← Chapters

အရိုးစုများ၏ ကျေးဇူးအကြွေး

Vol. 50 Ch. 671

အရိုးစုများ၏ ကျေးဇူးအကြွေး

Vol. 50 Ch. 671

ခရီးတစ်လျှောက် မိုင်ငါးသောင်း၊ ခြောက်သောင်းအထိ အန္တရာယ်တစ်စုံတစ်ရာ မတွေ့ရပေ။ အားလုံး လော့ဖူကောင်းကင်ဘုံကို ကွေ့ပတ်၍ လျှောက်နေကြပြီဖြစ်သည်။ လော့ဖူကောင်းကင်ဘုံသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အလယ်၌ နေရာယူထားသော်လည်း လော့ဖူကောင်းကင်ဘုံအား သူတို့ မမြင်ရပေ။ ချော်ရည်လှိုင်းများ၊ အနက်ရောင်လေများ၊ မီးခိုးငွေ့များက မြင်ကွင်းကို ဖုံးကွယ်ထားကြသည်။ ချင်မူ၏ သံလိုက်အိမ်မြှောင် ရထားလုံးသာ အရပ်မျက်နှာကို ဆုံးဖြတ်ပေးနိုင်လေသည်။

အားလုံး ပင်ပန်းနေကြသည့်အပြင် နတ်ဘုရားများပင် အားအင်ကုန်ခမ်းစပြုလာကြ၏။ သူတို့ကိုယ်သူတို့ ကာကွယ်ရုံသာဆိုလျှင် အပန်းမကြီးပါသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်ထောင်သောင်းချီကိုလည်း ကာကွယ်ပေးနေရသေးသည်။ ပင်ပန်းမှုဒဏ်ကြောင့် သူတို့၏ ချီစွမ်းအင်များ ဆက်တိုက်လျော့နည်းလာကြသည်။

ဝမ်းလည်း ဟာ၊ ဗိုက်လည်း ဆာလာကြသဖြင့် တဖြည်းဖြည်း အင်အားဆုတ်ယုတ်ကုန်ကြသည်။

ရှင်းအန်းက သေတ္တာဖွင့်ပြီး အသားတချို့ကို ချင်မူ့ဆီ ပေးသည်။ “မင်းက ခေါင်းဆောင်ကြီးပဲ သူတို့ကို ပေးလိုက်”

ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ သူက အသားတုံးများကို ထောင်ကျယ်အိတ်ထဲ ထည့်လိုက်သည်။ “ရွာလူကြီး၊ ဘိုးဘိုးသားသတ်သမား ဒီကို လာပါဦး”

သူက ဒုက္ခိတကျေးရွာမှ အဘိုးအဘွားတို့ကို သားသတ်သမားအား ဝိုင်းအုံခိုင်းလိုက်သဖြင့် သားသတ်သမားမှာ ဇဝေဇဝါ ဖြစ်သွားသည်။ သူက အသားတုံးများကို လှီးရင်း ပြော၏။ “ကလေးတွေ ဒီလိုအသားမျိုးကို အစာချက်နိုင်မှာမဟုတ်ဘူး”

ချင်မူက ပြောသည်။ “အတုံးသေးသေးလေးတွေ တုံးလိုက်... လူတိုင်း လက်သည်းခွံအရွယ် တစ်တုံးပဲ စားဖို့ လိုတယ်... နတ်ဘုရားတွေကတော့ နည်းနည်း ပိုစားရမယ်... ဘိုးဘိုးသားသတ်သမား ဒါကို အတုံးသေးသေးလေးတွေ တုံးပေးလို့ရလား”

“ခက်တယ်ကွ... သူတို့ မစားမှာ စိုးတယ်”

သားသတ်သမား၏ ဓားမသိုင်းသည် အလွန်သေသပ်တိရိ၏။ သူ၏ဓားမအောက်တွင် အသားတုံးက ညီညီညာညာ အတုံးသေးသေးလေးများ ဖြစ်သွားသည်။ ချင်မူက အသားတုံးတို့ကို ပန်းကန်တစ်ချပ်အပေါ် တင်သည်။ ပန်းကန်မှာ ကြောက်စရာကောင်းလောက်အောင် လေးလံလှ၍ ချင်မူ့ခွန်အားဖြင့်ပင် မနည်း မထားရသည်။ အသားတုံးတချို့က အရောင်မျိုးစုံ တောက်ပနေပြီး တချို့ဆိုလျှင် သိပ်သည်းသော မိစ္ဆာချီများပင် ကိန်းဝပ်နေ၏။

“နတ်ဘုရားလမ်းစဉ် ကျင့်ထားသူတွေက နတ်ဘုရားရောင်ခြည် ဖြာထွက်နေတဲ့ အတုံးကို ယူမယ်... အားလုံး တစ်ယောက်တစ်တုံး စားပဲ စားနိုင်တယ်... မိစ္ဆာလမ်းစဉ် ကျင့်ထားသူတွေကတော့ မိစ္ဆာအလင်းတန်း ထွက်နေတဲ့ အတုံးကို ယူရမယ်... ပိုမယူကြနဲ့”

ချင်မူ အသားတုံးများ ဝေငှပေးလိုက်သည်။ ရှုရှန်းဟွာမှာ တခဏ တွန့်ဆုတ်နေသော်လည်း အတုံးလေးနှစ်လုံးယူပြီး တစ်တုံးကို ကျင်းယန်ဆီ ပေးလိုက်၏။

ကျင်းယန်မှာ စားရမည်ကို တွန့်ဆုတ်နေသဖြင့် ခပ်တိုးတိုး မေးလိုက်သည်။ “ဂိုဏ်းသခင် ဒါ ဘာအသားလဲ”

“လူသားမဟုတ်ဘူး”

ချင်မူက ဖြေသင့်မဖြေသင့် စဉ်းစားပြီး တိုးတိုးပြန်ပြောသည်။ “ဒါပေမဲ့ အသားကောင်းလည်း မဟုတ်ဘူး... ရှင်းအန်းရဲ့ သေတ္တာထဲမှာ လက်တွေ၊ ခြေထောက်တွေ အများကြီးရှိတယ်... ခေါင်းတွေတောင် ပါသေးတယ်... ဒီအသားကတော့ လူသားမျိုးနွယ်မဟုတ်တဲ့ နတ်ဘုရားတွေရဲ့ အသားပဲ.. သိပ်များများစားစား‌တော့ မရှိဘူး”

ချင်မူ အသားတုံးများ ဝေပေးပြီးနောက် ဆေးဆရာက သူ့ကို လှမ်းခေါ်ပြန်သည်။ နှစ်ယောက်သား ဟိုဟိုသည်သည် ပြေးလွှားရင်း စွမ်းအင်ဆေးလုံးများ ဖော်စပ်နေ၏။ အဘွားစစ်က ဖန်ဆင်းပညာဖြင့် ဆေးပင်များ စိုက်ပျိုးပေးပြီး နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ အားဖြည့်နိုင်အောင် စွမ်းအင်ဆေးအိုးများ ဖန်တီးပေးသည်။

သို့တိုင်အောင် စားစရာမရှိပေ။ စွမ်းအင်ဆေးလုံးများမှာ ဗိုက်ပြည့်ရန် မလောက်ငှသလို၊ အဆာလည်း မပြေပေ။

“ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေက ရေ ဖန်ဆင်းနိုင်လား” တစ်ယောက်က တိုးညှင်းဖျော့တော့စွာ မေးသည်။

တစ်ယောက်က ဖြေသည်။ “စကားပြောမနေနဲ့ ... ရေဓာတ်တွေ ခမ်းကုန်မယ်”

ချင်မူ ထောင်ကျယ်အိတ်ကို မွှေနှောက်ပြီး ကျန်သည့်ရေတို့အား အားလုံးဆီ ပေးလိုက်သော်လည်း တစ်ယောက်မှ တစ်စက်နှစ်စက်သာ သောက်နိုင်လေသည်။ အရေးပေါ်အတွက်သာ လိုရမည်ရ ဆောင်ထားခြင်းဖြစ်၍ သူ့တွင်လည်း ရေသိပ်မရှိပေ။

ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်သည် သန်မာအားကောင်းသည့်အတွက် ရေခမ်းခြောက်နေသောအချိန်တွင်ပင် အချိန်တစ်ခုအထိ အသက်ရှင်နိုင်သေး၏။ ထိုက်မင်ကောင်းကင်ဘုံသို့ မရောက်ခင် ကိုယ်ထဲရှိ ရေဓာတ်ကို ပမာဏတစ်ခုအထိ ထိန်းသိမ်းထားရန်သာ လိုအပ်သည်။

“ဖန်ဆင်းပညာ ကောင်းကင်နတ်သိုင်းနဲ့ ရေဖန်ဆင်းနိုင်ဖို့ ဖန်ဆင်းပညာအပေါ် ထုံးလိုမွှေ ရေလိုနှောက် သိနေဖို့ လိုအပ်တယ်... အဲဒီအဆင့် ရောက်နေတဲ့သူက ပထမဘိုးဘေးကြီးပဲ... ဒါပေမဲ့ သူလည်း ဒဏ်ရာအပြင်းအထန် ရထားတယ်....”

ချင်မူ ခြောက်ကပ်နေသော နှုတ်ခမ်းများကို တင်းတင်းစေ့၍ ရှေ့သို့ ကြည့်လိုက်သည်။ နတ်ဘုရားများအပါအဝင် အားလုံး ရေငတ်နေကြ၏။ ရထားလုံး ဆွဲနေသော နဂါးချီလင်တစ်ကောင်သာ အားအင်အပြည့်ဖြင့် ပေါ့ပေါ့ပါးပါး ပြေးနေနိုင်သေးလေသည်။

သူ၏ရန်သူတော် သမင်ကြီးပင်လျှင် အားအင်များစွာ ခမ်းသွားသဖြင့် အရိုးပေါ်အရေတင် ပိန်ကျသွားသည်။

နဂါးချီလင်တစ်ကောင်သာ မီးလျှံကြားတွင် မွေ့ပျော်နေ၏။ သူသည် မီးကို ထိန်းချုပ်နိုင်သော နဂါးချီလင်မဟုတ်ပါလော။ အပူချိန်မည်မျှ မြင့်မားပါစေ သူ့အတွက် ရေနွေးပူပူဖြင့် ရေချိုးနေသကဲ့သို့သာ ရှိသည်။

“ရေမရှိဘဲ ထိုက်မင်ကောင်းကင်ဘုံဆီ မရောက်လောက်တော့ဘူး...” လည်ချောင်းတွင် ပူရှိန်းနေသောကြောင့် ချင်မူ တံတွေးပင် မနည်းမြိုချနေရသည်။

ဓာတ်ငါးပါးသည် ကောင်းကင်နတ်သိုင်းများကို ဖော်ဆောင်ပေးသော်လည်း ရေဓာတ်ကောင်းကင်နတ်သိုင်းက ပတ်ဝန်းကျင်ရှိ ရေငွေ့များကို ရေဓာတ်သတ္တိ ချီစွမ်းအင်ဖြင့် ပေါင်းစည်းကာ ရေလှိုင်းများ ဖွဲ့တည်ခြင်းဖြစ်၏။ ထိုရေတို့က ရေအစစ်မဟုတ်ပေ။ ချီစွမ်းအင်ကို ဖယ်ရှားလိုက်သည်နှင့် ရေခိုးရေငွေ့တို့က လျင်မြန်စွာ ပြန့်ကြဲသွားလိမ့်မည်။

ဖန်ဆင်းကောင်းကင်နတ်သိုင်းဖြင့် အခြေခံ ဓာတ်သတ္တိတစ်ခုကို ပြောင်းလဲရန် ဗဟုသုတများစွာ လိုအပ်သည်။ ဗလာနိတ္ထိမှ တစ်စုံတစ်ခု ဖန်ဆင်းခြင်းဟုလည်း ဆိုနိုင်၏။

ထိုအဆင့်မျိုး သူတို့ မ‌ရောက်နိုင်သေးပေ။

အားလုံး လေးပင်သော ခြေလှမ်းများကို သယ်၍ ခက်ခက်ခဲခဲ လမ်းလျှောက်နေကြသည်။ ခြစ်ခြစ်တောက်နေသော အပူငွေ့များအကြား မည်သူမျှ မတက်ကြွနိုင်ကြပေ။ မာန်တင်း၍သာ ပင်ပန်းနေသည့် ခန္ဓာကိုယ်များအား ဆွဲခေါ်နေကြရ၏။

ပထမလူသားဧကရာဇ် သတိလစ်ပြန်လည်လာပြီဖြစ်သော်လည်း သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်နေသေးသည်။ အစစ်အမှန်နတ်ဘုရားပန်ယု သယ်ပိုးပေးထားရန်လည်း လိုအပ်နေသေး၏။ ဆေးဆရာ ပထမဘိုးဘေးကြီးကို လျင်မြန်စွာ ကုသပေးနိုင်ရန် ချင်မူ‌ မျှော်လင့်မိသည်။ သို့မှသာ  ပထမလူသားဧကရာဇ်မှ ရေဖန်ဆင်းပေးနိုင်လိမ့်မည်။

ရုတ်တရက် ကောင်းကင်ထက်မှ အလင်းတန်းတစ်တန်း ဆင်းသက်လာ၍ အားလှိုင်းများကို ခုခံပေးနေသည့် နတ်ဘုရားအားလုံး မော့ကြည့်လိုက်ကြသည်။ ဖြန့်ထားသော သေခြင်းစာအုပ် ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။ စာအုပ်က ချော်ရည်ပင်လယ်တစ်လျှောက် အလင်းတန်းများ ဖြန့်ကျက်နေလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် မှန်တစ်ချပ်ပမာ တောက်ပနေပြီး တဖျတ်ဖျတ် ရွေ့လျားနေသော နာမည်များကို ပြသနေ၏။

‘သေခြင်းရှင်ခြင်းစာအုပ်’

ချင်မူ အံ့အားသင့်သွားသည်။ ကောင်းကင်ထက်၌ လွင့်မျောနေသောအရာသည် သေခြင်းရှင်ခြင်းစာအုပ် တစ်အုပ် ဖြစ်ပြီး တိတိကျကျဆိုရပါက လော့ယွင်ချွီတို့၏ လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ် ဖြစ်လေသည်။

လော့ယွင်ချွီက သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားဖြင့် လော့ဖူကောင်းကင်ဘုံ၏ ယဇ်ပလ္လင်များကို အသုံးချကာ ကမ္ဘာနှစ်ခုအား ဝင်တိုက်စေခဲ့သည်။

ယခုတွင် သေခြင်းရှင်ခြင်းစာအုပ် ပြန်ပေါ်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ချော်ရည်ပင်လယ်ထက်၌ အလင်းရောင်ဖြန့်ကျက်နေလေသည်။ သူတို့ မည်သည်ကို ကြံစည်နေသနည်း။

‘ငါ့ကို ဖမ်းဖို့ဆို သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်းစရာမလိုပါဘူး... ငါတို့အားလုံးကို တစ်ခါတည်း ဖမ်းဖို့ ကြိုးစားနေတာပဲ ဖြစ်မယ်’

ချင်မူ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ ပင်ပန်းနေသော စစ်သည်များကိုသာ မြင်လိုက်ရသည်။ သူတို့အားလုံး မတိုက်ခိုက်နိုင်တော့ပေ။ နတ်ဘုရားများပင် နွမ်းနယ်နေကြချေပြီ။

‘ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ပျက်စီးနေတဲ့အပြင် မြေပြင်အနေအထားကလည်း မဖြစ်ထွန်းဘူး... လော့ယွင်ချွီအနေနဲ့ နတ်ဘုရားအရိုးစုတချို့ကိုပဲ အသက်သွင်းနိုင်လိမ့်မယ်.... ကံကောင်းလို့ အများကြီးမရှိ....”

ချင်မူ တွေးနေသည့်အချိန်မှာပဲ နတ်ဘုရားအရိုးစုကြီးများ ချော်ရည်ပင်လယ်ထဲမှ ထွက်လာကြသည်။ အရိုးများအတွင်း၌ ချော်ရည်များ စီးဆင်းလျက် ရှိနေသေး၏။ အရိုးစုများအပေါ်ရှိ ချော်ရည်များနှင့် မီးတောက်များ ငြိမ်းသေသွားသည့်အခါ သူတို့၏မျက်လုံးအိမ်များ၌ သရဲမီးတောက်များသာ မျောလွင့်လျက် ကျန်ခဲ့သည်။

ချော်ရည်ပင်လယ်ထဲမှ နတ်ဘုရားအရိုးစုများစွာ တဖြည်းဖြည်း ထလာကြသည်။ တစ်ရာ၊ နှစ်ရာ၊ သုံးရာ.... အရေအတွက်က ပိုများလာနေ၏။

ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူ တစ်ခုခု ပြောချင်သော်လည်း သူ့အသံမှာ အက်ကွဲနေသည်။ “အစစ်အမှန်နတ်ဘုရားပန်ယု၊ ခင်ဗျားတို့ တိုက်ခိုက်နိုင်သေးလား”

အစစ်အမှန်နတ်ဘုရားပန်ယု၊ နတ်ဘုရားစန်းယဲ့နှင့် ကျန်ရှိသူများမှာ မျက်နှာမကောင်းကြပေ။ သူတို့နှုတ်ခမ်းများမှာ ခြောက်ကပ်လွန်း၍ ကွဲပြီး သွေးတို့ပင် စီးကျနေကြသည်။ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများလည်း မဟန်ပေ။ လူထောင်ပေါင်းများစွာကို ကာကွယ်ရန် သူတို့မှာ အဘက်ဘက်မှ ကပ်ဘေးများကို ရင်ဆိုင်ခဲ့ရ၍ ပင်ပန်းနေကြသည်။

ချင်မူက ရှင်းအန်းကို ကြည့်လိုက်သည်။ ရှင်းအန်းက သေတ္တာကို ဖွင့်၍ ခြေပြတ်လက်ပြတ်များ ထုတ်ကာ အသစ်လဲလှယ်နေသည်။

“ငါ တိုက်ခိုက်နိုင်တယ်”

ရှင်းအန်းက သွေးကို လဲပြီးနောက် အနိမ့်အမြင့်မရှိသောအသံဖြင့် ပြောသည်။ “နတ်ဘုရားအရိုးစုတွေ အများကြီးဆိုတော့ ငါ မင်းတို့ကို ကြာကြာ မကာကွယ်ပေးနိုင်ဘူး... ငါ့ သေတ္တာထဲက အစိတ်အပိုင်းတွေကလည်း အကန့်အသတ် ရှိတယ်... ပြီးတော့ ငါ့မှာ တောင်းဆိုစရာတစ်ခုလည်း ရှိတယ်”

သူက ဆေးဆရာကို ကြည့်၍ အလေးအနက် ပြောသည်။ “ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ငါ့ရောဂါကို ကုပေးရမယ်... သဘောမတူရင်တော့ ငါတစ်ယောက်တည်း ထွက်သွားမယ်”

ဆေးဆရာ မျက်မှောင်ကြုတ်သွား၏။ “ငါ သဘောမတူရင် မင်းက ဘယ်သွားနိုင်မှာမလို့လဲ.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေလည်း ထွက်သွားလို့မရဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုလည်း ပြန်လို့မှမရတာ”

ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “သူ ထွက်သွားလို့ရတယ်... ရထားလုံးရဲ့ ညွှန်တံအတိုင်း ထိုက်မင်ကောင်းကင်ဘုံဆီ သွားလို့ရတဲ့ လမ်းကို သူ သိထားပြီးပြီ...”

ရှင်းအန်းက ပြုံးလိုက်သည်။ “ငါပဲ မင်းတို့ကို ကယ်နိုင်တယ်နော်... အဆိပ်ဘုရင်၊ ငါ့တောင်းဆိုမှုကို သဘောတူလား”

“ကောင်းပြီ”

ဆေးဆရာက တွန့်ဆုတ်ခြင်းမရှိ ပြောသည်။ “မင်းအတွက် ဆေးညွှန်း ရေးပေးမယ်... ဒါပေမဲ့ မသေမချင်း တိုက်ခိုက်ပေးရမယ်”

ရှင်းအန်းက ခေါင်းယမ်းသည်။ “မလုပ်နိုင်ဘူး... ငါ့အသက်အန္တရာယ် စိုးရိမ်ရရင်တော့ ချက်ချင်း ထွက်ပြေးမှာပဲ... ဒီမှာ အသေမခံနိုင်ဘူး”

ဆေးဆရာ သရော်တော်တော် ပြောလိုက်သည်။ “သေတဲ့အထိ မတိုက်ခိုက်ပေးမှတော့ မင်းကို အားကိုးနေလို့လည်း ဘာထူးမှာလဲ”

ရှင်းအန်း၏ မျက်လုံးများ လင်းလက်သွားပြီး နတ်ဘုရားအရိုးစုသည် အမိန့်လက်ခံရလိုက်သကဲ့သို့ တရှိန်ထိုး ပြေးတက်လာကြသည်။

ရှင်းအန်း တမုဟုတ်ချင်း ထွက်ပြေးသွားသော်လည်း သူ့အသံက အဝေးမှ ထွက်လာသည်။ “မင်းတို့ ငါ့ကို တောင်းဆိုရမယ့် အချိန် ရောက်လာမှာပါ”

သူကား အားလုံးကို ပစ်ထားပြီး ကိုယ်လွတ်ရုန်းသွားချေပြီ။

သားသတ်သမားက ဓားမဆွဲထုတ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မသေမချင်း တိုက်”

ဓားမရောင်တို့က ကောင်းကင်သို့ တရှိန်ထိုး ဖြာထွက်သွားပြီး ကျန်နတ်ဘုရားများလည်း ကောင်းကင်လက်နက်များ ထုတ်လိုက်ကြသည်။ သူတို့က အံတင်းတင်းကြိတ်ရင်း ပြေးလာနေသော အရိုးစုများဆီသို့ စိုက်ကြည့်နေကြ၏။

သူတို့မှာ ပင်ပန်းနေပြီဖြစ်သော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ အသက်က သူတို့လက်တွင် ရှိနေသည်။ မိမိ၏ သေခြင်းရှင်ခြင်းကိုသာ ငဲ့ကွက်နေ၍မရပေ။

အရိုးစုများ တစတစ ပေါ်လာပြီး နီးသထက် နီးလာကြသည်။ အရိုးစုအုပ်လိုက်ကြီးသည် ချော်ရည်ပင်လယ်ကို နင်း၍ ပျံသန်းနေသကဲ့သို့ အလွန်လျင်မြန်စွာ ပြေးလာကြ၏။ သူတို့၏ခြေလှမ်းများကြောင့် ချော်ရည်လှိုင်းများ ပိုမိုထကြွလာကာ အငွေ့အသက်များကလည်း ကြောက်မက်ဖွယ်ကောင်းလာသည်။

နတ်ဘုရားစန်းယဲ့က အပြုံးတစ်ခုဖြင့် ပြောသည်။ “နောင်တော်ပန်ယု၊ ဒီလူငယ်တွေ အသက်ရှင်ရင် သူတို့ထဲကနေ နတ်ဘုရားတွေ အများကြီး ပေါ်ထွက်လာမယ်မဟုတ်လား”

အစစ်အမှန်နတ်ဘုရားပန်ယုသည် ပထမလူသားဧကရာဇ်ကို ကျောတွင် ပိုးထားဆဲဖြစ်ပြီး ပြုံးလိုက်၏။ “ဟုတ်တယ်.... ဒီလူငယ်တွေက ငါတို့ထက် အများကြီး ထက်မြက်တယ်... အစွမ်းအစတွေလည်း ပိုထူးချွန်ကြတယ်... နတ်ဘုရားဖြစ်လာတဲ့လူငယ်တွေဟာ ငါတို့ ဘိုးဘေးတွေအောက် နိမ့်ကျမှာမဟုတ်ဘူး... ငါတို့မရောက်နိုင်တဲ့ အမြင့်ကိုတောင် ရောက်ကြလိမ့်မယ်”

နတ်ဘုရားများက ပြုံးကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ သူတို့အတွက် အသေခံတိုက်ပေးရလည်း တန်ပါတယ်”

သားသတ်သမား ကျယ်လောင်စွာ ရယ်မောပြီး အော်ဟစ်လိုက်၏။ “ရွာလူကြီး၊ အဘွားကြီး မင်းတို့ သူတို့ကို အရင်လိုက်ပို့ပေးလိုက်... ငါ နောက်ကနေ ခံတိုက်ပေးထားမယ်.... မင်းတို့တွေ စောင့်ကြိုနေမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလား"

အဘွားစစ်က လေးနက်သွားပြီး ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။ “မသေမချင်း ယုံကြည်ချက် ရှိတယ်”

“ကောင်းပြီ”

နတ်ဘုရားတို့သည် မာန်သွင်းဟိန်းဟောက်ရင်း အရိုးစုများဆီ ပြေးတက်သွားကြ၏။

ရွာလူကြီးက သက်ပြင်းချ၍ အလေးအနက် ပြောသည်။ “သွားစို့... ငါ ကျင့်စဉ်စွမ်းအင်အကုန်လုံး သုံးပြီး မင်းတို့အတွက် လမ်းဖွင့်ပေးမယ်”

သူ့အသံ သူတို့နားထဲ ရောက်သွားသည့်အချိန်မှာပဲ ချော်ရည်ပင်လယ်သည် ရုတ်တရက် ပွက်ပွက်ဆူလာပြီး ပူဖောင်းကြီးများ ထလာသည်။ ရွာလူကြီး အံ့အားသင့်သွားပြီး သူ၏ချီစွမ်းအင်က ခြေလက်များ ဖွဲ့တည်ပေးလိုက်၏။ သူက ဓားကို ဆွဲကိုင်ရင်း ချော်ရည်ပင်လယ်၏ ပြောင်းလဲမှုကို စိုက်ကြည့်နေသည်။

ဗွမ်း

ချော်ရည်များ ကောင်းကင်သို့ ထိုးတက်သွားပြီး ချပ်ဝတ်တန်ဆာ ဝတ်ထားသော အရိုးနဂါးကြီးတစ်ကောင် တိုးထွက်လာသည်။ အရိုးနဂါး၏အနောက်မှ ချပ်ဝတ်များဖြင့် အရိုးစုများ တဟုန်ထိုး လိုက်လာကြ၏။ အရိုးစုတစ်ထောင်ခန့်က ပင်လယ်ထဲမှ ခုန်ထွက်လာချေပြီ။

ရွာလူကြီး၏မျက်နှာ ဖြူလျော့သွားပြီး ဓားကို ဆုပ်ကိုင်ထားသော ချီစွမ်းအင်လက်ပင် တုန်ရီစပြုလာသည်။

အရိုးနဂါးကြီး၏ နဖူးထက်၌ စုတ်ပြဲနေသော ခြုံထည်တစ်ထည် လွှားခြုံထားသော အရိုးစုနတ်ဘုရားတစ်ပါး ရပ်နေသည်။ သူက လက်တွင် ကိုင်ထားသည့် ပုဆိန်ကြီးကို လွှဲယမ်းရင်း ကျယ်လောင်စွာ ရယ်ကာ အမိန့်ပေးလိုက်၏။ “တောင်ကောင်းကင်ဘုံ၊ တောင်ပိုင်းကြယ်တပ်ဖွဲ့ရဲ့ စစ်သည်တော်အပေါင်းတို့၊ ဒီမကောင်းဆိုးဝါးတွေကို ပြားပြားကပ်အောင် ချေမှုန်းကြကုန်လော့”

နတ်ဘုရားအရိုးစုများက ရွာလူကြီးနှင့် ကျန်ရှိသူများကို ခုန်ကျော်ကာ သားသတ်သမား၊ ပန်ယုနှင့် ကျန်ရှိသူများ တိုက်ခိုက်နေသော အရိုးစုများဆီသို့ ပြေးသွားကြသည်။

ရွာလူကြီးမှာ ငေးငေးကြောင်ကြောင်ဖြင့် လှည့်ကြည့်လိုက်ရာ အရိုးစုစစ်တပ်နှင့် အရိုးစစ်တပ် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ရုတ်ခြည်းပင် အရိုးစများ လွင့်ပျံ့ထွက်လာကြ၏။

သူတို့ကို ဖြတ်ကျော်သွားသော အရိုးစုများသည် အကျအန လေ့ကျင့်ထားသော တပ်စိတ်ဖြစ်ဟန်တူ၏။ နေရာယူထားသော စစ်ရေးအခင်းကျင်းအရ သူတို့သည် ဖရဲသီးကို လှီးဖြတ်လိုက်သကဲ့သို့ ရန်သူ၏စစ်တပ်ကို နင်းချေထိုးဖောက်သွား၏။

ရုတ်တရက် အပြောင်းအလဲကြောင့် အားလုံး အံ့အားသင့်နေကြသည်။ ရွာလူကြီး နောက်လှည့်ကြည့်လိုက်သည့်အခါ အရိုးနဂါးမှ ခေါင်းငုံ့ပေးလိုက်သည်ကို မြင်လိုက်ရ၏။ ဦးခေါင်းပေါ်ရှိ အရိုးစုစစ်သူကြီးက ပုဆိန်ကို ချကာ ဦးညွှတ်အရိုအသေပေးသည်။ “ခိုင်ဧကရာဇ်ကောင်းကင်ဘုံနတ်ဘုံ၊ တောင်ကောင်းကင်ဘုံ၊ တောင်ပိုင်းကြယ်တပ်ဖွဲ့ ၊ ချိရှာကြယ်အရှင်သခင် ဝေ့လျောင် ကျေးဇူးရှင်လေးကို ဂါဝရပြုပါတယ်... ကျေးဇူးရှင်လေးနဲ့ ပြန်ဆုံပါ့မလား တွေးနေပေမယ့် အခုလို အခြေအနေမှာ ပြန်တွေ့ရမယ် မထင်ထားဘူး”

သူသည် အရိုးစုတစ်စုသာ ဖြစ်သော်လည်း ခံ့ညားပြီး သူရဲကောင်းဆန်သော အငွေ့အသက် ရှိနေ၏။ အသံကို ကြားလိုက်ရုံနှင့် အသက်ရှိစဉ်တုန်းက လေးစားရိုသေဖွယ်ရာ နတ်စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ကြောင်း ခန့်မှန်းကြည့်နိုင်သည်။

ထောင်သောင်းချီသော လူများမှာ မှင်သက်နေကြပြီး မည်သို့လုပ်ရမည်မှန်း မသိကြပေ။

ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ကြားလိုက်ရသည်။ “အရှင်ဝေ့လျောင်ကတော့ ယဉ်ကျေးလွန်းနေပါပြီ... ကျေးဇူးပြုပြီး ထပါဗျ”

အားလုံး အသံလာရာဆီသို့ ကြည့်လိုက်ရရာတွင် လူအုပ်ကြားမှ ထွက်လာသော ချင်မူ့ကို မြင်လိုက်ရ၏။ ဂိုဏ်းသခင်လေးက ဦးညွှတ်၍ ပြန်နှုတ်ဆက်နေလေသည်။

All Chapters