အခန်း (၅၅၃)
Vol. 40 Ch. 553
အာခီမီပညာရှင်များသည် အားနည်းပြီး သူတို့ကို မည်သူမှ တန်ဖိုးမထားပေ။
သို့သော် ဓားအမြုတေများကို ဝင်္ကပါအဖြစ်ဖွဲ့စည်းလိုက်လျှင် ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် သူတော်စင်များကိုပင် ဒဏ်ရာရစေနိုင်သည်။
ယခုအချိန်တွင် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားသည် ဖိနှိပ်ခံထားရသောကြောင့် ဓားအမြုတေဝင်္ကပါသည် တောက်ပလာလိမ့်မည်။
“အဲဒီဝင်္ကပါ အောင်မြင်သွားခဲ့ရင် ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အနာဂတ်မှာ အစွမ်းကုန်သုံးပြီး မဟာဝင်္ကပါတစ်ခုတည်ဆောက်နိုင်ဖို့ ကြိုးစားရမယ်”
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးက တီးတိုးပြောလိုက်သည်။
“တခြားကျင့်ကြံသူတွေက လုံလောက်အောင်မသန်မာဘူးဆိုရင်တောင် ငါတို့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေက သန်မာတဲ့ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်”
“ငါတို့က ဓားနည်းစနစ်တွေမှာ သုတေသနမလုပ်မိရုံတင်ပါ”
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။
“ကြည့်ရတာ သမင်ဖြူတောင်တန်းကျောင်းတော်က ကြိုတင်ပြီး အစီအစဉ်ချထားသလိုပဲ”
“ကျောင်းတော်သားတစ်ယောက်က ဓားကိုင်ထားပြီး ဓားပျံနည်းစနစ်ကို နေ့တိုင်းလေ့ကျင့်နေမယ်ဆိုရင် ဓားဝင်္ကပါတည်ဆောက်ဖို့အတွက် အကောင်းဆုံးရွေးချယ်စရာ ဖြစ်နေမှာပဲ”
“ဒီလိုအမြင်မျိုးရှိနေတဲ့ ဆရာသခင်ဟန်မူက ဘယ်သူများလဲ သိချင်မိတယ်။ သူက အမတ်ချုပ်ကြီးဝမ်ရဲ့ ကိုယ်ပွားတစ်ခုလား”
သမင်ဖြူတောင်တန်းကျောင်းတော်၏ ဆရာသခင်ဟန်မူက ကျောင်းတော်သားများ ဓားသယ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ သူက ကဗျာကို ဓားတစ်လက်အဖြစ်အသွင်ပြောင်းပြီး လောကတွင်ရှိနေသော ကျောင်းတော်သားများအတွက် လမ်းဖောက်ပေးခဲ့သည်။
ယခု တွေးကြည့်လိုက်လျှင် ပါရမီရှင်တစ်ယောက်ပင်ဖြစ်သည်။
ထိုသို့မဟုတ်လျှင် တာအိုပြိုင်ပွဲ၌ ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများသည် တိုက်ခိုက်နိုင်စွမ်းကို ထုတ်ပြနိုင်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ရှုံးနိမ့်သွားရလိမ့်မည်။
အနာဂတ်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျောင်းတော်သားများအားလုံးသည် ဓားနည်းစနစ်ကို လေ့ကျင့်သင့်သည်။
ဆရာသခင်ဟန်မူသည် အမှန်တကယ်ပင် လူသားအင်မော်တယ်တစ်ယောက် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုမဟာကျင့်ကြံသူသည် သမင်ဖြူတောင်တန်းကျောင်းတော်ကို တည်ထောင်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ဆရာသခင်ဟန်မူကို မည်သူမှ မသိကြပေ။
သို့သော် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ထိုကိစ္စနှင့်ပတ်သတ်၍ နားလည်မှုရှိစွာ လျစ်လျူရှုထားခဲ့သည်။
ထိုအရာသည် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကြားတွင် စည်းကမ်းတစ်ခုဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မဟာကျင့်ကြံသူအများအပြားသည် နှလုံးသားကို သန့်စင်ရန်အတွက် လူသားလောကတွင် နေထိုင်ကြသည်။
ဥပမာအနေဖြင့် အမတ်ချုပ်ကြီးဝမ်သည် ကျောင်းတော်သားတစ်ယောက်အဖြစ် မြေခွေးကလန်၏သူတော်စင်မနှင့်အတူ လောကတွင် လှည့်ပတ်သွားလာခဲ့ဖူးသည်။
ထိုကိစ္စများကို နက်ရှိုင်းစွာတူးဖော်ရန် မသင့်ပေ။
ထို့ကြောင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက် ရုတ်တရက်ပေါ်လာသောဖြစ်ရပ်ကို စုံစမ်းသောလူများ မရှိခဲ့ပေ။
ဆရာမူယဲ့သည်လည်း ထိုသို့ပင်ဖြစ်သည်။
သူက အမတ်ချုပ်ကြီးဝမ်၊ မှူးမတ်ဝူတို့နှင့် ထူးခြားသောဆက်ဆံရေးရှိလိမ့်မည်ဟု လူအများက ခန့်မှန်းထားကြသည်။
သူက ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏ တရားမဝင်သားလည်း ဖြစ်နိုင်သည်။
မည်သူမှ သေချာပေါက် မပြောနိုင်ပေ။
မူယဲ့က ရေစီးကြောင်းအတိုင်း ဆန်တက်၍ နန်းမြို့တော်သို့ ရောက်လာသည်။
မှူးမတ်ဝူသည် အရှေ့ပင်လယ်၏ မျိုးဆက်တစ်ယောက်ဖြစ်သည်။
ထို့အပြင် မူယဲ့က ဆိုင်ဖွင့်ခဲ့သောအချိန်တွင် အမတ်ချုပ်ကြီးဝမ်ကိုယ်တိုင် ရောက်လာခဲ့သည်။ ထိုအပြုအမူသည် အနည်းငယ်ထူးခြားနေသည်။
အမတ်ချုပ်ကြီးဝမ်က ထိုကိစ္စမျိုးကို တစ်ခါမှ မလုပ်ဘူးပေ။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအုပ်စုသည် သမင်ဖြူတောင်တန်းကျောင်းတော်အကြောင်း သုံးသပ်နေကြသည်။ သို့သော် ဟန်မူယဲ့က စကားမပြောချင်ပေ။
သူက လက်မြှောက်လိုက်ပြီး ပြောသည်။
“အကြီးအကဲတို့ မူယဲ့က အရင်ဆုံး သွားပါတော့မယ်”
ကျောက်စိမ်းသက်တံကြယ်ပေါ်တွင် အာခီမီကျင့်ကြံသူများ အများအပြားရှိသည်။ အာခီမီကျင့်ကြံသူတစ်ယောက် ဒဏ်ရာရသွားလျှင်ပင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က သူတို့၏နှုတ်ဆက်စကားကို စောင့်မနေတော့ဘဲ သက်တံတစ်စင်းအဖြစ် ပျံထွက်သွားသည်။
သူ့နောက်ကျောတွင် တောင်ပံတစ်စုံပေါ်လာသည်။
ယခင်က ခန္ဓာကိုယ်အားနည်းသောကြောင့် ကောင်းကင်ကြိုးကြာတောင်ပံများကို အစွမ်းကုန်ထုတ်မသုံးနိုင်ခဲ့ပေ။ ယခုအချိန်တွင် သူက အစွမ်းကုန်ထုတ်သုံးပြီး လေဟာနယ်ကို ထိုးခွဲသွားခဲ့သည်။
“ကောင်းလိုက်တဲ့အကွက်ပဲ”
“ငါက အဲဒီရတနာမျိုးကို မြင်ဖူးသလားလို့”
ကျောင်းတော်သားအချို့က မျက်မှောင်ကြုတ်ပြီး လေဟာနယ်အားထိုးခွဲ၍ ထွက်သွားသော ဟန်မူယဲ့ကို ကြည့်နေသည်။
“အားလုံးပဲ ငါလည်း သွားတော့မယ်”
ဟွမ်တင်းရှုက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး နတ်ဘုရားစစ်တပ်ကိုဦးဆောင်၍ ကျောက်စိမ်းသက်တံကြယ်ဆီသို့ ထွက်သွားသည်။
တခြားကွန်ဖြူးရှပ်ပညာရှင်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ထွက်သွားသည်။
တာအိုပြိုင်ပွဲစတင်နေပြီဖြစ်သောကြောင့် သူတို့က အလုပ်များနေသည်။
လုယွီကျိုးက ရှေ့သို့ကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။
“ကျင့်ကြံခြင်းနဲ့ စားသောက်တာကိုပဲလုပ်ပြီး လျှောက်ကစားနေလို့မရဘူးလား။ ဘာဖြစ်လို့ သေသည်အထိ တိုက်ခိုက်ရတာလဲ ....”
“နှမြောစရာပဲ။ ငါ့ကိုမျက်စိကျနေတဲ့ အပျော်မယ်တွေ အများကြီးရှိတယ်။ ငါက ခဏလောက်တော့ ပြန်သွားနိုင်အုံးမှာမဟုတ်ဘူး”
“ငါပြန်သွားနိုင်တဲ့အချိန်ကျရင် သူတို့က အိမ်ထောင်ကျပြီး အိုမင်းနေလောက်ပြီ”
....
ဟန်မူယဲ့က ကောင်းကင်ကြိုးကြာတောင်ပံ၏စွမ်းအားများဖြင့် လေဟာနယ်အတားအဆီးကိုချိုးဖောက်ပြီး ပျံသန်းနေသည်။ သူက ရှေ့တွင် လင်းလက်သွားသော အလင်းစီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။
ဤအမြန်နှုန်းကြောင့် သူက အချိန်မြစ်ကို ထိန်းချုပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် အချိန်စွမ်းအားသည် ပြန်လည်မွေးဖွားခြင်းစွမ်းအားထက် ပိုမိုဆန်းကြယ်သည်။ သူက ထိုစွမ်းအားကို ယခုအချိန်တွင် နားမလည်နိုင်သေးပေ။
သူက အလွန်လျင်မြန်ပြီး အားကောင်းသောကျင့်ကြံသူတစ်ယောက်နှင့် ကြုံတွေ့ခဲ့ရလျှင်ပင် ဖျတ်ခနဲ ပျံသန်းသွားခဲ့သည်။
“ဘုန်း”
သူ့ရှေ့တွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရသည်။
စိမ်းလန်းနေသော ကြယ်တစ်လုံး၏အပြင်ဘက်တွင် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက အစွမ်းကုန်တိုက်ခိုက်နေသည်။
ကျောက်စိမ်းသက်တံကြယ် ....
ယုဟုန်ကျီထွက်သွားသောကြောင့် ကျောက်စိမ်းသက်တံကြယ်၏မဟာတာအိုသည် ပြီးပြည့်စုံမှုမရှိတော့ပေ။ ခုခံနိုင်စွမ်းလည်း အားနည်းနေသည်။
ယခုအချိန်တွင် မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် ကြယ်ကောင်းကင်သည် တုန်ခါနေသည်။
ကောင်းကင်ထက်တွင် ကျင့်ကြံသူများက ထိတ်လန့်စွာရှိနေပြီး လမ်းပျောက်နေသည်။
အာခီမီကျင့်ကြံသူအများစုသည် တိုက်ခိုက်နိုင်စွမ်းမကောင်းပေ။
“သတ်”
နောက်ကျောတွင်ရှိနေသောတောင်ပံများ ပြန့်ကားလာသည်။ ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားက အသန်မာဆုံးကျင့်ကြံသူတစ်ဦးကို ခုတ်ချလိုက်သည်။
ကောင်းကင်ဘုံ ဝိညာဉ်သူငယ် အဌမအဆင့် ....
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများသည် ဤနေရာသို့ ကိုယ်တိုင်ရောက်လာမည်မဟုတ်ပေ။ သူတို့က ကြယ်တစ်စင်းလုံးကို သိမ်းပိုက်ပြီးသောအချိန်မှ ရောက်လာလိမ့်မည်။
ယခုအချိန်တွင် ဝိညာဉ်သူငယ်အဆင့်သည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
ပြန်လည်မွေးဖွားခြင်းနှင့် ကံကြမ္မာအဆင့်များသည် တာအိုအတွက်တိုက်ခိုက်နေသောအချိန်တွင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများသည် ဝိညာဉ်ကိုယ်ခွဲအဆင့်ဖြစ်သည်။
ဝိညာဉ်သူငယ် အဌမအဆင့်ကျင့်ကြံသူတစ်ဦးသည် ကမ္ဘာတစ်ခုကို ဖိနှိပ်နိုင်သော ကျွမ်းကျင်သူဖြစ်သည်။
“ဟမ့်၊ ဓားကျင့်ကြံသူတစ်ယောက်ပဲ”
ဟန်မူယဲ့၏ဓားအလင်း ရောက်လာသောအခါတွင် ဝိညာဉ်သူငယ်အဌမအဆင့်ကျင့်ကြံသူက အေးစက်စွာနှာမှုတ်လိုက်သည်။ သူက လက်မြှောက်လိုက်သောအခါတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းသည် ပိုက်ကွန်တစ်ခုအဖြစ်ပြောင်းလဲ၍ ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။
ပိုက်ကွန်ထဲတွင် ဓားသွားများအဖြစ်ပြောင်းလဲသွားသော လေပြင်းများလည်း ရှိနေသည်။
ထိုပိုက်ကွန်ထဲသို့ ကျရောက်သွားလျှင် သေဆုံးရလိမ့်မည်။
တာအိုပြိုင်ပွဲတွင် လူတစ်ယောက်သေဆုံးသွားခဲ့လျှင် ဝိညာဉ်ပျက်စီးသွားပြီး ပြန်လည်မွေးဖွားနိုင်မည်မဟုတ်ပေ။
နတ်ဘုရားအမည်စာရင်းတွင်ရှိနေသော နတ်ဘုရားတစ်ယောက်ဆိုလျှင် ပြန်လည်ရှင်သန်လာနိုင်သည်။
ဟန်မူယဲ့၏ဓားသည် ပိုက်ကွန်ကို ဖြတ်သန်းသွားပြီး ပျံထွက်လာသည်။ သူက ရှေ့တွင်ရှိသောကျင့်ကြံသူကို ရှောင်တိမ်းလိုက်ပြီး ကျောက်စိမ်းသက်တံကြယ်၏ အကာအကွယ်အလင်းလွှာပေါ်တွင် ရပ်တန့်လိုက်သည်။
သူ့ခန္ဓာကိုယ်တွင်ရှိနေသော အငွေ့အသက်များအားလုံးသည် ဖြည်းဖြည်းချင်း စုစည်းလာသည်။
သူ၏ အာခီမီတာအိုကျင့်ကြံခြင်းစွမ်းအားသည် ကျောက်စိမ်းသက်တံကြယ်၏ ကောင်းကင်တာအိုနှင့် ဆက်သွယ်နေသည်။ သစ်သားဓာတ်လိုက်ဖက်ညီမှုစွမ်းအားသည် အပင်များနှင့် ရောယှက်သွားပြီး ထိတ်လန့်နေသော ကောင်းကင်တာအိုကို နှစ်သိမ့်ပေးလိုက်သည်။
ယုဟုန်ကျီထွက်သွားသောအချိန်တွင် ကောင်းကင်တာအိုစွမ်းအားသည် အလွန်အားလျော့သွားသည်။ ယခုအချိန်တွင် ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသောကြောင့် ခုခံရန် အလွန်ခက်ခဲနေသည်။
ကျောက်စိမ်းသက်တံကြယ်၏ ကောင်းကင်တာအိုသည် ပြောင်းလဲသွားပြီး ကြယ်တစ်စင်းလုံးအပေါ်တွင်ရှိသော ချီစွမ်းအင်နှင့် ကျင့်ကြံခြင်းအခြေအနေသည် သက်ရောက်ခံလိုက်ရသည်။
ထိုအရာသည် မကောင်းပေ။
ကျောက်စိမ်းသက်တံကြယ်သည် တခြားကြယ်များမယှဉ်နိုင်သော နူးညံ့သည့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များကို မွေးထုတ်ပေးသည်။
ဤနေရာသည် အာခီမီအတွက် တော်ဝင်နယ်မြေတစ်ခုဖြစ်သည်။ ဟ
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဓားမြှောက်သည်။
ထိုအချိန်၌ မျက်နှာချင်းဆိုင်တွင်ရှိနေသော ဝိညာဉ်သူငယ်အဌမအဆင့်ကျင့်ကြံသူ၏မျက်နှာထားသည် လေးနက်နေခဲ့သည်။
သူက ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်ဖူးသည်။
ကောင်းကင်အဆင့် ဓားကျင့်ကြံသူကိုပင် သတ်ဖြတ်ခဲ့ဖူးသည်။
သူ့ရှေ့တွင်ရှိနေသော ဓားကျင့်ကြံသူသည် သူသတ်ဖြတ်ခဲ့သော ကောင်းကင်အဆင့်ဓားကျင့်ကြံသူထက် အားမနည်းကြောင်း ခံစားနေရသည်။
“ကောင်လေး၊ ဒီကြယ်ပေါ်မှာ မရေမတွက်နိုင်လောက်တဲ့ ဝိညာဉ်ဆေးပင်တွေရှိတယ်။ မင်းကို ဝေစုတစ်ခုပေးမယ်”
“ငါ စုမင်ရှန်က ဝိညာဉ်ကိုယ်ခွဲအဆင့်ကိုတက်ရောက်နိုင်ဖို့ အခွင့်အရေးရှာချင်တဲ့အတွက် ကောင်းကင်တိမ်တိုက်ကမ္ဘာကနေ ဒီတာအိုပြိုင်ပွဲကို ရောက်လာခဲ့တယ်”
မျက်နှာချင်းဆိုင်တွင်ရှိနေသောကျင့်ကြံသူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
ကောင်းကင်တိမ်တိုက်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် အလွန်ကွာဝေးသည်။
ဟန်မူယဲ့က တခြားကျင့်ကြံသူများကို လှည့်ကြည့်သည်။
ကျင့်ကြံသူအများစုသည် အဆင့်တက်ရန် အခွင့်အရေးရှာချင်သောကြောင့် ပြင်ပဘုံမှတစ်ဆင့် ဤနေရာသို့ ရောက်လာခဲ့သည်။
စစ်ပွဲသည် ကျင့်ကြံသူများအတွက် အကျိုးအမြတ်အများဆုံးဖြစ်သည်။ တာအိုပြိုင်ပွဲကြောင့်သာမဟုတ်လျှင် ကျောက်စိမ်းသက်တံနယ်မြေကဲ့သို့ အာခီမီကမ္ဘာတစ်ခုကို မည်သူမှ ထိရဲမည်မဟုတ်ပေ။
ထိုအာခီမီကြယ်များသည် သူတော်စင်အဆင့်ကျင့်ကြံသူများ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်သည်။
“မင်းတို့က နေရာမှားပြီးရောက်လာတယ်လို့ ငါထင်တယ်”
ဟန်မူယဲ့က ဂရုမစိုက်သောမျက်နှာထားဖြင့် ဓားမြှောက်သည်။
“ကျောက်စိမ်းသက်တံနယ်မြေက ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ သက်ဆိုင်တယ်”
ကောင်းကင်အံ့ဖွယ်ကမ္ဘာ ....
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် စုမင်ရှန်၏မျက်နှာထားက ရှုံ့တွသွားပြီး ပြုံးလိုက်သည်။
တခြားကျင့်ကြံသူများ၏မျက်နှာထားကလည်း ပြောင်းလဲသွားသည်။
“ကောင်းပြီ။ ငါက အင်မော်တယ်ဝိညာဉ်ကမ္ဘာကိုသွားပြီး ပူးပေါင်းဖို့အတွက် ကမ်းလှမ်းစရာမရှိဘူးဖြစ်နေတယ်။ ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူတစ်ယောက်ကို ပြလိုက်ရတာပေါ့”
စုမင်ရှန်က ရယ်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ ပိုက်ကွန်က ထပ်မံပေါ်ထွက်လာသည်။
“ဒီရတနာကို မီးခိုးတိမ်တိုက်ပိုက်ကွန်လို့ ခေါ်တယ်။ ဒါက မင်းလိုမျိုး ဓားကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့အတွက် အထူးထုတ်လုပ်ထားတာ။ ငါတို့ ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ အတော်လေး အသုံးများတယ်”
ပိုက်ကွန်က ဖြန့်ထွက်လာပြီး ပေတစ်ထောင်ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။ ဟန်မူယဲ့၏ခေါင်းတွင် လေပြင်းများသွယ်ယှက်နေပြီး ကျဆင်းလာသည်။
ပိုက်ကွန်သည် နေရာကျယ်တစ်ခုကို လွှမ်းမိုးထားပြီး ဓားကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းနှင့် ပတ်ဝန်းကျင်ကို ကန့်သတ်လိုက်သည်။
စုမင်ရှန်ပြောခဲ့သည့်အတိုင်း ထိုရတနာသည် ဓားကျင့်ကြံသူများနှင့်ရင်ဆိုင်ရာတွင် အလွန်အသုံးဝင်သည်။
ဟန်မူယဲ့က နီးကပ်လာသော မီးခိုးတိမ်တိုက်ပိုက်ကွန်ကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲမသွားပေ။ သူ့ဘယ်ဘက်လက်တွင် ရွှေရောင်ဓားတိုတစ်ချောင်း ပေါ်လာသည်။
ဓားတိုပေါ်လာသောအချိန်တွင် စုမင်ရှန်၏မျက်နှာထားက အသည်းအသန် ပြောင်းလဲသွားသည်။
သူက လက်မြှောက်လိုက်ပြီး ရွှေရောင်အဆောင်လက်ဖွဲ့သုံးခုကို ရှေ့တွင်ချ၍ လျင်မြန်စွာနောက်ဆုတ်သည်။
သူက ဓားကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင် အလွန်အတွေ့အကြုံများပုံပေါ်သည်။
သို့သော် သူ့ရှေ့တွင်ရှိနေသောလူသည် ဓားတာအို၏ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
ရွှေရောင်ဓားတိုသည် အလင်းကွေးတစ်ခုနှင့်အတူ မီးခိုးတိမ်တိုက်ပိုက်ကွန်ကိုဖြတ်သန်း၍ ပျံသန်းလာသည်။ ထိုဓားသည် အဆောင်လက်ဖွဲ့သုံးခုကို ရှောင်တိမ်းလိုက်ပြီး စုမင်ရှန်၏နောက်ကျောတွင် ပေါ်လာသည်။
ကောင်းကင်စက်ဝန်းဓားနည်းစနစ်၊ လေဟာနယ်ပုန်းကွယ်ခြင်း ....
ထိုမြင်ကွင်းကြောင့် တခြားကျင့်ကြံသူများက မျက်လုံးပြူးသွားကြသည်။
သူတို့၏ရှေ့တွင်ရှိနေသော ဓားကျင့်ကြံသူသည် ထူးဆန်းသောနည်းစနစ်များကို တတ်မြောက်ထားသည်။
ဓားသည် စုမင်ရှန်၏နောက်ကျောဘက်သို့ အလွန်လျင်မြန်စွာ တိုးဝင်လာသည်။
စုမင်ရှန်၏မျက်နှာထားက လေးနက်နေပြီး ကျောက်စိမ်းပေတံတစ်ခုကိုထုတ်ယူ၍ ရက်စက်စွာ နောက်ပြန်ရိုက်ချသည်။
“ဝှစ် ....”
တိုက်ခိုက်မှု လွဲချော်သွားခဲ့သည်။
သူ့မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
ရွှေရောင်ဓားတိုသည် သူ့ရှေ့ သုံးပေအကွာတွင် လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေသည်။
‘ဘယ်လိုဓားကျင့်ကြံသူမျိုးက ဓားကို ဒီလိုမျိုး အသေးစိတ်ကျအောင် ထိန်းချုပ်နိုင်ရတာလဲ’
‘ငါသတ်ခဲ့တဲ့ ကောင်းကင်အဆင့်ဓားကျင့်ကြံသူကတောင် ဒီလိုမျိုး မလုပ်နိုင်ဘူးမဟုတ်လား’
“ရွှပ် ....”
ရွှေရောင်ဓားတိုသည် စုမင်ရှန်၏လည်ပင်းကို ရှပ်ထိသွားပြီး သွေးများထွက်လာစေသည်။
စုမင်ရှန်၏ခန္ဓာကိုယ်ပေါ်တွင် အဆုံးမရှိသောချီစွမ်းအင်အလင်းများ လှုပ်ရှားလာပြီး အစွမ်းကုန်သုံး၍ ဒဏ်ရာကို ဖိနှိပ်လိုက်သည်။