ကောင်းကင်နတ်ဘုံ၏ အစပျိုးအဆင့်
Vol. 50 Ch. 675
“ထိုက်ဧကရာဇ်ကောင်းကင်ဘုံကြောင့် အနောက်ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေကြားက လမ်း ပိတ်သွားပြီ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အာဏာစက် အနောက်ကမ္ဘာမြေအပေါ် မသက်ရောက်နိုင်တော့ရင် အနောက်ကမ္ဘာမြေ ပုန်ကန်လိမ့်မယ်... ဒါကြောင့် ငါတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖောက်ပြီး ဥမင် ဒါမှမဟုတ် နေရာရွှေ့ပြောင်းဝင်္ကပါ တည်ဆောက်ရမယ်”
ချင်မူ၊ ဧကရာဇ်အတိုင်ပင်ခံ၊ လင်းရွှမ်နှင့် သင်္ချာပညာရှင်များ စုဝေးပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် သက်ရောက်မှုကို တွက်ချက်နေကြသည်။ အားလုံး ကျယ်လောင်စွာ စကားပြောနေြ၏။
ချင်မူက ပြောသည်။ “နေရာရွှေ့ပြောင်းဝင်္ကပါ တည်ဆောက်ရလွယ်ပေမယ့် ထိန်းသိမ်းဖို့ ဆေးစွမ်းအင်ကျောက်တုံးအများကြီး လိုအပ်တယ်... ဥမင်ဖောက်တာကတော့ အစပိုင်းမှာ အများကြီး ကုန်ကျပေမယ့် နောက်ပိုင်း အကုန်အကျနည်းမယ်”
တာအိုသခင်လင်းရွှမ်က ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက မြောက်ဘက်ကနေ တောက်ဘက်ကို တိုက်ချသွားတာဆိုတော့ မိုးလေဝသ၊ လေထုလည်ပတ်ပုံ၊ မိုးရွာသွန်းမှုနဲ့ ဆီးနှင်းကျဆင်းမှုတွေအပေါ် သက်ရောက်လိမ့်မယ်... ငါတို့ မိုးလေဝသ၊ လေထုနဲ့ မိုးရွာသွန်းနှုန်းတို့ကို ပြန်တွက်ဖို့လိုတယ်”
ရှုရှန်းဟွာက ပြောသည်။ “ဘယ်နေရာတွေအပေါ် သက်ရောက်မလဲကိုလည်း မဖြစ်မနေ တွက်ရမယ်... မိုးလေဝသ ပြောင်းလဲရင် သဲကန္တာရတွေ ပေါ်လာတတ်တယ်... ဒါကြောင့် နဂါးဘုရင်တစ်ပါး လိုတယ်... ကန္တာရတွေ ပေါ်မလာအောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် နဂါးဘုရင်တစ်ပါး ရှိရမယ်”
လင်ယွိရှို့ ဝင်ပြောလိုက်သည်။ “မိုးရွာသွန်းမှုနဲ့ ဆီးနှင်းကျဆင်းမှုတွေအတွက်လည်း လေသခင်တွေ၊ မိုးသခင်တွေ လိုတယ်”
ဧကရာဇ်အတိုင်ပင်ခံက တခဏ စဉ်းစားကာ ပြော၏။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သာမန်မဟုတ်တဲ့ သံလိုက်စက်ကွင်းတွေက အခု ဖိနှိပ်ခံထားရပေမယ့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံမှာ သံလိုက်အားလှိုင်းတွေ ရှိနေဦးမှာပဲ... ဒီတော့ အပင်တွေအပေါ် သက်ရောက်မှုရှိမလား ကြည့်ရမယ်... မိုးလေဝသ၊ လေထုနဲ့ မိုးရွာသွန်းနှုန်းကို တွက်ချက်တဲ့အချိန်ကျရင် ကမ္ဘာနှစ်ခုဆီက သံလိုက်အားလှိုင်းကိုလည်း ထည့်သွင်းတွက်ချက်ရမယ်... ဒါမှ အားလှိုင်းတွေကြောင့် ငလျင်တွေ ဘယ်လိုဖြစ်လာမလဲ သိနိုင်မယ်”
ရွာလူကြီး ဝင်ပြောလိုက်သည်။ “ဒါဆို မြေသခင်တွေလည်း လိုတယ်... လိုအပ်တဲ့ အရေအတွက်ကလည်း နည်းနည်းပါးပါးမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အောက်မှ နေထိုင်ကြတဲ့ မြေခရီးသွားတွေ ရှိတယ်... သူတို့က အစတုန်းက ခိုက်ဧကရာဇ်ကို ခစားတဲ့ မြေသခင်မျိုးနွယ်တွေပဲ... မူအာ ပထမဘိုးဘေးကြီးနဲ့အတူ သူတို့ဆီ သွားနိုင်တယ်”
ဝမ့်မူရန်က ပြောသည်။ “ရေငွေ့နဲ့ မြူတွေက ပင်လယ်သမုဒ္ဒရာတွေက ဆိုတော့ ပင်လယ်သမုဒ္ဒရာတွေရဲ့ လည်ပတ်မှုကို ထိန်းသိမ်းဖို့ နတ်ဘုရားတွေလည်း လိုအပ်လိမ့်မယ်... အဲဒါမှ မိုးနဲ့ လေတွေကို ကုန်းတွင်းပိုင်းဆီ ရှောရှောရှူရှူ ပို့ပေးနိုင်မှာ.... မြူတွေအပြင် ငါးဖမ်းလှေတွေကို ကာကွယ်ဖို့ ရေလှိုင်းတွေလည်း ထိန်းချုပ်ရမယ်”
“ဒီလုပ်ငန်းစဉ်က ကြီးတယ်... ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်ကို စီမံခန့်ခွဲပေးဖို့ သင်္ချာကျွမ်းတဲ့လူတွေ လိုမယ်... အတွက်အချက်ကျွမ်းတဲ့ ငွေကြေးနတ်ဘုရားတစ်ပါး လိုတယ်”
“လုပ်ငန်းစဉ်အားလုံးအတွက် လေသင်္ဘောတွေ သုံးရမယ်.... လေသင်္ဘောနတ်ဘုရားလည်း လိုတယ်... ပင်လယ်ထဲမှာ ခွန်မျိုးနွယ် ခွန်တွေလည်း ရှိတယ်... လူသားဧကရာဇ်နဲ့ ဖိတ်ခေါ်လိုက်လို့တော့ ရမယ်... ဒါပေမဲ့ လက်ရှိမျိုးနွယ်စုခေါင်းဆောင်က ဘယ်သူမှန်း မသိဘူး”
“ကောင်းကင်လုပ်သားမျိုးနွယ်ရဲ့ လက်မှုပညာရှင်တွေ၊ ပန်းပဲပညာရှင်တွေ ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ လော့ဖူကောင်းကင်ဘုံကို ဖိနှိပ်နိုင်မယ့် ရတနာတွေ ဖန်တီးဖို့၊ လမ်းဖောက်ဖို့ လိုအပ်တဲ့ လက်နက်တွေ သွန်းလုပ်ဖို့ ကောင်းကင်လုပ်သား နတ်ဘုရားတစ်ပါးလည်း လိုတယ်”
“ပလိပ်ရောဂါတွေ၊ ကူးစက်ရောဂါတွေကိုလည်း ထိန်းချုပ်ရမယ်... ဆေးဘုရင်တစ်ယောက် လိုတယ်”
“မီးနဲ့ သဘာဝကမ်းဘေးတွေ ထိန်းချုပ်ဖို့ မီးနတ်ဘုရားလိုတယ်”
....
အားလုံး မျိုးစုံဆွေးနွေးနေကြသည်။ အကြာကြီး ဆွေးနွေးကြပြီးနောက်တွင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ သက်ဆင်းလာမှုကြောင့် လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရေးဆွဲကြပြီး သက်ဆိုင်ရာနတ်ဘုရားများကို နေရာချထားလိုက်သည်။ နဂါးချီလင်ကလည်း သင်္ချာစွမ်းရည်မြင့်မားသောကြောင့် ဝင်ရောက်ဆွေးနွေးနေပြီး ရုတ်တရက် ထမေးသည်။ “ဂိုဏ်းသခင်၊ ဧကရာဇ်အတိုင်ပင်ခံ ကျွန်တော်တို့ ကောင်းကင်နတ်ဘုံနောက်တစ်ခု တည်ဆောက်နေတာလား”
ချင်မူနှင့် ဧကရာဇ်အတိုင်ပင်ခံ ကြောင်သွားသည်။ နှစ်ယောက်သား ရေးဆွဲထားသော နတ်ဘုရားတို့၏နေရာများကို ကပျာကယာ လှန်ကြည့်ကြ၏။ ဤသည်ကား ကောင်းကင်နတ်ဘုံရှိ နတ်ဘုရားများ၏ အဆင့်နေရာများ အစပျိုးနေခြင်း မဟုတ်ပေဘူးလား။
သူတို့ရေးဆွဲထားသော နတ်ဘုရားနေရာများသည် ကောင်းကင်နတ်ဘုံဖွဲ့စည်းပုံတွင် အရေးမပါနေဘူးလား။
ဤနတ်ဘုရားတို့၏ အဆင့်နေရာများဖြင့် ကောင်းကင်နတ်ဘုံ၏ အခြေခံဖွဲ့စည်းပုံကို တည်ထောင်နိုင်ချေပြီ။
ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်းလိုက်သည်။ “ကောင်းကင်နတ်ဘုံတစ်ခု တည်ထောင်ဖို့ စောလွန်းသေးတယ်”
ရွာလူကြီးကလည်း ခေါင်းညိတ်ကာ ပြောသည်။ “ခံတပ်တွေ မတည်ဆောက်ရသေးဘဲ၊ အထောက်အပံ့တွေ မပြည့်စုံသေးဘဲ အာဏာမထူထောင်သင့်ဘူး.... ငါတို့က တာဝန်ခွဲဝေပေးနေရုံသက်သက်ပဲ... နတ်ဘုရားရာထူးတွေ ခွဲဝေပေးနေတာမဟုတ်ဘူး.... ဒီကိစ္စ ဘယ်သူမှ ထုတ်မပြောကြနဲ့... မပေါက်ကြားစေနဲ့... ငါတို့ပဲ သိပစေ”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
သို့သော် သမိုင်းကြောင်းတစ်ခု အစတည်နေသည်ကို သူတို့ မသိကြပေ။ ဧကရာဇ်ယန်ဖုန်းမပါသော သူတို့၏ဆွေးနွေးမှုများမှတစ်ဆင့် သမိုင်းကန့်လန့်ကာသည် တစတစ ပွင့်လာခဲ့ချေပြီ။ နှစ်ပေါင်းများစွာကြာလျှင် သူတို့ ယနေ့အကြောင်း ပြန်တွေးပြီး လွမ်းမောမိကြလိမ့်မည်။ ယခုအချိန်တွင်တော့ နောင်တစ်ချိန် မည်သို့ဖြစ်လာမည်မှန်း သူတို့ မသိနိုင်သေးပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “တွက်ချက်ရမှာတွေ များလွန်းအားကြီးတယ်.... ငါတို့ပဲဆို တွက်ဖို့ ခက်လိမ့်မယ်... အစီအစဉ်ချပြီးတာနဲ့ ဧကရာဇ်ကို တင်ပြပြီး ဒီကိစ္စတွေ အတူတူလုပ်ဖို့ အားကိုးလို့ရတဲ့ လူအားလုံး ဆင့်ခေါ်ခိုင်းလိုက်မယ်”
ရုတ်တရက် တစ်ယောက်က ထပြောသည်။ “ထိုက်ဧကရာကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေနဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ မိစ္ဆာနတ်ဆိုးတွေကိုရော ဘယ်လိုလုပ်ရမလဲ”
အားလုံး မျက်မှောင်ကြုတ်သွားပြီး အကြံကုန်သွားကြ၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကြားတွင် ချေဖျက်၍မရသော အမုန်းအဃာတ ရှိသည်။ အစစ်အမှန်နတ်ဘုရားပန်ယုနှင့် ကျန်ရှိသူများမှာ တန်ခိုးရှင်သစ်ခုတ်သမားနှင့် အဆက်အဆံမလုပ်တော့သည့်အပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် တစ်မိုးအောက်တည်းတွင် အတူမရှိနိုင်ဟုပင် ပြောခဲ့၏။ ထိုအခြင်းအရာမှ သူတို့၏အမုန်းအဃာတသည် ကောင်းကင်ထက် မြင့်မားပြီး သမုဒ္ဒရာထက် နက်ရှိုင်းကြောင်း ပေါ်လွင်ချေသည်။
ချင်မူက တခဏ စဉ်းစားကာ ပြောလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေကို မဟာမြို့ပျက်မှာ နေခိုင်းလိုက်... မဟာမြို့ပျက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက တစ်မိုးအောက်တည်း မဟုတ်ဘူးလေ.... ဖုရွေ့လော်နဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကတော့ မြောက်ပိုင်းက နှင်းဖုံးတောင်တန်းမှာ နေနိုင်တယ်... မဟာမြို့ပျက်နဲ့ ဝေးလေ ကောင်းလေပဲ”
“အဲဒီလို လုပ်ရမှာပဲ” ဧကရာဇ်အတိုင်ပင်ခံက ခေါင်းညိတ်လိုက်သည်။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ပြိုကျမှုကြောင့် လုပ်စရာ လုပ်ငန်းတာဝန် များပြားလွန်း၏။ လုပ်ငန်းစဉ်များကလည်း ကြီးမားသည့်အပြင် မြေငလျင်များ ဟန့်တားရန်၊ မီးတောက်များ ဖယ်ရှားရန်၊ မြူလမ်းကြောင်းများ ဖွင့်ပေးရန်နှင့် လေပြင်းရေလှိုင်းများ ငြိမ်သက်စေရန် အစွမ်းထက်သော နတ်လက်နက်များစွာ လိုအပ်နေသည်။
ချင်မူ ထိုကိစ္စများကို တစ်ခါမှ မကိုင်တွယ်ခဲ့ဖူးပေ။
“တန်ခိုးရှင်သစ်ခုတ်သမားကို လိုအပ်သေးတယ်”
အဘွားစစ်က ပြော၏။ “ဒီကမ္ဘာပေါ်မှာ ဗဟုသုတအများဆုံးဆိုလို့ သူပဲ ရှိတယ်”
ချင်မူ သဘောတူလိုက်သည်။ သူက တန်ခိုးရှင်သစ်ခုတ်သမားနှင့် ပထမလူသားဧကရာဇ်ဆီ သွားရောက်ပြီး အားလုံး၏စိတ်ကူးကို ပြောပြလိုက်၏။ တန်ခိုးရှင်သစ်ခုတ်သမားက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ငါလည်း အခုလို ပြောဖို့ စောင့်နေတာ.... အခု ဧကရာဇ်ယန်ဖုန်းနဲ့ တွေ့ကြတာပေါ့”
နန်းစိုက်မြို့တော်သို့ ရောက်သည့်အခါ ချင်မူက လူသားဧကရာဇ်တံဆိပ်တုံး ထုတ်၍ ဆင့်ခေါ်လိုက်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မျိုးနွယ်စုအားလုံး လူသားဧကရာဇ်တံဆိပ်တုံး၏ ဆင့်ခေါ်သံကို ခံစားလိုက်ရကြ၏။ ရက်အနည်းငယ်ကြာသော် မြေခရီးသွားများ၊ မိစ္ဆာနတ်မင်းငါးပါး၊ ခွန်မျိုးနွယ်၊ လေမျိုးနွယ်၊ ပင်လယ်မျိုးနွယ်၊ လိပ်နက်မျိုးနွယ်နှင့် ကျန်မျိုးနွယ်အားလုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်ဆီသို့ အပြေးအလွှား ရောက်လာကြသည်။
နန်းစိုက်မြို့တော်မှာ မျိုးနွယ်ပေါင်းစုံဖြင့် စည်ကားလာတော့သည်။
မျိုးနွယ်စုအားလုံးသည် လူသားဧကရာဇ်တံဆိပ်တုံးကိုသာ နာခံ၏။ သူတို့ အသိအမှတ်ပြုသည်မှာ လူ မဟုတ်၊ တံဆိပ်တုံးသာ ဖြစ်သည်။ ဧကရာဇ်ယန်ဖုန်းပင် အပါအဝင် မည်သူ့မျက်နှာကိုမှ မထောက်ထားပေ။
မြေခရီးသွားမျိုးနွယ်စု၏ ခေါင်းဆောင်အသစ်က ထုရှင်းဖုန်း၏ ဇနီး ဖြစ်သည်။ သူမသည်လည်း ချင်မူ့ဒူးထောက်သာ ရှိသော လူပုလေးဖြစ်ပြီး ပါးသိုင်းမွှေးတိုတိုစစများ ရှိနေသည်။ အရပ်သာ ရှည်လျှင် အတော်လေး ခံ့ညားမည့်ပုံပင်။
သခင်မထုမှာ ကျစ်လစ်သန်မာသော ကြွက်သားများဖြင့် ဗလကြီးသော အမျိုးသမီးတစ်ယောက်လည်း ဖြစ်သည်။ သူက ချင်မူ့အပေါ် ရည်ရည်မွန်မွန် ရှိသော်လည်း ရွာလူကြီးကိုမူ ဒေါသထွက်နေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။
သခင်မထုက ဧကရာဇ်ယန်ဖုန်းကို တောသားဧကရာဇ်ဟုသာ ခေါ်နေသောကြောင့် ဧကရာဇ်ယန်ဖုန်းမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်အထိ ဒေါသူပုန်ထနေတော့သည်။ စာအုပ်အသေးလေး၌ ခေါင်းဖြတ်ရန် ဆက်တိုက်ရေးသော သူ့လက်များပင် တုန်ရီနေသည်။
မိစ္ဆာနတ်မင်းငါးပါးအနက် မိုးမခနတ်မင်း၊ အဝါရောင်နတ်မင်းနှင့် အဖြူနတ်မင်းတို့မှာ အထက်ကောင်းကင်ဘုံနှင့် တိုက်ပွဲတုန်းက ကျဆုံးသွားကြ၍ ခေါင်းဆောင်အသစ်များ ရောက်လာကြသည်။ ဟူလင်းအာကလည်း မြေခွေးနတ်မင်းနှင့်အတူ လိုက်လာခဲ့၏။
လိပ်နက်ခေါင်းဆောင်လည်း တိုက်ပွဲကျသွားခဲ့သည့်အတွက် ခေါင်းဆောင်အသစ် ရောက်လာသည်။ သူက အရပ်အမောင်း မြင့်မြင့်မားမားဖြင့် အထင်ကြီးစရာကောင်းသော်လည်း အလွန်နှေး၏။ နာမည်က ရွှမ့်ဝူကျင့်ဖြစ်ပြီး စကားပြောလျှင်ဖြစ်စေ၊ လမ်းလျှောက်လျှင်ဖြစ်စေ အခြားသူများထက် အဆများစွာ နှေးကွေးလေသည်။
ဧကရာဇ်ယန်ဖုန်းမှာ သူ့ကို စကားပြောရန် ဒုက္ခအရောက်ဆုံး ဖြစ်သည်။
ထို့အပြင် ဘုရင်ရီနှင့် ဘုရင်ခွန်လည်း ရှိသည်။ သူတို့က လူသားဧကရာဇ်တံဆိပ်တုံး သုံး၍ အထက်ကောင်းကင်ဘုံကို တိုက်ခိုက်ခိုင်းခဲ့သောကြောင့် ရွာလူကြီးကို မကြည်ကြပေ။
သို့သော် မျိုးနွယ်စုခေါင်းဆောင်အားလုံး ပထမလူသားဧကရာဇ်ကို မြင်လျှင် လေးစားရိုသေသွားကြသည်။
ဧကရာဇ်ယန်ဖုန်းက ချိမင်၏ သံတမန်ကို ဖိတ်ခေါ်လိုက်၍ ချိရှိကိုယ်တိုင် ရောက်လာသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်အတွက် သံတမန်ကတော့ ကျဲ့ဟွလီဖြစ်ပြီး ဖုရွေ့လော်ကိုယ်တိုင် မတက်ရောက်ပေ။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှလည်း အစစ်အမှန်နတ်ဘုရားပန်ယုကိုယ်တိုင် မလာပေ။ သူ၏တပည့် ယွီဟယ်ကိုသာ ကိုယ်စားလွှတ်လိုက်သည်။
ထိုရက်များအတွင်း ချင်မူ၊ ဧကရာဇ်အတိုင်ပင်ခံ၊ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဧကရာဇ်အတိုင်ပင်ခံတို့က အစီအစဉ်တစ်ခု ချမှတ်ခဲ့သည်။ ဧကရာဇ်ယန်ဖုန်းသည် အရာရှိများအား တာဝန်အသီးသီး ခွဲပေးခဲ့သလို အရာရှိအဆင့်များကိုလည်း ပြန်လည်စီစဉ်တော်မူ၏။ တချို့အရာရှိရာထူးများကို ဖယ်ရှားကာ ရာထူးအသစ်များ ထည့်သွင်းသည်။
အစည်းအဝေးတွင် သဘောထားကွဲလွဲမှုများ၊ အချေအတင်များစွာ ဖြစ်ပွား၏။ ရာထူးတိုးမြှင့်ခြင်း၊ အရည်အချင်း စမ်းသပ်ခြင်း အစရှိသည်တို့ကို ဧကရာဇ်ယန်ဖုန်းကိုယ်တိုင် စီမံဆောင်ရွက်ပေးရသဖြင့် အစည်းအဝေးမှာ တစ်လကျော်ကြာမှ ပြီးဆုံးသွားလေသည်။
မျိုးနွယ်စုများအပြင် ဆေးဆရာ၊ ရွှေအနှင့် ကျန်ရှိသူများလည်း အရာရှိများအဖြစ် နေရာခန့်ထားခံရသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ စစ်မိသားစုက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စီးပွားရေးကို စီမံခန့်ခွဲရန် တာဝန်ရှိလာ၏။ စစ်ယွင်ရှန်းမှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း ဟူလင်းအာကတော့ စိတ်ပျက်နေသည်။
သို့သော် ချင်မူက စစ်ယွင်ရှန်း ဧကရာဇ်၏ ဘဏ္ဍာတိုက်ထဲမှ ရတနာများအား ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲ မထည့်အောင် ဟူလင်းအာကို စောင့်ကြည့်စေသည်။ ထိုအခါမှ စစ်ယွင်ရှန်း၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွား၏။
ချင်မူနှင့် တန်ခိုးရှင်သစ်ခုတ်သမား၏ အစီအစဉ်က ကိစ္စအားလုံးကို ဧကရာဇ်ယန်ဖုန်းဆီ ပစ်ပေးလိုက်ရန်သာ ဖြစ်သည်။ ဧကရာဇ်ယန်ဖုန်းခမျာ အကုန်လုံးဆောင်ရွက်ပေးပြီးနောက် ချုံးချုံးကျကာ ပင်ပန်းနေတော့သည်။ သို့သော် ငွေလိုအပ်ကြောင်း အစီရင်ခံစာများက ဧကရာဇ်ဆီသို့ ဝင်လာမစဲ တသဲသဲ ဖြစ်နေသည်။
ဧကရာဇ်ယန်ဖုန်း ခေါင်းကိုက်လာသည်။ သူက ချိရှီကို ခေါ်ပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကျင့်စဉ်အကြောင်း မေးမြန်းတော်မူသည်။ “အဲဒါမှပဲ ကိုယ်တော် အစီရင်ခံစာတွေ မြန်မြန် ဖတ်နိုင်လိမ့်မယ်”
ချိရှီက ပြုံးလျက် ပြောသည်။ “အရှင်မင်းကြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကျင့်စဉ် ကျင့်ချင်ရင် လူသားဧကရာဇ်ချင်ကို မေးသင့်တယ်... နတ်ဘုရားသားတော် ပြောတာတော့ လူသားဧကရာဇ်ချင်ရဲ့ အစွမ်းအစတွေက ဧကရာဇ်ပလ္လင်ရဲ့ စံနှုန်းအထိ ရောက်နေပြီတဲ့”
ဧကရာဇ်ယန်ဖုန်း အလန့်တကြား ထခုန်ပြီး ချင်မူ့ကို နန်းတွင်းသို့ ခေါ်လိုက်သည်။
“အရှင်မင်းကြီး၊ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုဖြစ်တဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ အန္တရဝဖန်ဆင်းကျမ်းစာကို နန်းတွင်းကောလိပ်နဲ့ တက္ကသိုလ်ကြီးလေးခုဆီ ပို့ထားပြီးပါပြီ”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒီကျင့်စဉ်နှစ်ခုကို ကျင့်ဖို့ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေ ကျွမ်းကျင်ဖို့ လိုပါတယ်... ကျွန်တော် လောလောဆယ် ဖန်ဆင်းကောင်းကင်နတ်သိုင်းပညာရှင်တွေ စုစည်းပြီး ဒီကျင့်စဉ်နှစ်ခုကို အသေးစိတ် လေ့လာဆန်းစစ်ရင်း လိုအပ်တဲ့နေရာတွေမှာ ပြုပြင်ရှင်းလင်းဖို့ လုပ်နေပါတယ်.. အဲဒီအခါမှ ကျင့်ကြံရင် နှစ်ဆပိုမြန်ပါလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်း စိတ်အေးလက်အေးဖြစ်သွားပြီး လက်ထဲရှိ စာလိပ်ကို ချလိုက်သည်။ သူက ပြုံးလိုက်၏။ “လာ လမ်းလျှောက်ရအောင်”
ချင်မူ သူနှင့်အတူ တော်ဝင်စာကြည့်ဆောင်အပြင် ထွက်လိုက်သည့်အခါ မိုးချုပ်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ဧကရာဇ်ယန်ဖုန်းက ကောင်းကင်ကို မော့ကြည့်ပြီး အတန်ကြာသည်အထိ စကားမပြောပေ။
ကောင်းကင်တစ်ပြင်လုံး ကြယ်စုံနေသော်လည်း တစ်လုံးတည်းကသာ မျက်စိအာရုံကို ဖမ်းစားနိုင်၏။ ထိုကြယ်က ချိမင်ကြယ်ဖြစ်ချေသည်။
ကြယ်သည် လိမ္မော်သီးအရွယ်သာ ရှိသယောင် ထင်ရပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ညကောင်းကင်ထက်တွင် တိတ်ဆိတ်စွာ လွင့်မျောနေ၏။
“ဝန်မင်းချင်၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အကောင်းတိုင်း ပြန်ဖြစ်လာနိုင်လား”ဧကရာဇ်ယန်ဖုန်း မေးလိုက်သည်။
ထာတရငြိမ်းချမ်းရေးအင်ပါယာ၏ အနောက်အရပ်၌ မဟာမြို့ပျက်ရှိပြီး လက်ရှိအချိန်တွင် မဟာမြို့ပျက်မှာ အမှောင်ဖုံးနေသည်။ သို့သော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် လော့ဖူကောင်းကင်ဘုံကြောင့် သိပ်မမှောင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် လော့ဖူကောင်းကင်ဘုံတွင် နေရောင်တောက်ပနေ၍ဖြစ်သည်။ နန်းစိုက်မြို့တော်မှပင် မဟာမြို့ပျက်၏ကောင်းကင်ယံတွင် အလင်းတန်းများ ကွန့်မြူးနေသည်ကို မြင်နေရသည်။
“ဖြစ်လာနိုင်ပါတယ်”
ချင်မူက တခဏစဉ်းစားကာ ပြောလိုက်သည်။ “ဒါပေမဲ့ အချိန်တော့ လိုမယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအင်က မကုန်ခမ်းသေးဘူး... လော့ဖူကောင်းကင်ဘုံရဲ့ ဝိညာဉ်စွမ်းအင်ကတော့ ကုန်ခမ်းသွားပြီဆိုပေမယ့် မဟာမြို့ပျက်ထဲမှာ ရှိနေကြတာမဟုတ်လား... ဒါကြောင့် အကောင်းတိုင်း ပြန်ဖြစ်လာနိုင်ပါတယ်... ကျွန်တော်တို့ နေထိန်းကျောင်းသူတွေကို အကူအညီတောင်းပြီး နေသင်္ဘောတွေကို အဲဒီကောင်းကင်ဘုံနှစ်ခုအပေါ်မှာ သွားနေခိုင်းလိုက်ရင် အဲဒီကနေ နေရောင်ဖြန့်ကျက်လို့ရမယ်.. ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ဖြည့်တင်းဖို့ကတော့ ဆယ်နှစ်ကျော် ကြာဦးမှာပဲ”
ဧကရာဇ်ယန်ဖုန်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “သစ်ပင်စိုက်တာကနေ စတာပေ့... လထိန်းကျောင်းသူတွေ သေဆုံးသွားပြီကြားတယ်... လသင်္ဘောတွေ ထိန်းချုပ်ဖို့ လထိန်းကျောင်းသူတွေ မောင်မင်း ရွေးချယ်လို့ရလား”
ချင်မူ တွန့်ဆုတ်သွားပြီး ပြောလိုက်၏။ “မဟာမြို့ပျက်မှာတော့ လထိန်းကျောင်းသူမျိုးဆက်တွေ ရှိလောက်သေးတယ်... မဟာမြို့ပျက်ရဲ့ လူစာရင်းတွေကို စစ်ဆေးထားတဲ့ စာရင်း ဘဏ္ဍာရေးဝန်ကြီးမှာ ရှိလား”
“ရှိတယ်... ဘဏ္ဍာရေးဝန်ကြီးကို အဲဒီကိစ္စ တာဝန်ပေးလိုက်မယ်... ကိုယ်တော် လထိန်းကျောင်းသူတွေ ရွေးချယ်ပြီး သူတို့ဘိုးဘေးတွေရဲ့ အလုပ် ဆက်လုပ်ခိုင်းလိုက်မယ်”
ဧကရာဇ်ယန်ဖုန်းက ကောင်းကင်မှ အကြည့်လွှဲပြီး ချင်မူ့ကို ကြည့်သည်။ သူက ပြုံးလိုက်လေသည်။ “ဝန်မင်းချင်၊ မောင်မင်းအတွက် လက်ထပ်ဖို့ အချိန်ကျပြီမထင်ဘူးလား... မောင်မင်းစိတ်ထဲမှာ မိန်းကလေးတစ်ယောက်ယောက်များ ရှိသလား”
ချင်မူက ပြောလိုက်သည်။ “ကမ္ဘာကြီးတောင် မငြိမ်းချမ်းသေးတာ ကျွန်တော်က ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲဗျာ”
ဧကရာဇ်ယန်ဖုန်း သေတော့မလို နင်သွားပြီး စိတ်မပါ့တပါဖြင့်သာ လက်ခါလိုက်သည်။ “ပြန်တော့”
ချင်မူ ထွက်သွား၏။
ဧကရာဇ်ယန်ဖုန်းမှာ ခေါင်းတယမ်းယမ်းဖြင့် မျက်နှာလေးအုပ်ကာ ချင်မူ့နောက် လိုက်သွားသော လင်ယွိရှို့ဆီသို့ ကြည့်လိုက်မိသည်။ “ဒီလောက်တော်တဲ့လူက အချစ်ရေးနဲ့ပတ်သက်တိုင်း ဘာလို့တုံးနေတာလဲ”
၎
င
၎
၎