ဓားနတ်ဘုရား၏ ရယ်သံ
Vol. 50 Ch. 672
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ဒီမှာ ဆုံတွေ့ရမယ် မထင်ဘူးဗျာ... ဒီနေရာက အပမြေလား”
“ဟုတ်တယ် အပမြေ... ဒါပေမဲ့ ဒီနေရာလည်း ချော်ရည်ပင်လယ် ဖြစ်သွားတော့ အပမြေဆိုတာ မရှိတော့ဘူး... အစတုန်းက အပမြေကို စောင့်ရှောက်ပြီး ချော်ရည်ပင်လယ်အောက်မှာပဲ နေလိုက်ဖို့ ပြင်ထားကြတာ... ဒါပေမယ့် သေခြင်းရှင်ခြင်းစာအုပ်ကြောင့် နိုးလာပြီး ကျေးဇူးရှင်လေး ဒုက္ခရောက်နေမှန်း သိလိုက်ရတာနဲ့ ကူညီပေးဖို့ ထွက်လာကြတာပါ”
ဝေ့လျောင် ချင်မူတို့ကို ကျော်၍ စစ်မြေပြင်ဆီသို့ ကြည့်ကာ ပြုံးလိုက်သည်။ “ဒီအောက်တန်းစား ချီးထုပ်တွေ ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ တောင်ပိုင်းကြယ်တပ်ဖွဲ့ကို ဘာမှမလုပ်နိုင်ပါဘူး... ကျေးဇူးရှင်လေး၊ စိတ်မပူနဲ့ ... အချိန်ခဏပဲ လိုတယ်၊ သူတို့ကို အသာလေး နင်းခြေနိုင်တယ်”
ချင်မူက ရွာလူကြီးကို ပြောလိုက်သည်။ “ဒီဖက်က ခိုင်ဧကရာဇ်ခေတ်ရဲ့ ချိရှကြယ်အရှင်သခင်၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ဘုရင်ခံလေ ဘိုးဘိုး... ကောင်းကင်နတ်ဆိုးတွေ ကျူးကျော်လာတုန်းက သူ ဒီမှာတိုက်ပွဲကျခဲ့တာ”
ရွာလူကြီးက ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ထုံထိုင်းနေပုံရသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ဘုရင်ခံ... ချိရှကြယ်အရှင်သခင်... မင်းတို့တွေ ဘယ်လိုတွေ့ခဲ့တာလဲ”
ချင်မူ ခေါင်းကုတ်ရင်း ပြောလိုက်၏။ “ဖုရွေ့လော် ဖမ်းတာ ခံရပြီး ထွက်ပြေးလာတုန်းက ဒီနေရာကနေ ဖြတ်သွားရတယ်... ဖြတ်သွားရင်း သူ့တွေ့လို့ နိုးလိုက်မိတာနဲ့ မိတ်ဆွေတွေ ဖြစ်သွားတာပဲ”
“အဲဒီအတိုင်းလေးလား” ရွာလူကြီးမှာ မျက်လုံးအပြူးသားဖြင့် တအံ့တဩ အော်လိုက်မိသည်။
တိုက်ပွဲကျသွားသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ဘုရင်ခံသည် ဘုရင်ခံဖြစ်နေသေးသည် မဟုတ်ပါ၏လော... သို့သော် ချင်မူနှင့် သူ ဤအတိုင်း မိတ်ဆွေ ဖြစ်သွားကြသည်တဲ့လော... ထို့အပြင် ချင်မူ အန္တရာယ်ကြုံနေသည်ကို မြင်လျှင် သက်စွန့်ဆံဖျား လာကယ်သေးသည်။ လမ်းကြုံ၍ မိတ်ဆွေဖြစ်သွားရုံနှင့်တင် ခင်မင်ရင်းနှီးမှုက ထိုမျှနက်ရှိုင်းနိုင်သလော....
ရွာလူကြီး မပြောတတ်တော့။
ချင်မူက အမှန်တိုင်း ပြောသည်။ “အဲဒီအတိုင်းပါပဲ”
“ဒါဆို ဒီနတ်ဘုရားစစ်တပ်ကြီးက...”
“သူ့ကို နှိုးပြီးတော့ သူတို့ကိုလည်း နှိုးလိုက်တာပါ”
ရွာလူကြီး မှင်သက်သွားသည်။ “အဲဒီတိုင်းလေးလား”
ချင်မူက အခိုင်အမာပြန်ဖြေသည်။ “အဲဒီတိုင်းပါပဲ... ဒါပေမဲ့ ယိုတုရဲ့ မရဏတမန်တော်က ကျွန်တော့်ကို ပြစ်ဒဏ်ချမှတ်ဖို့ ယိုတုဆီ ခေါ်သွားမလိုတောင် ဖြစ်ခဲ့သေးတယ်... ကံကောင်းလို့ ကြယ်အရှင်သခင် ဝေ့လျောင် တားပေးလိုက်တာနဲ့ လိုက်မသွားလိုက်ရဘူး”
ရွာလူကြီး သက်ပြင်းချပြီး စိတ်ညစ်နေသောအသံဖြင့် ပြောသည်။ “ငါ ဖုန်းတုမှာ အကြာကြီး မနေခဲ့သင့်ဘူး... စိတ်ဝင်စားစရာကိစ္စတွေ အများကြီး လွတ်သွားတယ်... နောက်တစ်ခါ စိတ်ဝင်စားစရာတွေ ရှိရင် ငါ့ကို လှမ်းခေါ်ဖို့ မမေ့နဲ့”
ချင်မူ ခေါင်းညိတ်လိုက်၏။ “ကျွန်တော် နောက်တစ်ခါ အဖမ်းခံရရင် ဘိုးဘိုးရွာလူကြီးကို သေချာပေါက် ခေါ်သွားပါ့မယ်”
ဝေ့လျောင်၏ အရိုးစုစစ်တပ်က ရန်သူများကို လျင်မြန်စွာ နင်းချေလိုက်ပြီး အရိုးစုများမှာ စိတ်လှုပ်ရှားစွာ ကခုန်နေကြသည်။ ဝေ့လျောင် လှမ်းအော်လိုက်သည့်အခါမှ ငြိမ်ကုပ်သွားကြကာ အလျင်အမြန် တန်းစီကြ၏။
သားသတ်သမား၊ အစစ်အမှန်ဘုရားပန်ယုနှင့် ကျန်နတ်ဘုရားများ လျှောက်လာကြသည်။ သူတို့မှာ အရိုးဖြူအရိုးစုများကို ကြည့်ရင်း အူကြောင်ကြောင် ဖြစ်နေကြသည်။
လော့ယွင်ချွီက သေဆုံးသွားသည့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို ဆင့်ခေါ်ခဲ့သော်လည်း ချင်မူ့တွင်လည်း ယခုလို အရိုးစုစစ်တပ် ရှိနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
ဝေ့လျောင် တောင်ပိုင်းကြယ်တပ်ဖွဲ့နှင့်အတူ အချိန်မီ ရောက်လာ၍မဟုတ်လျှင် အကျအဆုံးများခဲ့လိမ့်မည်။
သို့သော် အရိုးစုနတ်ဘုရားများနှင့်အတူ ရပ်နေရခြင်းက သူတို့အား ရင်ထဲ ထိတ်လန့်မိစေသည်။
ဝေ့လျောင်က တဟားဟား ရယ်မောကာ ပြော၏။ “မင်းတို့တွေအတွက် ဒီကမ္ဘာပျက်ကိန်းက အန္တရာယ်များပေမယ့် သေလူတွေအတွက်တော့ အန္တရာယ်မရှိဘူး... ကျေးဇူးရှင်လေး၊ ငါတို့ မင်းတို့ကို လိုက်ပို့ပေးပါရစေ”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “ကျွန်တော့်ရန်သူမှာ သေခြင်းရှင်ခြင်းစာအုပ် ရှိပါတယ်... စာအုပ်က လူသေတွေကို အသက်သွင်းနိုင်သလို အသက်ရှင်နေရင်လည်း လူသေဖြစ်အောင် ပြောင်းနိုင်ပါလိမ့်မယ်... သိပ်လည်း စွမ်းအားကြီးတယ်... အရှင်ဝေ့လျောင်တို့ အပမြေထဲမှာ ပုန်းနေတာ အကောင်းဆုံးပါပဲ”
သူ ပြောနေစဉ် သေခြင်းရှင်ခြင်းစာအုပ်က ပေါ်လာပြန်၏။ မှန်သားကဲ့သို့ စာရွက်ပြင်မှ အလင်းတန်းများ ထွက်လာကာ သူတို့အပေါ် ကျရောက်လာသည်။
ချင်မူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး မှန်များ ကမန်းကတန်း ထုတ်လိုက်သည်။ သူ မှန်များအတွင်းသို့ ချီစွမ်းအင် ထည့်သွင်းလိုက်သည့်အခါ မှန်များသည် ကြီးမားလာပြီး ဝေ့လျောင်တို့အပေါ်၌ ပျံဝဲကာ အလင်းရောင်အား ဟန့်တားလိုက်၏။
“ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုးမှန်တွေ ဘယ်မှာလဲ”
ချင်မူ အော်ဟစ်လိုက်သည်။ “အားလုံး မှန် ထုတ်ပြီး သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အလင်းရောင်ကို ခုခံကြ”
ဆေးဆရာက မှန်ဆယ်ချပ်ကျော် ထုတ်လိုက်ပြီး ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များလည်း သဘောပေါက်သွားကြသည်။ ချက်ချင်းဆိုသလို မှန်အရွယ်အစားမျိုးစုံ ကောင်းကင်ထက်သို့ ပျံတက်သွားကြကာ အလင်းရောင် မတိုးပေါက်နိုင်အောင် ဝေဟင်အပြည့် နေရာယူလိုက်ကြ၏။
သေခြင်းရှင်ခြင်းစာအုပ်မှ အလင်းတန်းများ ဖြာကျလာသည့်အခါ မှန်တို့မှ ရောင်ပြန်ဟပ်လိုက်သောကြောင့် အလင်းတန်းများမှာ ဝေ့လျောင်တို့အပေါ် မကျရောက်နိုင်တော့ပေ။
ကောင်းကင်နတ်သိုင်းပညာရှင် လေးဆယ်ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်ပြီး ကျင့်ကြံသူများ ဖြစ်ကြသော်လည်း မိန်းမပီပီ လှချင်ကြသေး၏။ ထို့ကြောင့် သူတို့တွင် အနည်းဆုံး မှန်တစ်ချပ် သို့မဟုတ် နှစ်ချပ် ရှိလေသည်။ သို့သော် မှန်အများဆုံး ပိုင်ရှင်ကတော့ ဆေးဆရာအပြင် တခြားမဟုတ်။
ကောင်းကင်နတ်သိုင်းပညာရှင်တချို့က ထူးခြားသော မှော်အစီအရင်များကို ကျင့်ကြံကြသည်။ မှန်များကို ဝိညာဉ်လက်နက်များအဖြစ် သုံးကြ၏။ ဝိညာဉ်လက်နက်အဖြစ် သွန်းလုပ်လျှင် မှန်တစ်ချပ်သည် ဧကများစွာ ပြန့်ကားနိုင်သည်။
သေခြင်းရှင်ခြင်းစာအုပ်မှ အလင်းရောင် မကျဆင်းလာနိုင်မှန်း သိသော်လည်း ချင်မူမှာ စိတ်အေးအေး မထားနိုင်သေးပေ။ “သေခြင်းရှင်ခြင်းစာအုပ်ရဲ့ အမြန်နှုန်းက သိပ်မြန်တယ်... ကျွန်တော်တို့ အခြေအနေကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး... သေခြင်းရှင်ခြင်းစာအုပ် ရောက်လာတာနဲ့ အရှင်ဝေ့လျောင်တို့ ဒုက္ခရောက်လိမ့်မယ် .... သွားပုန်းနေတာ အကောင်းဆုံးပဲ”
ဝေ့လျောင်က ပုဆိန်ကို ကိုင်ဆွဲကာ အလေးအနက် ပြောသည်။ “သေခြင်းရှင်ခြင်းစာအုပ်က အဝါရောင်စမ်းချောင်းအထိ အလင်းရောင် ဖြန့်ကျက်နိုင်တယ်... ငါတို့ ဘယ်မှာ သွားပုန်းရမလဲ... ဟီးဟီး ပိုဆိုးတာက မင်တုက အဲဒီကောင်တွေက ငါတို့တောင်ကောင်းကင်ဘုံ၊ တောင်ပိုင်းကြယ်တပ်ဖွဲ့အတွက် မဟာရန်သူတော်တွေပဲ... တစ်ကြိမ် သေပြီးသားမဟုတ်လား... နောက်တစ်ကြိမ် သေတော့ရော ဘာဆန်းလဲ”
ချင်မူ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “အရှင်ဝေ့လျောင်၊ လော့ယွင်ချွီ အရှင်ဝေ့လျောင်တို့ကို ယိုတုဆီ ပို့လိုက်ရင် ကျွန်တော့်မှာ ပြန်ခေါ်ပေးနိုင်တဲ့ နည်းလမ်း ရှိပါသေးတယ်... ဒါပေမဲ့ မင်တုဆီ ပို့လိုက်ရင်တော့ ကျွန်တော် မတတ်နိုင်ဘူး... အသက်ရှင်နေသေးရင် မျှော်လင့်ချက် ရှိသေးတယ်... သုံးကြိမ် စဉ်းစားပါ”
ဤအခိုက်အတန့်တွင် အလင်းရောင် လျင်မြန်စွာ ပြောင်းလဲလာသည်ကို အားလုံး မြင်လိုက်ရ၏။ သေခြင်းရှင်ခြင်းစာအုပ် လျင်မြန်စွာ ရွေ့လျားနေချေပြီ။ လော့ယွင်ချွီတို့ သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားကို မှန်များမှ ခုခံလိုက်ကြောင်း မြင်လိုက်သဖြင့် ရောက်လာကြခြင်းဖြစ်လိမ့်မည်။
“နောက်ဆုတ်စရာ နေရာမရှိမှတော့ ဘာလို့ နောက်ဆုတ်နေမှာလဲ”
ဝေ့လျောင် မှန်များအောက်မှ ပြေးထွက်တော့မည့်အချိန် ရင်းနှီးသောအသံတစ်သံ ရုတ်တရက် ထွက်လာသည်။ “ဘုရင်ခံ မလိုအပ်ဘဲ စတေးစရာ အကြောင်းမရှိပါဘူး.... ဂိုဏ်းသခင်ချင်၊ မင်းမှာလည်း သေခြင်းရှင်ခြင်းစာအုပ် မရှိဘူးလား.. မင်း သေခြင်းရှင်ခြင်းစာအုပ် ထုတ်လိုက်ရင် ရန်သူရဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်မတိုက်ခိုက်နိုင်ဘူးလား”
ချင်မူ ဝမ်းသာသွားပြီး လှည့်ကြည့်လိုက်သည့်အခါ သူ့ဆီ လျှောက်လာနေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို မြင်လိုက်ရသည်။ သူသည် ပုံမှန်အတိုင်း အေးအေးလူလူ ရှိပြီး ဗျူဟာများ စဉ်းစားနေပုံရ၏။
“ညီလေး တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီပေါ့... လော့ဖူကောင်းကင်ဘုံမှာ မသေသွားဘူးပေါ့”
သူ့ကို မြင်မှ ချင်မူမှာ စိုးရိမ်ပူပန်မှုတို့ လျော့ကျသွားသည်။ သူက သေခြင်းရှင်ခြင်းစာအုပ် အလျင်အမြန် ထုတ်ကာ မေးလိုက်၏။ “ဆရာရော ဘယ်မှာလဲ... သူ ဘာလို့ အတူပါမလာတာလဲ... ဆရာသာ ရှိရင် ဒီသေခြင်းရှင်ခြင်းစာအုပ်ရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တယ်...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သေခြင်းရှင်ခြင်းစာအုပ်ကို ယူပြီး ခပ်အေးအေး ပြောသည်။ “ဆရာ့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်.... ဒါပေမဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ဘယ်လိုသုံးရမလဲ ငါ သိပါတယ်”
သူ၏မှော်စွမ်းအင် တရှိန်ထိုး ထွက်လာသည့်အခါ သေခြင်းရှင်ခြင်းစာအုပ်က အလိပ် ပြေကျသွား၏။ အလင်းတန်းတို့က ဝေ့လျောင်နှင့် ကျန်အရိုးစုနတ်ဘုရားများအပေါ် ဖြာကျသွားသည်။ “အခု မှန်တွေ ဖယ်လို့ရပြီ”
ချင်မူမှာ စိတ်ဒုန်းဒုန်းမချနိုင်သေးသော်လည်း အားလုံးကို မှန်ပြန်သိမ်းခိုင်းလိုက်သည်။ အပေါ်ရှိ သေခြင်းရှင်ခြင်းစာအုပ်မှ အလင်းတန်းများ ဖြာကျလာသော်လည်း ဝေ့လျောင်တို့ မည်သို့မျှ မဖြစ်သွားပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သေခြင်းရှင်ခြင်းစာအုပ်၏ စွမ်းအားဖြင့် ရန်သူ၏ သေခြင်းရှင်ခြင်းစာအုပ်မှ စွမ်းအားကို ဟန့်တားနေချေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် မင်တု၏ မဟူရာနတ်မင်း ဖန်တီးထားသော ရတနာတစ်ပါးဖြစ်၏။ ချင်မူပင် စာအုပ်၏စွမ်းအားကို များစွာမထုတ်လွှတ်နိုင်ပေ။ ထုတ်လွှတ်ချင်လျှင် မင်တု၏ ကောင်းကင်နတ်သိုင်းများနှင် ကျင့်စဉ်များကို နားလည်ရန် လိုလိမ့်မည်။ ချင်မူမှာ မင်တု၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များအကြောင်း နားကန်းတစ်လုံးမျှ မသိသဖြင့် စာအုပ်ကို ကိုင်ထားရသော်လည်း အသုံးမချနိုင်ခြင်းဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် မည်သည့်အချိန်က မင်တု၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များကို လေ့လာခဲ့သနည်း။
“ဆရာ့ရဲ့ ဗဟုသုတက ကျယ်ပြန့်တယ်... ဒီစာအုပ်ကို ဘယ်လို ထိန်းချုပ်ရမလဲ သူ သိတယ်”
ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့စိတ်ကို သိနေသည့်အလား ရှင်းပြသည်။ “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ငါ သူ့နောက်လိုက်ပြီး ဗဟုသုတမျိုးစုံ ရခဲ့တယ်... ဆရာ့ရဲ့ သင်ပြပေးမှုကြောင့် ပညာတစ်ရပ်ကို တွေးခေါ်ဆင်ခြင်လိုက်ရင် ပညာရပ်တစ်ရာကို နားလည်သိမြင်လာတယ်... ပညာတစ်ရပ်ကို တတ်မြောက်သွားရင် ပညာရပ်တစ်ရာကိုလည်း တတ်မြောက်သွားတယ်... ဒါကြောင့် သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်ဖို့က မခက်ဘူး”
ထိုစဉ် ကောင်းကင်ထက်တွင် လက်ကြီးတစ်ဖက် ဘွားခနဲ ပေါ်လာပြီး သေခြင်းရှင်ခြင်းစာအုပ်ထံ လှမ်းဆွဲသည်။
လက်ဝါးကြီးဆီမှ အမှောင်ထုက စီးမျောထွက်လာကာ သေခြင်းရှင်ခြင်းစာအုပ်ကို လွှမ်းခြုံလာသည်။ စာအုပ်သည် တခြားဟင်းလင်းပြင်၊ တခြားအချိန်အပိုင်းအခြားသို့ ရောက်သွားသည့်အလား ထင်ရ၏။
ချင်မူ အံ့အားသင့်သွားသည်။ “လော့ယွင်ချွီ လှုပ်ရှားပြီ... သူတို့က သေခြင်းရှင်ခြင်းစာအုပ်ကို လုယူချင်နေတာပဲ”
ရွှစ်
ဧကရာဇ်အတိုင်ပင်ခံ ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ တောက်ပလင်းထိန်သော ဓားရောင်သည် အမှောင်ထုကို ထိုးဖောက်သွား၏။ ချင်မူ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ဓားရောင်က အမှောင်ထဲရှိ လက်ကြီးကို ဖောက်ထွက်သွားကြောင်း မြင်လိုက်ရသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားက လက်ချောင်းများအား ဖြတ်တောက်လိုက်ချေပြီ။
သေခြင်းရှင်ခြင်းစာအုပ်ကို ဆုပ်ကိုင်ထားသော လက်ကြီးမှာ လက်ချောင်းများ မရှိတော့သောကြောင့် စာအုပ်အား လွှတ်ချပြီး နာကျင်စွာ ပြန်ရုတ်သွားသည်။
ဧကရာဇ်အတိုင်ပင်ခံက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။ သူ၏အသွင်မှာ မည်သည့်အရာမျှ မလုပ်လိုက်သည့်အလား အေးဆေးနေသည်။ “ယိုတုရဲ့ မှော်အစီအရင်တွေကို မြင်တတ်ရင် မင်တုနဲ့ ဖုန်းတုရဲ့ မှော်အစီအရင်တွေကိုလည်း မြင်တတ်ဖို့ ခက်ဘူး... မှော်အစီအရင်အားလုံးမှာ အခြေခံသဘောတရား ရှိတယ်.... အဲဒီအခြေခံသဘောတရားက တာအိုဆိုတဲ့ဟာပဲ... မင်း တာအိုကို နားလည်သွားလို့ သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်ကြည့်လိုက်ရင် အကုန်လုံး ရှင်းလင်းသွားလိမ့်မယ်”
ချင်မူမှာ အံ့ဩမဆုံး ဖြစ်နေတော့သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားက မင်တုထဲ၌ ပုန်းကွယ်နေသော လက်ဝါးကြီးကို အဘယ်သို့ပြု၍ ထိုးဖောက်သွားနိုင်သနည်း... မဖြစ်နိုင်သည့်အရာ မဟုတ်ပေဘူးလော။
ချင်မူ လော့ယွင်ချွီ၏ ညီ နှင့် တိုက်ခိုက်ခဲ့တုန်းက မင်တု၏ မှော်အစီအရင်များသည် ထူးဆန်းကြောင်း သတိထားမိခဲ့၏။ လော့ချန်းကျောင်းက ရှုရှန်းဟွာကို မင်တုထဲ၌ ငုပ်လျှိုးကာ အနိုင်ယူခဲ့သည်။ ချင်မူ လော့ချန်းကျောင်းအား သတ်နိုင်ခဲ့ခြင်းမှာလည်း ယိုတုတွင် မွေးဖွားလာသူဖြစ်၍ လော့ချန်းကျောင်း၏ မိစ္ဆာချီတို့မှ ဖွဲ့တည်ပေးထားသော မင်တုဟင်းလင်းပြင်ထဲ ဝင်နိုင်ခဲ့ခြင်းကြောင့်ပင်။
ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသည် ယိုတု၏ မှော်အစီအရင်မဟုတ်။ သို့သော် လက်ဝါးကြီးကို ထိုးဖောက်နိုင်ခဲ့သည်။ သူ ပြောသည့်အတိုင်း ကိန်းဝပ်နေသော တာအိုသဘောတရားကို နားလည်ထားခြင်းကြောင့် ဖြစ်ဟန်တူ၏။ မင်တု၏ မှော်အစီအရင်များက သူ့အတွက် လျှို့ဝှက်ချက်မဟုတ်တော့ခြင်း ဖြစ်လိမ့်မည်။
“ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျားရဲ့ တွေးခေါ်နိုင်စွမ်းက နှစ်နှစ်လေးနဲ့ ဒီလောက်တောင် အဆင့်မြင့်မားလာခဲ့တာပါလား...”
ချင်မူ သူ့ကို ကြည့်၍ တလေးတစား ရေရွတ်နေမိသည်။ “ခင်ဗျားတောင် ဒီလောက် မြန်မြန် တိုးတက်လာနိုင်ရင် ဆရာဆို ဘယ်လောက်တောင် ဗဟုသုတ ကြွယ်ဝလိုက်မလဲ”
ရွာလူကြီးက ရှေ့သို့ ပျံသန်းလာပြီး အလေးအနက် ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ မင်းရဲ့ ဓားသိုင်းက ငါ့ထက် သာသွားပြီ”
ဧကရာဇ်အတိုင်ပင်ခံက နှုတ်ဆက်လိုက်သည်။ “နောင်တော်ကတော့ မြှောက်နေပါပြီ”
ရွာလူကြီး၏ ချီစွမ်းအင်သည် ခြေလက်များအသွင် ဖွဲ့ပေးလိုက်ပြီး ရွာလူကြီးက ပြန်နှုတ်ဆက်သည်။ “နောင်တော်”
ဧကရာဇ်အတိုင်ပင်ခံ အံ့အားသင့်သွားသည်။ ထို့နောက် သူ့အပြုံးသည် တဖြည်းဖြည်း တောက်ပလာ၏။ နောက်ဆုံးတော့ နွေဦးပေါက်စ ရာသီကဲ့သို့ လန်းဆန်းတက်ကြွနေသော ရယ်သံ ထွက်လာသည်။
ရွာလူကြီးလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဓားနတ်ဘုရားနှစ်ယောက်၏ ရယ်သံများကား ပျက်စီးနေသော ကမ္ဘာကြီးတစ်လျှောက် ပဲ့တင်ရိုက်ခတ်ကာ အထက်ကောင်းကင်ကိုးဆင့်ထက်သို့ ပျံ့လွင့်သွား၏။
ဝေဟင်ထက်ရှိ ဖုယန်ချီ၏မျက်နှာက မည်းမှောင်နေပြီး သွေးစီးကျနေသော လက်ကို ပြန်ရုတ်လိုက်သည်။ သူ၏လက်ငါးချောင်းအနက် လက်မသာ ကျန်တော့လေသည်။ စောစောက သေခြင်းရှင်ခြင်းစာအုပ်ကို ထိန်းချုပ်နေသူမှာ လော့ယွင်ချွီမဟုတ်.... သူ ဖြစ်သည်။
သူတို့သုံးယောက်လုံး မဟူရာနတ်မင်းဆီမှ ပညာအမွေကိုယ်စီ ရရှိထားကြသည်။ လော့ယွင်ချွီသည် သေခြင်းရှင်ခြင်းစာအုပ်ကို အသက်သွင်းကာ သေလူတို့ကို အသက်ပြန်သွင်းနိုင်၏။ မြေအောက်ဘုံအရှင်သခင် သူတို့၏ဝိညာဉ်များကို ခေါ်သွားလျှင်ပင် သေခြင်းရှင်ခြင်းစာအုပ်ဖြင့် အတင်းအကြပ် ပြန်ခေါ်၍ရသည်။
အခြားတစ်ဖက်တွင် ခွေ့ချင်းပိုင်က သေခြင်းရှင်ခြင်းစာအုပ်၏ သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို ထိန်းချုပ်ကာ နတ်ဘုရားတို့၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်တို့အား တိုက်ရိုက်အရည်ဖျော်ပစ်နိုင်သည်။
ဖုယန်ချီကမူ သေခြင်းရှင်ခြင်းစာအုပ်ဖြင့် သက်ရှိတို့၏ အသက်များကို နုတ်ယူကာ မင်တုသို့ ပို့ပေးနိုင်သည်။
သို့သော် သူ့စွမ်းအားကို အတားအဆီးမရှိ ချိုးဖောက်နိုင်သော ဧကရာဇ်အတိုင်ပင်ခံနှင့် ဆုံတွေ့ခဲ့ရလေသည်။ ချင်မူ၏ သေခြင်းရှင်ခြင်းစာအုပ်ကို လုရန် ပြင်ခဲ့သော်လည်း အဆုံးသတ်တွင် သူ့လက်ချောင်းများသာ ဖြတ်တောက်ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်ဖက်တွင် လော့ယွင်ချွီသည် မင်တု၏ သေခြင်းရှင်ခြင်းစာအုပ်ကို ကပျာကယာ လှမ်းဆွဲပြီး ဧကရာဇ်အတိုင်ပင်ခံအပေါ် အလင်းရောင် ဖြန့်ကျက်လိုက်၏။ ထို့နောက် သူ တုန်လှုပ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင် ပေါ်လာခဲ့ပြီ”
ဖုယန်ချီမှာ နာကျင်မှုကို တောင့်ခံရင်း သေခြင်းရှင်ခြင်းစာအုပ်ကို ကြည့်လိုက်သည့်အခါ ပေါ်လာခဲ့သော နာမည်တစ်ခုအား မြင်လိုက်ရ၏။