← Chapters

ရေကန်ဘေးက တံငါသည်အဘိုးအို

Vol. 50 Ch. 676

ရေကန်ဘေးက တံငါသည်အဘိုးအို

Vol. 50 Ch. 676

“ဧကရာဇ်က ထိုက်ဧကရာဇ်‌ကောင်းကင်ဘုံကို စောင့်ရှောက်ဖို့ နေစောင့်ရှောက်သူဆီ တာဝန်ပေးလိုက်ပြီ.... နေထိန်းကျောင်းသူမျိုးနွယ်ဆီ ငါ သွားဦးမှပဲ”

ချင်မူ နန်းတွင်းမှ ထွက်လာပြီး နဂါးချီလင်ကို ခေါ်ကာ မဟာမြို့ပျက်သို့ ဦးတည်လိုက်သည်။ ခြောက်ရက်ကြာသော် နေရေတွင်းဆီ ရောက်လာပြီး ယန်ကျင့်ကျင့်ကို တွေ့၏။

မတွေ့ခဲ့ရသော နှစ်များအတွင်း ယန့်ကျင့်ကျင့်သည် အပျိုပေါက်လှလှလေး ဖြစ်လာခဲ့ပြီး ချစ်စဖွယ်ကောင်းလာခဲ့သည်။ ချင်မူ ရောက်လာကြောင်း မြင်လျှင် သူမက ပြုံးရယ်ရင်း ပြေးထွက်လာသည်။ “နွားကျောင်းတဲ့ အစ်ကိုလေး၊ ငါ့ခြေထောက်တွေကို ကြည့်... အကောင်းတိုင်း ဖြစ်သွားပြီ”

ချင်မူ့အကြည့်က သူမအပေါ် ကျရောက်သွားသည်။ ယန်ကျင့်ကျင်က အတန်ငယ် ချောင်ပြီး ခပ်ရှည်ရှည် ဂါဝန်အား ဝတ်ထားသဖြင့် ဂါဝန်က မြေပြင်ပေါ် ပုံကျနေပြီး သူမခြေထောက်ကို ဖုံးထားသည်။ ဂါဝန်၏ အပြင်အလွှာမှာ စိမ်းနုရောင်ဖြစ်ကာ အတွင်းအလွှာတွင်မူ ခြေသုံးချောင်းကျီးကန်းတစ်ကောင်ပုံစံ ပုံဖော်ရေးဆွဲထားသည်။

လက်ရာအရ ယွီကျောက်ချင်း၏ ချုပ်ရိုးချုပ်သား ဖြစ်လိမ့်မည်။ နေထိန်းကျောင်းသူမျိုးနွယ်က ကောင်းကင်ငှက်မွှေးမျိုးနွယ်စုကို ကူညီပေးခဲ့သောကြောင့် ကောင်းကင်ငှက်မွှေးမျိုးနွယ် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် စတင်အခြေချကတည်းက မျိုးနွယ်စုကြီးနှစ်စုသည် မကြာခဏ တွေ့ဆုံလေ့ရှိ၏။

ယန့်ကျင့်ကျင့်က ဂါဝန်စကို မပြီး ခြေထောက်အား ပြသည်။ သူမ၏ခြေချောင်းလေးများသည် အလွန်သေးသွယ်ပြီး အသားအ‌ရေကလည်း နှင်းကဲ့သို့ ဖြူဆွတ်နေသည်။ အတွင်း၌ ဘောင်းဘီအရှည် ခံဝတ်မထားရာ ကြည့်ရသည်မှာ မျက်စိပသာဒ ရှိလှ၏။

သို့သော် ချင်မူ မသင့်တော်သော အတွေးတို့ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ ယန်ကျင့်ကျင့်၏ ခြေထောက်များကို စစ်ဆေးကြည့်ခဲ့ဖူးသလို၊ အကြိမ်များစွာ ထိပင် ထိခဲ့ဖူးသောကြောင့် သူ စိတ်ထိန်းနိုင်သေးလေသည်။

“ငါ့ကို နောက်တစ်ဖက် ပြဦး... အသားတက်တာ ညီရဲ့လား ကြည့်ရအောင်” ချင်မူက ပြောသည်။

ယန်ကျင့်ကျင့်လည်း ဂါဝန်စတစ်ဖက်ကို လက်ဖြင့် မထားပြီး ခါးကိုင်းကာ တစ်ဖက်အစကို မြှောက်ပေးသည်။

ချင်မူ ‌ဆောင့်ကြောင့်ထိုင်၍ ကြည့်လိုက်သည်။ ခြေထောက်နှစ်ဖက်လုံး ညီနေကြောင်း မြင်မှ သူ စိတ်အေးသွား၏။ “တကယ် အကောင်းတိုင်း ဖြစ်သွားပြီပဲ”

ထိုစဉ် နေထိန်းကျောင်းသူခေါင်းဆောင်က လမ်းလျှောက်လာပြီး ချောင်းဟန့်လေသည်။ “အဟမ်း အဟမ်း နေစောင့်ရှောက်သူ၊ ဂါဝန်စကို ပြန်ချလိုက်ပါ”

ယန်ကျင့်ကျင့် ဂါဝန်စကို အလျင်အမြန် ပြန်ချလိုက်ပြီး သူမမျက်နှာမှာ အနည်းငယ် နီရဲနေသည်။ ချင်မူလည်း ကပျာကယာ ပြန်ထလိုက်မှ သူ့နောက်တွင် တန်ခိုးရှင်သစ်ခုတ်သမားနှင့် နေထိန်းကျောင်းသူခေါင်းဆောင်အား မြင်လိုက်ရဿည်။ နေထိန်းကျောင်းသူခေါင်းဆောင်၏ ခန္ဓာကိုယ်က သာမန်လူတစ်ယောက်ထက် များစွာကြီးမားပြီး ထွားကျိုင်းသောကြောင့် စောစောက သူ့ကို မမြင်ခဲ့မိပေ။

တန်ခိုးရှင်သစ်ခုတ်သမားက အပြုံးမဟုတ်သော အပြုံးဖြင့် သူ့ဆီ လျှောက်လာသည်။ ချင်မူက မျက်နှာအမူအရာ မပြောင်းလဲသွားဘဲ မေးလိုက်၏။ “ဆရာ ဘာလို့ လာတာလဲ”

“နေသင်္ဘောက ငါ ဆွဲပေးခဲ့တဲ့ ဒီဇိုင်းလေ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ဒီမှာ ထားခဲ့တဲ့ ပုံကြမ်းတွေ ယူပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပေးဖို့ လာတာ... ဒါနဲ့ဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စက်မှုလက်မှုပညာရှင်တွေ နေသင်္ဘောနဲ့ လသင်္ဘောတွေ တည်ဆောက်နိုင်မယ်”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်လည်း နေသင်္ဘောတွေ တည်ဆောက်ဖို့ နေထိန်းကျောင်းသူ မျိုးနွယ်စုရဲ့ နေသင်္ဘောကို တစစီ ဖြုတ်ပြီး ပုံကြမ်းဆွဲမလို့ လုပ်နေတာ... ဆရာ ကျွန်တော့်ထက် ခြေတစ်လှမ်း စောသွားလို့သာပေါ့... မဟုတ်ရင် နေသင်္ဘော တစစီ ဖြစ်နေပြီ”

နေထိန်းကျောင်းသူခေါင်းဆောင်၏ မျက်နှာမှာ ငြိမ်းသေသွားသော နေလုံးကြီးလို မည်းခြစ်သွားသည်။ သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ငါတို့သင်္ဘောကို တစစီ ဖြုတ်မယ် ဟုတ်လား... မင်း အရင်တစ်‌ခေါက်တုန်းကလည်း ငါတို့နေလုံးကြီးကို ဖျက်စီးပြီးပြီ.. အသစ်တစ်လုံး မျှားပေးနိုင်ခဲ့လို့ တော်သေးပေမယ့် အခု ငါတို့သင်္ဘောကို တစစီ ဖြုတ်ချင်နေပြန်ပြီလား’

တန်ခိုးရှင်သစ်ခုတ်သမားက နေရေတွင်းဆီ လျှောက်သွားသည်။ “နေသင်္ဘော တည်ဆောက်ရတာက မခက်ဘူး... ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်ရှိအခြေအနေနဲ့ အဲဒီလောက်ကြီးမားတဲ့ ကိုယ်ထည်ကြီးကို မတည်ဆောက်နိုင်ဘူး... ငါက နေသင်္ဘောနဲ့ လသင်္ဘောကို ဒီဇိုင်းဆွဲခဲ့တဲ့တစ်ယောက် ဆိုပေမယ့် လက်ရာမှာတော့ အမြင့်ဆုံးအဆင့်မဟုတ်ဘူး.... တခြားတစ်ယောက်ပဲ”

ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားပြီး မေးလိုက်မိသည်။ “သူက ဗုဒ္ဓတစ်ပါးလား”

တန်ခိုးရှင်သစ်ခုတ်သမားက နေရေတွင်းထဲသို့ ငုံ့ကြည့်သည်။ “ငါ စာသင်ပေးတုန်းကတော့ သူ ဘုန်းကြီးမဝတ်သေးဘူး... နှလုံးသားကိစ္စတွေကြောင့် ပြဿနာတက်တော့မှ ဘုန်းကြီးဝတ်ပြီး ဗြဟ္မဗုဒ္ဓရဲ့ ညီတော်ဖြစ်လာတာ.... သူက ရွှင်ပျော်ပျော်ကျေးရွာကို ပုံစံရေးဆွဲခဲ့တဲ့တစ်ယောက်လေ.... နေရေတွင်းထဲမှာ နေတော်တော်များများ ရှိသားဟ... နေသင်္ဘောတွေ ထပ်တည်ဆောက်လို့ရသေးတယ်”

ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော် သိကြား‌ဗုဒ္ဓနဲ့ တွေ့ဖူးတယ်... လောလောဆယ် တောင်ကောင်းကင် ဇာမဏီနတ်မင်း ချီရှားယွီ လိုက်ဖမ်းတာ ခံနေရတယ်”

တန်ခိုးရှင်သစ်ခုတ်သမား တအံ့တဩ ပြောလိုက်မိ၏။ “လိုက်ဖမ်းတာ ခံနေရတယ်ဟုတ်လား... နည်းတောင် နည်းသေး... ဒါပေမဲ့ သူ ဗုဒ္ဓဘုံမှာ ပုန်းနေကတည်းက ဇာမဏီနတ်မင်းက သူ့ကို မထိတော့ဘူးလေ.. ဘာလို့ ဒီတစ်ခေါက် လိုက်ဖမ်းနေတာလဲ”

“ပြဿနာ ရှာခဲ့လို့”

ချင်မူက ထိုပြဿနာတွင် မပါခဲ့သည့်အလား ပြောနေသည်။ “သူက ဗုဒ္ဓဘုံမှာ တော်တော်လေး ဂြိုဟ်မွှေခဲ့တာလေ... ကောင်းကင်နတ်ဘုံ ဗုဒ္ဓဘုံထဲ ပို့ထားတဲ့ သူလျှိုတစ်ယောက်မကျန် သတ်ပစ်ခဲ့တဲ့အပြင် ဗြဟ္မဘုံကိုလည်း ယိုတုအသေးစား ဖြစ်သွားအောင် လုပ်ခဲ့သေးတယ်... အဲဒါကြောင့် ဗြဟ္မဗုဒ္ဓက သူ့ကို ဗုဒ္ဓဘုံကနေ နှင်ထုတ်လိုက်တာတော့ ဇာမဏီနတ်မင်းလည်း အခြေအနေကို အခွင့်အကောင်းယူပြီး သူ့ကို လိုက်ဖမ်းတော့တာပဲ”

“အဲဒီလိုလား... သူက ငယ်ငယ်ရွယ်ရွယ် နဲ့ ချောတာကိုး.. ခိုင်ဧကရာဇ်ခေတ်တုန်းက နာမည်ကျော်ကြားတဲ့ လူချောလေးလေ... ဇာမဏီနတ်မင်း သူ့ကို သဘောကျတာလည်း အံ့ဩစရာမရှိဘူး... နောက်ဆုံးတော့ လှနေရတဲ့ ဆိုးကျိုးပေါ့ကွာ”

တန်ခိုးရှင်သစ်ခုတ်သမားက ကျားနတ်မင်းကို လှမ်းခေါ်၍ ပုံကြမ်းများအထပ်လိုက် ပေးကာ ပြောလိုက်သည်။ “မြို့တော်ဆီ သွားပြီး ဧကရာဇ်လက်ထဲ ပို့လိုက်”

ကျားနတ်မင်းက အမိန့်နာခံကာ လျင်မြန်စွာ ထွက်သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမား ချင်မူ့ဆီသို့ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “အလှတရားက ဒုက္ခအားလုံးရဲ့ အရင်းအမြစ်တဲ့.... ဒီစကားက သိပ်မှန်တယ်... သူက ချောလွန်းတော့ မိန်းမတွေအများကြီး သူ့ကြိုက်ကြတယ်... မင်းလည်း သတိထားဦး”

ချင်မူ ဝမ်းသာသွားသည်။ “ဒါဆို ကျွန်တော်လည်း သူ့လို ချောတာပေါ့”

“မင်းက ကြည့်ကောင်းရုံတင်ပါ... ရုပ်ဆိုးတာတော့ မဟုတ်ဘူး... ဘယ်နေရာမှာမဆို နှောင်ကြိုးလေးတွေ ထားခဲ့တတ်တာကမှ ပြဿနာ”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကိုယ်သူ ရေအေးတစ်ပုံးဖြင့် လောင်းချကာ ပြောသည်။ “သိကြားဗုဒ္ဓနဲ့ ဆေးဆရာက မင်းအတွက် နမူနာတွေပဲ... မင်း သတိထားသင့်တယ်.. ကလေးမ၊ နေမျှားပေးဖို့ လူသွားခေါ်ရအောင်”

ယန်ကျင့်ကျင့် သူ့နောက်လိုက်သွားသည်။ ချင်မူလည်း သူတို့နှင့်အတူ လိုက်သွား၏။

တန်ခိုးရှင်သစ်ခုတ်သမား သူတို့ကို ခေါ်၍ နေရေတွင်းမှ ထွက်လာသည့်အချိန်တွင် နေမွန်းတည့်နေချေပြီ။ လော့ဖူကောင်းကင်ဘုံက အပေါ်မှ အုပ်မိုးနေသောကြောင့် ကောင်းကင်မှာ အတန်ငယ် မှေးမှိန်နေသည်။

“သိကြားဗုဒ္ဓရဲ့ လူနာမည်က လီရုံလန်တဲ့... ဇာမဏီနတ်မင်းနဲ့ ကွဲပြီးတဲ့နောက်မှာမှ ဘုန်းကြီးဝတ်ပြီး တရားရှာခဲ့တာပဲ... ဗြဟ္မဗုဒ္ဓက သူ့ကို သိကြားဘွဲ့ ပေးအပ်ခဲ့တယ်.... ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားတုန်းက သူက သင်္ဘောကြီးတစ်စင်း တည်ဆောက်ပြီး စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်တွေကို ရွှင်ပျော်ပျော်ကျေးရွာဆီ ခေါ်သွားဖို့ ပြင်ထားခဲ့တာ.... ဒါပေမဲ့ ဇာမဏီနတ်မင်း လိုက်ဖမ်းတာနဲ့ သူ့လူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ဇာမဏီနတ်မင်းကို မျှားခေါ်ပေးခဲ့တယ်... ဒါပေမဲ့”

တန်ခိုးရှင်သစ်ခုတ်သမားက သက်ပြင်းချသည်။ “သူ ပြန်ရောက်တော့ သင်္ဘောက ပျက်စီးနေပြီး သူ့လူတွေလည်း သေနေကြပြီ... ဇာမဏီနတ်မင်းရဲ့ လက်ချက်ကြောင့် သေသွားတယ် ထင်ပြီး သူ ရင်ကွဲနာကျခဲ့တယ်... ဗြဟ္မဗုဒ္ဓက သူ့ကို လာခေါ်တော့ သူလည်း လိုက်သွားခဲ့တယ်... သူ ဗုဒ္ဓဖြစ်လာတဲ့အကြောင်း ဇာမဏီနတ်မင်း ကြားတုန်းကဆို ဗုဒ္ဓဘုံကနေ ထွက်လာတာနဲ့ သူ့ကို သတ်ပစ်မယ် ကြိမ်းခဲ့တယ်လေ.... သင်္ဘောရဲ့နာမည်က ပရမတ္တလှေတဲ့... မဟာမြို့ပျက်ထဲမှာ ရှိတယ်”

ချင်မူနှင့် ယန်ကျင့်ကျင့်မှာ ဇာတ်လမ်းထဲ မျောနေပြီး ယန်ကျင့်ကျင့်က မေးလိုက်သည်။ “သူ့မျိုးနွယ်တွေကို သတ်ခဲ့တဲ့ တစ်ယောက်က ဇာမဏီနတ်မင်းလား”

“ငါလည်း မပြောတတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းသည်။ “စစ်ကြီးကြောင့် ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ ဘယ်သူ သိနိုင်မလဲ”

ချင်မူ ပြောလိုက်သည်။ “ကျွန်တော် ပရမတ္တလှေဆီ ရောက်ဖူးတယ်.... အဲဒီနေရာက ရွှင်ပျော်ပျော်ကျေးရွာလို့တောင် ထင်ခဲ့သေးတယ်... အထဲရောက်မှ မဟုတ်မှန်း သိခဲ့ရတာ... တစ်ယောက်ယောက်က ပရမတ္တလှေကို ချိတ်ပိတ်ထားခဲ့လို့ အသက်ရှင်ကျန်ခဲ့တဲ့လူတွေ အထဲမှာ ပိတ်မိနေခဲ့ကြတယ်... အဲဒီစက်မှုလက်မှုနတ်ဘုရားမျိုးနွယ်က ချိတ်တံဆိပ်ကို ချိုးဖျက်ကို နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် ကြိုးစားခဲ့ပြီး ကလေးတစ်ယောက်ပဲ အပြင်ထွက်လာနိုင်ခဲ့တာ”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့စကားကို ကြားလျှင် ပြောသည်။ “အဲဒါ သေသေချာချာ မစစ်ဆေးဘဲ ဗြဟ္မဗုဒ္ဓနဲ့ လိုက်သွားခဲ့တဲ့ လီရုံလန်ရဲ့ အမှားပဲ... နောက်ပိုင်း ပရမတ္တလှေကနေ ထွက်လာနိုင်ခဲ့တဲ့ အဲဒီကလေးက ကြီးပြင်းလာပြီး နေ့တိုင်း ဖုန်ထဲ လူးနေခဲ့ရတယ်... အကြိမ်ပေါင်းများစွာ လှည့်စားခံခဲ့ရပြီး လျှို့ဝှက်ချက်တွေအများကြီး သူ ပြောပြမိခဲ့တယ်လေ... အဲဒါနဲ့ သူ့ဘာသာသူ စိတ်မကောင်းဖြစ်ပြီး စကားအများကြီး ပြောမိမှာစိုးလို့ လျှာဖြတ်ပစ်ခဲ့တယ်”

ချင်မူ တိတ်ဆိတ်သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ဆက်ပြောသည်။ “သူက နောက်ဆုံး စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်ပဲ... လျှာဖြတ်ထားပေမယ့် လူတွေက သူ့ကို လှည့်စားကြသေးတယ်... အဲဒါကြောင့် မဟာမြို့ပျက်မှာ ပုန်းပြီး ပန်းပဲဆရာတစ်ယောက် ဖြစ်လာတာ”

ချင်မူက အတန်ကြာ ငြိမ်သက်နေပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ သူ အခုတော့ အန္တရဝဖန်ဆင်းကျမ်းစာကို ကျင့်နေပါပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက ချောက်တစ်ခုကို ဖြတ်ကျော်လိုက်ပြီး သူ့အလျင်က အလွန်မြန်သည်။ သူက ပြောသည်။ “စကားမပြောဘဲ နေနိုင်ပါစေ မျှော်လင့်ရမှာပဲ... မဟုတ်လို့ကတော့ သူ့လျှာ အနည်းနဲ့အမြန် ဖြတ်ခံရလိမ့်မယ်”

ချင်မူက ပြောလိုက်သည်။ “အခုတော့ စကားနည်းနည်းပဲ ပြောပြီး လက်ဟန်တွေနဲ့ ဆူတယ်လေ... သူ့လက်တွေက စကားပြောတာထက်တောင် မြန်သေးတယ်”

ယန်ကျင့်ကျင့်က အပြုံးတစ်ခုဖြင့် ဝင်ပြောလိုက်၏။ “ဘယ်သူလဲ ကျွန်မသိပြီ.... ပန်းပဲထုတဲ့ ဘိုးဘိုးကို ပြောနေတာမလား... သူ့လက်ဟန်တွေက တကယ်ကို မြန်တယ်... ဘာသာပြန်ပေးဖို့ သံနားရွက်နဲ့ ဘိုးဘိုးကိုတောင် လိုနေရတယ်”

ချင်မူ ပြောလိုက်မိသည်။ “သူ လက်ဟန်နဲ့ ပြောရင် အများစုက ဆူနေတာတွေချည်းပဲ”

သူတို့ လျှိုမြောင်တစ်ခုသို့ ရောက်လာကြသည်။ သစ်ပင်များသည် လျှိုမြောင်အပြည့် ပေါက်ရောက်နေပြီး ကန်တစ်ကန်အား တွေ့ရ၏။ ကန်မှာ အလွန်နက်လွန်းသဖြင့် ကြမ်းပြင်အား မမြင်ရပေ။ ကျောက်ရုပ်တုတစ်ရုပ်ကိုလည်း ချင်မူနှင့် ယန်ကျင့်ကျင့် မြင်လိုက်ရသည်။ ကျောက်ရုပ်တုသည် ဝါးခမောက်ဆောင်းထားသော အဘိုးအိုတစ်ယောက်ဖြစ်၏။

အဘိုးအို၏ လက်တစ်ဖက်က မေးစေ့ကို ပွတ်နေပြီး သူ့ခြေထောက်ဘေးတွင်း ငါးထည့်ထားသော ခြင်းတစ်ခြင်း ရှိနေသည်။

အဘိုးအိုသည် ကျောက်ရုပ်ဖြစ်နေသော်လည်း ထူးဆန်းသည်မှာ သူ၏ငါးမျှားတံနှင့် ငါးမျှားကြိုးလည်း ကျောက်သားဖြစ်နေခြင်းပင်။ ငါးခြင်းပင်လျှင် ကျောက်တုံးဖြစ်နေ၏။

ချင်မူ ငါးခြင်းကို ကြည့်လိုက်သည့်အခါ ပို၍ပင်ထူးဆန်းသောအရာကို မြင်လိုက်ရသည်။ ငါးခြင်းထဲ၌ ကျောက်တုံးငါးနှစ်ကောင် ရှိနေသည်။

“ငါးတွေတောင် ကျောက်တုံး ဖြစ်နေပါလား... ဒီငါးနှစ်ကောင်လည်း နတ်ဘုရားတွေလား... နတ်ဘုရားတွေဆို ဘယ်လိုလုပ် ငါးမျှားချိတ်မှာ တွယ်သွားမှာလဲ”

ချင်မူ ဇဝေဇဝါ ဖြစ်နေမိသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ငါးမျှားနေသော အဘိုးအိုဘေးသို့ ဘေးသွားပြီး အမွှေးတိုင်တစ်တိုင် ထုတ်သည်။ သူက အမွှေးတိုင်ကို ထွန်း၍ အဘိုးအို၏ဘေး၌ စိုက်လိုက်၏။ “နောင်တော်၊ နိုးထဖို့ အချိန်ကျပါပြီ”

အမွှေးတိုင်၏ မီးခိုးငွေ့များသည် ခရုပတ်သကဲ့သို့ ရစ်ခွေတက်လာကာ အဘိုးအို၏ နှာခေါင်းဝဲထဲ တိုးသွားဝင်လေ၏။

တခဏကြာသော် ကျောက်ရုပ်တု၏ နှာခေါင်းက လူအသားဖြစ်လာပြီး တဖြည်းဖြည်း စတင်ပျံ့နှံ့လာသည်။ မကြာမီ အဘိုးအို၏ကိုယ်ပေါ်ရှိ ကျောက်သား ပျောက်ကွယ်သွားချေပြီ။ သူ၏အသွေးအသား၊ ကြွက်သား၊ အရေပြားနှင့် အဝတ်အစားများပင် တောက်ပလာနေသည်။

သူ့လက်ထဲရှိ ငါးမျှားကြိုးသည်လည်း ပုံမှန်ပြန်ဖြစ်သွားပြီး ပြန်ရစ်သွားသည်။ သူ့ခြေထောက်ဘေးရှိ ငါးခြင်းမှာလည်း အစစ်အမှန်ဖြစ်လာကာ အထဲမှ တဘုတ်ဘုတ်မြည်သံများ ထွက်လာ၏။ အနီရောင်ငါးနှစ်ကောင်လည်း အသက်ပြန်ဝင်လာပြီး ခြင်းထဲ၌ ခုန်နေကြသည်။

ချင်မူနှင့် ယန်ကျင့်ကျင့် ငေးကြောင်နေကြစဉ် တံငါသည်အဘိုးအို ခါးကြောဆန့်ပြီး ခုံပုလေးပေါ် ထိုင်နေသော တင်ပါးနေရာကို‌ ရွှေ့လိုက်သည်။ “အိပ်ကောင်းချက်၊ သစ်ခုတ်သမား ငါ့ကို ဘာအတွက် လာနှိူးတာလဲ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလျက် ပြောလိုက်သည်။ “နေတွေ မျှားဖို့ ၊ လတွေ မျှားဖို့ပါ”

တံငါသည်အဘိုးအိုက ဝါးခမောက်ကို ချွတ်ပြီး ဖုန်များ မှုတ်ထုတ်ပြီးနောက် ပြန်ဆောင်းလိုက်သည်။ “နေရေတွင်းထဲက နေတွေလား.... လရေတွင်းထဲက လတွေလား... မင်းရဲ့အစွမ်းအစတွေနဲ့ဆို မျှားဖို့ မခက်ပါဘူး... ငါ့ကို ဘာလို့ လာနှိုးနေတာလဲ”

“ကျွန်တော့်မှာ လုပ်စရာတွေ ရှိသေးလို့ပါ... အာရုံထွေပြားနေလို့လည်း မရလို့ နောင်တော့်ကိုပဲ နှိုးရတာပါ”

တန်ခိုးရှင်သစ်ခုတ်သမားက သက်ပြင်းချ၍ ပြောလိုက်သည်။ “နှစ်နှစ်သောင်း ကြာခဲ့ပြီး ခေတ်သစ် ရောက်နေပါပြီ.... ‌နောင်တော် မအိပ်သင့်တော့ဘူး”

တံငါသည်အဘိုးအိုက ထပြီး ငါးခြင်းကို ကျောတွင် လွယ်လိုက်သည်။ ငါးမျှားကြိုးနှင့် ငါးမျှားတံကို သိမ်းပြီးနောက် သူ ချင်မူနှင့် ယန်ကျင့်ကျင့်ဘက်သို့ လှည့်လိုက်၏။

အဘိုးအို၏ ဦးခေါင်းမှာ ကြီး‌နေသောကြောင့် လည်ပင်းတိုနေသယောင် ထင်ရသည်။ ခေါင်းပေါ်ရှိ ဝါးခမောက်ကလည်း သူ၏ဆံထုံးပေါ် တင်နေပြီး မျက်နှာမှာ တန်ခိုးရှင်သစ်ခုတ်သမားထက် များစွာအိုမည့်ပုံစံ ရှိ၏။ တစ်မျက်နှာလုံး အတွန့်အခေါက်များ ဖုံးနေသော်လည်း သူ့မျက်လုံးများကမူ ကြီးမားချေသည်။

ချင်မူနှင့် ယန်ကျင့်ကျင့် သူ့ကို နှုတ်ဆက်သည့်အခါ တံငါသည်အကြီးအကဲက မေးသည်။ “ဒီကလေးနှစ်ယောက်က...”

“ကောင်လေးက ရွှင်ပျော်ပျော်ကျေးရွာက ချင်မျိုးဆက်... ကလေးမကတော့ လက်ရှိနေစောင့်ရှောက်သူပါ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “မူအာ... ဒါက ကောင်းကင်ဆရာသခင် တံငါသည်တဲ့... ခိုင်ဧကရာဇ်ခေတ်တုန်းက ကောင်းကင်ဆရာသခင်လေးယောက်ထဲက တစ်‌ယောက်ပဲ”

တံငါသည်အဘိုးအိုက လက်ခါပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ခိုင်ဧကရာဇ်ခေတ်က လွန်ခဲ့တဲ့ နှစ်နှစ်သောင်းက နိဂုံးချုပ်သွားပြီ ဘာကို ကောင်းကင်ဆရာသခင်လဲ... သစ်ခုတ်သမား၊ ငါက မင်းလို ကောင်းကင်ဆရာသခင်ဘွဲ့ကို မလွှတ်ချနိုင်သေးတဲ့အထိ အရှက်မမဲ့ဘူး... ရွှင်ပျော်ပျော်ကျေးရွာက ချင်မျိုးဆက်လေး မဟာမြို့ပျက်ဆီ လာတယ်ဆိုတော့ ခိုင်ဧကရာဇ် ပြန်တိုက်ခိုက်တော့မှာများလား”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာ ညှိုးငယ်သွားသည်။

တံငါသည်အဘိုးအိုက သူ့အမူအရာကို မြင်လျှင် ခေါင်းယမ်း၏။ “ရွှင်ပျော်ပျော်ကျေးရွာက အခုတော့ ဘေးကင်းလုံခြုံတဲ့ အသိုက်လို ဖြစ်နေပြီပေါ့လေ... ခိုင်ဧကရာဇ်ရဲ့နှလုံးသားလည်း အိုမင်းနေလောက်ပြီ... သူ့အသိုက်ထဲကနေ ထွက်လာတော့မှာ မဟုတ်ဘူး... လာ နေသွားမျှားစို့”

တန်ခိုးရှင်သစ်ခုတ်သမား ချင်မူ့ဆီ ပြောလိုက်သည်။ “မူအာ၊ သူနဲ့ လိုက်သွား... ငါ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့” ထိုသို့ပြောပြီးနောက် သူက ချာခနဲ လှည့်ကာ အစအနပင် ရှာမရအောင် ပျောက်သွားတော့သည်။

တံငါသည်အဘိုးအိုက ခုံပုလေးကို ယူပြီး လျှိုမြောင်ထဲမှ ထွက်လာ၏။ “ကလေးနှစ်ယောက် လိုက်ခဲ့”

ချင်မူနှင့် ယန်ကျင့်ကျင့် သူ့နောက် အလျင်အမြန် ပြေးလိုက်သွားပြီး ယန်ကျင့်ကျင့်က ခပ်တိုးတိုး ပြောသည်။ “ခြင်းထဲမှာ ငါးတွေ ရှိနေသေးတယ်....”

သူမ ပြောနေစဉ် ငါးနီတစ်ကောင်က ဆူးတောင်ဖြင့် ခြင်းနှုတ်ခမ်းပေါ် ထောက်ကာ ခေါင်းထွက်လာသည်။ ၎င်းက မျက်လုံးကြီးနှစ်လုံးဖြင့် သူတို့ကို ကြည့်၍ မေးလေသည်။ “မင်းတို့က လင်မယားလား”

ယန်ကျင့်ကျင့် မျက်နှာလေးရဲသွားပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။ “အခုထိတော့ မဟုတ်သေးပါဘူး....”

ငါးနီနောက်တစ်ကောင်ကလည်း ခြင်းထဲမှ ခေါင်းပြူထွက်လာကာ ၎င်းဆီမှ မိန်းမအသံ ထွက်လာ၏။ “ငါတို့ကတော့ ဟုတ်တယ်” ထိုသို့ပြောပြီးနောက် ငါးနှစ်ကောင်က နှုတ်ခမ်းချင်းထိကာ နမ်းနေကြသည်။

ယန်ကျင့်ကျင့်၏မျက်နှာလေး ပို၍ပင် နီရဲလာပြီး သူမက ချင်မူ့အင်္ကျီစကို လှမ်းဆွဲသည်။ ချင်မူမှာ ငေးကြောင်နေရာမှ သူမကြောင့် သတိပြန်ဝင်သွားသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ငါးပြုတ်ပြီး ဟင်းရည်လုပ်သောက်ရင် တော်တော်အရသာရှိမှာပဲ... ကျင့်ကျင့်၊ ဘာပြောမလို့လဲ”

All Chapters