ကောင်းကင်ဘုံထက် ကြီးမြတ်သော ကောင်းမှုကုသိုလ်
Vol. 50 Ch. 673
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရုပ်သွင်က သေခြင်းရှင်ခြင်းစာအုပ်ထက်၌ ပေါ်လာပြီး သူ့အနောက်တွင် နာမည်တစ်ခု ရှိနေသည် — မြစ်သင်္ချိုင်း၊ ကျန်းပိုင်ကွေ့။
“ဒါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ နာမည်လား”
ဖုယန်ချီက လက်ကို ဆုပ်ကိုင်ထားပြီး လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။ ရုတ်တရက် သူ၏ တုန်ရီနေသော လက်က နတ်ဘုရားသွေးတချို့ဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ နာမည်ကို ချရေးလိုက်သည်။
မြစ်သင်္ချိုင်း၊ ကျန်းပိုင်ကွေ့။
သူ နာမည်ရေးပြီးသည်နှင့် နတ်ဘုရားသွေးသည် သေခြင်းရှင်ခြင်းစာအုပ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်ကာ ပျောက်ကွယ်သွား၏။
“သေခြင်းရှင်ခြင်းစာအုပ်က သေစာရင်း သွင်းပေးနိုင်တယ်... အခု သူ့နာမည်ကို စာရင်းသွင်းလိုက်ပြီဆိုတော့ မကြာခင် သူ့ဝိညာဉ်နဲ့ အသက် နုတ်ယူခံရလိမ့်မယ်”
ဖုယန်ချီက သရော်တော်တော် ပြောလိုက်သည်။ “ငါ့လက်လေးချောင်း ပြတ်ရတာ အလကားမဖြစ်စေရဘူး”
ချင်မူတို့မှာ ခရီးဆက်သွားနေကြသည်။ လော့ယွင်ချွီနှင့် ခွေ့ချင်းပိုင်တို့က သူတို့ကို စောင့်ကြည့်နေပြီး သူတို့အကြည့်သည် ဧကရာဇ်အတိုင်ပင်ခံထံမှ မခွာကြပေ။ သုံးယောက်လုံး တိတ်ဆိတ်စွာ စောင့်နေကြ၏။
အချိန်ကြာလာသည့်တိုင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အေးအေးလူလူ လမ်းလျှောက်နေဆဲ ဖြစ်သည်။ သူက အားလှိုင်းများကို ခုခံပေးရင်း ခရီးမဖင့်အောင် ကူညီပေးနေသည်။
“ဘာလို့ သူ့ဝိညာဉ်နဲ့ အသက် မနုတ်ခံရသေးတာလဲ”
ဖုယန်ချီ အံတင်းတင်းကြိတ်၍ နတ်ဘုရားသွေးတချို့ဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏နာမည် ထပ်ရေးရန် ပြင်လိုက်သည်။ ထိုစဉ် လော့ယွင်ချီက သူ့ကို တားပြီး ခေါင်းယမ်းပြသည်။ “ညီလေးဖု၊ ဒီလူက သာမန်လူမဟုတ်ဘူး... မင်တုရဲ့ မှော်အစီအရင်တွေကို သူ သိနေပြီ... မင်း သူ့ကို စမ်းသပ်လေလေ၊ သူ ငါတို့ရဲ့ မင်တုရဲ့ မှော်အစီအရင်တွေကို ပိုနားလည်လာလိမ့်မယ်... အခု သူ့မှာ သေခြင်းရှင်ခြင်းစာအုပ်လည်း ရှိနေတော့ မင်း သေခြင်းရှင်ခြင်းစာအုပ် ထပ်သုံးလို့မရတော့ဘူး”
ဖုယန်ချီ ခံရခက်သွား၏။ “ဒါဆို ကျွန်တော့်သွေးတွေ အလကားဖြစ်သွားပြီလား”
ခွေ့ချင်းပိုင်က မျက်မှောင်ကြုတ်ကာ ပြောသည်။ “ဒီကမ္ဘာမှာ ငါတို့မင်တုရဲ့ မှော်အစီအရင်တွေက အလျှို့ဝှက်ဆုံးပါ... သူက ဘယ်လိုလုပ် ချိုးဖျက်နိုင်ခဲ့တာလဲ.... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ ခေါင်းဆောင် ဆိုစေဦးတော့... ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုပါရမီ မရှိသင့်ပါဘူး”
လော့ယွင်ချွီက သက်ပြင်းချကာ ပြော၏။ “ဒါက ကောင်းကင်နတ်ဘုံအတုရဲ့ သက်ရောက်မှုတွေ ဖြစ်လောက်တယ်... အတိတ်တုန်းက ကောင်းကင်နတ်ဘုံအားလုံး အဲဒီနေရာကနေ ပေါ်ထွက်လာခဲ့တာဆိုတော့ အဲဒီနေရာက ထူးခြားနေတာ ပုံမှန်ပဲလေ... ငါ အခြားကမ္ဘာတွေဆီက ကြားခဲ့ဖူးတယ်... အဲဒီဘိုးဘေးမြေမှာပဲ နှစ်ငါးရာတိုင်း ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာနိုင်တယ်တဲ့... တခြားကောင်းကင်ဘုံတွေမှာ အဲဒီလိုကောလဟာလမျိုး မရှိဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကံတရားရဲ့ မျက်နှာသာပေးခံထားရတာ ထင်ပါရဲ့”
ဖုယန်ချီက ကျင့်စဉ်စွမ်းအင်ဖြင့် ဒဏ်ရာကို ချုပ်လိုက်သောကြောင့် သွေးထွက်ရပ်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ ပြော၏။ “လက်လေးချောင်း ပြတ်သွားတာလေးကြောင့်နဲ့တော့ ပြန်မွေးဖွားမနေတော့ဘူး... တစ်ခါတည်း သေအောင် သတ်လိုက်ရင်လည်း ထားပါဦး၊ လက်ချောင်းလေးချောင်းပဲ ဖြတ်ပစ်ရတယ်လို့... ကျွန်တော် သူတို့ကို သွားသတ်ချင်တယ်... ကျွန်တော့်ကိုယ် ကျွန်တော် ဖောက်ခွဲပြီး ယိုတုဆီ သွားလိုက်မယ်”
လော့ယွင်ချွီက ချင်မူနှင့် ကျန်ရှိသူများ အဝေးသို့ ထွက်သွားသည်ကို ကြည့်ရင်း ပြုံးသည်။ “ဘာတွေ စိတ်ပူနေတာလဲ... သူတို့ကို သွားခွင့်ပေးလိုက်စမ်းပါ... ဒီတစ်ခေါက် ငါတို့ရဲ့ ပန်းတိုင်က လော့ဖူကောင်းကင်ဘုံကို စတေးပြီး ကောင်းကင်နတ်ဆိုးတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ သွားနေရအောင် ဖိအားပေးဖို့ပဲ... သူတို့ မဖြစ်မနေ စစ်ဖြစ်ရလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်အများစု သေတာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ကျောက်ရုပ်တုတွေ နိုးထလာပြီး တစ်ကမ္ဘာလုံး ဖျက်စီးပေးလိမ့်မယ်... ဒါဆို ငါတို့ပန်းတိုင် မအောင်မြင်သွားဘူးလား”
ခွေ့ချင်းပိုင်က ပြောသည်။ “ဒုတိယပန်းတိုင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကနေ သင်ယူခဲ့ရတာတွေကို မှတ်တမ်းတင်ဖို့ပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအပေါ်ပဲ မူတည်တယ်... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို ဖမ်းလိုက်ရင် အမြန်ဆုံးပဲ”
လော့ယွင်ချွီက ပြောသည်။ “တတိယပန်းတိုင်ကတော့ ဆရာ့ဆီ ယိုတုသားတော်ကို ခေါ်သွားဖို့”
သူက အပြုံးတစ်ခုဖြင့် ပြောနေ၏။ “ဒီကိစ္စသုံးရပ်ကို တစ်ပြိုင်တည်း အကောင်အထည်ဖော်လို့ရတယ်... သူတို့ကို ရှေ့ဆက်သွားခိုင်းလိုက်ပါ.. ထိုက်မင်ကောင်းကင်ဘုံကို သူတို့ ရောက်ရင်တောင် ဘယ်လိုနေနေ ငါတို့လက်ထဲ ရှိနေဦးမှာပဲ... ညီလေးဖု၊ စိတ်အေးအေးထား... ငါတို့ တိတ်တိတ်လေး စောင့်နေဖို့ပဲ လိုတယ်”
မင်တုနတ်ဘုရားသုံးပါးသည် လေလယ်၌ ရပ်နေပြီး နောက်မှ လိုက်မသွားကြပေ။
ထောင်သောင်းချီသော လူများအားလုံး အရိုးပေါ်အရေတင်သာ ကျန်တော့သည်အထိ ပိန်ချုံးလာကြသည်။ ကြော့ရှင်းလှပသည့် အဘွားစစ်ပင် ပိန်ကျသွားခဲ့၏။ နတ်ဘုရားများအပါအဝင် မည်သူမှ တောင့်မခံနိုင်တော့သည့်အချိန် ပထမလူသားဧကရာဇ်၏ ဒဏ်ရာများ တည်ငြိမ်သွားသည်။ ချင်မူနှင့် ဆေးဆရာ၏ အထူးတလည် ပြုစုကုသပေးမှုကြောင့် သူ၏ကျင့်စဉ်စွမ်းအင်ပင် အနည်းငယ် ပြန်ပြည့်လာသည်။
ပထမလူသားဧကရာဇ်က ဖန်ဆင်းကောင်းကင်နတ်သိုင်းဖြင့် အားလုံးအတွက် သန့်ရှင်းသော ရေများ ဖန်ဆင်းပေးသည်။ အကုန်လုံး ရေသောက်လိုက်ရ၍ လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာကြ၏။
နောက်ဆုံးတော့ ပထမလူသားဧကရာဇ် မိမိဘာသာ လမ်းလျှောက်နိုင်သွား၍ အစစ်အမှန်နတ်ဘုရားပန်ယု ကျောပိုးပေးရန် မလိုတော့ပေ။ ရေသောက်နေကြသူများကို ကြည့်ရင်း မင်းသားချင်ဝူမှာ အနည်းငယ် စိတ်ဓာတ်ကျနေသေးသည်။
ချိရှကြယ်အရှင်သခင်ကို တွေ့လျှင် ပို၍ပင် စိတ်ဓာတ်ကျသွား၏။
ဝေ့လျောင်ကလည်း သူ့ကို မှတ်မိ၍ ပြောသည်။ “ကျွန်တော် ခိုင်ဧကရာဇ်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းက အရှင့်သားကို တွေ့ဖူးတယ်... ကျွန်တော် အသက်ရှင်နေတုန်းက အောက်ဘုံက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ဆိုတဲ့ လူတစ်ယောက်နဲ့လည်း ဆုံခဲ့ရတယ်.... သူ့ပုံစံက နူးညံ့သိမ်မွေ့သယောင် ထင်ရပေမယ့် တကယ်တော့ သိပ်ကြမ်းတမ်းတဲ့လူဗျ... သူ့ဆီကနေ အရှင့်သားရဲ့ ကောင်းမှုကုသိုလ်အကြောင်း ကြားခဲ့ရသေးတယ်... အရှင်သားက မျိုးနွယ်အားလုံးကို ဆင်းရဲဒုက္ခကြားက ဦးဆောင်ပြီး ဆက်ရှင်သန်နိုင်မယ့် လမ်းကို ရှာပေးခဲ့တယ်ပြောတယ်”
ပထမလူသားဧကရာဇ်က စိတ်ပျက်အားငယ်နေသော အသံဖြင့် ပြောသည်။ “ခိုင်ဧကရာဇ်ခေတ်က ပျက်သုဉ်းသွားပြီ... မင်းသားဆိုတာလည်း မရှိတော့ဘူး... ကျုပ်က တပ်ပြေးတစ်ယောက်ရယ်ပါ... ခိုင်ဧကရာဇ်လည်း မထူးဘူး... စစ်သူကြီးကမှ ရိုးသားဖြောင့်မတ်သူပါ... အတိတ်ကို မပြောပါနဲ့တော့လား”
ဝေ့လျောင် မှင်သက်သွားပြီး ရုတ်တရက် ပြုံးလျက် ပြောလိုက်မိ၏။ “အရှင့်သား၊ လူသားဧကရာဇ်ချင် ဒီကောင်းကင်နတ်သိုင်းပညာရှင်တွေကို ဆက်ရှင်သန်နိုင်မယ့်နေရာဆီ ခေါ်သွားပေးနေတာနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရလဲ... သူရဲကောင်းဆန်တယ် မြင်မိလား”
ပထမလူသားဧကရာဇ်၏ မှိုင်းညှို့နေသော အမူအရာ ပျောက်ကွယ်သွားသည်။ သူက ချင်မူ့ဆီသို့ လှည့်ကြည့်လိုက်၏။ “အဲဒီကောင်လေးက လူကောင်းလေး ၊ သိပ်လိမ္မာ ကလေး... အခုလိုအခြေအနေမှာ သူ့လောက် အကောင်းမြင်နိုင်တဲ့ လူမျိုး ကျုပ် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး... ဒီ့အပြင် သူက အမြော်အမြင်လည်း ကြီးမားတယ်... သတ္တိလည်း ကောင်းတယ်... ဆင်းရဲဒုက္ခတွေကိုလည်း ထိပ်တိုက်ရင်ဆိုင်တယ်... သူ့အနားမှာ နတ်ဘုရားတွေ အများကြီး ရှိပေမယ့် ဒီနတ်ဘုရားအားလုံးကို အခုလိုအန္တရာယ်တောထဲက ခေါ်ထုတ်သွားနိုင်တာ သူပဲ ရှိတယ်”
ဝေ့လျောင် ပြုံးလိုက်သည်။ “ဒါပေမဲ့ သူက အရှင့်သားဆီက သင်ယူနေတာပါ”
ပထမလူသားဧကရာဇ် မှင်သက်သွားသော်လည်း ခေါင်းယမ်းလိုက်သည်။ “မဟုတ်တာ မပြောပါနဲ့... ကျုပ်က တပ်ပြေးတစ်ယောက် ... ကျောက်စိမ်းလင်းရောင်နန်းတော်စစ်ပွဲတုန်းက ကျုပ် ထွက်ပြေးခဲ့တယ်...”
“ဒါပေမဲ့ အဲဒီအချိန်တုန်းက အရှင့်သား ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေက အခုအခြေအနေထက် အဆတစ်ရာ ဆိုးပါတယ်”
ဝေ့လျောင် ဆက်ပြောသည်။ “လူသားဧကရာဇ်ချင်က ထိုင်ဧကရာဇ်ကောင်းကင်ဘုံကို ဖြတ်ပြီး ရှင်သန်နိုင်မယ့်လမ်းဆီ ဦးဆောင်ပေးနေတယ်.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အခြေအနေက ဆိုးရွားနေတာ မှန်ပေမယ့် ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားတဲ့ အခြေအနေနဲ့စာရင် အများကြီး လိုပါသေးတယ်... သူ အတုယူနေတာ အရှင့်သားပဲ... အရှင့်သားက ကြောက်စရာကောင်းလှတဲ့ အဲဒီခေတ်မှာ အိုမင်းနေတဲ့လူတွေ၊ အားနည်းနေတဲ့လူတွေ၊ ဒုက္ခိတတွေကို ဦးဆောင်ပြီး အလောင်းတောင်တွေ၊ အလောင်းပင်လယ်တွေ ဖြတ်ကျော်ခဲ့တယ်... အရှင့်သားက အန္တရာယ်ပေါင်းများစွာကို ရှောင်တိမ်းပြီး သူတို့အသက်ရှင်နိုင်ဖို့၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရှာတွေ့ဖို့ အသက်ကိုတောင် ပဓာနမထားဘဲ တိုက်ခိုက်ပေးခဲ့တယ်လေ”
ပထမလူသားဧကရာဇ် ငိုင်တွေသွားသည်။
ဝေ့လျောင် ဆက်ပြောမိသည်။ “အရှင့်သားကြောင့် မဟုတ်ရင် ဒီနေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ ရှိလာမှာမဟုတ်ဘူး... ပြုပြင်ပြောင်းလဲမှုတွေလည်း ရှိလာမှာမဟုတ်ဘူး... ပါရမီမျိုးစုံနဲ့ ထူးချွန်တောက်ပနေကြတဲ့ လူငယ်တွေလည်း အခုလို ပေါများနေမှာမဟုတ်ဘူး... အရှင်သား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အရက်စက်ဆုံး၊ အယုတ်မာဆုံး လူကတောင် အရှင့်သားကို လေးစားတယ်... အရှင့်သားကို ဘိုးဘေးကြီးလို့ ခေါ်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်ကလည်း အရှင့်သားရဲ့ လူတစ်ယောက်ပဲ.... သူတို့က အရှင့်သားကို လူသားဧကရာဇ်လို့ တင်စားကြတယ်... အရှင့်သားကတော့ ကိုယ့်ကိုယ်ကို တပ်ပြေးတစ်ယောက်လို့ပဲ မြင်ပါလိမ့်မယ်... ဒါပေမဲ့ ကိုယ့်ရဲ့ ကောင်းမှုကုသိုလ်တွေကိုရော တွေးကြည့်ဖူးရဲ့လား... ဒီရက်ပိုင်း ကျွန်တော် လူသားဧကရာဇ်ချင် အရှင့်သားကို ပထမဘိုးဘေးကြီးလို့ ခေါ်တာ ကြားရတယ်... ဧကရာဇ်အတိုင်ပင်ခံတောင် အရှင့်သားကို လေးစားပါတယ်... သူတို့ရင်ထဲမှာ အရှင့်သား ဘယ်လောက် အလေးစားခံနေရသလဲ ဆိုတာလည်း သိသင့်တယ်”
အရိုးစုကြီးက ပြုံးလျက် ပြောသည်။ “သူတို့က အရှင့်သားကို အရင်းနှီးဆုံး သွေးသားအဖြစ် သတ်မှတ်ထားကြတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ ထွက်သွားနိုင်ဖို့ ကောင်းကင်နတ်သိုင်းပညာရှင် ထောင်သောင်းချီကို ဦးဆောင်ပေးနေတဲ့ လူသားဧကရာဇ်ချင်တောင် အရှင့်သားကို အတုယူနေတာပါ”
“သူတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအကြောင်း အမြဲဆွေးနွေးနေကြပေမယ့် အရှင့်သားသာ မရှိခဲ့ရင် ဘယ်မှာလဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ... ဘယ်မှာလဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု”
“အရှင့်သား... ခိုင်ဧကရာဇ်ခေတ်တုန်းက နောင်တရစရာတွေ ရှိခဲ့ပေမယ့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စတင်တည်ထောင်ပေးခဲ့တဲ့လူက အရှင့်သားပါ”
“အရှင့်သားက အမဲစက်တွေကိုပဲ သတိထားမိပေမယ့် ချန်ရစ်ပေးခဲ့တဲ့ မျိုးစေ့ပင်ပေါက်လေးတွေကိုတော့ မေ့နေတယ်... သူတို့က အခု သစ်ပင်ကြီးတွေအဖြစ် ကြီးထွားလာပြီး စိမ်းစိုနေတဲ့ တောအုပ်ဖြစ်လာခဲ့ပါပြီ... အရှင့်သား၊ အရှေ့ကိုသာ ကြည့်ပါ”
“အရှင့်သားရဲ့ အမဲစက်က အင်မတန်မှ သေးငယ်ပါတယ်... ကောင်းမှုကုသိုလ်ကတော့ ကောင်းကင်ဘုံထက်တောင် ကြီးမြတ်လှတယ်”
ဝေ့လျောင်က ပြုံးရင်း ပြောသည်။ “တိုက်ပွဲကျသွားတဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ၊ မောင်နှမတွေ ကောင်းကင်ဘုံကနေ အရှင့်သားကို ကြည့်နေကြတယ်... ကျောက်စိမ်းလင်းရောင်နန်းဆောင်ရဲ့ သူငယ်ချင်းတွေလည်း ကြည့်နေကြတယ်... သူတို့က အရှင်သား အခုလို ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ညှည်းဆဲနေတာ မမြင်ချင်ကြဘူး... ဝန်ထုပ်တွေကို ခဝါချပြီး အားအင်အသစ်တွေနဲ့ ရှေ့ဆက် လျှောက်သွားစေချင်ကြတယ်”
ပထမလူသားဧကရာဇ်၏ မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာတော့သည်။
ထိုအချိန်တွင် သူတို့အရှေ့၌ ပျက်စီးနေသော ကျောက်ကမ်းပါးစွန်းတစ်ခု ပေါ်လာသည်။ ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံ ရှေ့သို့ ကြည့်လိုက်သည့်အခါ ဟင်းလင်းပြင်အကွဲစများစွာ မြင်လိုက်ရသည်။ အကွဲစများက စုဝေးနေကြပြီး ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေကြသည်။
ဟင်းလင်းပြင်အကွဲစတချို့သည် တိမ်မြူရှင်းသော ကောင်းကင်ပြာပမာ ကြည်လင်လျက်ရှိကာ တိတ်ဆိတ်စွာ လွင့်မျောနေကြသည်။ တချို့အစများကမူ အပြာရောင်ပင်လယ်များအသွင် ရှိတတ်ပြီး တချို့ကတော့ မီးတောက်များ၊ မြေပြင်များနှင့် တောင်များပုံစံ တွေ့ရသည်။
သို့သော် ဟင်းလင်းပြင်အကွဲစများ၌ အထူမရှိပေ။ အကွဲကြောင်းတစ်ကြောင်းထဲ ကျသွားသည်နှင့် အပိုင်းပိုင်း ဖြတ်တောက်ခံရလိမ့်မည်။
ချင်မူ လှည့်ပတ်ကြည့်ရှုရင်း ကျောက်ကမ်းပါးစွန်းသည် အတော်လေး ရှည်လျားကြောင်း တွေ့လိုက်ရသည်။ အဆုံးကို မမြင်ရသလို၊ အခြားတစ်ဖက်၌ မည်သည့်အရာ ရှိမှန်းလည်း မသိရပေ။ မြင်ကွင်းကို ပိတ်ကွယ်ထားသော ဟင်းလင်းပြင်အကွဲစများက များပြားလွန်းနေ၏။
ချော်ရည်ပင်လယ်မှ ချော်ရည်တို့ကလည်း ဤနေရာသို့ ဝင်ရောက်လာပြီးနောက် မည်သို့နေရာသို့ ဆက်လက်စီးဆင်းသွားကြောင်း ခန့်မှန်းမရတော့ပေ။
ချင်မူ နဂါးချီလင်ကို သံလိုက်အိမ်မြှောက်ရထားလုံးအား ရပ်ခိုင်းလိုက်ပြီး ပြောလိုက်သည်။ “ဒီကနေ မဟာမြို့ပျက်ဆီ သွားမယ်ဆို ကျွန်တော် လမ်းမသိဘူး... ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ မဟာမြို့ပျက်ထဲ သွားရင်တော့ လမ်းသိတယ်”
“အဓိကအချက်က ဒီကနေ ထိုက်မင်ကောင်းကင်ဘုံကို ဘယ်လိုသွားမလဲဆိုတာပဲ” အဘွားစစ်က လျှောက်လာပြီး နူးညံ့ပျော့ပျောင်းသော အသံချိုချိုလေးဖြင့် ပြောသည်။
ရေဓာတ်ပြန်ဖြည့်ပြီးနောက် အဘွားစစ်သည် ပြည့်ပြည့်တင်းတင်းဖြင့် ပြန်လည်ချောမောလှပလာ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ သူမကို တစ်ချက်ခိုးကြည့်ပြီး ကပျာကယာ အကြည့်လွှဲလိုက်ရင်း သူ့ဘာသာသူ တွေးနေသည်။ ‘ငါ့မှာ မိန်းမရှိတယ်... မဟုတ်တာတွေ မတွေးစမ်းနဲ့’
ထော့ကျိုးက ကျောက်ကမ်းပါးစွန်းတစ်လျှောက် တရှိန်ထိုး ပြေးလိုက်ပြီးနောက် တခဏကြာသည့်အခါ ပြန်ရောက်လာ၏။ သူရောက်လာသည့် လေအရှိန်က အားလုံး၏မျက်နှာများအား ဖြတ်တိုက်သွားသည်။ “ဟိုဘက်မှာ တံတားတစ်စင်း ရှိတယ်... တစ်ဖက်ခြမ်းနဲ့ ဆက်နေတဲ့ပုံပဲ”
ဤသတင်းကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ဤကဲ့သို့နေရာမျိုးတွင် အဘယ်သို့ပြု၍ တံတားတစ်စင်း ရှိနေသနည်း။
အားလုံး ထော့ကျိုး ရှာတွေ့ခဲ့သော နေရာဆီ အလျင်အမြန် သွားလိုက်ကြပြီး အမှန်ပင် တံတားတစ်စင်း ရှိနေကြောင်း မြင်လိုက်ရသည်။ အစိမ်းရောင် မိုးမခသစ်ရွက်များက အတူတကွ ထွေးယှက်ကာ တံတားကို ဖွဲ့တည်ထားခြင်းဖြစ်၏။ သစ်ရွက်ဆို၍ ပါးပါးလေးမဟုတ်... မိုးမခသစ်ကိုင်းများကလည်း နဂါးများပမာ တုတ်ခိုင်လှသည်။ တစ်ယောက်ယောက် မိုးမခသစ်ကိုင်းများအား အဆမတန် ကြီးထွားလာအောင် ဖန်ဆင်းထားခြင်းဖြစ်လိမ့်မည်။
မိုးမခသစ်ကိုင်းတို့သည် တစ်ကိုင်းနှင့်တစ်ကိုင်း ရစ်ပတ်ပြီး တစ်ဖက်ကမ်းသို့ ဦးတည်နေ၏။ သူတို့ဘေးရှိ သစ်ကိုင်းများမှာမူ ချော်ရည်ထဲ၌ အမြစ်ချကာ အာဟာရဓာတ်များ စုပ်ယူနေသည်။
ချင်မူ ခပ်တိုးတိုး မေးလိုက်သည်။ “အရှင်ဝေ့လျောင်တို့ ဒီတံတားကို ဆောက်ထားတာလား”
ဝေ့လျောင်မှာလည်း တံတားကို ကြည့်ရင်း ငေးကြောင်နေသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ငါ အစောကြီး သေသွားတာဆိုတော့ ဒီမှာ တံတားရှိမရှိ မသိခဲ့ဘူး”
ချင်မူ အစစ်အမှန်နတ်ဘုရားပန်ယုဆီ ကြည့်သည့်အခါ သူကလည်း ခေါင်းယမ်းပြသည်။ “ကောင်းကင်နတ်ဆိုးတွေနဲ့ နှစ်ပေါင်းနှစ်သောင်းတိုင် တိုက်ခိုက်နေခဲ့ရတော့ ဒီမှာ တံတားလာ မဆောက်ခဲ့ဘူး... မိုးမခသစ်ကိုင်းတွေနဲ့ တံတားဆောက်နိုင်တဲ့ နည်းလမ်းတွေတောင် သိတာမဟုတ်ဘူး”
မိုးမခသစ်ကိုင်းတံတားသည် ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးနိုင်၏။ ထူးဆန်းသည်က ဤတံတားသည် ဟင်းလင်းပြင်အကွဲစအားလုံးကို ရှောင်တိမ်းထားလေသည်။ တံတားက ဖြောင့်မနေ၊ ကျောက်ကမ်းပါးစွန်း၏ အရှေ့ရှိ ဟင်းလင်းပြင်အကွဲစများကို ကွေ့ဝိုက်ပတ်သွားကာ လမ်းတစ်လမ်း ဖန်တီးပေးထားသည်။
“နက်နဲလိုက်တဲ့ သင်္ချာစွမ်းရည်...”
တာအိုသခင်လင်းရွှမ်နှင့် တာအိုဂိုဏ်း၏ တာအိုရသေ့များမှာ တံတား၏ အချိုးအကွေ့များကို ကြည့်ကာ ရင်သပ်ရှုမောနေကြသည်။ တာအိုရသေ့အိုကြီးတစ်ယောက်မှာ အံ့ဩလွန်း၍ မချုပ်တည်းနိုင်တော့ဘဲ ရေရွဝ်လိုက်မိသည်။ “ဒီသင်္ချာစွမ်းရည်က အမှန်တကယ် နက်နဲပါပေတယ်... ဒါနဲ့ဆို ရှုပ်ထွေးပြန့်ကြဲနေတဲ့ ဟင်းလင်းပြင်အကွဲစတွေကို အလွယ်တကူ ရှောင်သွားနိုင်ပြီ... ဘယ်သူ ဒီတံတားကို တည်ဆောက်ခဲ့တာလဲ... ဘယ်သူ့မှာ ဒီလောက်နက်နဲတဲ့ သင်္ချာစွမ်းရည် ရှိတာလဲ”
ပထမလူသားဧကရာဇ်က ရှေ့တက်၍ ကြည့်ပြီးသော် ပြောလိုက်သည်။ “ဒါက ကောင်းကင်ဆရာသခင်ရဲ့ လက်ရာပဲ... သူ ဒီနေရာ ရောက်လာပြီး အသက်ရှင်နိုင်မယ့်လမ်းကို တွက်ချက်ခဲ့လိမ့်မယ်... အဲဒီနောက်မှ မိုးမခသစ်ကိုင်းတွေနဲ့ ဒီတံတိုင်းကို ဖန်တီးခဲ့မယ်... တံတားအဆုံးမှာ ထိုက်မင်ကောင်းကင်ဘုံ ရှိလောက်တယ်”
ချင်မူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်က ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဂိုဏ်းသခင်ရဲ့ ဆရာပါ... သင်္ချာသင်ချင်ရင် ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဒါမှမဟုတ် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို လာလို့ရတယ်နော်”
တာအိုသခင်လင်းရွှမ်၏ မျက်နှာ မည်းမှောင်သွားသည်။ သူ့မှာ ဒေါသထွက်လွန်း၍ ပြောစရာစကား ရှာမရတော့ပေ။ သူ့ဘေးရှိ ကိုယ်တော်ကြီးကျင့်မင်က ပြုံးပြီး သူ့ဘာသာ တွေးလိုက်သည်။ ‘ဘယ်လိုလဲ ဂိုဏ်းသခင်ချင်က မလွယ်မှန်း သိပြီလား’
တာအိုသခင်လင်းရွှမ် တခဏ စဉ်းစားပြီး သူ့ဘေးရှိ တာအိုရသေ့ကြီးကို ပြောလိုက်၏။ “ပြန်ရောက်ရင် တာအိုဂိုဏ်းတက္ကသိုလ် တည်ထောင်ဖို့ ဧကရာဇ်နဲ့ ဆွေးနွေးသင့်လား”
ချင်မူက လူတစ်ယောက် လွှတ်၍ တံတားကို ဦးစွာထောက်လှမ်းခိုင်းသည်။ အတော်လေးကြာသော် ထိုလူက တစ်ဖက်ကမ်းမှ ပြန်ရောက်လာကာ ပြောသည်။ “လမ်းက အန္တရာယ်ကင်းတယ်.. တစ်ဖက်မှာ တိတ်ဆိတ်ပြီး သေဆုံးနေတဲ့ ကမ္ဘာတစ်ခု တွေ့ရတယ်”
“အဲဒါ ထိုက်မင်ကောင်းကင်ဘုံပဲ”
ချင်မူ စိတ်အားတရှိန်းရှိန်း တက်ကြွလာကာ အားလုံးကို အစီအစဉ်အလိုက် တံတားဖြတ်ရန် ညွှန်ကြားလိုက်သည်။
“အရှင်ဝေ့လျောင်၊ လမ်းတစ်လျှောက်လုံး ကာကွယ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့နဲ့ မဟာမြို့ပျက်ကို လိုက်ခဲ့မလား”
ချင်မူ ဝေ့လျောင်ကို ပြောလိုက်သည်။ “မဟာမြို့ပျက်မှာ ဖုန်းတု ရှိတယ်... ဖုန်းတုမှာ အရှင်ဝေ့လျောင်တို့အတွက် နေရာတစ်နေရာ ပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်မဟုတ်လား... အခု ကျွန်တော် ကတိတည်ဖို့ အချိန်တန်ပါပြီ”
ဝေ့လျောင်က နောက်လှည့်ပြီး ပျက်စီးနေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား ကြည့်နေသည်။ တခဏကြာသော် သူက ခေါင်းယမ်းကာ ကျယ်လောင်စွာ အော်လိုက်၏။ “တိုက်ပွဲကျခဲ့တဲ့ ညီနောင်အပေါင်းတို့၊ ငါနဲ့အတူ ဖုန်းတု လိုက်ခဲ့ကြ”
ရွာလူကြီးသည် အရိုးစုနတ်ဘုရားများကို ကြည့်ရင်း သက်ပြင်းချနေ၏။ ချင်မူ စပ်စုကြည့်လိုက်သည်။ “ဘိုးဘိုးရွာလူကြီး ဘာလို့ သက်ပြင်းချနေတာလဲ”
“ဖုန်းတုမှာ လှေလှော်နေရသေးတဲ့ တာအိုရသေ့ကြီးလင်းကျင့်ကို တွေးမိလို့ပါ”
ရွာလူကြီးက သက်ပြင်းချပြန်သည်။ “အခု မဟာမြို့ပျက်ထဲကို နတ်ဘုရားတွေ ထပ်ရောက်လာတော့မှာဆိုတော့ တာအိုရသေ့ကြီးလင်းကျင့်တော့ လှေလှော်ရင်း အိမ်ဝယ်ဖို့ ငွေမရှာနိုင်လောက်တော့ဘူး... ဖုန်းတုမှာ အိမ်စျေးတွေ ကြောက်စရာကောင်းလောက်အောင် တက်လာတော့မယ်”