အခန်း (၅၅၀)
Vol. 40 Ch. 550
“မင်းလိုလူငယ်တစ်ယောက်ကို တိုးတက်ခွင့်ပေးလိုက်ရင် အနာဂတ်မှာ ငါနဲ့ အဆင့်တူဖြစ်လာလိမ့်မယ်”
“နှမြောစရာပဲ။ ငါက မင်းကို အခွင့်အရေးမပေးတော့ဘူး”
သူက စကားကို အဆုံးသတ်လိုက်ပြီး ဆေဘာဓားရှည်ဖြင့် ခုတ်ချသည်။
ဆေဘာဓားအလင်းသည် မီးခိုးရောင်သန်းနေပြီး အာကာသကို ထိုးခွဲလိုက်သည်။ ဓားသွားသည် ဟန်မူယဲ့၏ခေါင်းပေါ်တွင် တိုက်ရိုက်ပေါ်လာသည်။
မော့ဝူရှဲ့က မောက်မာစွာစကားပြောခဲ့သည်။ သို့သော် သူ့တွင် မောက်မာရန် အရည်အချင်းရှိသည်။
မိစ္ဆာတာအိုသူတော်စင်သည် အာကာသကိုထိုးခွဲရန် စွမ်းအားများ ထုတ်သုံးခဲ့သည်။
သူတော်စင်အဆင့်၏အောက်တွင်ရှိသော တခြားလူများသည် ထိုစွမ်းအားကို တားဆီးနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က နေရာတွင် မလှုပ်ရှားနိုင်ဘဲ ရှိနေသည်။
ဟန်မူယဲ့က ကျဆင်းလာသော ဆေဘာဓားအလင်းကိုကြည့်လိုက်ပြီး မျက်လုံးများတောက်ပသွားသည်။
သူ့စိတ်နယ်ပယ်ထဲတွင်ရှိနေသော ဝိညာဉ်လိပ်ပြာဓားသည် ချက်ချင်းတုန်ခါလာသည်။ သူက ဝိညာဉ်လိပ်ပြာဓားတွင်ရစ်ပတ်နေသော ပြန်လည်မွေးဖွားခြင်းစွမ်းအားများကို အသုံးပြု၍ အချုပ်အနှောင်ကို ချိုးဖျက်လိုက်သည်။ ထို့နောက် သူက လက်မြှောက်၍ သွေးရောင်ဓားဖြင့် ထိုးချလိုက်သည်။
“ခလွမ် ....”
ဓားသည် ဆေဘာဓားသွားနှင့် ထိတွေ့သွားပြီး ဟန်မူယဲ့၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
သူက နတ်ဘုရားသားရဲ၏စွမ်းအားများကို ပိုမိုသန့်စင်ထားနိုင်သောကြောင့် ဓားချင်းထိတွေ့မှုသည် သူ့ခန္ဓာကိုယ်ကို ပျက်စီးမသွားစေခဲ့ပေ။
ဆေဘာဓားကို တားဆီးလိုက်ပြီး ဟန်မူယဲ့၏မျက်လုံးထဲတွင်ရှိသောအလင်းသည် ပိုမိုပြင်းထန်လာသည်။
“ဝှစ် ....”
သူက ဘယ်လက်လက်တွင်ရှိသောဓားတိုလေးကို ပစ်လွှတ်လိုက်သည်။ ဓားသည် အလင်းကွေးတစ်ခုအဖြစ် ပြောင်းသွားပြီး ရွှေရောင်ဓားအလင်းသည် မော့ဝူရှဲ့၏ဘေးတွင် ပေါ်လာသည်။
“ရွှပ် ....”
မော့ဝူရှဲ့က လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းသည်။ အနက်ရောင်ဝတ်ရုံ၏အစွန်းသည် ပြတ်တောက်သွားပြီး ဓားတိုလေးသည် ဟန်မူယဲ့ဆီသို့ ပြန်ရောက်သွားသည်။
ထိုဓားထိန်းချုပ်နည်းစနစ်ကြောင့် မော့ဝူရှဲ့၏မျက်လုံးများ တောက်ပသွားသည်။
သူ့ရှေ့တွင်ရှိနေသော ဓားကျင့်ကြံသူသည် ယခင်ဓားကျင့်ကြံသူထက် ရင်ဆိုင်ရန် ပိုမိုခက်ခဲသည်။
သို့သော် ထိုဓားကျင့်ကြံသူမျိုးကို သတ်ပစ်သင့်သည်။
မော့ဝူရှဲ့၏လက်ထဲတွင်ရှိသော ဆေဘာဓားရှည်သည် အနက်ရောင်မိစ္ဆာမီးတောက်များဖြင့် တောက်ပလာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။
သူ့မျက်လုံးများက ရွှေအလင်းများ တောက်ပနေပြီး ကောင်းကင်တွင်ပြည့်နေသော မိစ္ဆာအငွေ့အသက်များသည် အာကာသကို ချက်ချင်းလွှမ်းခြုံလိုက်သည်။
သူတော်စင်တစ်ပါးတွင် မရေမတွက်နိုင်လောက်သော နည်းလမ်းများရှိသည်။
မိစ္ဆာမီးတောက်နှင့် မိစ္ဆာအငွေ့အသက်များသည် သူတော်စင်အဆင့်အောက်တွင်ရှိသော ကျင့်ကြံသူများ၏တိုက်ခိုက်နိုင်စွမ်းကို လျော့ကျသွားစေနိုင်သည်။
ဟန်မူယဲ့က မိစ္ဆာမီးတောက်များကြားတွင် ရှိနေပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသော ချီစွမ်းအင်အလင်းသည် လျင်မြန်စွာ ကျဆင်းနေသည်။
သူ့မျက်နှာထားက လေးနက်နေသည်။
ထိုဖိအား၏အောက်တွင် သူက အသက်ဆယ်ခါရှုချိန်ခန့် တောင့်ခံနိုင်သည်။
နောက်ပိုင်းတွင် မိစ္ဆာချီများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူက မိစ္ဆာစွမ်းအားများ၏စွန်းထင်းမှုကို ခံရလိမ့်မည်။
မော့ဝူရှဲ့သည် သူတော်စင်တစ်ပါးဖြစ်ပြီး လှည့်ကွက်အများအပြားကို ပိုင်ဆိုင်ထားသည်။ သူက အစွမ်းကုန်တိုက်ခိုက်လာလျှင် ဟန်မူယဲ့ကိုအနိုင်ယူရန် နည်းလမ်းများစွာရှိသည်။
“ဖွင့်စမ်း ....”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားရှည်နှင့်ဓားတိုသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ ဓားအလင်းများ အသက်ဝင်လာပြီး သူက ထိုးချလိုက်သည်။
ဟန်မူယဲ့က ဓားအလင်းနှင့်အတူ မိစ္ဆာချီများဖုံးလွှမ်းထားသောနေရာမှ လွတ်မြောက်လာသည်။
မော့တူရှဲ့က အေးစက်စွာရယ်မောလိုက်ပြီး မိစ္ဆာချီများကိုအသက်သွင်း၍ သူ့နောက်သို့ လိုက်လာသည်။
အာကာသထဲတွင် မိစ္ဆာချီများက အလွန်များပြားပြီး ဖျတ်ခနဲ လိုက်မီလာသည်။
“ဆရာတူအစ်မ .... ကျွန်မရဲ့ အစ်ကိုဟန်ကို ကယ်ပေးနိုင်မလား”
အမည်မဲ့တောင်ကြားထဲတွင် မူဝမ်က မျက်ရည်များကျဆင်းနေသည်။
“ကောင်မလေး၊ ငါက အာခီမီသူတော်စင်တစ်ယောက်ပဲ။ မိစ္ဆာတာအိုရဲ့သူတော်စင်ကို တားဆီးနိုင်စွမ်းမရှိဘူး ....”
ယုဟုန်ကျီက မျက်လုံးများမှေးကျဉ်းလိုက်ပြီး အာကာသထဲသို့ ကြည့်သည်။
“ပြီးတော့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက ပုန်းအောင်းနေတယ်။ ငါတိုက်ခိုက်လိုက်ရင် အကျိုးဆက်တွေက မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်”
ဝိညာဉ်သံချပ်ကာမိစ္ဆာ ....
စစ်ပွဲ၏အစမှ ယခုအချိန်အထိ ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် အစစ်အမှန်ခွန်အားကို ထုတ်မပြသေးပေ။
အာကာသကိုလွှမ်းမိုးနိုင်သော ထိုကလန်သည် ပြင်းထန်စွာတိုက်ခိုက်ရန်အတွက် စောင့်ဆိုင်းနေမည်မဟုတ်ပေ။
‘သူတို့မှာ အကြံအစည်တွေရှိနေတာလား’
မူဝမ်က ဝိညာဉ်သံချပ်ကာကလန်၏အစီအစဉ်ကို မသိနိုင်ပေ။ သူမက တင်းကျပ်စွာလက်သီးဆုပ်ထားပြီး မိစ္ဆာတာအိုကျွမ်းကျင်သူ၏ လိုက်ဖမ်းခြင်းကိုခံနေရသော အစ်ကိုဟန်အား ကြည့်နေလိုက်ရသည်။
“ဟူး၊ ထားလိုက်ပါတော့။ ဒီစစ်ပွဲမှာ အများကြီးဝင်ပါနေပြီပဲ။ ပုန်းကွယ်နေရင်လည်း အဓိပ္ပာယ်မရှိတော့ပါဘူး”
သူမ၏နောက်တွင် ယုဟုန်ကျီ၏အသံ ပေါ်ထွက်လာသည်။
သူမ၏အသံ အဆုံးသတ်သွားသောအခါတွင် လက်မြှောက်၍ ကျောက်စိမ်းရောင်သက်တံတစ်စင်းကို ထုတ်ဖော်လိုက်သည်။ ထိုသက်တံအလင်းသည် ကောင်းကင်နှင့်မြေကြီးကိုဖြတ်သန်း၍ မိစ္ဆာအလင်းကို တားဆီးလိုက်သည်။
“ဘုန်း”
သက်တံသည် ပျက်စီးသွားပြီး မိစ္ဆာအလင်းသည် ခဏတာ ရပ်တန့်သွားသည်။
“ယုဟုန်ကျီ ....”
မော့ဝူရှဲ့၏ဒေါသထွက်နေသောအော်သံကို ကြားလိုက်ရသည်။
“ငါနဲ့ မြန်မြန်လိုက်လာခဲ့”
ယုဟုန်ကျီက မူဝမ်၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ ထွက်ပြေးသွားသည်။
အာကာသထဲတွင်ရှိသော မိစ္ဆာအလင်းသည် ယုဟုန်ကျီ၏နောက်သို့ လိုက်ချင်သကဲ့သို့ တုန်ခါသွားသည်။ သို့သော် ဟန်မူယဲ့ကို လက်မလျော့နိုင်ပေ။
ထိုအချိန်တွင် အဆုံးမရှိသောအာကာသထဲ၌ သွေးရောင်မိစ္ဆာအလင်းများ ပေါ်ထွက်လာသည်။
ကျောက်စိမ်းရောင်ဝိညာဉ်သံချပ်ကာမိစ္ဆာများ ပေါ်လာခဲ့သည်။
မော့ဝူရှဲ့က ရယ်လိုက်ပြီး ဟန်မူယဲ့၏နောက်သို့ ဆက်လိုက်သွားသည်။
အာကာသထဲတွင် ဒါဇင်ချီသော ဝိညာဉ်သံချပ်ကာကလန်၏ မဟာကျင့်ကြံသူများ ရှိနေသည်။ သူတို့က သူတော်စင်အဆင့်တွင်မရှိသော်လည်း အားကောင်းသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် သူတို့၏နောက်တွင် မရေမတွက်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများ ပါလာသည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် အာကာသထဲတွင် ကျိုင်းကောင်အုပ်သဖွယ် ပေါ်လာသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်ဝင်္ကပါများသည် အစွမ်းကုန်ကြိုးစား၍ လျင်မြန်စွာခုခံလိုက်သည်။
ကောင်းကင်ထက်တွင် နတ်ဘုရားအမည်စာရင်း၏ နတ်ဘုရားခုံရုံးစစ်တပ်သည် ရွှေရောင်အစီအရင်တစ်ခုအဖြစ် ပြောင်းလဲပြီး အာကာသကို ပိတ်ဆို့ထားသည်။
မော့ဝူရှဲ့၏နောက်သို့လိုက်နေသော မှူးမတ်ဝူက ရပ်တန့်သွားသည်။
သူက အာကာသကိုဖြတ်သန်းပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
ထိုနေရာတွင် ကျောက်စိမ်းသက်တံနယ်မြေရှိသည်။
“တာအိုရောင်းရင်းယုဟုန်ကျီ၊ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက ကျောက်စိမ်းသက်တံနယ်မြေကို တိုက်ခိုက်နေတယ်”
မှူးမတ်ဝူက အော်ဟစ်လိုက်ပြီး ကျောက်စိမ်းသက်တံနယ်မြေသို့ ပျံသန်းသွားသည်။
ကျောက်စိမ်းသက်တံနယ်မြေတွင် အာခီမီသူတော်စင်များရှိပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ မဟာမိတ်ဖြစ်သည်။
ကျောက်စိမ်းသက်တံကမ္ဘာကို ဝိညာဉ်သံချပ်ကာမိစ္ဆာများက သိမ်းပိုက်သွားလျှင် သူတို့၏မဟာမိတ် အားနည်းသွားလိမ့်မည်။ ထို့အပြင် ပေါများသော ဝိညာဉ်ဆေးပင်များကိုလည်း ဆုံးရှုံးရလိမ့်မည်။
ကျောက်စိမ်းသက်တံကမ္ဘာ၏ ဝိညာဉ်ဆေးပင်များကြောင့် ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် ပိုမိုသန်မာလာလိမ့်မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ဖြင့် နတ်ဘုရားတာအိုကို ပြောင်းလဲပြီး အငြိုးအတေးမဲ့နယ်မြေကိုသိမ်းပိုက်ရန် ကြံစည်နေခဲ့သည်။ ဝိညာဉ်သံချပ်ကာမိစ္ဆာများကလည်း အရေးကြီးသောအချိန်တွင် ကျောက်စိမ်းသက်တံကမ္ဘာကိုဝါးမြိုရန် ကြံစည်နေသည်။
အရာအားလုံးသည် ကျားကွက်ကစားပွဲတစ်ခုကဲ့သို့ ရှုပ်ထွေးလှသည်။
အာကာသထဲတွင် နတ်ဘုရားအမည်စာရင်းပေါ်၌ ရွှေအလင်းများ ပေါ်ထွက်လာသည်။ ရွှေရောင်ချပ်ဝတ်စစ်သူကြီးများက ကျောက်စိမ်းသက်တံကမ္ဘာသို့ ပြေးသွားကြသည်။
ပိုင်လီရှင်းလင်သည် ဟွမ်တင်းရှု၏ တာအိုလက်တွဲဖော်ဖြစ်သည်။ ယခု ကျောက်စိမ်းသက်တံနယ်မြေက အန္တရာယ်ကျရောက်နေသောကြောင့် သူက ကူညီပေးရမည်။
နတ်ဘုရားအမည်စာရင်း၏စွမ်းအားကို ကျောက်စိမ်းသက်တံကမ္ဘာဆီသို့ လွှဲပြောင်းလိုက်သောကြောင့် အငြိုးအတေးမဲ့နယ်မြေ၏နတ်ဘုရင်များက အသက်ရှူချိန်ရလာသည်။
“ဘုန်း”
လေထုထဲတွင် ဝမ်မော့ရှန်က အဆင့်တူကျင့်ကြံသူသုံးယောက်၏တိုက်ခိုက်မှုကို တားဆီးပြီး လက်ထဲတွင်ရှိသောကျောက်စိမ်းပေတံကို ဝှေ့ယမ်း၍ တန့်ဝူယိုကို မိုင်ထောင်ချီအကွာသို့ တွန်းထုတ်လိုက်သည်။
တန့်ဝူယိုက စိတ်ပါလက်ပါ ရယ်သည်။ သူ့လက်ထဲတွင်ရှိသောလှံသည် ရွှေအလင်းများဖြင့်တောက်ပသွားပြီး တခြားသူတော်စင်အဆင့်ကျင့်ကြံသူနှစ်ဦးနှင့်အတူ ထပ်မံပြေးဝင်လာသည်။
ဝမ်မော့ရှန်က ကျောက်စိမ်းပေတံကို ကိုင်ထားပြီး အေးစက်သောမျက်နှာထားဖြင့် ရှိနေသည်။
ထိုအချိန်တွင် အာကာသထဲ၌ အချက်ပြမှုတစ်ခု ပေါ်လာသည်။
ဝမ်မော့ရှန်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူစကားမပြောနိုင်ခင် အသံတစ်သံ ထွက်လာသည်။
“ဆရာတူအစ်ကိုဝမ်၊ ချန်ချင်းကျစ်ရဲ့စိတ်ဆန္ဒတွေကို အခုပဲ လွှတ်ပေးလိုက်တော့မယ်။ အခုအချိန်ကစပြီး ဆရာတူအစ်ကိုက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တစ်ယောက်တည်းထောက်ပံ့ပေးရတော့မယ်”
“ဘုန်း”
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရှေ့ပင်လယ်တွင် အဆုံးမရှိသောပင်လယ်ထဲ၌ အစိမ်းရောင်နဂါးပုံရိပ်များက အာကာသထဲသို့ ပြေးထွက်သွားသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အပြင်ဘက်တွင် နဂါးပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
နဂါးအရိပ်များအားလုံး စုစည်းလာပြီး မိုင်တစ်သောင်းရှည်လျားသော နဂါးတစ်ကောင် ဖြစ်လာသည်။
အစိမ်းရောင်နဂါး ....
ရှေးခေတ်နတ်ဘုရားသားရဲ၊ အရှေ့ပင်လယ်ကို ဖိနှိပ်ထားသော အစိမ်းရောင်နဂါး ....
နဂါးတွင် ဦးချိုနှစ်ချောင်း၊ ခြေလေးဖက်နှင့် လက်သည်းငါးခုစီ ရှိသည်။ နဂါး၏တစ်ကိုယ်လုံးကို ရွှေရောင်ကြေးခွံများက ဖုံးလွှမ်းထားပြီး နဂါး၏အမြီးသည် မီးတောက်များကဲ့သို့ လှုပ်ရှားနေသည်။
နဂါးသည် ဟိန်းဟောက်လိုက်ပြီး အာကာသကို တုန်ခါသွားစေသည်။
ထို့နောက် ထိုနဂါးက အင်မော်တယ်ဝိညာဉ်ကမ္ဘာဆီသို့ ပြေးဝင်လာသည်။
“ချန်ချင်းကျစ်၊ မင်းက ရူးနေတာလား”
တန့်ဝူယို၏မျက်နှာက ဖြူဖျော့နေပြီး အော်ဟစ်လိုက်သည်။
“ပျက်စီးခြင်းသားရဲတစ်ကောင်ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ကျွမ်းကျင်သူတွေက လုံးဝလွှတ်ပေးမှာမဟုတ်ဘူး”
“ကမ္ဘာနှစ်ခုရဲ့စစ်ပွဲက လူသားအင်မော်တယ်အဆင့်စွမ်းအားကို ကျော်လွန်သွားလို့မရဘူး။ ချန်ချင်းကျစ်၊ မင်းက စည်းကမ်းဖောက်ဖျက်နေတာပဲ ....”
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျင့်ကြံသူများက အော်ဟစ်လိုက်သော်လည်း နဂါးကို မတားနိုင်ခဲ့ပေ။
နဂါးသည် အဆုံးမဲ့စွမ်းအားများကို သယ်ဆောင်ထားပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ဝင်တိုက်လိုက်သည်။ သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် ထိုနဂါးကို မတားဆီးရဲပေ။
“ဘိုးဘေး၊ ဘိုးဘေး၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို မြန်မြန်ကယ်ပေးပါ”
တန့်ဝူယိုက ခေါင်းမော့လိုက်ပြီး ဝမ်းနည်းမှုများပြည့်နေသောအသံဖြင့် ကျယ်လောင်စွာအော်ပြောသည်။
နဂါးသည် အဝေးတစ်နေရာတွင်ရှိနေသော ချီစွမ်းအင်အလင်းများဖြင့်ပြည့်နေသည့်ကမ္ဘာကို ဝင်တိုက်လိုက်သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုက နဂါးကို တားဆီးလိုက်သည်။
အင်္ကျီလက်ကျယ်သော ဝတ်ရုံရှည်ပေါ်တွင် ယင်ယန်ရှစ်ထောင့်တာအိုအင်းကွက်ကို ပုံဖော်ထားသည်။
ရှည်လျားသောမုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။
လူအိုကြီး၏မျက်လုံးထဲတွင်ရှိသော တောက်ပနေသည့်အလင်းများသည် နဂါး၏ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။
“မကောင်းဆိုးဝါးသတ္တဝါ၊ ဒီတာအိုဘိုးဘေးရဲ့နောက်ကနေ အင်မော်တယ်ရင်းမြစ်ကမ္ဘာကို လိုက်လာခဲ့။ ဒီဘိုးဘေးက စီးတော်ဝိညာဉ်သားရဲတစ်ကောင် လိုအပ်နေသေးတယ်”
တာအိုတန်ခိုးရှင်က လက်မြှောက်ပြီး နဂါး၏ဦးခေါင်းကို ဖိချသည်။
နဂါးက ဟိန်းဟောက်ပြီး အစွမ်းကုန်သုံး၍ ရှေ့သို့တိုးလိုက်သည်။ သို့သော် ကောင်းကင်နှင့်မြေကြီး၏အတားအဆီးနှင့် ဝင်တိုက်မိပုံရပြီး ထွက်မသွားနိုင်ပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျင့်ကြံသူများက ပြုံးလိုက်သည်။
“တာအိုဘိုးဘေးရဲ့ ကောင်းကင်ခွန်အားက နတ်ဘုရားသားရဲကို ဖိနှိပ်နိုင်တယ်”
“တာအိုဘိုးဘေးပြန်လာပြီ။ ဒီကမ္ဘာကို စုစည်းရမယ်”
“ငါ အင်မော်တယ်ဝိညာဉ်တာအိုဘိုးဘေး ပြန်လာခဲ့ပြီ။ ဒီကမ္ဘာက ဘာဖြစ်လို့ အညံ့မခံသေးတာလဲ”
အာကာသထဲတွင် တိုက်ပွဲများ ရပ်တန့်သွားသည်။
ဟန်မူယဲ့၏နောက်တွင်ရပ်နေသော မော့ဝူရှဲ့က ရပ်တန့်လိုက်သည်။ ဟန်မူယဲ့ကလည်း ရပ်သွားသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ထူးဆန်းသောမျက်နှာထားဖြင့် လက်ထဲတွင် အနက်ရောင်ကျားစေ့တစ်စေ့ကို ကိုင်ထားသည်။
သူက ကျားစေ့ပေါ်တွင်ရှိနေသော ရွှေရောင်အလင်းများကိုကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။
“တာအိုဘိုးဘေးတစ်ယောက်ကတောင် ငါ့ကို အကွက်ချချင်နေတာလား”
“ဒီထောက်ချောင်က တာအိုဘိုးဘေးတစ်ယောက်ကို သတ်ဖြတ်ဖို့လား”
“တကယ့်ကို ရက်ရောတာပဲ ....”
သူက ညင်သာစွာစကားပြောပြီး လက်ထဲတွင်ရှိသော အနက်ရောင်ကျားစေ့ကို ပစ်ထုတ်လိုက်သည်။
ကောင်းကင်တွင် အလင်းစီးကြောင်းများဖြင့်ပြည့်သွားပြီး ကျားကွက်တစ်ခုနှင့် တူလာသည်။
ကောင်းကင်စက်ဝန်းဝင်္ကပါသည် အာကာသကို ဖုံးလွှမ်းသွားသည်။
“ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၊ မင်းက ဘာဖြစ်ချင်တာလဲ ....”
“သေစမ်း၊ မင်းက ငါ့ကို အကွက်ချခဲ့တာပဲ ....”
အာကာသထဲတွင် ကျွမ်းကျင်သူများအားလုံးက ကြောင်အနေပြီး လောကကိုလွှမ်းခြုံသွားသော အဆုံးမရှိသည့်အလင်းတန်းများကို ကြည့်နေလိုက်ရသည်။
ချီစွမ်းအင်အလင်းများက မိုင်သောင်းချီပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။