← Chapters

အခန်း (၅၅၁)

Vol. 40 Ch. 551

အခန်း (၅၅၁)

Vol. 40 Ch. 551

မဟာတာအို၏စွမ်းအားသည် ကြိုးတစ်ချောင်းအဖြစ်ပြောင်း၍ အင်မော်တယ်ဝိညာဉ်တာအိုဘိုးဘေးကို ရစ်ပတ်လိုက်သည်။

ထိုစွမ်းအားသည် အဆုံးမရှိသောတာအိုလမ်းစဉ်မှ ဆင်းသက်လာသည်။ သာမန်လူများ မချိုးဖောက်နိုင်ပေ။

သူတို့နှစ်ယောက်လုံးသည် တာအိုဘိုးဘေးများဖြစ်သော်လည်း ချိုးဖောက်ရန်အတွက် စွမ်းအားတချို့ အသုံးပြုရလိမ့်မည်။

“အကွက်ချတာလား’

ဂုဏ်သိက္ခာအချို့ရောနှောနေသော ရှေးကျသည့်အသံ ပေါ်ထွက်လာသည်။

ထိုအသံက လူတိုင်း၏နားထဲတွင် မြည်ဟီးသွားပုံပေါ်သည်။

“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်မသွားခဲ့ရင် မင်းက အရပ်ဆယ်မျက်နှာစစ်ပွဲဝင်္ကပါကို ဖိနှိပ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အပြင်ဘက်မှာရှိတဲ့ နယ်မြေသုံးထောင်ကို ဖျက်ဆီးပစ်နိုင်မှာတဲ့လား”

“မင်းတို့တွေက ပူးပေါင်းပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုဝါးမြိုဖို့ ကြိုးစားနေကြတယ်။ ငါ့တပည့်နှစ်ယောက်က မနည်းတောင့်ခံနေရတယ်။ အဲဒါကို ငါမသိဘူးလို့ မင်းထင်နေတာလား”

ထိုအသံကြောင့် ကျောက်စိမ်းပေတံကိုင်ထားသော ဝမ်မော့ရှန်က ခေါင်းမော့ကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသော ချန်ချင်းကျစ်က ခပ်တိုးတိုးဟိန်းဟောက်သည်။

အပြင်လူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအား နှစ်သောင်းချီကာကွယ်ပေးခဲ့ရသော ဆင်းရဲဒုက္ခများကို နားလည်နိုင်မည်မဟုတ်ပေ။

တာအိုဘိုးဘေးကသာ ဘုံကိုးပါး၏အထက်မှ စောင့်ကြည့်နေနိုင်သည်။

“ဟမ့်၊ ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကိုတိုက်ခိုက်လိုက်တဲ့အတွက် အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ သံမဏိစဉ်းမျဉ်းကို ချိုးဖောက်လိုက်တယ်။ ဒီနေ့ကစပြီး မင်းက အထက်ဘုံသုံးပါးမှာနေဖို့ မထိုက်တန်တော့ဘူး”

“အထက်ဘုံသုံးပါးရဲ့ထောက်ပံ့မှုမရှိရင် မင်းက ဘယ်လောက်ကြာအောင် ရှင်သန်နိုင်မှာလဲ”

အင်မော်တယ်ဝိညာဉ်တာအိုဘိုးဘေး၏စကားလုံးများက ရက်စက်မှုများဖြင့် ပြည့်နေသည်။

တာအိုဘိုးဘေးက မည်သည့်အရာနည်း။

မဟာတာအိုသည် ထာဝရတည်ရှိနေသည်။ တာအိုသည် စတင်ဖြစ်တည်လာသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက ကိုယ်ပိုင်ခွန်အားဖြင့် စုစည်းခဲ့သည်။ ထို့နောက် မဟာကျင့်ကြံသူများအားလုံး အတူတကွစုစည်းလိုက်ပြီး နှစ်ပေါင်းများစွာကြာသောအခါတွင် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

တခြားနည်းဖြင့် ပြောရလျှင် တာအိုဘိုးဘေးများသည် ကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။

ထိုကျင့်ကြံသူမျိုးသည် လူသားလောကကို ကျော်လွန်သွားပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် နေထိုင်သည်။

သူတို့၏ကျင့်ကြံဆင့်သည် လူသားအင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး လေးနက်သောတာအိုဆီသို့ ဦးတည်နေသည်။

အင်‌မော်တယ်ရင်းမြစ်ကမ္ဘာတွင် စည်းကမ်းတစ်ခုရှိသည်။ လူသားအင်မော်တယ်အထက်အဆင့်များသည် လူသားလောကကိုဆင်းသက်၍ တိုက်ခိုက်ခွင့်မရှိပေ။

ထိုမဟာကျင့်ကြံသူကြီးများ တိုက်ပွဲဖြစ်လာလျှင် အသာအယာတိုက်ခိုက်လိုက်ရုံဖြင့် မရေမတွက်နိုင်လောက်သော သက်ရှိများကို ဆုံးပါးသွားစေနိုင်သည်။

ကောင်းကင်အဆင့်တွင်ရှိနေသောကျင့်ကြံသူများကလည်း အဆင့်နိမ့်ကျင့်ကြံသူများကို သာမန်ကာလျှံကာ မသတ်ဖြတ်ပေ။ ထိုအရာသည် သက်ရှိများကြားတွင် ဖော်ပြမထားသော စည်းမျဉ်းတစ်ခုဖြစ်သည်။

သို့သော် ယနေ့တွင် ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးသည် စည်းကမ်းဖောက်ဖျက်ပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏အပြင်ဘက်တွင် တခြားတာအိုဘိုးဘေးတစ်ဦးကို တိုက်ခိုက်ခဲ့သည်။

‘ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ပြစ်ဒဏ်ကို မကြောက်ဘူးလား’

“သံမဏိစည်းမျဉ်းတဲ့လား”

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက ခပ်ဟဟရယ်လိုက်ပြီး ခရမ်းရောင်ဝတ်စုံနှင့်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက အာကာသထဲတွင်ရှိနေသော ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို တစ်ချက်ကြည့်သည်။

“ဒီနေ့မှာ ငါက အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့စည်းကမ်းကို အသုံးချပြီး မင်းကို စကားမပြောနိုင်တော့အောင် လုပ်ပစ်မယ်”

ထိုစကားကြောင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ တာအိုဘိုးဘေးက မျက်နှာထားပြောင်းလဲသွားသည်။

“မင်းက ငါရဲ့မဟာတာအိုနဲ့ ယှဉ်ပြိုင်ချင်တာလား”

မဟာတာအိုပြိုင်ပွဲ ....

တာအိုပြိုင်ပွဲ ....

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက ရယ်မောလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူ့ပုံရိပ် ပျောက်ကွယ်သွားသောအခါတွင် လေဟာနယ်သည် တုန်ခါသွားသည်။

“နှစ်တစ်ရာတာအိုပြိုင်ပွဲမှာ သူသေလိမ့်မယ်”

“ကံကြမ္မာလည်းမရှိသလို ပြန်လည်မွေးဖွားခြင်းလည်း မရှိဘူး”

အဆုံးမရှိသောအာကာသသည် ပြောင်းလဲသွားပြီး အရောင်ငါးမျိုးအလင်းများ သွယ်ယှက်လာသည်။

ဆန်းကြယ်အလင်းတန်းများသည် ကောင်းကင်ထက်မှ ကျဆင်းလာသည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ တာအိုဘိုးဘေးပိုင်ယွီက နှစ်တစ်ရာတာအိုပြိုင်ပွဲမှာ မဟာတာအိုပြောင်းလဲမှုကို စောင့်ကြည့်နေမယ်”

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ တာအိုဘိုးဘေးဝူကမ်းက နှစ်တစ်ရာတာအိုပြိုင်ပွဲမှာ မဟာတာအိုပြောင်းလဲမှုကို စောင့်ကြည့်နေမယ်”

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ တာအိုဘိုးဘေးချင်းဖူက နှစ်တစ်ရာတာအိုပြိုင်ပွဲမှာ မဟာတာအိုပြောင်းလဲမှုကို စောင့်ကြည့်နေမယ်”

....

အသံများ ပေါ်ထွက်လာသည်။

အဆုံးမရှိသောအာကာသသည် မဟာတာအိုစွမ်းအားများ၏လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၏အသံကို ကြားလိုက်ရသည်။

“ငါက တာအိုပြောင်းလဲဖို့ အင်‌မော်တယ်ဝိညာဉ်တာအိုဘိုးဘေးနဲ့ ယှဉ်ပြိုင်တော့မယ်။ နှစ်တစ်ရာအတွင်းမှာ ကမ္ဘာနှစ်ခုထဲက တစ်ခုပဲ ကျန်နိုင်လိမ့်မယ်”

“အရှုံးသမားရဲ့မဟာတာအိုက ဖျက်ဆီးခံရပြီး တာအိုဘိုးဘေးအသစ်တစ်ဦး ပေါ်ထွက်လာလိမ့်မယ်”

“ငါတို့နိုင်သွားရင် မော့ရှန်နဲ့ ချင်းကျစ်တို့က တာအိုဘိုးဘေးအသစ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရလိမ့်မယ်”

တာအိုဘိုးဘေးအသစ် ....

နှစ်တစ်ရာအတွင်း၌ တာအိုဘိုးဘေးတစ်ယောက်ဖြစ်လာမည်။ ထိုဆွဲဆောင်မှုမျိုးကို မည်သူက ငြင်းဆန်နိုင်မည်နည်း။

“ကျွန်တော်တို့ရှုံးသွားရင်ရော”

ဟန်မူယဲ့က ညင်သာစွာမေးသည်။

“ဟီးဟီး၊ မင်းတို့ရှုံးသွားရင် ငါနဲ့အတူ သေသွားလိမ့်မယ်။ ပြန်လည်ဝင်စားဖို့လည်း အခွင့်အရေးရမှာမဟုတ်ဘူး”

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက ရယ်လိုက်သည်။

“အထက်ဘုံသုံးပါးရဲ့တိုက်ပွဲတွေက အရမ်းပြင်းထန်တယ်။ တာအိုပြိုင်ပွဲက ဘာမှမဟုတ်ဘူး။ မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်လာတာနဲ့ ထာဝရှင်သန်နိုင်ပြီလို့ မတွေးနဲ့အုံး”

“ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်လာတဲ့လူတွေထဲမှာ ဘယ်သူမှမကျန်တော့ဘူး”

“ငါ့မှာ ရွေးချယ်စရာရှိရင် အသက်စွန့်မှာမဟုတ်ဘူး”

တာအိုဘိုးဘေးတစ်ယောက်ကပင် သေဆုံးသည်အထိ တိုက်ခိုက်ရမည်။

မဟာတာအိုကိုကျင့်ကြံရန် အလွန်ခက်ခဲသည်။

ဟန်မူယဲ့က တိတ်ဆိတ်စွာ ခေါင်းငုံ့ထားသည်။

အာကာသတုန်ခါသွားခဲ့‌သောအချိန်တွင် ဥပဒေသများ ဆင်းသက်လာခဲ့သည်။

နှစ်တစ်ရာအတွင်း၌ ကမ္ဘာနှစ်ခုက တိုက်ခိုက်ကြလိမ့်မည်။ ကမ္ဘာနှစ်ခု၏သက်ရှိများသည် အကောင်းဆုံးကြိုးစားပြီး ရှင်သန်နိုင်ရန် တိုက်ခိုက်ကြမည်။ ကံကြမ္မာစွမ်းအားနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားများ ပေါ်လာမည်မဟုတ်ပေ။

ထို့ကြောင့် ကမ္ဘာနှစ်ခု၏ကျင့်ကြံသူများ အမှန်တကယ် သေဆုံးလိမ့်မည်။

သူတို့၏စွမ်းအားများသည် စုစည်းသွားပြီး မဟာတာအိုအသစ်တစ်ခု ဖြစ်လာမည်။ ထိုမဟာတာအိုသည် နှစ်တစ်ရာအကြာ၌ တာအိုဘိုးဘေးတစ်ယောက်အတွက် အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မည်။

တာအိုတိုက်ပွဲသည် မဟာတာအို၏အဆုံးသတ်ဖြစ်ပြီး အစလည်း ဖြစ်သည်။

ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိနေသော ကျင့်ကြံသူများအတွက် ထိုအရာသည် အခွင့်ကောင်းတစ်ခုဖြစ်သည်။

တာအိုပြိုင်ပွဲပြီးသွားသောအခါတွင် တာအိုဘိုးဘေးတစ်ယောက် ဖြစ်လာနိုင်သည်။

တာအိုပြိုင်ပွဲကြောင့်မဟုတ်လျှင် တာအိုဘိုးဘေးတစ်ယောက်ဖြစ်လာရန်အတွက် မရေမတွက်နိုင်သောအချိန်နှင့် အရင်းအမြစ်များကို အသုံးပြုရမည်။

ယနေ့တွင်ဖြစ်ပွားခဲ့သော ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏တိုက်ပွဲသည် တာအိုဘိုးဘေးအဆင့်အတန်းအတွက် တိုက်ခိုက်ရန် မရေမတွက်နိုင်လောက်သောကျွမ်းကျင်သူများကို သေချာပေါက်ဆွဲဆောင်လိမ့်မည်။

အထက်ဘုံသုံးပါး၏ တာအိုဘိုးဘေးများသည် အခွင့်အရေးအတွက် တိုက်ခိုက်ရန် တပည့်များကို စေလွှတ်လိမ့်မည်။

“တာအိုပြိုင်ပွဲမှာပါဝင်ဖို့ စိတ်ကူးမရှိတဲ့လူတွေက ဒီနယ်မြေကနေ ထွက်သွားနိုင်တယ်”

“ရက်တစ်ရာကြာရင် ဒီနယ်မြေက အဆုံးမဲ့ပင်လယ်ထဲကို ကျဆင်းသွားပြီး ကံကြမ္မာနဲ့ ပြန်လည်မွေးဖွားခြင်းစွမ်းအားတွေကို ပယ်ဖျက်လိုက်မယ်”

အာကာသထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

ရက်တစ်ရာသည် မဟာကျင့်ကြံသူများအတွက် ဤနယ်မြေမှထွက်ခွာရန် လုံလောက်သည်။

ရက်တစ်ရာကြာသွားလျှင် ကျင့်ကြံသူများသည် ဤနယ်မြေသို့ ဝင်ရောက်ခွင့်ရှိသော်လည်း ထွက်ခွာခွင့် မရှိတော့ပေ။ နှစ်တစ်ရာအကြာတွင် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ခဲ့ပြီး တာအိုဘိုးဘေးအသစ် ပေါ်ထွက်လာလျှင် တာအိုပြိုင်ပွဲသည် အဆုံးသတ်သွားလိမ့်မည်။

ဤနယ်မြေတွင်ရှိသော သက်ရှိများအတွက် အနိုင်ရသူသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်ခွင့်ရှိလိမ့်မည်။

ထိုအခွင့်အရေးမျိုးသည် အလွန်ရှားပါးသည်။

သို့သော် ထိုအခွင့်အရေးအတွက် တခြားသက်ရှိများနှင့် လဲလှယ်ရမည်။

ထိုအရာသည် တာအိုစစ်ပွဲဖြစ်သည်။ မဟာတာအို၏ ရက်စက်မှုသည် အလွန်တည့်တိုးဆန်သည်။

တစ်ဖက်သည် သေဆုံးပြီး တစ်ဖက်သည် ရှင်သန်နိုင်မည်။

“ကျွန်တော်ထွက်တယ်”

အာကာသထဲတွင် နတ်ဘုရင်ဝူယွမ်က အော်ဟစ်လိုက်ပြီး ပျံသန်းလာသည်။

သူ့နောက်တွင် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံသူများ ရှိနေသည်။

သူတို့၏အခြေခံအုတ်မြစ်ကို လက်လျော့လိုက်သောကြောင့် ကျင့်ကြံခြင်းနှင့်တိုက်ခိုက်နိုင်စွမ်းသည် သိသိသာသာ လျော့နည်းသွားမည်ဖြစ်သော်လည်း တာအိုပြိုင်ပွဲ၏ သေခြင်းရှင်ခြင်းရုန်းကန်မှုတွင် ပါဝင်ရန်မလိုတော့ပေ။ အသက်ရှင်ရခြင်းသည် အလွန်ကောင်းသည်။

အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံသူများ ထွက်သွားသောအခါတွင် နတ်ဘုရားတာအို၏ သူတော်စင်အသစ်ဖြစ်သူ ဟွမ်တင်းရှုက လက်မြှောက်လိုက်သည်။ နတ်ဘုရားအမည်စာရင်းပေါ်တွင် နတ်ဘုရားအလင်းများ ပေါ်ထွက်လာသည်။

“တာအိုပြိုင်ပွဲမှာ မပါချင်တဲ့လူတွေ ထွက်သွားနိုင်တယ်”

နတ်ဘုရားခုံရုံး၏ အရာရှိများနှင့် စစ်သူကြီးများကို ချုပ်နှောင်မှုစွမ်းအားမှ လွှတ်ပေးပြီး ရွေးချယ်ခွင့်ပေးနေသည်။

နတ်စစ်သူကြီးနှင့် အရာရှိများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ တချို့က နေရာတွင်ရပ်နေသည်။ တချို့က တိတ်ဆိတ်စွာ နောက်ဆုတ်သွားကြသည်။

နောက်ဆုတ်သွားသော ကျင့်ကြံသူအများစုသည် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားများဖြစ်ကြသည်။ နေရာတွင်ကျန်နေခဲ့သော လူများသည် အဓိကအားဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အကြွင်းအကျန်ဝိညာဉ်များဖြစ်သည်။

နတ်ဘုရင်ယွင်ချန်က နတ်သခင်မကျီထိုက်ကိုလှည့်ကြည့်ပြီး ညင်သာစွာ ပြောသည်။

“ကျီထိုက်၊ ထွက်သွားလိုက်ပါ”

သူက အောက်တွင်ရှိသော ယွင်ချန်ကြယ်ကို နူးညံ့စွာကြည့်သည်။

“ငါက ယွင်ချန်ကြယ်ပေါ်မှာ နေချင်တယ်”

နတ်သခင်မကျီထိုက်က ပြုံးလိုက်ပြီး ပြောသည်။

“ကျွန်မက အခု ယွင်ချန်ကြယ် ရေဓာတ်မျိုးဆက်ရဲ့ တရားဝင်နတ်တစ်ပါးဖြစ်နေပြီ။ အဲဒါကြောင့် ယွင်ချန်ကြယ်မှာ နေဖို့ပဲ ရွေးမယ်”

နတ်ဘုရင်ယွင်ချန်က ခပ်ဟဟရယ်သည်။

သူတို့က ကျင့်ကြံဆင့်မြင့်မားပြီး သေခြင်းရှင်ခြင်းစက်ဝိုင်းကို ကြုံတွေ့ခဲ့သောကြောင့် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည်။

ထာဝရရှင်သန်ရန် မဖြစ်နိုင်ပေ။ သို့သော် အတူတကွရှိနေသောအချိန်သည် ထာဝရတည်ရှိနေလိမ့်မည်။

လေဟာနယ်သည် တုန်ခါသွားခဲ့သည်။ အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံသူများ ထွက်သွားသောအခါတွင် ကျောက်စိမ်းသက်တံနယ်မြေအား ဝိုင်းရံတိုက်ခိုက်နေသော ဝိညာဉ်သံချပ်ကာမိစ္ဆာများကလည်း တိတ်ဆိတ်စွာ ထွက်သွားကြသည်။

အာကာသထဲတွင် တာအိုဘိုးဘေးများက ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို သတိထားမိသော်လည်း တစ်ယောက်မှထုတ်မပြောကြပေ။

ထိုမျိုးနွယ်သည် အင်‌မော်တယ်ရင်းမြစ်ကမ္ဘာကိုပင် ခေါင်းကိုက်စေသည်။

“အကြီးအကဲကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၊ ကျွန်မတို့ ကျောက်စိမ်းသက်တံနယ်မြေက တာအိုပြိုင်ပွဲကနေ နှုတ်ထွက်ချင်ပါတယ်။ ကျွန်မတို့ ကျောက်စိမ်းသက်တံကြယ်ပေါ်မှာရှိတဲ့ ဝိညာဉ်ဆေးပင်တွေအားလုံးကို ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီ ပေးအပ်ပါမယ်”

အာကာသထဲတွင် ယုဟုန်ကျီ၏အသံ ပေါ်ထွက်လာသည်။

ကျောက်စိမ်းသက်တံကမ္ဘာက နောက်ဆုတ်သွားသည်။

ယုဟုန်ကျီက အာခီမီလမ်းစဉ်ဖြင့် သူတော်စင်ဖြစ်လာသည်။ သူမက တိုက်ခိုက်နိုင်စွမ်း မကောင်းပေ။ တာအိုပြိုင်ပွဲတွင် ပထမဆုံး သေဆုံးသွားနိုင်သည်။

ထို့ကြောင့် သူမက ထွက်သွားရန် ရွေးချယ်လိုက်သည်။

သို့သော် ကျောက်စိမ်းသက်တံကမ္ဘာမှ ထွက်သွားခဲ့လျှင် ယုဟုန်ကျီ၏ကျင့်ကြံခြင်းက ကျဆင်းသွားပြီး တာအိုရရှိထားသော အခြေခံအုတ်မြစ်သည်လည်း ပြတ်တောက်သွားလိမ့်မည်။

“အထက်ဘုံသုံးပါးရဲ့ ကျောက်စိမ်းရေကန်ဆေးပညာဂိုဏ်းကလည်း အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အာခီမီဂိုဏ်းတစ်ခုပဲ။ ယုဟုန်ကျီ၊ မင်းနဲ့ မင်းရဲ့တပည့်တွေက အဲဒီကို သွားနိုင်တယ်”

အာကာသထဲတွင် ကျောက်စိမ်းရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး ကျောက်စိမ်းသက်တံနယ်မြေသို့ ကျရောက်သွားသည်။

သူတို့အားလက်ခံလိုက်သော တာအိုဘိုးဘေးကို မသိနိုင်ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင်လည်း အာခီမီကျင့်ကြံသူများသည် နာမည်ကြီးသည်။

အာခီမီနှင့် သူတော်စင်တစ်ပါးဖြစ်လာလျှင် နေရာတိုင်းက ကြိုဆိုလိမ့်မည်။

ဟန်မူယဲ့က ကျောက်စိမ်းသက်တံနယ်မြေကို လှည့်ကြည့်သည်။

“ကောင်လေး၊ မူဝမ်က ငါနဲ့ထွက်သွားမှာကို မတားဘူးမဟုတ်လား”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

ယုဟုန်ကျီဖြစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ဦးညွှတ်လိုက်သည်။

မူဝမ်က ယုဟုန်ကျီနှင့်ထွက်သွားခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ တာအိုပြိုင်ပွဲ စတင်သောအခါတွင် မိုင်သောင်းချီပတ်ဝန်းကျင်၌ အဆုံးမရှိသောသတ်ဖြတ်မှုများဖြင့် ပြည့်နေလိမ့်မည်။ မူဝမ်၏ အကျင့်စရိုက်အရဆိုလျှင် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာလိမ့်မည်။

ကျောက်စိမ်းသက်တံနယ်မြေတွင် မူဝမ်က မျက်ရည်များကျဆင်းနေသည်။

All Chapters