နေနှင့် လကို မျှားခြင်း
Vol. 50 Ch. 677
လူငယ်လေးနှင့် မိန်းမပျိုလေး တံငါသည်အဘိုးအိုနောက်မှ လျှောက်နေကြစဉ် ငါးနီနှစ်ကောင်က သူတို့နှင့် စကားလက်ဆုံကြနေသည်။ ချင်မူ စပ်စပ်စုစု မေးကြည့်သည့်အခါ တံငါသည်အဘိုးအိုက ငါးနှစ်ကောင်ကို ဖမ်းမိပြီး မွေးထားခဲ့ကြောင်း သိလိုက်ရ၏။
ငါးနှစ်ကောင်မှာ ဟိုးယခင်ကတည်းက နတ်ဘုရားဖြစ်နေကြသော်လည်း လူအသွင်ပြောင်းရန် ပျင်းနေကြ၏။ လူလိုပြောင်း၍ လမ်းလျှောက်မည့်အစား ခြင်းထဲတွင်သာ အေးဆေးသက်သာ နေပြီး သခင် သယ်ရာနောက်သာ လိုက်လိုကြသည်။
“သူ ငါးတစ်ကောင်မှ မဖမ်းမိဖူးဘူး”
ငါးနီနှစ်ကောင်က အားရပါးရ ပြောနေကြသည်။ “ဘာကြောင့်လဲ သိလား... သူ ငါးမျှားတိုင်း ကျန်တဲ့ငါးတွေအားလုံးကို ငါတို့ ခြောက်လွှတ်ပစ်လို့လေ.... သူကတော့ သူ့ကိုယ်သူ ဘယ်တော့မှ ငါးမလွတ်တဲ့ တံငါသည်လက်လို့ ခေါ်နေတုန်းပဲ”
“အဟီးဟီး”
ငါးနှစ်ကောင်က ရယ်နေကြပြီး သူတို့ကိုယ်သူတို့ အင်မတန် ဂုဏ်ယူနေကြပုံပေါ်သည်။
ယန်ကျင့်ကျင့်လည်း ပျော်နေသည်။ သူမမှာ ဤမျှစိတ်ဝင်စားဖွယ်အရာများကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျင့်ကျင့်၊ ပိုပြုံးသင့်တယ်... နင် ပြုံးလိုက်ရင် တအားလှတာပဲ”
ယန်ကျင့်ကျင့် ခေါင်းယမ်းကာ ပြောလိုက်သည်။ “နေထိန်းကျောင်းသူတွေက ငါ့ကို စကားပြောလေ့မရှိ၊ ပြုံးပြလေ့ မရှိဘူး... အကုန်လုံး ရုပ်တည်တည်ကြီးတွေ ချည်းပဲ... ပျော်စရာလည်း မရှိဘူးလေ... ငါ နင်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ခိုးထွက်လာတုန်းကတော့ တကယ် ပျော်ခဲ့ရတယ်”
သူမက လွန်ခဲ့သော လေးနှစ်တုန်းက အဖြစ်အပျက်ကို ပြောနေခြင်းဖြစ်၏။ ထိုစဉ်အခါ ချင်မူသည် ကတိတည်ရန် ဟူလင်းအာနှင့် လင်ယွိရှို့နှင့်အတူ နေရေတွင်းဆီ သွား၍ ရေတွင်းထဲ နေတစ်လုံး မျှားထုတ်ကာ ယန်ကျင့်ကျင့်ကို ကယ်တင်ခဲ့သည်။ ထို့နောက် သူမကို ခိုးထုတ်လာပြီး ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်တွင် အဘွားစစ်နှင့် သွားတွေ့ခဲ့သည်။
သို့သော် အထက်ကောင်းကင်ဘုံမှ ကျူးကျော်ခဲ့၍ နတ်သက်ကြွေတောင်တန်းပေါ်တွင် တိုက်ပွဲကြီးဖြစ်ပွားခဲ့သည်။ ယန်ကျင့်ကျင့်က တိုက်ပွဲဝင်နွှဲပြီးနောက် နေရေတွင်းသို့ ပြန်လာခဲ့၏။ ထိုနေ့မှစ၍ သူမမှာ နေရေတွင်း၏ နေစောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်ရင်း အပြင်ထွက်ရန် အချိန်မရခဲ့ခြင်း ဖြစ်လိမ့်မည်။
ချင်မူ့တွင်လည်း လုပ်စရာကိစ္စများစွာ ရှိသဖြင့် နေရေတွင်းသို့ မရောက်ခဲ့ပေ။ ယွီကျောက်ချင်း၊ လင်ယွိရှို့၊ ဟူလင်းအာနှင့် ကျန်ရှိသူများသာ ရံဖန်ရံခါ သွားရောက်လည်ပတ်တတ်သည်။
“နင့်ကို အစားထိုးပေးနိုင်တဲ့ သန့်စင်ယန် ဝိညာဉ်ခန္ဓာ ရှာမတွေ့သေးဘူးလား”
ချင်မူက မေးလိုက်သည်။ “သန့်စင်ယန် ဝိညာဉ်ခန္ဓာက နေသင်္ဘောကို မောင်းနှင်နိုင်သလို အသွေးအသားလည်း မစုပ်ယူခံရဘူး... နေထိန်းကျောင်းသူမျိုးနွယ်မှာ သန့်စင်ယန် ဝိညာဉ်ခန္ဓာတွေ ရှိလောက်ပါတယ် ဟုတ်တယ်မလား”
ယန်ကျင့်ကျင့် ခေါင်းခါမိသည်။ “မရှိဘူး.... ဘိုးဘိုးခေါင်းဆောင်က ငါ့သွေးဆက်က အဆင့်ပိုမြင့်တယ်တဲ့ ... ငါ့ကလေးဆိုရင်တော့ ဖြစ်နိုင်ပေမယ့် အခုထိ သင့်တော်တဲ့ လက်တွဲဖော် ရှာမတွေ့သေးဘူး... ငါ့ဘာသာငါလည်း မွေးလို့မှမရတာ”
ထိုတခဏတွင် စကားများနေသော ငါးနှစ်ကောင် တိတ်ဆိတ်သွား၏။ သူတို့က မျှော်လင့်နေသော မျက်လုံးများဖြင့် သူတို့နှစ်ယောက်အား စိုက်ကြည့်နေသည်။ ပါးစပ်ကြီးများလည်း ဟနေပြီး ပါးဟပ်များပင် ငြိမ်သက်သွားသည်။
ငါးနှစ်ကောင်မှာ စိတ်လှုပ်ရှားလွန်း၍ အသက်ပင်မရှူနိုင်တော့ပေ။
ချင်မူက တခဏတွေးကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “သန့်စင်ယန် ဝိညာဉ်ခန္ဓာက ဘယ်လိုလုပ် အဲဒီလို မွေးလာနိုင်မှာတုန်း... ခေါင်းဆောင် ညာနေတာပဲ ဖြစ်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်က မဟာမြို့ပျက်ရဲ့ လူစာရင်း စစ်ခိုင်းထားပြီးပြီ... ဒီတော့ သန့်စင်ယန်ဝိညာဉ်ခန္ဓာနဲ့ သန့်စင်ယင်ဝိညာဉ်ခန္ဓာတွေ ရှာတွေ့လောက်ပါတယ်”
“မျှော်လင့်ချက်မရှိဘူး”
ငါးနှစ်ကောင်မှာ လေလျော့သွားသော ပူဖောင်းများလို ခြင်းထဲ လျော့တိလျော့ရဲ ကျသွားသည်။ သူတို့က ပက်လက်လှန်ကာ တိုးတိုးပြောနေကြ၏။ “သူ တစ်သက်လုံး လူပျိုကြီးဖြစ်လောက်တယ် ဟုတ်တယ်မလား”
ချင်မူက ယန်ကျင့်ကျင့် ရုတ်တရက် စိတ်ပျက်သွားသည့်အမူအရာ ဖြစ်သွားသည်ကို မြင်လိုက်၍ သူမကို ကလိလှမ်းထိုးသည်။ “ပျော်ပျော်နေပါဟ... ငါ နင့်အတွက် သန့်စင်ယန် ဝိညာဉ်ခန္ဓာ သေချာပေါက် ရှာပေးပါ့မယ်”
ယန်ကျင့်ကျင့်မှာ ယားတတ်သူဖြစ်သည့်အတွက် တခစ်ခစ် ရယ်တော့သည်။ သူမ အလျင်အမြန် ထွက်ပြေးသော်လည်း ချင်မူက လိုက်ဖမ်းသည်။ ယန်ကျင့်ကျင့်မှာ ရယ်ရလွန်း၍ မျက်ရည်များပင် ကျလာပြီး ချင်မူ့ကို ကလိပြန်ထိုးသည်။ လူငယ်လေးနှင့် မိန်းမပျိုလေးသည် တံငါသည်အဘိုးအိုကို ပတ်၍ စိန်ပြေးလိုက်တမ်း ကစားနေသည့်အလား ရယ်သံများ ပျံ့လွင့်နေ၏။
ယန်ကျင့်ကျင့်က အားမရှိတော့သည့်တိုင်အောင် ရယ်မောပြီး စိမ်းစိုနေသော မြက်ခင်းပြင်အပေါ် လဲကျသွားကာ ကလိထိုးခံနေရသော ကြောင်မလေးသဖွယ် ချင်မူ့ကို တွန်းဖယ်နေသည်။ ချင်မူလည်း သူမအပေါ် လဲကျသွားသည်။
ချင်မူက ယန်ကျင့်ကျင့်၏ မေးဖျားလေးကို ကိုင်ထားသဖြင့် ယန်ကျင့်ကျင့်မှာ ရှက်သွေးဖြာနေသည်။ သူမနှလုံးသားသည် တဒိန်းဒိန်း ခုန်လာပြီး လက်နှစ်ဖက်လုံး ပြန်ချကာ မလှုပ်ဝံ့တော့ပေ။
“အခြေအနေကတော့ ကောင်းနေပြီ...” ငါးနှစ်ကောင်က ခြင်းထဲမှ ချောင်းကြည့်နေကြ၏။
ယန်ကျင့်ကျင့်မှာ ရင်ခုန်သံများ ဆူညံလာပြီး ခြင်အော်သံကဲ့သို့ အသံသေးသေးလေး ထွက်လာသည်။ “နေရေတွင်းကို ရောက်တော့မယ်နော်....”
“ဟုတ်သားပဲ”
ချင်မူ အလျင်အမြန် ပြန်ထပြီး မိန်းမပျိုလေးကို ဆွဲထူလိုက်သည်။ ထို့နောက် တံငါသည်အဘိုးအိုနောက် ကပျာကယာ လိုက်သွား၏။
ငါးနှစ်ကောင်မှာ ခြင်းထဲ၌ ပက်လက်ပြန်လန်သွားကာ ငါးထီးက အားနည်းစွာ ပြောလေသည်။ “ဒီကောင်တော့ တစ်သက်လုံး လူပျိုကြီးဖြစ်တော့မှာပဲ... ကယ်တင်လို့မရတော့ဘူး”
နေရေတွင်းသို့ ရောက်သည့်အခါ နေထိန်းကျောင်းသူခေါင်းဆောင်က အပြေးအလွှား လာကြိုသည်။ တံငါသည်အဘိုးအိုက သူ မည်သူမှန်းမသိသလို၊ သူလည်း တံငါသည်အဘိုးအိုကို မသိပေ။ ချင်မူနှင့် ယန်ကျင့်ကျင့်က တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးလိုက်ရသည်။
နေထိန်းကျောင်းသူခေါင်းဆောင်မှာ တံငါသည်အဘိုးအိုက ကောင်းကင်ဆရာသခင် နောက်တစ်ယောက် ဖြစ်သည့်အကြောင်း ကြားလျှင် စိတ်ရှုပ်ထွေးသွားသည်။ ‘ခိုင်ဧကရာဇ်ခေတ်ရဲ့ ကောင်းကင်ဆရာသခင်တွေထဲမှာ တစ်ယောက်က သစ်ခုတ်သမား၊ တစ်ယောက်က တံငါသည်... ဘာလို့ နှစ်ယောက်လုံးက လက်လုပ်လက်စားသမားတွေ ဖြစ်နေတာလဲ... အဆင့်မြင့်မားတဲ့ အငွေ့အသက်လည်း မရှိကြဘူး’
တံငါသည်အဘိုးအိုက ရေတွင်းဘေးနားသို့ သွား၍ ခုံပုလေးကို ချလိုက်သည်။ ထို့နောက် ငါးမျှားကြိုးကို ချပြီး မေးလိုက်၏။ “နေဘယ်နှစင်း လိုတာလဲ”
နေထိန်းကျောင်းသူခေါင်းဆောင် အလျင်အမြန် ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က နေသင်္ဘော ဘယ်နှစင်း တည်ဆောက်နိုင်မလဲ မသိသေးပါဘူး.... ဒါ့အပြင် နေသင်္ဘောတွေ ရှိရင်တောင် နေစောင့်ရှောက်သူတွေ မရှိသေးတော့ ဒီလိုသင်္ဘောမျိုးကို ထိန်းချုပ်ဖို့ မလွယ်ဘူး”
တံငါသည်အဘိုးအိုက တခဏ စဉ်းစားကာ ပြောသည်။ “ငါ နေတချို့ မျှားပြီး မင်းတို့အတွက် ချည်ပေးထားမယ်... လိုအပ်တဲ့အချိန် သုံးပေါ့”
နေထိန်းကျောင်းသူခေါင်းဆောင်မှာ မှင်သက်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်မိသည်။ “နေတွေကို ချည်မယ်....”
တံငါသည်အဘိုးအိုက သူ့ကို အဖက်မလုပ်ဘဲ နေရေတွင်းထဲသို့ ငါးမျှားကြိုး ဆက်ချနေသည်။ သူ့ခြင်းထဲမှ ငါးနှစ်ကောင် ထွက်လာပြီး တစ်ကောင်က ငါးမျှားချိတ်ကို ကိုက်၍ နေရေတွင်းထဲ လိုက်သွား၏။ ကျန်တစ်ကောင်ကမူ ရေတွင်းထဲတွင် မပူသည့်အလား အေးအေးလူလူ ကူးခတ်နေသည်။
ချင်မူ့အတွက်တော့ မထူးဆန်းတော့ပေ။ ငါးနီနှစ်ကောင် ရေထဲမှ ထွက်လာပြီး စကားလည်းပြောနိုင်၊ လျှောက်လည်း လျှောက်သွားနိုင်ကတည်းက ထူးဆန်းနေပြီမဟုတ်ပါလော။ ငါးမျှားချိတ်ကို ကိုက်၍ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်သော အပူထဲတွင် ကူးခတ်နေခြင်းက အမှန်တကယ် အံ့အားသင့်စရာ ကောင်းသည်။ သို့သော် မဟာမြို့ပျက်တွင်မူ ထိုကဲ့သို့အံ့အားသင့်ဖွယ်များသည် အိပ်နေသလောက်သာ ရှိ၏။ မာန်ဟုန်မြစ်၏ ငါးကြီးများဆိုလျှင် ကုန်းပေါ်တက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်များထက်ပင် မြန်အောင် ပြေးနိုင်ကြသည်။
မိုးခေါင်သည့်နှစ်များတွင်လည်း မဟာမြို့ပျက်ထဲရှိ ငါးကြီးများက လေကို ထိန်းချုပ်ပြီး မိုးဆင့်ခေါ်နိုင်သည်။ လေနှင့်မိုးကို ထိန်းချုပ်ရင်း ခြောက်ကပ်နေသော ကန်များမှ ရေပေါသော နေရာဆီသို့ ပြောင်းရွှေ့နိုင်ကြ၏။
ချင်မူ ရေတွင်းဘေး၌ ရပ်ပြီး ငုံ့ကြည့်လိုက်သည့်အခါ ငါးနီလေးက ငါးမျှားချိတ်ကို ကိုက်ရင်း ငါးမျှားကြိုးအား နေရေတွင်းထဲသို့ ဆွဲသွားနေကြောင်း မြင်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကြီးသထက် ကြီးလာ၏။ အရွယ်အစားက ကိုက်တစ်ထောင် ကျော်သည့်အပြင် မြန်သထက် မြန်လာသည်။ နောက်ဆုံးတော့ နတ်ဘုရားများ သွန်းလုပ်ထားသော နေလုံးကြီးများဆီသို့ လျင်မြန်စွာ ရောက်သွားပြီး ငါးမျှားချိတ်ကို ထွေးထုတ်ကာ ချိတ်ဖြင့် နေအား ချိတ်လိုက်သည်။
တံငါသည်အဘိုးအိုက ကြိုးကို ရစ်လိုက်ပြီး တခဏကြာသော် ဧရာမနေလုံးကြီး ထွက်လာလေသည်။
တံငါသည်အဘိုးအို၏ အနောက်၌ မယှဉ်သာအောင် ကြီးမားလှသော မူလဝိညာဉ်တစ်ခု ပေါ်လာကာ လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်သည်။ ၎င်း၏လက်နှစ်ဖက်သည် နေလုံးကြီးကို ပွေ့ဖက်လိုက်ပြီး ပွတ်လိုက်သဖြင့် နေမှာ တဖြည်းဖြည်း သေးငယ်သွား၏။
များစွာမကြာလိုက်ဘဲ နေလုံးကြီးက ဖရဲသီးအရွယ် အလုံးတစ်လုံး ဖြစ်သွားသည်။ တံငါသည်အဘိုးအိုက ကြိုးတစ်ကြိုးဖြင့် နေရေတွင်းဘေး၌ ၎င်းကို ချည်၍ ပူဖောင်းသဖွယ် ချိတ်ဆွဲထားပြီး နောက်တစ်လုံးဆက်မျှားနေသည်။
နေထိန်းကျောင်းသူခေါင်းဆောင်မှာ မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်နေမိသည်။ တခဏကြာသော် သာမန်လူတစ်ယောက်ဟုသာ ထင်ရသည့် တံငါသည်အဘိုးအိုသည် နေနောက်တစ်လုံး မျှားပြီးချေပြီ။ စောစောအတိုင်း ရေတွင်းဘေး၌ ချည်ထားပြန်၏။
မကြာခင် သူကား နေဆယ်လုံးကို မျှားပြီး ရေတွင်း၌ ချည်ထားလေသည်။ သူ ငါးမျှားကြိုးသိမ်းလိုက်သည့်အခါ ငါးနီနှစ်ကောင်က ရေတွင်းထဲ ခုန်ထွက်ကာ သူ့ခြင်းထဲ ပြန်ဝင်သွားသည်။
တံငါသည်အဘိုးအိုက ငါးမျှားတံကို မြှောက်ပြီး ခုံပုလေးအား သိမ်းသည်။ “ကဲ ငါ လရေတွင်းဆီ သွားပြီး လမျှားတော့မယ်... ချင်ရဲ့သားတော် လိုက်မှာလား”
ချင်မူ ပုတ်သင်ညိုသဖွယ် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် လသင်္ဘောကို ဖျက်စီးမိခဲ့တယ်... လသင်္ဘောရဲ့ လကိုလည်း ရိုက်ခွဲခဲ့မိတယ်... ဒီတော့ လသင်္ဘောတွေ ရှိဦးမလား ကြည့်ရမယ်.... မရှိရင်တော့ အနောက်ကမ္ဘာမြေဘက် တစ်ချက်သွားကြည့်ရမှာ... အဲဒီမှာတော့ လသင်္ဘောတွေ ရှိလောက်တယ်”
တံငါသည်အဘိုးအိုက ခေါင်းညိတ်၏။ “ဒါဖြင့် သွားကြစို့”
သူ နေရေတွင်းအပြင် ထွက်လာသော်လည်း ချင်မူက တွန့်ဆုတ်နေသည်။ “ဆရာဦးလေး၊ ကျွန်တော်တို့ နေရေတွင်းကနေ လရေတွင်းကို မသွားသင့်ဘူးလား... ကုန်းပေါ်မှာ လျှောက်ရင် ခရီးက ဝေးတယ်... ပြီးတော့ လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကလည်း မဟာမြို့ပျက်ရဲ့ အနောက်ခြမ်းမှာ ခံနေသေးတယ်”
တံငါသည်အဘိုးအိုက ပြောသည်။ “မလိုဘူး... ငါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကြည့်ချင်သေးတယ်”
ချင်မူမှာ နဂါးချီလင်ကို ခေါ်လိုက်ရပြီး ပြောလိုက်သည်။ “ခရီးက ရှည်တော့ ဖက်တီးနဂါးကို စီးကြတာပေါ့”
နဂါးချီလင်မှာ နေရေတွင်း၌ နေပူစာလုံနေသော်လည်း ချင်မူ့စကားကို ကြားလျှင် ကပျာကယာ ပြောလေသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် နတ်ဘုရားကို မသယ်နိုင်ဘူး”
တံငါသည်အဘိုးအို၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက ချီးကျူးလိုက်သည်။ “ခန့်လိုက်တဲ့ နဂါးချီလင်တစ်ကောင်ပါလား... ဘာလို့ ဖက်တီးနဂါးလို့ ခေါ်တာလဲ”
ချင်မူ နဂါးချီလင်၏မူလပုံစံအကြောင်း မပြောလိုက်ချေ။ တံငါသည်အဘိုးအိုက ပြုံးလိုက်သည်။ “မင်း ငါ့ကို သယ်စရာမလိုပါဘူး... ငါ့ငါးအနောက်ပဲ လိုက်လိုက်” ထိုသို့ပြောပြီးနောက် ငါးခြင်းထဲမှ ငါးနီလေးတစ်ကောင် ထွက်လာသည်။
ငါးနီလေးက ကြီးထွားလာပြီး မကြာမီ ကိုက်တစ်ထောင်ကျော် ရှည်လျားသော အနီရောင်ခွန်ကြီးတစ်ကောင် ဖြစ်လာကာ လေထဲ ပျံဝဲနေ၏။ ငါးဆူးတောင်များက တောင်ပံများသဖွယ် တဖျတ်ဖျတ် ခတ်ပြီး ဘယ်ညာ လှုပ်ယမ်းနေသော အမြီးနှင့်အတူ ၎င်း၏အရှိန်ကား မြန်လှချေသည်။ (ခွန်- ဝေလငါးသဏ္ဍာန် ဒဏ္ဍာရီလာ သတ္တဝါ)
တံငါသည်အဘိုးအိုက ငါးကြီး၏ကျောပေါ် ခုန်တက်လိုက်သည်။ ချင်မူလည်း တအံ့တဩဖြင့် ယန်ကျင့်ကျင့်၏လက်ကို ဆွဲကာ နဂါးချီလင်ကျောပေါ် တက်လိုက်၏။ နဂါးချီလင်က နဂါးတွန်သံနှင့် ချီလင်ဟိန်းသံ ရောစပ်နေသော ဟိန်းဟောက်သံတစ်သံ ပြလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်ခမန်းလိလိ ကြီးထွားလာပြီး ကိုက်နှစ်ရာကျော် ရှည်လျားသည့် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ သူက မီးလှံတိမ်တိုက်များကို နင်း၍ အနီရောင်ခွန်ကြီးနောက် လိုက်သွားသည်။
သူ ခြေထောက်ချလိုက်သည့်အခိုက်အတန့်တွင် လျှပ်စီးလို မြန်ပြီး နဂါးစိမ်းမျိုးနွယ်ဖြစ်သောကြောင့် သူ အားကုန်ပြေးလိုက်တိုင်း လျှပ်စီးများ တဖျတ်ဖျတ်လက်ကာ မိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်လာတတ်၏။ သူ့ကို အဝေးမှကြည့်လျှင် လျှပ်စီးများလည်း ရစ်သိုင်းနေပြီး ခြေထောက်အောက်၌ မီးလျှံတိမ်တိုက်များ တောက်လောင်နေ၍ နဂါးတစ်ပိုင်း၊ ချီလင်တစ်ပိုင်းနှင့် တူလိမ့်မည်။
ဤသည်မှာ ချင်မူ နဂါးချီလင် အားကုန်ပြေးလွှာနေသည်ကို ပထမဆုံး မြင်ရခြင်းဖြစ်၍ အံ့ဩဝမ်းသာနေမိသည်။ ‘မိုးကြိုးငါးသွယ်ဒယ်အိုးက တော်တော် အစွမ်းထက်တာပဲ... နဂါးပညာရှင်တွေ အများကြီးနဲ့တောင် တစ်လလောက်ပဲ ကျင့်ကြံနိုင်ခဲ့တာ နှမြောစရာကောင်းတယ်... ဒီတိုင်းသာ ဆက်ကျင့်ကြံနိုင်ရင် ဖက်တီးနဂါး ကောင်းကင်တံတားအဆင့် ရောက်နေလောက်ပြီ’
နဂါးချီလင်၏အဆင့်က သေခြင်းရှင်ခြင်းအဆင့်သို့ ရောက်နေပြီးဖြစ်သည့်အပြင် တပိုးနင့်အောင် စားခဲ့သော စွမ်းအင်ဆေးလုံးတို့ကြောင့် သူ့ကိုယ်ထဲ၌ အဆီများ စုဝေးလာခဲ့သည်။ တဖြည်းဖြည်း လုံးတစ်နေသည်အထိ ဝလာခဲ့သော်လည်း လီမြို့တွင် မိုးကြိုးငါးသွယ်ဒယ်အိုးဖြင့် အညစ်အကြေးသန့်စင်ခဲ့ရမှာ အဆီအနှစ်အားလုံး ချေဖျက်ခံလိုက်ရပြီး နဂါးပုတီးစေ့နှင့် ချီလင်ပုတီးစေ့ထဲ ဝင်ရောက်သွားခဲ့၏။ ထို့ကြောင့် သူ၏သိုင်းအဆင့်မှာ တဟုန်ထိုး မြင့်တက်သွားခဲ့လေသည်။
အမြန်နှုန်းသည်လည်း ခုန်ပျံကျော်လွှားတက်လာခဲ့သည်။ အနီရောင်ခွန်ကြီးနောက် လိုက်နေရ၍မဟုတ်လျှင် နဂါးချီလင်ကိုယ်တိုင်ပင် သူ မည်မျှမြန်မြန် ပြေးနိုင်မှန်း သိမည်မဟုတ်ပေ။
နဂါးချီလင်၏ ကျောပေါ်တွင် ချင်မူနှင့် ယန်ကျင့်ကျင့်မှာ ပတ်ပတ်လည်မှာ ကာရံထားသော မိုးကြိုးလျှပ်စီးတို့ကို ကြည့်လိုက်သည်။ လေပင်လျှင် လျှပ်စီးအကာအရံအား မတိုးဖောက်နိုင်ပေ။ ချင်မူ တအံ့တဩ စုပ်သပ်နေမိတော့သည်။
သို့သော် ဤမျှမြန်သည့်တိုင် နဂါးချီလင်မှာ တံငါသည်အဘိုးအိုနှင့်အတူ နှစ်ပေါင်းများစွာ ရှိခဲ့သော ငါးနတ်ဘုရား ခွန်ကြီးနောက် မလိုက်နိုင်သေးပေ။ အခြားတစ်ဖက်တွင် နဂါးချီလင်သည် အရွယ်မရောက်သေးသည့်အတွက် ကလေးဟုသာ သတ်မှတ်နိုင်သေး၏။ အနီရောင်ခွန်ကြီးအား လိုက်မမှီသည်မှာ မထူးဆန်းပေ။
နဂါးချီလင် နေ့ဝက်တိုင် အားကုန်ပြေးနေသည်။ သူ၏သက်လုံဖြင့်ပင် ပါးစပ်မှ အမြှုပ်များ ထွက်နေချေပြီ။ သို့တိုင်အောင် အနီရောင်ခွန်ကြီးအား မှီအောင် မလိုက်နိုင်သေး။
ချင်မူမှာတော့ အံ့ဩဝမ်းသာနေသည်။ သူပင်လျှင် နေ့ဝက်တိုင် အားကုန်မပြေးနိုင်သည်။ မိုင်တစ်သောင်းမှ တစ်သိန်းအထိ တစ်နေ့လုံး ပြေးနိုင်သော်လည်း မိုင်ထောင်သောင်းချီအထိ အရှိန်မလျှော့ဘဲ အားကုန်ပြေးလျှင် အချိန်အတွင်း ပင်ပန်းလိမ့်မည်။
နဂါးချီလင် ပိန်ကျသွားပြီးနောက် သက်လုံလည်း ပိုကောင်းလာသည့် သက်သေဖြစ်သည်။
အနီရောင်ခွန်ကြီးက အရှေ့၌ ရပ်ပြီး အေးအေးလူလူ ပျံဝဲနေသည်။ နဂါးချီလင် အလျင်အမြန် ပြေးသွားသည့်အခါ တံငါသည်အဘိုးအိုက လှည့်ကြည့်ကာ ပြုံးပြသည်။ “ဘယ်ဆိုးလို့လဲ တက်လာခဲ့”
နဂါးချီလင် ခန္ဓာကိုယ်ကို ကျုံ့၍ အနီရောင်ခွန်ကြီး၏ကိုယ်ပေါ် ခုန်တက်လိုက်သည်။ ချင်မူနှင့် ယန်ကျင့်ကျင့်လည်း ခုန်တက်လိုက်ကြသည်။
တံငါသည်အဘိုးအိုသည် နဂါးချီလင်ကို ကြည့်ကာ ချီးကျူး၏။ “တကယ့် နတ်သားရဲပဲ... ဒီဆန်းကြယ်သားရဲက အရွယ်တောင် မရောက်သေးဘူး နတ်ဘုရားတစ်ပါးကို သယ်ပြီး ဒီလောက်မြန်မြန် ပြေးနိုင်နေပြီ.. အရွယ်သာ ရောက်လာလို့ကတော့ ဘယ်လောက်အင်အားကြီးလိုက်မလဲ”
“နတ်ဘုရားတစ်ပါးကို သယ်တယ်”
ချင်မူနှင့် နဂါးချီလင်နှစ်ယောက်လုံး မှင်သက်သွားသည်။ ယန်ကျင့်ကျင့်က ရှက်ရွံ့စွာ ပြောလိုက်၏။ “ငါ လွန်ခဲ့တဲ့ နှစ်ဝက်က ကောင်းကင်တံတားကို ပြုပြင်ပြီး ငါ့မူလဝိညာဉ်က ကောင်းကင်နတ်ဘုံအရှေ့ ရောက်နေပြီ”
နဂါးချီလင် အလန့်တကြား ခုန်၍ အော်လိုက်မိသည်။ “ဒါ ကျွန်တော် နတ်ဘုရားတစ်ပါးကို သယ်ပြီး ဒီလောက်ထိ ပြေးလာခဲ့တာပေါ့... ကျွန်တော် သိပ်သန်မာနေပြီပေါ့... ဂိုဏ်းသခင်၊ ကျွန်တော် သိပ်သန်မာနေပြီဗျ... အစာတိုးကျွေးတော့”
ချင်မူလည်း အံ့အားသင့်သွားပြီး အစာတိုးကျွေးခိုင်းနေသည်ကို မသိကျေးကျွံပြုလိုက်သည်။ “ကျင့်ကျင့်၊ နင် နေသင်္ဘောကို သုံးပြီး ကျင့်ကြံခဲ့တာလား... သိုင်းအဆင့်က ဒီလောက်မြန်မြန် တိုးတက်လာတော့ ပြဿနာတွေ ဘာတွေ ရှိလောက်လား”
တံငါသည်အဘိုးအိုက ပြောသည်။ “သေချာပေါက် ပြဿနာရှိမှာပေါ့... ယင်နဲ့ယန်ဆိုတာ တစ်ခုတည်း ဘယ်တော့မှ အားကောင်းနေလို့မရဘူး... သူ ဒီလောက်မြန်မြန် ကျင့်ကြံနိုင်တာ ဘေးထွက်ဆိုးကျိုးကြီးတစ်ခုပဲ... သူ့အခြေခံကို မြန်မြန်ခိုင်မာအောင် လုပ်ပေးဖို့လိုတယ်”
ချင်မူ အလျင်အမြန် မေးလိုက်၏။ “ဘယ်လိုလုပ်ပေးရလဲ”
တံငါသည်အဘိုးအိုက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “သူ့ကိုယ်ထဲကနေ ပေါက်ကွဲထွက်လာတော့မယ့် သန့်စင်ယန်ချီကို ဖိနှိပ်ပေးပြီး သူ့ရဲ့အခြေခံ မြဲမြံသွားအောင် လုပ်ပေးနိုင်တဲ့ အရာ မင်းကိုယ်ထဲမှာ ရှိနေတယ်.... မင်း ပေးနိုင်တာ ၊ မပေးနိုင်လားဆိုတာပဲ မူတည်တယ်”
“ကျွန်တော့်ကိုယ်ထဲမှာ ရှိတာတဲ့လား” ချင်မူ နားမလည်ပေ။
ယန်ကျင့်ကျင့် မျက်နှာလေးရဲသွားပြီး ရှက်ကိုးရှက်ကန်း မေးတော့သည်။ “တူနှစ်ကိုယ်ကျင့်တာမျိုးလားဟင်... ခေါင်းဆောင်က ပြောတယ်...တူနှစ်ကိုယ်ကျင့်ရင် ယင်နဲ့ယန်ကို ညှိပေးနိုင်တယ်တဲ့....”
“ဘာတွေ တွေးနေတာတုန်း... မင်းတို့ နေထိန်းကျောင်းသူခေါင်းဆောင်ကလည်း ဘာမှမသိတာမဟုတ်ဘူး ယုံမနေနဲ့”
တံငါသည်အဘိုးအိုက ခေါင်းတယမ်းယမ်းဖြင့် လက်ချောင်းနှစ်ချောင်းအား ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဖိလိုက်သည်။ သူက ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲမှာ သန့်စင်ယင်ချီမျှင်တစ်မျှင် ဆွဲထုတ်လိုက်၏။ “ဒီသန့်စင်ယင်ချီမျှင်ကို နတ်ဘုရားတစ်ပါး ပေးထားတာမလား... ဒီအမျှင်ကို ဒီကလေးမဆီ မင်းပေးလိုက်ဖို့ပဲ လိုတယ်... ဘယ်လိုလဲ ပေးနိုင်လား”
ချင်မူက ပြုံးလျက် ပြောလိုက်လေသည်။ “ခိုင်ဧကရာဇ်ခေတ်တုန်းက သေဆုံးသွားတဲ့ နတ်ဘုရားတစ်ပါး ကျွန်တော့်ကို ပေးခဲ့တာပါ... ကျင့်ကျင့်အတွက် ကောင်းမယ့်အရာဆို ကျွန်တော်က ဘာလို့မပေးနိုင်ရမှာလဲ”