ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ပျက်သုဉ်းခြင်း
Vol. 50 Ch. 674
ချင်မူတို့သည် မိုးမခသစ်ကိုင်းများမှ ဖွဲ့တည်ပေးထားသော တံတားအပေါ်၌ လမ်းလျှောက်နေကြ၏။ တံတားအပြင်တွင် ကြေမွနေသည့် ဟင်းလင်းပြင်အစများ ဖရိုဖရဲ ပြန့်ကြဲနေပြီး အလင်းတန်းများ ဖြာထွက်နေကြသည်။ အစများက အထူမရှိသော မှန်များသဖွယ် ဖြစ်နေ၍ ထူးထူးဆန်းဆန်း မြင်ကွင်းများကို ဖန်တီးနေတော့သည်။
ဟင်းလင်းပြင်အကွဲစများမှာ အလွန်အန္တရာယ်များသည့်အပြင် ဦးတည်ရာ အတည်တကျ မရှိဘဲ လွင့်မျောနေတတ်၏။ သူတို့ရှေ့ဆက် လျှောက်နေကြစဉ် မိုးမခသစ်ကိုင်းများမှာ တစ်ချက်တစ်ချက် လူးလွန့်သွားတတ်သည်မှအပ တံတားက အားလုံးအတွက် အန္တရာယ်အကင်းဆုံး လမ်း ဖြစ်နေသေးသည်။
တံတားအပေါ်မှ ရပ်၍ အောက်ငုံ့ကြည့်လျှင် ဟင်းလင်းပြင်အကွဲစများမှအပ မည်သည်ကိုမှ မမြင်ရပေ။
“လျှောက်မကြည့်နဲ့... ခြေမြဲအောင် ကုပ်ထား”
အစစ်အမှန်နတ်ဘုရားပန်ယု၏အသံ ဟိန်းထွက်လာသည်။ “ပြုတ်ကျသွားရင် အလောင်းတောင် ကောက်လို့ရမှာမဟုတ်ဘူး”
အတော်လေးကြာကြာ လျှောက်ပြီးနောက်ဆုံးတွင်တော့ အဆုံးကို မြင်လိုက်ရသည်။
ချင်မူ မြေမာအပေါ် နင်း၍ ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ပြုံးလိုက်သည်။ ဤနေရာသည် အမှန်ပင် ထိုက်မင်ကောင်းကင်ဘုံ ဖြစ်၏။ သူနှင့် သိကြားဗုဒ္ဓ တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်း ချီရှားယွီ၏ လိုက်ဖမ်းခြင်းခံခဲ့ရတုန်းက သူ ထိုနေရာမှ မဟာမြို့ပျက်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
ထိုမျှသာမက မဟာမြို့ပျက် ကောင်းကင်နတ်ဘုံမှ ပြုတ်ကျလာခဲ့ပြီး ထိုက်မင်ကောင်းကင်ဘုံကို တိုက်ချသွားတုန်းက ဟင်းလင်းပြင်အကွဲကြောင်းမှာ ဤနေရာနှင့် သိပ်မဝေးပေ။
အားလုံး ထိုက်မင်ကောင်းကင်ဘုံ၏ မြေပြင်အပေါ် နင်းကာ လှည့်ပတ်ကြည့်ရှုကြသည်။ မည်းနက်နေသော မြေပြင်နှင့် မြေပြင်တစ်လျှောက် ပြင်းထန်စွာ တိုက်ခတ်နေသည့် လေကြမ်းများကိုသာ မြင်ရလေသည်။ အရိုးဖြူများ လေတွင် လိမ့်နေသည်ကိုလည်း တွေ့ရသည်။
ဂျောက် ဂျောက် ဂျောက် ဂျောက်
လိမ့်နေသော အရိုးဖြူဖြူအလုံးများက ထိုက်မင်ကောင်းကင်ဘုံ၏ သူမတူသော ရှုခင်းပမာ ဖြစ်နေသည်။
လေရပ်သွားလျှင် အရိုးဖြူအလုံးများလည်း ရပ်သွားပြီး မြေပြင်ပေါ်သို့ ပြန့်ကြဲကျသွားသည်။ ထို့နောက် အရိုးစုများက သူတို့၏အရိုးများအား စရှာကြသည်။ တချို့ဆိုလျှင် ခြေထောက်အရိုးတစ်ချောင်းကိုပင် လုနေကြသေး၏။
ရုတ်တရက် အရိုးစုများက သူတို့ကို သတိထားမိ၍ လှည့်ကြည့်ကြသည်။
အားလုံး ရင်ထဲတွင် တင်းကြပ်သွားကြပြီး သတိအနေအထား ပြင်တော့မည့်အချိန် ချင်မူက အလျင်အမြန် ပြောလိုက်သည်။ “မကြောက်ကြပါနဲ့... လူကို မမြင်ဖူးလို့ စပ်စုနေကြတာပါ... တကယ်တော့ သူတို့က သိပ်ချစ်စရာကောင်းတယ်... အန္တရာယ်လည်း မရှိဘူး”
သတ္တိကောင်းသော အရိုးစုတချို့က ရှေ့တိုးလာပြီး ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အဝတ်စများအား ထိကြည့်ကြသည်။ ပိုရဲသည့်တချို့က ကလေးမလေးတစ်ယောက်၏ ပါးအား ညှစ်နေသည်။
ချင်မူ ထောင်ကျယ်အိတ်ထဲမှ အဝတ်အစားများ ထုတ်လိုက်ပြီး အရိုးများဆီ လက်ဆောင်ပေးလိုက်သည်။ အရိုးစုများက အဝတ်ဝတ်ကြည့်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေကြ၏။ ကျန်အရိုးစုအားလုံး မနာလိုဖြစ်လာကြကာ အဝတ်ဝတ်ထားသော အရိုးများအား လိုက်ဖမ်းကြသည်။
“ဒီက မြေကြီးမှာ ဘာအာဟာရဓာတ်မှ မရှိဘူး” အဘွားစစ်က မြေထဲတွင် ဆေးပင်များ စိုက်ပျိုးကြည့်သော်လည်း တမုဟုတ်ချင်း ညှိုးနွမ်းကုန်၏။ သူမ ခေါင်းယမ်းလိုက်မိသည်။
နတ်ဘုရားစန်းယဲ့က အနံ့ရှူကြည့်ပြီး ပြောသည်။ “လေထဲမှာလည်း ဝိညာဉ်စွမ်းအင်မရှိဘူး... ဒီနေရာက သက်ရှိတွေ နေထိုင်ဖို့ မသင့်တော်ဘူး... အရိုးစုတွေပဲ နေနိုင်တာ ဖြစ်မယ်”
“ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ပြိုကျနေပြီ” တစ်ယောက်က ထအော်သည်။
ချင်မူတို့ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြပြီး လာခဲ့သော လမ်းဆီသို့ ကပျာကယာ လှည့်ကြည့်လိုက်ကြသည်။ ဟင်းလင်းပြင်အကွဲစများ ထူးဆန်းစွာ ရွေ့လျားနေကြပြီး တစ်ချက်တစ်ချက် မီးပွင့်များ ထွက်လာသည်ကို မြင်ရ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ အဝေး၌ မှုန်ဝါးဝါး ဖြစ်နေသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် အလွန်တောက်ပနေသော ချော်ရည်ပင်လယ် ရှိသည်။ ထို့ကြောင့် ထိုက်မင်ကောင်းကင်ဘုံမှ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို လှမ်းမြင်နေရ၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ တစ်ဖက်သို့ စောင်းနေပြီး စောင်းနေသည့် ထောင့်က တဖြည်းဖြည်း ကြီးမားလာသည်။
ထိုက်ဧကရာကောင်းကင်ဘုံမှာ ကျောက်ကမ်းပါးစွန်းမှ အောက်သို့ ကျတော့မည့်အလား ဖြစ်နေသည်။
“ဒီကျောက်ကမ်းပါးစွန်းအောက်က ဘယ်နေရာလဲ” အစစ်အမှန်နတ်ဘုရားပန်ယုက မေးသည်။
ချင်မူ တိုးညှင်းစွာ ဖြေလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ... မှားလို့... မဟာမြို့ပျက်”
အားလုံး မှင်သက်သွားကြ၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံသာ မဟာမြို့ပျက်ထဲသို့ ပြုတ်ကျသွားလျှင် ကပ်ဘေးနောက်တစ်ခု ဖြစ်လာလိမ့်မည်။
ရွာလူကြီး သက်ပြင်းချမိသည်။ “မင်တုက ကောင်တွေက တကယ် ရက်စက်ပြီး အခွင့်အရေးတစ်ခုမှကို မပေးတာပဲ... မြန်မြန်သွားကြစို့... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ကျမလာခင် မဟာမြို့ပျက်ဆီ ရောက်ဖို့လိုတယ်... မဟုတ်ရင် ငါတို့ အသေဆိုးနဲ့ သေကုန်လိမ့်မယ်”
“ကျွန်တော့်နောက် လိုက်ခဲ့”
ချင်မူ လှမ်းအော်ပြီး အားလုံးကို ဟင်းလင်းပြင်အကွဲကြောင်းဆီ ဦးဆောင်သွားသည်။ လူတိုင်း နောက်မှ လိုက်လာကြပြီး လမ်းတွင် အရိုးစုများက သူတို့ဆီ ပြေးလာကြကာ အဝတ်အစားများ တောင်းကြ၏။
အဝတ်အပို ရှိသူများက သူတို့ကို လက်ဆောင်ပေးလိုက်လျှင် အဝတ်ရလိုက်သော အရိုးစုများသည် ဝမ်းသာအားရ လျှောက်ပြေးနေတတ်ကြလေသည်။
မသေခင်အခါက ယောက်ျားဖြစ်လောက်သော ထွားထွားကြိုင်းကြိုင်း အရိုးစုကြီးတစ်စု ရှိသည်။ သို့သော် သူက အမျိုးသမီးအဝတ်အစားများကို ဝတ်ရင်း ကျန်အရိုးစုများအား ကြွားနေသည်။
အားလုံး အက်ကွဲကြောင်း၏အရှေ့ ရောက်သည့်အခါ ငုံ့ကြည့်လိုက်ကြသည်။ ချောက်၏ပတ်ဝန်းကျင်တွင် အလွန်အန္တရာယ်များသော ဟင်းလင်းပြင်အကွဲစများ ပြန့်ကြဲနေ၏။ သို့သော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ထိုက်မင်ကောင်းကင်ဘုံသို့ လာခဲ့ရာလမ်းထက် အန္တရာယ်ကင်းချေသည်။
အကွဲစများသည် ပြည့်ကြပ်နေခြင်းမရှိ၊ မဟာမြို့ပျက်မှာ ဝေဝါးနေသော်လည်း မြင်နေရသေးသည်။
ချင်မူ ယခင်တစ်ခေါက် ရောက်လာခဲ့တုန်းက နတ်ဘုရားစီရင်ရာဓားမဖြင့် ဟင်းလင်းပြင်ကို ခုတ်ဖွင့်ခဲ့ရသည်။ သို့သော် ယခု ငုံ့ကြည့်လိုက်သောအခါ လမ်းက အန္တရာယ်ကင်းကြောင်း မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်က ပုဆိန်တစ်လက်ဖြင့် ဟင်းလင်းပြင်ကို ပိုင်းဖြတ်ပြီး တစ်မိုင်ရှည် လမ်းတစ်လမ်း ဖွင့်ထားခဲ့၏။
လမ်း၏အနားတစ်ဝိုက်၌ ဟင်းလင်းပြင်အကွဲစများ မရှိပေ။
‘တန်ခိုးရှင်သစ်ခုတ်သမား လုပ်ပေးခဲ့တာ ဖြစ်လောက်တယ်’
ချင်မူ စိတ်အေးသွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားက သူတို့ထက် ကြိုရောက်လာခဲ့ပြီး တံတားတည်ဆောက်ကာ လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်မည်။ သို့သော် ချင်မူ နားမလည်သည်မှာ သူတို့ကို လာရှာမည့်အစား အဘယ်သို့ပြု၍ ထွက်သွားခဲ့သနည်း။
‘တန်ခိုးရှင်သစ်ခုတ်သမားရဲ့ အစွမ်းအစတွေနဲ့ဆို ဟင်းလင်းပြင်အကွဲစတွေကြားမှာ သူ့ဘာသာသူ သွားနိုင်တယ်... ဘာလို့ အသက်ရှင်နိုင်မယ့်နှုန်းကို တွက်ချက်ပြီး တံတားဆောက်၊ လမ်းဖွင့်ပေးခဲ့တာလဲ’
ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။
အားလုံး ကောင်းကင်သို့ ပျံတက်ပြီး အက်ကွဲကြောင်းထဲ ခုန်ဆင်းလိုက်ကြသည်။ ဟင်းလင်းပြင်ကို ဖြတ်လိုက်သည့်အခါ မဟာမြို့ပျက်၏ အခမ်းနားဆုံး အဆောက်အအုံများအနက် တစ်ခုဖြစ်သော တောင်ကောင်းကင်မုခ်ဝသည် သူတို့အရှေ့တွင် တည်ရှိနေ၏။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်မုခ်ဝ။
တောင်ကောင်းကင်မုခ်ဝ၏ အပေါ် ကောင်းကင်မှ လူရိပ်ပေါင်းထောင်သောင်းချီ ပျံဆင်းလာကြပြီး မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လိုက်ကြသည်။
ချင်မူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုက်မင်ကောင်းကင်ဘုံဆီသို့ ဝင်ပေါက်မှာ သတိမထားမိနိုင်လောက်အောင် မှိန်ပျနေ၏။ သို့သော် လိမ္မော်ရောင်တောက်နေသော နေရာတစ်နေရာကိုတော့ မြင်နေရသေးသည်။ ၎င်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဖြစ်လေသည်။
“အားလုံး မြန်မြန်သွားကြ... ဒီမှာတင် ရပ်မနေနဲ့... အနီးဆုံးမြို့ကို သွားကြ”
ချင်မူက အမြင့်တစ်နေရာတွင် ရပ်ကာ အော်လိုက်သည်။ “ကျွန်တော့်နောက် လိုက်ခဲ့”
အားလုံး သူ့နောက်မှ လိုက်သွားကြပြီး ကောင်းကင်ထက်ရှိ လိမ္မော်ရောင်အလုံးကြီးသည် တစတစ ထင်ရှားလာ၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကား ကျောက်ကမ်းပါးစွန်းမှ မဟာမြို့ပျက်ထဲသို့ စတင်ပြုတ်ကျလာချေပြီ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အခြေအနေကို မမြင်နိုင်သော်လည်း ထိုနေရာသည် မည်မျှကြောက်မက်ဖွယ်ကောင်းနေကြောင်း ချင်မူ သိ၏။
ပြုတ်ကျလာနေသည်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသာ မဟုတ်... လီမြို့ထဲ ဝင်နေသော လော့ဖူကောင်းကင်ဘုံလည်း ရှိသည်မဟုတ်ပါလော။
ကောင်းကင်ဘုံနှစ်ခုနှင့် ချော်ရည်ပူများက မဟာမြို့ပျက်၏ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာလိမ့်မည်။
သူတို့ မဟာမြို့ပျက်ထဲရှိ အနီးဆုံးမြို့သို့ အလျင်အမြန် ပျံသန်းသွားပြီး မြို့ထဲ ဝင်လိုက်ကြသည်။ ဝင်လျှင်ချင်း မျက်နှာသုံးခုနှင့် လူတစ်ယောက်ကို မြင်လိုက်ရသဖြင့် ချင်မူ ကြက်သီးထသွား၏။
“ဖုရွေ့လော်”
သူ့အနောက်ရှိ အစစ်အမှန်နတ်ဘုရားပန်ယုက အော်ဟစ်လိုက်ပြီး သူ၏သတ်ဖြတ်လိုစိတ်ကား ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ဓားအိမ်မှ ဓားထုတ်လိုက်သံများလည်း ဆူညံသွားသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များသည် ဝိညာဉ်လက်နက်များ၊ နတ်လက်နက်များ ဆွဲထုတ်ကာ တိုက်ခိုက်လိုစိတ်များဖြင့် ဖုရွေ့လော်ကို ကြည့်နေကြ၏။
မဟာမြို့ပျက်တွင် မဟာမြို့ပျက်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အနောက်ကမ္ဘာမြေရှိ အရေးပါသောနေရာများနှင့် ဆက်သွယ်ထားသော မြို့များစွာ ရှိသည်။ သို့သော် ကောင်းကင်နတ်ဆိုးများ မြို့ထဲ၌ ပေါ်လာခဲ့ချေပြီ။ မိစ္ဆာနတ်ဘုရားများလည်း ရှိနေသည်။ မိစ္ဆာမျိုးနွယ် ကောင်းကင်နတ်သိုင်းပညာရှင်များကလည်း သူတို့ကို မြင်လျှင် ထိတ်လန့်သွားကြပြီး ဝိညာဉ်လက်နက်များ၊ မိစ္ဆာလက်နက်များ ထုတ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
ချင်မူ ဘူးအသေးလေး ထုတ်လိုက်ပြီး သူ့လက်က အဖုံးဖွင့်ရန် လျင်မြန်စွာ ရွေ့လျားသွားသည်။ ချင်မူ့မျက်ဝန်းများ၌ ခက်ထန်ပြီး မလိုလားသော အလင်းရောင်တို့ တောက်ပနေ၏။ “ဖုရွေ့လော်၊ ခင်ဗျားက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ခေါ်လာပြီး ဒီမှာပုန်းတယ်ပေါ့လေ... ဒီနေရာက ကျုပ်ရဲ့ မဟာမြို့ပျက်... ခင်ဗျားကို ဒီမှာသောင်းကျန်းခွင့် မပြုနိုင်ဘူး”
အချိန်မရွေး စစ်ဖြစ်တော့မည့်အလား နှစ်ဖက်လုံး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြသည်။
ထိုအခိုက်အတန့်တွင် တန်ခိုးရှင်သစ်ခုတ်သမားက ဖုရွေ့လော်၏အနောက်မှ ထွက်လာပြီး တည်ငြိမ်အေးဆေးစွာ ပြောသည်။ “တပည့်တို့၊ လက်နက်တွေ ချလိုက်... ငါ ဖုရွေ့လော်နဲ့ ကောင်းကင်နတ်ဆိုးတွေကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ ကယ်တင်ခဲ့ပြီး အပေးအယူ လုပ်ခဲ့တယ်... ဖုရွေ့လော်နဲ့ သူ့စစ်တပ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လက်နက်ချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စည်းကမ်းတွေကို လိုက်နာမယ့် မျိုးနွယ်တစ်စု ဖြစ်လာလိမ့်မယ်”
“ဘယ်လို”
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များ မီးပုံယမ်းကျ ပေါက်ကွဲကုန်ကြသည်။ အားလုံ၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေကြပြီး နတ်ဘုရားစန်းယဲ့က အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်ဆိုးတွေက ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကျူးကျော်ခဲ့ကြတယ်... သူတို့ကြောင့် ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သားတွေ၊ သမီးတွေ ဘယ်လောက်သေခဲ့ကြရလဲ.. ငါတို့ရန်ငြိုးက သမုဒ္ဒရာလောက် နက်ရှိုင်းလွန်းလို့ ဘယ်တော့မှ အတူမနေနိုင်ဘူး... ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
အစစ်အမှန်နတ်ဘုရားပန်ယုက အံတင်းတင်းကြိတ်သည်။ “ကောင်းကင်ဆရာသခင်၊ ခင်ဗျာက ကောင်းကင်ဆရာသခင်ဆိုပေမယ့် ခင်ဗျားလူတွေကို မကယ်တဲ့အပြင် ကောင်းကင်နတ်ဆိုးတွေကို သွားကယ်ပေးတယ်... ကျုပ် ခင်ဗျားနဲ့ အဆက်အဆံမလုပ်ချင်တော့ဘူး”
“ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စစ်သည်တော်အနေနဲ့ ကျုပ် ဒီမိစ္ဆာနတ်ဆိုးတွေနဲ့ တစ်မိုးအောက်ထဲမှာ မနေနိုင်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမား မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြောသည်။ “ငါ အနာဂတ်အတွက် တွေးပေးနေတာပါ... မင်းတို့တွေ လွတ်မြောက်လာနိုင်မှန်း ငါ သိတယ်... ငါ့တပည့်နှစ်ယောက်က မင်းတို့နဲ့အတူ ရှိနေတာပဲမဟုတ်လား... ဒါကြောင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ကယ်တင်ဖို့ သွားခဲ့တာပါ.... နတ်ဆိုးဘုရင် ဖုရွေ့လော်က အမှောင်က ထွက်ပြီး အလင်းဝင်လာခဲ့ပြီလေ....”
ချင်မူလည်း မျက်မှောင်ကြုတ်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏အတွေးကို နားလည်ပြီး အလွန်ကောင်းသည့်ကိစ္စ ဖြစ်ကြောင်း သူ သိသည်။ သို့သ်ော တန်ခိုးရှင်သစ်ခုတ်သမားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတို့၏ ခံစားချက်များကို ထည့်မတွက်ခဲ့ပေ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူသားမျိုးနွယ်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် တိုက်ခိုက်ခဲ့ရ၏။ သူတို့ရင်ထဲရှိ အမုန်းအဃာတတို့အား မည်သို့ချေဖျက်နိုင်မည်နည်း။ ခိုင်ဧကရာဇ်ကောင်းကင်ဘုံ၏ အထွတ်အမြတ်ဆရာသခင်ပင် ဖြစ်စေကာမူ ထိုအမုန်းတရားနှင့်ပတ်သက်ပြီး သူ မည်သို့မျှ မဖြေရှင်းပေးနိုင်ပေ။
ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ကယ်တင်ခြင်းသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် အကြီးမားဆုံး သစ္စာဖောက်မှုကြီး ဖြစ်၏။
ဘုန်း
မဟာမြို့ပျက်၏ ကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး အလင်းတန်းများ ဖြာကျလာသည်။ ချင်မူ မော့ကြည့်လိုက်သည့်အခါ ပြုတ်ကျလာနေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို မြင်လိုက်ရ၏။
တစ်မြို့လုံး ဆူညံပွက်လောရိုက်ကုန်ပြီး အားလုံး ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။ အော်ဟစ်သံများ ကျွက်ကျွက်ညံနေစဉ် တန်ခိုးရှင်သစ်ခုတ်သမားက အော်ဟစ်လိုက်သည်။ “အားလုံး မလန့်ကြနဲ့... ဒါက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်နတ်ဘုံ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဒီပေါ် ကျလာရင်တောင် ဘာအန္တရာယ်မှ မပြုနိုင်ဘူး”
ချင်မူ၊ ရွာလူကြီးနှင့် ကျန်ရှိသူများကလည်း လူများ ရုတ်ရုတ်သဲသဲ မဖြစ်အောင် အကောင်းဆုံး နှစ်သိမ့်ပေးနေကြသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကြီးသထက် ကြီးလာပြီး၊ တောက်ပသထက် တောက်ပလာသည်။ နောက်ဆုံးတော့ ချော်ရည်ကမ္ဘာကြီးသည် ကောင်းကင်ထက်မှ မဟာမြို့ပျက်အပေါ်သို့ ကျလာခဲ့ချေပြီ။
မဟာမြို့ပျက်ထဲရှိ ရှေးဟောင်းနတ်ဘုရားရုပ်တုများက ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်လိုက်ကြသည်။ မြို့ပျက်များမှလည်း နတ်ဘုရားများကိုပင် တုန်လှုပ်သွားစေမည့် လှိုင်းဂယက်များ ဖြန့်ကျက်လိုက်ကြ၏။ ကောင်းကင်အလင်းတန်းတို့သည် မဟာမြို့ပျက်၏ နေရာတိုင်း၊ ထောင့်တိုင်းမှ နေရောင်ခြည်တို့ပမာ၊ သက်တံများပမာ ထွက်လာကြ၏။
မြို့ပျက်များဆီမှ စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်သော အားလှိုင်းများ ထုတ်လွှတ်နေကြသည်။ သူတို့နှင့်အနီးဆုံးက တောင်ကောင်းကင်မုခ်ဝဖြစ်ပြီး မုခ်ဝမှ နတ်ဘုရားသံများ ပျံ့လွင့်လာ၏။ အသံက အလွန်တိုးညှင်းသော်လည်း သူတို့နားမလည်နိုင်သော စွမ်းအားလှိုင်းတစ်လှိုင်းပြီး တစ်လှိုင်း စိမ့်ထွက်လာနေသည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ မဟာမြို့ပျက်ဆီမှ စွမ်းအားတို့ကြောင့် တဖြည်းဖြည်း အရှိန်လျော့ကျလာသည်။ နောက်ဆုံးတွင် ချော်ရည်ကမ္ဘာက မြေပြင်ပေါ် ညင်သာစွာ ကျဆင်းလာပြီး မဟာမြို့ပျက်၏ အနောက်တောင်အရပ်သို့ လျှောသွားကာ မာန်ဟုန်မြစ်အစရှိ ကျောက်ကမ်းပါးအနား၌ ရပ်တန့်သွားတော့သည်။
ကောင်းကင်ထက်တွင် နောက်ကောင်းကင်ဘုံတစ်ခု ပေါ်လာသည်။ ၎င်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အလယ်သို့ စိုက်ဝင်နေသော လော့ဖူကောင်းကင်ဘုံ ဖြစ်သည်။ ကမ္ဘာနှစ်ခုက မဟာမြို့ပျက်၏ သံလိုက်စက်ကွင်းအား နှောင့်ယှက်လိုက်၏။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် လော့ဖူကောင်းကင်ဘုံ၏ သံလိုက်စက်ကွင်းများနှင့် တိုက်မိသွားသော လူများ၊ ဆန်းကြယ်သားရဲများမှာ ကမ္ဘာခြားနှစ်ခုဆီသို့ ဆွဲငင်ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အလင်းလှိုင်းတစ်လှိုင်း ဖြတ်သန်းသွား၍ သံလိုက်စက်ကွင်း ပုံမှန်ပြန်ဖြစ်သွားလေသည်။ မရေမတွက်နိုင်သော လူများ၊ ဆန်းကြယ်သားရဲများ မြေပြင်ပေါ် ပြန်ကျလာကြ၏။
အလင်းလှိုင်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် လော့ဖူကောင်းကင်ဘုံတစ်လျှောက် ဖြတ်တိုက်သွားသည့်အခါ ကောင်းကင်ဘုံနှစ်ခုလုံး သိသိသာသာ အေးခဲသွားသည်ကို မြင်လိုက်ရသည်။ မဟာမြို့ပျက်၏ လေထဲ၌ ပျံ့နှံ့နေသော အပူရှိန်လည်း တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။
တန်ခိုးရှင်သစ်ခုတ်သမားက ပြောလိုက်သည်။ “ဒါက ကောင်းကင်နတ်ဘုံဆိုတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံကြောင့် ငါတို့ဘာမှမဖြစ်နိုင်ဘူး... ငါ ခန့်မှန်းထားတာ ကြာပြီ”
ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတစ်ယောက်မှ သူ့ကို အဖက်မလုပ်ကြပေ။
တန်ခိုးရှင်သစ်ခုတ်သမား ပါးစပ်ဟလိုက်သော်လည်း ဆက်မပြောတော့ပေ။ တစ်ယောက်တည်း တိတ်ဆိတ်စွာ ရပ်နေ၏။
ပထမလူသားဧကရာဇ်က သူ့ဘေးသို့ လာပြီး တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကောင်းကင်ဆရာသခင်၊ တစ်ခါတလေမှာ တချို့အရာတွေက ဆရာ့အတွက် အကျိုးအကြောင်းသင့်ပေမယ့် တခြားလူတွေအတွက်တော့ နားလည်ပေးလို့ရတဲ့ အရာမဟုတ်ဘူး”
တန်ခိုးရှင်သစ်ခုတ်သမား၏ တွေဝေနေသောအမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ပထမလူသားဧကရာဇ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ “မင်းသားချင်ဝူ၊ မင်း နောက်ဆုံးတော့ ရင့်ကျက်လာပြီပဲ... တပ်ပြေးတစ်ယောက်ဆိုတဲ့ လောင်းရိပ်အောက်ကနေ မင်း ထွက်လာနိုင်တာ မြင်ရတာ အင်မတန် ဝမ်းသာမိတယ်”
ပထမလူသားဧကရာဇ်၏မျက်နှာမှာ စိတ်ဓာတ်ကျနေသော လူမမာရုပ်သွင်ဖြစ်နေသေးသော်လည်း သူ့တွင် ချီစွမ်းအင်နှင့် စိတ်ဓာတ်အားမာန်တို့ ပြည့်နှက်နေသည်။ ပုံမှန်မြင်နေကျနှင့် မတူတော့ပေ။ “ကောင်းကင်ဆရာသခင်ရော ဘယ်လိုလဲ... မျိုးနွယ်ဝင်တွေ နားမလည်ပေးနိုင်တဲ့ကိစ္စကြောင့် ရင်ထဲ အစိုင်အခဲတစ်ခု ဖြစ်ကျန်ခဲ့မှာလား”
တန်ခိုးရှင်သစ်ခုတ်သမားက မှင်သေသေ ပြောသည်။ “မင်းရဲ့ကျင့်စဉ်တွေမှာ နှလုံးသားဆိုတဲ့ စာလုံးရှိပေမယ့် မင်း ငါ့လိုစိတ်အခြေအနေအဆင့်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး... အခြားသူတွေရဲ့ အမြင်က ငါ့အပေါ် မသက်ရောက်နိုင်တော့ဘူး”