ့အသည်းထဲ စိမ့်အေးသွား၏။ သူတို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ အချိန်မှီမဝင်နိုင်ခဲ့သော လူများဖြစ်၏။ ဟင်းလင်းပြင် ပိတ်သွားသည့်အချိန် တမုဟုတ်ချင်း နှစ်ခြမ်းဖြတ်ခံလိုက်ရ၍ တစ်ခြမ်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၌ ကျန်ခဲ့ပြီး တစ်ခြမ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရှိနေလိမ့်မည်။

“ငါတို့ ဘာလုပ်ရမလဲ”

တစ်ယောက်က ဆောက်တည်ရာမဲ့နေနော ကလေးတစ်ယောက်လို ထအော်သည်။ “ငါတို့ ဘာလုပ်ရမလဲ... အခု တံတားလည်း မရှိတော့ဘူး... အားလုံး ဒီမှာ သေကြရတော့မယ်”

တံတား မရှိတော့သည်နှင့် ကောင်းကင်မှာ စုတ်ပြဲသွားပြီး မြေကြီးများ အက်ကွဲလာသည်။ ဥက္ကာခဲများက မိုးရွာကျသကဲ့သို့ အတောမသပ် ရွာကျလာပြီး သဘာဝကပ်ဘေးများကလည်း အားကောင်းပြင်းထန်သည့် လှိုင်းများနှင့်အတူ ဖြာထွက်လာနေဆဲပင်။

ကမ္ဘာပျက်သုဉ်းခြင်းဆိုသည်ကား ဤသို့ပေတည်း။

ပထမလူသားဧကရာဇ်က မုဒြာသိုင်းကွက်တစ်ကွက်ပြီးတစ်ကွက် ထုတ်ဖော်ရင်း အဖျက်စီးအားလှိုင်းကို တစ်ယောက်တည်း ရင်ဆိုင်နေဆဲ ဖြစ်သည်။ ခိုင်ဧကရာဇ်ခေတ်၏ မင်းသားချင်ဝူသည် ပင်ပန်းနွမ်းနယ်မှုကြောင့် သွေးဆက်တိုက် အန်နေရသဖြင့် အင်္ကျီတစ်ထည်လုံး သွေးရဲပလောင်းခတ်နေ၏။ စွမ်းအင်အကူးအပြောင်းတံတား၏ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ ဤအချိန်အထိ အသက်ရှင်နေခြင်းမှာ ပထမလူသားဧကရာဇ် အားလှိုင်းအကုန်လုံးကို ခုခံပေးနေ၍ဖြစ်သည်။

သို့သော် ဤအတိုင်း ဆက်သွားလျှင် ပထမလူသားဧကရာဇ် ပင်ပန်းလွန်း၍ သေသွားလိမ့်မည်။

အစစ်အမှန်နတ်ဘုရားပန်ယုက ပျံထွက်သွားပြီး အော်ဟစ်လိုက်သည်။ “အားလုံး ငါ့နောက် လိုက်ခဲ့”

သူက ပထမလူသားဧကရာဇ်ဘေးသို့ သွား၍ သူနှင့်အတူ လှိုင်းများအား ခုခံနေ၏။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ လူငယ်တွေကို စောင့်ရှောက်ကြ”

နတ်ဘုရားစန်းယဲ့နှင့် ကျန်ရှိသူများမှာ ငေးကြောင်နေကြသော်လည်း အလျင်အမြန် ရှေ့တက်သွားကြသည်။ သူတို့က ကောင်းကင်နတ်သိုင်းပညာရှင် လူငယ်များကို ဝန်းရံလိုက်ပြီး သူတို့၏အသက်ဖြင့် ကောင်းကင်နှင့်မြေပြင် ပျက်စီးနေမှုကို ရင်ဆိုင်နေကြ၏။ ရွာလူကြီး၊ သားသတ်သမား၊ ရွှေအနှင့် ကျန်ရှိသူများလည်း ပါဝင်သည်။ တထာဂတမာပင် ရဟန်းများကို ဦးဆောင်ကာ ရောက်ာလ၏။

တာအိုဂိုဏ်း၏ တာအိုရသေ့အိုများ၊ ကျောက်စိမ်းမြို့တော်ငယ် နတ်ဝိဇ္ဇာအိုကြီးများနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သူကြီးများ၊ မြို့စားများလည်း အသက်ကို ပဓာနမထားဘဲ ရှေ့တက်လိုက်ကြသည်။ သူတို့က ထိုက်ဧကရာကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူငယ်များကို ကာကွယ်ရန် ရွေ့လျားလာကြ၏။

ထိုစဉ် လူအုပ်ကြားထဲမှ သေတ္တာတစ်လုံးဖြင့် လူငယ်တစ်ယောက် ထွက်လာပြီး နတ်ဘုရားများဆီသို့ လျှောက်လာသည်။ ထော့ကျိုး အမူအရာပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “ရှင်းအန်း၊ မင်း ငါတို့ကို အခုချိန် လာထိရင် ငါ မင်းရဲ့ ဘိုးဘေးတွေပါ ခိုးပစ်မယ်”

လူငယ်က မည်သို့မျှမပြောဘဲ သေတ္တာကို ချသည်။ သူ့ခါးမှ အစစ်အမှန်နဂါးခါးပတ်တစ်ခု ထွက်လာပြီး ရှင်းအန်းက မိစ္ဆာနတ်ဘုရားအသွင်ဖြင့် လှိုင်းဒဏ်အား ကာဆီးပေးလိုက်သည်။

ချင်မူ ကျယ်လောင်စွာ အော်လိုက်၏။ “အသက်ရှင်နေသေးတဲ့လူတွေ ငါ့နောက်လိုက်ခဲ့”

သူက ရှေ့လျှောက်သွားသည့်အခါ ကောင်းကင်နတ်သိုင်းပညာရှင်များလည်း အပြေးအလွှား လိုက်လာကြသည်။ ချင်မူက ပထမလူသားဧကရာဇ်၏ ဘေးသို့ သွားပြီး အသက်နှင့်ရင်း၍ လှိုင်းများကို ခုခံလိုက်သည်။ သူတို့အားလုံး ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်၍ ဒိုင်းကြီးတစ်ခု ဖွဲ့တည်လိုက်၏။

“နိုးကြွလာတဲ့ စိတ်ဓာတ်အားမာန်”

အဖျက်စီးအားလှိုင်းတို့၏အလယ်မှ ရဲရင့်ပြီး အချုပ်အနှောင်ကင်းမဲ့သော သီချင်းသံတစ်သံ ထွက်လာသည်။ “ထာဝရလေးစားစရာ ဒီလိုစိတ်ဓာတ်မျိုးနဲ့... စကြဝဠာတွေကို ကူးစက်ကာ ပေါင်းစည်းပေးလို့ ... သေခြင်းရှင်ခြင်းဟာ အဘယ်မှာ အရေးပါတော့မည်နည်း”

အသံပိုင်ရှင်ကား သူရသတ္တိပြည့်ဝနေသော သားသတ်သမားဖြစ်သည်။ သေခြင်းရှင်ခြင်းကပင် သူ၏ခံ့ညားထည်ဝါမှုကို မဟန့်တားနိုင်‌ပေ။

ချင်မူ့ရင်ထဲမှလည်း အားမာန်တို့ တက်ကြွလာပြီး ထက်သန်သော ခံစားချက်တို့ဖြင့် ဆက်ဆိုလိုက်သည်။ “ကမ္ဘာမြေဟာ ဒီပေါ်မှာ မူတည်တယ်... ကောင်းကင်ဘုံရဲ့ ထောက်တိုင်တွေဟာ ဆက်လက်ကြံ့ခိုင်နေဖို့ ဒီပေါ်မှာသာ မူတည်နေလို့.... ပတ်သက်မှုသုံးခုက ဘဝကို ဆုံးဖြတ်ပေးမယ်...”

သားသတ်သမားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “လူသားဆန်စွာ ရိုးဖြောင့်မှုက အရင်းအမြစ်”

မျက်ကန်းက လုံထော်ဖြင့် လှိုင်းများကို ခုခံကာ နှာခေါင်းရှုံ့လိုက်၏။ “ပေါ့ပြက်ပြက်နဲ့....”

All Chapters