အခန်း (၅၅၆)
Vol. 40 Ch. 556
ခန္ဓာကိုယ်မှထွက်သွားသော ဝိညာဉ်ကို စွမ်းအားတိုးစေနိုင်သောသစ်သီးသည် ရှားပါးရတနာတစ်ခုဖြစ်သည်။
ဟန်မူယဲ့က ပျော်ရွှင်နေပြီး သစ်သီးကို လှမ်းယူသည်။ သူက သစ်သီးပေါ်တွင်ရှိနေသော ရွှေရောင်အင်းကွက်များကိုကြည့်လိုက်သည်။
သူ့လက်ထဲတွင်ရှိသော နွေးထွေးနေသည့်သစ်သီးသည် ဆေးစွမ်းအားများကို ထုတ်လွှတ်နေသည်။
ပစ္စည်းကောင်းပင်ဖြစ်သည်။
“ဝေါင်း ....”
နွားသိုးမိစ္ဆာ၏ရှေ့တွင်ရှိသော သစ်ရွက်များ ပျောက်ကွယ်သွားသည်။ သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဝိညာဉ်သစ်သီးကို မြင်လိုက်ရသည်။
နွားသိုးမိစ္ဆာက ဝိညာဉ်သစ်သီး၏ဆေးစွမ်းအားကို ခံစားနိုင်သည့်အလား ဟန်မူယဲ့နှင့်ကျင်းခွန်းဆီသို့ ပြေးဝင်လာသည်။
သူတို့ကြားတွင် ရေစီးကြောင်းစွမ်းအားတစ်ခု ပေါ်ထွက်လာပြီး အဆုံးမဲ့ပင်လယ်၏ ရေဓာတ်စွမ်းအားများ ဖိနှိပ်လာသည်။
ထိုမဟာမိစ္ဆာသည် ရေဓာတ်မျိုးဆက်မှော်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က သစ်သီးကိုသိမ်းလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။ ထို့နောက် သူက လက်ထဲတွင်ရှိသောဓားကို မြှောက်လိုက်သည်။
သူ့မျက်လုံးများက နတ်ဘုရားအလင်းဖြင့် တောက်ပနေပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရေခိုးရေငွေ့များ ရှိနေသည်။
“မြစ်နဲ့ဆည်းဆာ၊ ရေနဲ့ကောင်းကင်။ ငါ့လက်ထဲမှာရှိတဲ့ဓားက ပေါ်ထွက်လာပြီး ငါ့နှလုံးသားထဲမှာရှိတဲ့ဓားက လွတ်မြောက်သွားတယ်”
“ငါက စိတ်အေးချမ်းမှုကိုပဲ လိုချင်တယ်”
“ရေဓာတ်မျိုးဆက်ရဲ့ ဒုတိယမြောက်ဓားနည်းစနစ်၊ စိတ်အေးချမ်းခြင်း”
“ဝီ”
သူ့စကားသံ အဆုံးသတ်သွားသောအချိန်၌ ဘယ်ဘက်လက်တွင်ရှိသောဓားက မြားတစ်စင်းအသွင်ပြောင်း၍ ရေလှိုင်းများကို ထိုးဖောက်သွားသည်။ ထိုဓားသည် နွားသိုးမိစ္ဆာ၏ခေါင်းပေါ်တွင် လှုပ်ရှားနေပြီး ဦးချိုအများအပြားကို ဖြတ်တောက်လိုက်သည်။
နွားသိုးက ထိတ်လန့်စွာဟိန်းဟောက်လိုက်ပြီး ထွက်ပြေးချင်နေသည်။ သို့သော် ဓားအလင်းက သူ့ကို အဆက်မပြတ် ဖိနှိပ်ထားသည်။
အသက်ရှူကြိမ်တစ်ရာခန့်အကြာတွင် မိုင်တစ်ရာအကွာ၌ ရေအလင်းနှင့်သွေးချီများ ပေါ်ထွက်လာသည်။
မဟာမိစ္ဆာတစ်ကောင် ကျဆုံးသွားခဲ့သည်။
ထက်မြိသော သတ်ဖြတ်လိုစိတ်များနှင့် ခရမ်းရောင်ဓားတစ်လက် ပြန်ရောက်လာသည်။
“ကောင်းတယ်။ ကောင်းလိုက်တဲ့ ဓားနည်းစနစ်ပဲ ....”
ကျင်းခွန်းက ဓားကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
သူက ထိုဓားနည်းစနစ်မျိုးကို တစ်ခါမှမမြင်ဘူးချေ။
ဟန်မူယဲ့က ခရမ်းရောင်မီးတောက်ဓားကို ကိုင်ထားပြီး ဝိညာဉ်စွမ်းအားတစ်ခုကို ခံစားမိသည်။ သူ့အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
ခရမ်းရောင်မီးတောက်ဓားသည် အသက်ဝင်လာခဲ့သည်။
ထို့အပြင် မရေမတွက်နိုင်အောင်စုစည်းပြီး ဖန်တီးနိုင်ခဲ့သော ဓားနည်းစနစ်နှစ်ခုကြောင့် သူက ပိုမိုပျော်ရွှင်နေသည်။
တစ်ခုသည် ရေပြင်ညီလှေဖြစ်ပြီး နောက်တစ်ခုသည် စိတ်အေးချမ်းခြင်းဖြစ်သည်။
ရေဓာတ်ဓားနည်းစနစ်နှစ်ခု ဖြစ်သည်။ ပထမဓားကွက်သည် ထောင်ချီနေသောရေလှိုင်းများကို ဖန်တီးနိုင်သည်။ ထိုဓားကွက်သည် ရေပေါ်တွင်ရှိနေသော လှေတစ်စင်းနှင့်တူပြီး ဒုတိယဓားကွက်သည် ထောင်ချီသောရေလှိုင်းများကိုထိုးဖောက်၍ ရန်သူကို သတ်ဖြတ်နိုင်သည်။
ထိုဓားကွက်နှစ်ခုသည် သူလေ့ကျင့်ခဲ့သော ရေဓာတ်မျိုးဆက်ဓားနည်းစနစ်အမျိုးမျိုးမှ ဆင်းသက်လာသည်။ ထို့အပြင် သူ၏ ဓားတာအိုကိုယ်ပိုင်နားလည်မှုလည်း ပါဝင်နေသည်။
ယခုအချိန်မှစ၍ ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားသည် ကိုယ်ပိုင်တာအိုကို ပိုင်ဆိုင်သွားသည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး သွေးချီများနှင့်ဖုံးလွှမ်းနေသော ကျင်းခွန်းကို မြင်ရသည်။ သူက ခပ်ဟဟရယ်လိုက်ပြီး မနှောင့်ယှက်တော့ဘဲ အဆုံးမဲ့ပင်လယ်ထဲသို့ ပျံသန်းသွားသည်။ ထို့နောက် ရေလှိုင်းများကိုစီးနင်း၍ သူသတ်ဖြတ်ခဲ့သော မိစ္ဆာများ၏ အရိုး၊ သားမွေးနှင့် ကြေးခွံများကို စုဆောင်းနေသည်။
အနာဂတ်တွင် ကမ္ဘာနှစ်ခု၏တိုက်ပွဲသည် အရင်းအမြစ်များအပေါ်တွင် မှီခိုရလိမ့်မည်။ ထိုပစ္စည်းများကို စုဆောင်းထားရမည်။
သူက ပစ္စည်းများကို စုစည်းပြီးသောအခါတွင် ကျင်းခွန်းက ကျင့်ကြံခြင်းပြီးဆုံးသွားပြီး သူ့ကို စောင့်နေသည်။
“တာအိုရောင်းရင်းကျင်းခွန်း၊ မင်းနဲ့မျိုးနွယ်တူတွေကို ကယ်တင်ဖို့ စိတ်ဝင်စားလား”
ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်၏ အဝေးတစ်နေရာတွင် လွင့်မျောနေသော ချီစွမ်းအင်အလင်းကို ညွှန်ပြလိုက်ပြီး ညင်သာစွာမေးသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျင်းခွန်းက စိတ်လှုပ်ရှားသွားသည်။
သစ်ပင်မိစ္ဆာကလန်သည် ငြိမ်းချမ်းမှုကို တန်ဖိုးထားပြီး သတ်ဖြတ်မှုများ သိပ်မပြုလုပ်ပေ။ သူတို့က ကလန်သားအချင်းချင်းလည်း ရင်းနှီးကြသည်။
ဤတစ်ကြိမ်တွင် သူတို့၏ကြယ်တစ်စင်းလုံးသည် အဆုံးမဲ့ပင်လယ်အတွင်းသို့ နစ်မြုပ်သွားသည်။ မရေမတွက်နိုင်သော ကလန်သားများသည် ပြင်ပဘုံကျင့်ကြံသူနှင့် မိစ္ဆာသားရဲများ၏ဝါးမြိုခြင်းကို ခံခဲ့ရသည်။
ကျင်းခွန်းက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ကလန်သားအချို့နှင့်သာ ထွက်ပြေးလာနိုင်သည်။ ကလန်သားအများစုသည် အကူအညီမဲ့စွာ သတ်ဖြတ်ခံလိုက်ရသည်။
သူက ထိုနာကျင်မှုကို မဖြေဖျောက်နိုင်ပေ။
“ကျေးဇူးပါတာအိုရောင်းရင်း”
ကျင်းခွန်က စကားပြောလိုက်ပြီး ခေါင်းပေါ်တွင် ပန်းတစ်ပွင့် ထပ်မံပွင့်လန်းလာသည်။
“မင်းက ငါတို့ကလန်သားတွေကို ကူညီပြီး ကယ်တင်ပေးမယ်ဆိုရင် ငါက နှစ်တစ်သောင်းကျင့်ကြံခြင်းကိုစတေးပြီး နောက်ထပ် အလင်းကျောက်စိမ်းသစ်သီးကို ဖန်တီးပေးပါ့မယ်”
အလင်းကျောက်စိမ်းသစ်သီးတစ်လုံးသည် နှစ်တစ်သောင်းကျင့်ကြံခြင်းကို လိုအပ်သည်။
ထိုအရာသည် ကျင်းခွန်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်။
“ဟီးဟီး၊ ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ကျင့်ကြံသူ မူယဲ့ပါ။ အခု ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက တိုက်ခိုက်နေတယ်ဆိုတော့ ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ သက်ဆိုင်တဲ့လူတွေကို ကယ်တင်ပေးရမှာပေါ့”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ညင်သာစွာပြောသည်။
ကျင်းခွန်းက သက်ပြင်းချလိုက်ပြီး ဦးညွှတ်ပြန်သည်။
ဟန်မူယဲ့နှင့်ကျင်းခွန်းက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပျံသန်းသွားသည်။
မိုင်ထောင်ချီအကွာတွင် မရေမတွက်နိုင်လောက်သော မိစ္ဆာသားရဲများ ပြေးဝင်လာသည်။
ကျင်းခွန်က မှော်စွမ်းရည်ကို အသက်သွင်းတော့မည့်အချိန်တွင် ဟန်မူယဲ့က ဓားအလင်းအဖြစ်ပြောင်းလဲပြီး ခုတ်ချလိုက်သည်။
“ဘုန်း”
ဓားချက်ကြောင့် ရေပြင်၏ဆယ်မိုင်သည် အက်ကွဲသွားသည်။
မရေမတွက်နိုင်လောက်သောရေမိစ္ဆာများ သေဆုံးသွားပြီး ရေပြင်ကို နီရဲလာစေသည်။
ထိုဓားချက်သည် ရေထဲတွင်ရှိသော မိစ္ဆာသားရဲများကို ဒေါသထွက်သွားစေပုံပေါ်သည်။ သူတို့က နောက်မဆုတ်ဘဲ ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။
ဟန်မူယဲ့က အစိမ်းရောင်ကံကြမ္မာဓားနှင့် ခရမ်းရောင်မီးတောက်ဓားကို ကိုင်ထားပြီး လေထုထဲတွင် ရပ်နေသည်။ သူ့ညာဘက်လက်တွင် ဓားရှည်တစ်ချောင်းရှိပြီး ဘယ်ဘက်လက်တွင် ဓားတိုတစ်ချောင်းရှိသည်။
သူက ဓားနှစ်လက်ကို သွယ်ယှက်လိုက်ပြီး လှုပ်ရှားသည်။
သူက ခြေတစ်လှမ်းတိုးလိုက်ပြီး မုတ်ဆိတ်ရှည်များနှင့် ပေသုံးဆယ်ရှည်လျားသောမိစ္ဆာတစ်ကောင်၏ရှေ့တွင် ပေါ်လာသည်။ ထိုမိစ္ဆာက ချွန်ထက်သောသွားများကို ဖော်ပြလိုက်ပြီး ကိုက်ချသည်။ မိစ္ဆာ၏ ရှေ့သွားနှစ်ချောင်းသည် ဟန်မူယဲ့၏ဦးခေါင်းကို ဦးတည်ထားသည်။
သို့သော် ဟန်မူယဲ့၏ဓားအလင်းနှင့်ယှဉ်လိုက်လျှင် မိစ္ဆာ၏လှုပ်ရှားမှုများသည် အလွန်နှေးကွေးနေသည်။
အစိမ်းရောင်ကံကြမ္မာဓားသည် မိစ္ဆာ၏အောက်မေးရိုးကို ထိုးဖောက်ပြီး ဦးခေါင်းခွံထဲသို့ တိုးဝင်သွားသည်။
ခရမ်းရောင်မီးတောက်ဓားသည် ရေပြင်ညီအတိုင်း ခုတ်ချလိုက်ပြီး မိစ္ဆာသားရဲ၏လက်သည်းတွင်ရှိသော အကြောများကို ဖြတ်တောက်လိုက်သည်။
မိစ္ဆာ၏သွေးများ ပန်းထွက်လာသောအခါတွင် ဟန်မူယဲ့က တစ်ဖက်သို့လှည့်၍ ဓားနှစ်လက်ဖြင့် တခြားမိစ္ဆာတစ်ကောင်၏လက်သည်းများကို ခုခံသည်။ ထို့နောက် သူက ဘယ်ဘက်လက်ကိုမြှောက်ပြီး ထိုးချလိုက်သည်။
ဓားဦးသည် မိစ္ဆာသားရဲ၏နှလုံးသားကို တိကျစွာထိုးဖောက်သွားသည်။
သူက ဓားများကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။
တတိယမြောက်ဓားချက်သည် ထောင့်ဖြတ်အတိုင်း ကျဆင်းလာပြီး ယခုလေးတင်ပေါ်လာသော ရွှေအမြုတေအဆင့်မိစ္ဆာ၏ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
ဟန်မူယဲ့က မဟာမိစ္ဆာတစ်ကောင်၏ဦးခေါင်းပေါ်တွင် ရပ်နေသည်။ နတ်ဘုရားသားရဲစွမ်းအား၏ ဖိအားများကြောင့် မဟာမိစ္ဆာ၏ဦးခေါင်းသည် ချက်ချင်းပျက်စီးသွားသည်။
“ဘုန်း”
မဟာမိစ္ဆာသည် ရေထဲသို့ ပြုတ်ကျသွားပြီး ရေမျက်နှာပြင်ပေါ်တွင် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ ဟန်မူယဲ့က မဟာမိစ္ဆာ၏ဦးခေါင်းပေါ်တွင် မတ်တပ်ရပ်နေသည်။ သူ့လက်ထဲတွင်ရှိသောဓားအလင်းသည် လှုပ်ရှားသွားပြီး အဝေးတစ်နေရာသို့ ပျံသန်းသွားသည်။
သတ် ....
သူ့ဓားကွက်များသည် အလွန်ရိုးရှင်းသည်။ ဓားနှစ်လက်သည် ပူးပေါင်းထားပြီး ရန်သူများကို သစ်ဆွေးများကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်သွားသည်။
သူက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် မိစ္ဆာနှစ်ကောင်၏အလောင်းများသည် ဗွမ်းခနဲ ထပ်မံပြုတ်ကျလာသည်။
“အားကောင်းလိုက်တဲ့ဓားကျင့်ကြံသူပဲ ....”
ကျင်းခွန်းက နေရာတွင်ရှိနေပြီး ထုံထိုင်းနေသောမျက်နှာထားဖြင့် အံ့အားသင့်စွာပြောလိုက်သည်။
သူက မိစ္ဆာသားရဲများအား လွယ်ကူစွာသတ်ဖြတ်နိုင်သော ဓားကျင့်ကြံသူမျိုးကို မတွေ့ဖူးချေ။
ထိုဓားသည် မျက်လုံးပါနေပုံရသည်။
ဟန်မူယဲ့က ခြေတစ်လှမ်းနှင့်အတူ လေပြေလေညင်းကဲ့သို့ ပြေးထွက်သွားသည်။ တချို့မိစ္ဆာများက ဟိန်းဟောက်၍ သူ့ကို ကြိုဆိုလိုက်ပြီး တချို့က ပင်လယ်ရေထဲသို့ တိတ်ဆိတ်စွာ ပြန်ဆင်းသွားသည်။
ဓားအလင်းသည် ဥက္ကာခဲတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။ ဓားအလင်းနှင့်အတူ သွေးများ အမြဲပါလာသည်။
နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီကျင့်ကြံထားသော မိစ္ဆာသားရဲများ၏ ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအားများ စုစည်းလာသည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော သွေးချီနှင့် ချီစွမ်းအင်အလင်းများသည် ပိုမိုသန်မာလာသည်။
ထိုစွမ်းအားများက သူ့ဒန်ထျန်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
ဒန်ထျန်ထဲတွင်ရှိသော ဓားတာအိုရွှေအမြုတေသည် အဆုံးမရှိသောအလင်းများနှင့်အတူ တောက်ပလာသည်။
အဆင့်တက်သွားခဲ့သည်။
ချီစွမ်းအင်ကျင့်ကြံခြင်းသည် ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ရောက်သွားသည်။
ရွှေအမြုတေ သတ္တမအဆင့် ဖြစ်သည်။
ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ရောက်သွားခဲ့လျှင် ကောင်းကင်အဆင့်ကျင့်ကြံသူဖြစ်လာရန် ပြင်ဆင်ထားရမည်။
သူက ဝိညာဉ်သူငယ်အဆင့်သို့ ရောက်သွားလျှင် ဓားတာအိုရွှေအမြုတေသည် ချီပင်လယ်တွင်ရှိသော ဓားဆန္ဒဓားရှည်နှင့် ပေါင်းစပ်သွားလိမ့်မည်။ ထိုအချိန်တွင် သူ့တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းတစ်ရာကျော် တိုးမြင့်လာလိမ့်မည်။
ဟန်မူယဲ့က ခန္ဓာကိုယ်တွင်းရှိ စွမ်းအားပြောင်းလဲမှုများကို ခံစားကြည့်လိုက်ပြီး အနာဂတ်ကို မျှော်လင့်နေသည်။
တာအိုပြိုင်ပွဲသည် ကပ်ဘေးတစ်ခုဖြစ်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
သူက တာအိုဘိုးဘေးတစ်ယောက် ဖြစ်မလာချင်လျှင်ပင် အစွမ်းကုန်ကြိုးစား၍ သန်မာလာရမည်။
“ခလွမ် ....”
ဟန်မူယဲ့၏ရှေ့တွင် ဓားရှည်တစ်လက်ရှိပြီး မျက်လုံးထဲတွင် တောက်ပနေသော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။
မရေမတွက်နိုင်သောမိစ္ဆာသားရဲများသည် ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြသည်။
တစ်ရက်အတွင်း၌ ဟန်မူယဲ့နှင့်ကျင်းခွန်းတို့က ပင်လယ်ထဲသို့မြုပ်သွားသော ကြယ်များဆီမှ ထောင်ချီသော မိစ္ဆာသစ်ပင်များနှင့် မိစ္ဆာသားရဲများကို ကယ်တင်ခဲ့သည်။
ကျင်းခွန်း၏ဦးဆောင်မှုအောက်တွင် သစ်ပင်မိစ္ဆာနှင့် မိစ္ဆာသားရဲများက အချင်းချင်း ကူညီပေးကြသည်။ သူတို့က ကြယ်ပေါ်တွင်ရှိသော တွင်းထွက်သတ္တုများနှင့် ဝိညာဉ်ဆေးပင်များကိုလည်း သယ်လာကြသည်။
အဆုံးမဲ့ပင်လယ်ထဲသို့ ထိုရတနာများနစ်မြုပ်သွားလျှင် အရာအားလုံး ပြီးဆုံးသွားလိမ့်မည်။
ရတနာများလုယူရန်အတွက် ရောက်လာသော ပြင်ပဘုံကျွမ်းကျင်သူများကို ဟန်မူယဲ့က ရင်ဆိုင်လိမ့်မည်။
ဆက်တိုက်သတ်ဖြတ်မှုများကြောင့် ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားများ ထက်မြိလာသည်။
ယခုအချိန်တွင် ဝိညာဉ်သူငယ်တတိယအဆင့်၏အောက်တွင်ရှိသော ကျင့်ကြံသူများက ဟန်မူယဲ့၏ဓားတစ်ချက်ကို မခုခံနိုင်တော့ပေ။
ဝိညာဉ်သူငယ်ပဥ္စမအဆင့်နှင့်အထက်တွင်ရှိသော ကျင့်ကြံသူများကပင် ဓားချက် သုံးချက်မှ ငါးချက်ခန့်ကိုသာ တားဆီးနိုင်သည်။
ထို့အပြင် သူက ဓားပညာရပ်ကို လေ့ကျင့်ရန်အတွက် ရန်သူများနှင့် တိုက်ခိုက်သောအချိန်တွင် ဓားကွက်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။
လဝက်ကျော်အကြာတွင် ယုထုံကြယ်ပေါ်တွင်ရှိသော ချီစွမ်းအင်အလင်းများ ပျောက်ကွယ်သွားသည်။ ကောင်းကင်တာအိုကလည်း ပျက်စီးသွားခဲ့သည်။
ကြယ်တစ်စင်းလုံး ပြိုကျလာသည်။
“ဘုန်း”
ဟန်မူယဲ့က လေထုထဲတွင် ရှိနေသည်။ သူ့လက်ထဲတွင်ရှိသောဓားသည် ပေတစ်သောင်းဓားအလင်းကိုထုတ်ဖော်၍ ခုတ်ချလိုက်သည်။
ကြယ်သည် ပျက်စီးသွားပြီး တောက်ပနေသော ဝိညာဉ်ပုလဲတစ်လုံး ပျံထွက်လာသည်။
ကြယ်နှလုံးသား ....
ဟန်မူယဲ့က ဤကြယ်ပေါ်တွင်ရှိသော သက်ရှိများကို အကောင်းဆုံးကြိုးစား၍ ကယ်တင်နေသောအချိန်တွင် ကြယ်၏ မဟာတာအိုက သူနှင့် ဆက်သွယ်ခဲ့သည်။
အဆုံးမဲ့ပင်လယ်ထဲတွင် ကြယ်တစ်စင်းလုံးနစ်မြုပ်သွားလျှင် ဟန်မူယဲ့က သက်ရှိအားလုံးနှင့်အတူ ထွက်သွားလိမ့်မည်။
တစ်ချိန်တည်းတွင် သူက ယုထုံကြယ်၏နှလုံးသားကိုလည်း ယူသွားမည်။
သူက ကြယ်နှလုံးသားဖြင့် တခြားကြယ်သေတစ်စင်းကို ပြန်လည်အသက်သွင်းနိုင်သည်။
ကြယ်နှလုံးသားပေါ်လာသောအချိန်တွင် များပြားသော ချီစွမ်းအင်အလင်းနှင့် မိစ္ဆာစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
ကောင်းကင်အဆင့် ကျင့်ကြံသူများဖြစ်သည်။
ကြယ်နှလုံးသားအတွက် တိုက်ခိုက်ရန် ထိုက်တန်သည်။
သို့သော် တိုက်ပွဲတွင် သူတို့ထုတ်ဖော်လိုက်သောခွန်အားက မိုင်တစ်ထောင်ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပျက်စီးသွားစေနိုင်သည်။
ကျင်းခွန်းက စိုးရိမ်နေသောမျက်နှာထားဖြင့် မော့ကြည့်သည်။
သူ့နောက်တွင် သိန်းချီသော သစ်ပင်မိစ္ဆာနှင့် မိစ္ဆာသားရဲများ ရှိနေသည်။
သူတို့အားလုံးက ဆယ်မိုင်ခန့်ကျယ်ဝန်းသော မြက်ခင်းပြင်ပေါ်တွင် ရှိနေသည်။ မြက်ခင်းပြင်သည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း လွင့်မျောလာသည်။