← Chapters

အခန်း (၅၆၂)

Vol. 41 Ch. 562

အခန်း (၅၆၂)

Vol. 41 Ch. 562

ဓားအလင်းသည် လေဟာနယ်၏ကန့်သတ်ချက်များကို အပြည့်အဝကျော်ဖြတ်ပြီး ကျူးဝူရှစ်၏ရှေ့သို့ ရောက်လာသည်။

ဓားချက်ကျဆင်းလာ‌သောအချိန်၌ သူနှင့် ကျူးဝူရှစ်ကြားတွင်ရှိသော ပေတစ်ရာသည် အဆုံးမရှိ ကျယ်ပြန့်သွားသည်။

တည်နေရာသည် မိုင်ထောင်ချီရှည်လျားသွားပြီး အလွန်ဝေးကွာသောကြောင့် ကျူးဝူရှစ်၏လက်ထဲတွင်ရှိသောဓားသည် တုန်ခါနေပြီး ကျိုးပဲ့သွားသည်။

ကျူးဝူရှစ်၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ သူက ကျိုးပဲ့နေသောဓားဖြင့် ကြမ်းတမ်းစွာ ခုတ်ချလိုက်သည်။

သို့သော် သူက မျက်လုံးပြူးသွားသည်။

သူ့တိုက်ကွက်သည် လွဲချော်သွားခဲ့သည်။

သဏ္ဍာန်မဲ့ ....

ထိုတိုက်ခိုက်မှုသည် အစစ်အမှန်ပုံစံမရှိသောကြောင့် ခန့်မှန်းရန်ခက်ခဲသည်။

သူမြင်လိုက်ရသောဓားအလင်းသည် အစစ်အမှန်ဓားအလင်းမဟုတ်ပေ။

“ရွှပ် ....”

ဓားသွားတစ်ခုသည် ကျူးဝူရှစ်၏ညာဘက်ရင်ဘတ်ကို ထိုးဖောက်သွားပြီး နီရဲနေသောသွေးများကို ပေါ်ထွက်လာစေသည်။

သဏ္ဍာန်မဲ့ဓားသည် ကျူးဝူရှစ်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

ထိုဓားချက်သည် ကျူးဝူရှစ်၏မျက်နှာကို ဖြူဖော့သွားစေပြီး မော့ဝူရှဲ့၏နှလုံးသားကိုလည်း တုန်ခါသွားစေသည်။

ဟွမ်တင်းရှု၏မျက်နှာထားက ထူးဆန်းနေပြီး ဟန်မူယဲ့ကို လှမ်းကြည့်သည်။

ဟန်မူယဲ့၏ဓားတာအိုသည် ကွန်ဖြူးရှပ်တာအိုအောက် မနိမ့်ကျပေ။

“ဘန်း”

ကျူးဝူရှစ်က ရင်ဘတ်ကို ရိုက်ချပြီး ဓားကိုထုတ်သည်။ ထို့နောက် သူက မော့ဝူရှဲ့နှင့်ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ ထွက်ပြေးသွားသည်။

သူထွက်မပြေးလျှင် ဒဏ်ရာရထားသောကြောင့် ဤနေရာတွင် အသက်ဆုံးရှုံးရလိမ့်မည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းသည်။ ဓားကျိုး၏အပိုင်းအစတစ်ခုသည် သူ့လက်ဝါးပေါ်သို့ ရောက်လာသည်။

ဓားချီနှင့်ချီစွမ်းအင်များ လှုပ်ရှားသွားပြီး သူက ဓား၏မှတ်ဉာဏ်ကို မြင်လိုက်ရသည်။

အလင်းခုနစ်ပါးဓားဂိုဏ်းသည် သတ်ဖြတ်မှုများကို သတ်ဖြတ်မှုဖြင့် ရပ်တန့်သည်။

ထိုဂိုဏ်းတွင် အသန်မာဆုံးလူကသာ ရှင်သန်နိုင်သည်။ အပြင်စည်းမှစတင်၍ တပည့်များအားလုံးကို အဆင့်သတ်မှတ်ချက်နှင့်အတူ ရွေးချယ်သည်။

ကောင်းကင်အဆင့်သို့ရောက်လာသော ဓားကျင့်ကြံသူများအားလုံးသည် အရှုံးမပေးသောစိတ်ဓာတ်နှင့် ပြိုင်ဘက်များအားလုံးကို သတ်ဖြတ်ခဲ့သည်။ သူတို့၏ဓားတွင် မရေမတွက်နိုင်လောက်သောသွေးများ စွန်းထင်းနေသည်။

ကျူးဝူရှစ်က ဝိညာဉ်ကိုယ်ခွဲအဆင့်တွင် ရှိနေသည်။ သူက တိုက်ပွဲတိုင်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ချန်ထားခဲ့သည်။

ဟန်မူယဲ့က သတ်ဖြတ်ခြင်းဖြင့် တာအိုရှာဖွေသော ဓားကျင့်ကြံသူများ၏လမ်းစဉ်ကို မတားဆီးသော်လည်း သတ်ဖြတ်ခြင်းအပေါ်တွင် အပြည့်အဝမှီခိုထားသော လမ်းစဉ်မျိုးသည် ဂိုဏ်း၏ အဓိကကျင့်ကြံခြင်း ဖြစ်မလာသင့်ပေ။

သို့သော် အလင်းခုနစ်ပါးဓားဂိုဏ်းတွင် သူတောင်စင်နှစ်ပါးရှိပြီး သူတော်စင်တစ်ဝက်အဆင့်ဓားကျင့်ကြံသူများလည်း ရှိနေသည်။ သူတို့က အလွန်ခွန်အားကောင်းသည်။

ထိုစွမ်းအားမျိုးသည် သာမန်ကျင့်ကြံခြင်းလောကတွင် စိတ်ကြိုက်သောင်းကျန်းနိုင်သည်။

ဓား၏မှတ်ဉာဏ်များကို ဟန်မူယဲ့က ဖတ်ရှုပြီးသွားခဲ့သည်။

သူက အလင်းခုနစ်ပါးဓားဂိုဏ်း၏ လသုံးစင်းဓားနည်းစနစ်ကို နားလည်ခဲ့သည်။

သူက အလင်းခုနစ်ပါးဓားဂိုဏ်း၏ အနန္တကြယ်ဓားနည်းစနစ်ကို နားလည်ခဲ့သည်။

....

ဟန်မူယဲ့က ဓားကိုင်ထားပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

‘ကျူးဝူရှစ်ထွက်ပြေးသွားတဲ့နေရာက စိတ်ဝင်စားဖို့ကောင်းသားပဲ’

သူတွေးမိသည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ ဓားအလင်းများ ပေါ်ထွက်လာပြီး သူက လက်ထဲတွင်ရှိသောဓားဖြင့် ခုတ်ချလိုက်သည်။

သဏ္ဍာန်မဲ့ ....

အဝေးတစ်နေရာတွင် မော့ဝူရှဲ့က ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး အနက်ရောင်မိစ္ဆာမြူခိုးများကို ထုတ်လွှတ်သည်။

“ဘန်း”

“ဘန်း”

မိစ္ဆာမြူခိုးများ၏အပြင်ဘက်တွင် ဓာအလင်းများ သွယ်ယှက်နေပြီး မခန့်မှန်းနိုင်အောင် ခုတ်ချလိုက်သည်။ သို့သော် အဆုံးတွင် ခုခံမှုကို မချိုးဖောက်နိုင်ခဲ့ပေ။

ဓားအလင်းနှင့်မြူခိုးများ ပျောက်ကွယ်သွားသောအချိန်တွင် မော့ဝူရှဲ့လည်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရှိနေသော သိန်းချီသည့်မိစ္ဆာစစ်သည်များက ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာသွားသည်။

ဟန်မူယဲ့က ဟွမ်တင်းရှုကို ခေါင်းညိတ်ပြလိုက်ပြီး ပျံထွက်သွားသည်။

သူက ကောင်းကင်ကြိုးကြာတောင်ပံကို ထိန်းချုပ်ထားပြီး အာကာသထဲတွင် ပုံမှန်အတိုင်း ပျံသန်းနေသည်။

ဓားချက်သည် ကျူးဝူရှစ်၏ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။ သူက မည်သို့ပင်ထွက်ပြေးပါစေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ကျူးဝူရှစ်က နောက်မှလိုက်လာသောဟန်မူယဲ့ကို သတိထားမိလိုက်သည်။ သူက အကြိမ်ရေအနည်းငယ်ခန့် ဦးတည်ချက်ပြောင်းပြီး အရှိန်မြှင့်လိုက်သည်။

သို့သော် ဟန်မူယဲ့က တည်ငြိမ်စွာ ဆက်လိုက်လာသည်။

မိုင်ငါးသိန်းအကွာသို့ ရောက်လာသောအခါတွင် ကျူးဝူရှစ်က ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး ရပ်တန့်သွားသည်။ သူက တစ်ဖက်သို့လှည့်ပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး နောက်မှဆက်လိုက်လာသည်။

ကျူးဝူရှစ်က သုံးရက်ဆက်တိုက် လျင်မြန်စွာထွက်ပြေးနေခဲ့သည်။ အဆုံးတွင် သူက ဥက္ကာခဲများဖြင့်ပြည့်နေသော နေရာတစ်ခုသို့ရောက်လာပြီး ပျောက်ကွယ်သွားသည်။

သူ့အငွေ့အသက်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့ချန်ထားခဲ့သော အမှတ်အသားကိုပင် အာရုံမခံနိုင်တော့ပေ။

‘သူတော်စင်တစ်ပါးက လှုပ်ရှားလာတာလား’

ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ဓားကျိုးအပိုင်းအစကိုထုတ်ယူ၍ မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်သည်။

အသက်တစ်ရာရှုချိန်ခန့်အကြာတွင် ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

“ဘယ်နေရာရောက်နေတာလဲ ငါသိပြီ ....”

ဤနေရာသည် ပြင်ပဘုံဓားကျင့်ကြံသူ၏ အမွေအနှစ်များရှိနေသော ဟွမ်ရီရှန့်ရှာတွေ့ထားသည့်နေရာဖြစ်သည်။

ဟွမ်ရီရှန့်က ဓားအမြုတေများသန့်စင်နိုင်မည့် ကျောက်စိမ်းပေလွှာတစ်ခု၊ ဓားဆေးလုံးသုံးလုံးနှင့် တခြားပစ္စည်းကောင်းများကို ရခဲ့သည်။

ဟန်မူယဲ့က ဓားဆေးလုံး၏မှတ်ဉာဏ်များကို ပြန်တွေးကြည့်လိုက်ပြီး ဓားကျိုးအပိုင်းအစကို လွှတ်လိုက်သည်။ သူက ကျူးဝူရှစ်၏တည်နေရာကို လိုက်မရှာတော့ဘဲ ဆက်လက်ပျံသန်းသွားသည်။

မရေမတွက်နိုင်လောက်သောဥက္ကာခဲများကို ဖြတ်ကျော်ပြီးသောအခါတွင် ပတ်ဝန်းကျင်သည် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က မိုင်တစ်ရာပတ်လည်ခန့်ကျယ်ဝန်းသော ဥက္ကာခဲတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။ သူက ရှေ့တွင်ရှိနေသော သွယ်ယှက်နေသည့်ဓားအမှတ်အသားများကို မြင်ရသည်။

ဤနေရာတွင် ဓားကျင့်ကြံသူများ တိုက်ခိုက်ခဲ့ကြသည်။

ဟန်မူယဲ့က ဓားအမှတ်အသားများ၏ ဓားကွက်များကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်သည်။

“ဓားခွန်အား၊ ဓားဆန္ဒ”

သူက ရေရွတ်လိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်သွားသည်။

ရှေ့တွင်ရှိသော တောင်စောင်း၏အောက်တွင် ပေတစ်ထောင်ရှည်လျားသော လိုဏ်ဂူတစ်လုံးရှိသည်။

လိုဏ်ဂူထဲတွင် ဓားရှည်များ၏အမှတ်အသားကို နေရာအနှံ့တွင် မြင်နိုင်သည်။

ပေသုံးသောင်းခန့် ဆက်သွားပြီးသောအခါတွင် ရင်းနှီးနေသောပုံရိပ်ကို မြင်လိုက်ရသည်။

ဟွမ်ရီရှန့်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဟွမ်ရီရှန့်က ပျက်စီးနေသောကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်က ခြောက်သွေ့နေပြီး အသက်ရှူသံများ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

သူက ဒဏ်ရာများနှင့်အတူ အခွင့်အရေးရှာဖွေရန်အတွက် ဤနေရာသို့ ရောက်လာခဲ့သည်။ သို့သော် သူက အခွင့်အရေးများကို ရှာတွေ့ခဲ့ပုံမရပေ။

ဟန်မူယဲ့က ဟွမ်ရီရှန့်ဆီသို့ လျှောက်သွားလိုက်ပြီး လက်ထဲတွင်ရှိသော ကျောက်စိမ်းရောင်ဓားလေးကို ကြည့်သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဓားလေးသည် သူ့လက်ဝါးထဲသို့ ရောက်လာသည်။

ဓားချီနှင့် ချီစွမ်းအင်များ တိုးဝင်သွားသည်။ ဓားလေးသည် ညင်သာစွာတုန်ခါလာသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

ဓားလေးသည် ဓားတစ်လက်မဟုတ်သော်လည်း ဓားများနှင့် သက်ဆိုင်နေသည်။

ဓားလေးသည် အမွေအနှစ်တစ်ခုနှင့်သက်ဆိုင်သော ချိပ်တံဆိပ်ဖြစ်သည်။

ဓားစံအိမ် ....

သုံးထပ်ဓားစံအိမ်နှင့် ငါးထပ်ဓားစံအိမ်တို့မဟုတ်ဘဲ အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ ခြောက်ထပ်ဓားစံအိမ်နှင့် သက်ဆိုင်နေသည်။

“အဆုံးမဲ့ပင်လယ်မှာ ဒီလိုနေရာမျိုး ရှိနေတာလား”

ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်အတွင်းရှိ ကျွန်းစုများကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

အဆုံးမဲ့ပင်လယ်၏အနက်ပိုင်းတွင် ကျွန်းများပေါ်၌နေထိုင်သော ကျင့်ကြံသူများရှိသည်။

ကျင့်ကြံသူအများစုသည် နယ်မြေအသီးသီးမှ မတော်တဆရောက်လာကြသည်။ ထို့အပြင် အများစုသည် ဓားကျင့်ကြံသူများဖြစ်ကြသည်။

ကျွန်းများပေါ်သို့ရောက်လာသော သူတို့၏ရည်ရွယ်ချက်ကိုတော့ ဟန်မူယဲ့က စိတ်ဝင်စားမိသည်။

ရောင်းဝယ်ခြင်း ....

သူတို့က အချင်းချင်း သို့မဟုတ် အဆုံးမဲ့ပင်လယ်အတွင်း၌ရှိသော မိစ္ဆာများနှင့် ရောင်းဝယ်နိုင်သည်။

ဤနေရာသည် အဆုံးမဲ့ပင်လယ်အတွင်း၌ လူသားနှင့်မိစ္ဆာများ ငြိမ်းချမ်းစွာရှိနိုင်သည့် တစ်ခုတည်းသောနေရာဖြစ်သည်။

ဤနေရာတွင်ရှိနေသော ကောင်းကင်တာအိုသည် မဟာတာအို၏အပြင်ဘက်တွင် ရှိနေပုံရသည်။

ပြန့်ကျဲကြယ်ကျွန်းများ ....

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော ကျောက်နံရံပေါ်ရှိ သွယ်ယှက်နေသည့်အင်းကွက်ကို ကြည့်လိုက်ပြီး သိချင်လာသည်။

‘ပြန့်ကျဲကြယ်ကျွန်းတွေရဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အလုပ်လုပ်နေတုန်းလား’

‘အလုပ်မလုပ်တော့ဘူးဆိုရင် ကျူးဝူရှစ်က ဘာဖြစ်လို့ ပျောက်ကွယ်သွားတာလဲ’

ဟန်မူယဲ့က လက်ထဲတွင် ကျောက်စိမ်းရောင်ဓားလေးကို ကိုင်ထားပြီး လက်မြှောက်သည်။ သူ့ဓားဆန္ဒသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ကျရောက်သွားသည်။

“ဝီ”

ညင်သာသောအသံနှင့်အတူ လှိုင်းတွန့်များက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

ဟန်မူယဲ့က လှိုင်းတွန့်များနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

“ဘုန်း”

သူပျောက်ကွယ်သွားသောအချိန်တွင် မိုးခြိမ်းသံတစ်ခု ပေါ်ထွက်လာသည်။

“ဒါက အဆုံးမဲ့ပင်လယ် နတ်ဘုရားဘုရင်ရဲ့ နောက်ထပ်လှည့်ကွက်တစ်ခုပဲလား။ အဆုံးမဲ့ပင်လယ်က တကယ်ပဲ ငါတို့အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ ရန်သူဖြစ်ချင်နေတာလား”

အာကာသထဲတွင် အသံတစ်သံကို ကြားနိုင်သည်။

“တာအိုရောင်းရင်းဟူ မေ့လိုက်ပါ။ ငါတို့က အချိန်မြစ်ထဲမှာ ပြန်လည်မွေးဖွားခြင်းတချို့ကို ကြုံတွေ့ခဲ့ရုံပါပဲ။ နတ်ဘုရားဘုရင်က ငါတို့ကို ဘယ်လိုလုပ်ပြီး အလေးအနက်ထားမှာလဲ”

“ဒီတာအိုပြိုင်ပွဲကို တည်တည်ငြိမ်ငြိမ်ကြီးကြပ်ပြီး အကျိုးအမြတ်တချို့ရနိုင်မလားပဲ ကြည့်ကြရအောင်”

“ဟုတ်တယ်။ အဆုံးမဲ့ပင်လယ်ဘုရင်က တာအိုပြိုင်ပွဲမှာ ဝင်မပါလောက်ဘူး။ သူက ဒီအခွင့်အရေးကို စိတ်မဝင်စားဘူး”

အိုမင်းနေသောအသံတချို့ ပေါ်ထွက်လာပြီး လေဟာနယ်သည် ဖြည်းဖြည်းချင်း ပြန်လည်တိတ်ဆိတ်သွားသည်။

....

ဟန်မူယဲ့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်းမဟုတ်ပေ။

သူက တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ကမ္ဘာနှစ်ခုကြားခရီးသွားနိုင်သည့် စွမ်းအားကို ကြုံတွေ့ခဲ့ဖူးသည်။

ယခုအချိန်တွင် နောက်တစ်ကြိမ်ထပ်ကြုံလိုက်ရသောကြောင့် ပိုမိုနက်ရှိုင်းစွာ နားလည်သွားသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်သို့မရောက်လျှင် ထိုအစီအရင်မျိုးကိုတည်ဆောက်ရန် မဖြစ်နိုင်ပေ။

ပြန့်ကျဲကြယ်ကျွန်းများ၏နောက်ကွယ်တွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ဦး ရှိနေလိမ့်မည်။

“ဘန်း”

သူက နက်မှောင်နေသောပင်လယ်ထဲသို့ ကျသွားသည်။ လှိုင်းလုံးများသည် ရေခိုးရေငွေ့များကို သယ်ဆောင်ထားပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

ဟန်မူယဲ့က ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားဖြင့် ရေအောက်တွင်ကူးခပ်နေသောငါးများကို မြင်နိုင်သည်။

‘အဆုံးမဲ့ပင်လယ်မှာ ဒီလိုမျိုးသန့်စင်တဲ့နယ်မြေတစ်ခု ရှိနေတယ်ပေါ့’

ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိနေသော အနက်ရောင်ပင်လယ်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

‘ဒီကျွန်းတွေရဲ့ပတ်ဝန်းကျင်မှာပဲ သာမန်ပင်လယ်ရေတွေ ရှိနေတာထင်တယ်’

ဤနေရာကို မဟာနတ်ဘုရားစွမ်းရည်များဖြင့် အထူးတည်ဆောက်ထားသည်။ တာအိုနယ်မြေတစ်ခုနှင့် ဆင်တူသည်။

ဟန်မူယဲ့က ရေမျက်နှာပြင်ပေါ်တွင် ရပ်နေသည်။ သူက တစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး ရေလှိုင်းများကြားတွင်လှုပ်ရှားနေသော သစ်သားလှေတစ်စင်းကို မြင်ရသည်။

လှေဦးထိပ်တွင် အင်္ကျီရင်ဘတ်ဖွင့်ထားသော လူငယ်တစ်ယောက်က ပိုက်ကွန်ကို ဖြည်းဖြည်းချင်း ဆွဲယူသည်။ ထို့နောက် အစွမ်းကုန်သုံး၍ ပိုက်ကွန်ကို ပစ်လွှတ်လိုက်သည်။

လူငယ်က ရေထဲသို့ကျသွားသောပိုက်ကွန်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းသည်။ ထို့နောက် သူက အစွမ်းကုန်သုံး၍ ပိုက်ကွန်ကို လှေပေါ်သို့ လျင်မြန်စွာတင်သည်။

ပိုက်ထဲတွင် အရွယ်အစားအမျိုးမျိုးရှိသောငါးများ ခုန်ပေါက်နေသည်။ ထို့အပြင် ခရုနှင့် ပုစွန်တုပ်များလည်း ရှိနေသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး လှေဦးထိပ်သို့ ရောက်လာသည်။

ပိုက်ကွန်တွင် ဓားကျိုးတစ်လက်ငြိနေသည်။

ကျူးဝူရှစ်က ဓားကျိုးကို စွန့်ပစ်ခဲ့သည်။

သူက ပြန့်ကျဲကြယ်ကျွန်းများသို့ အမှန်တကယ်ပင် ရောက်လာခဲ့သည်။ သို့သော် လျှို့ဝှက်နည်းစနစ်အချို့သုံး၍ ဟန်မူယဲ့ချန်ထားသောအမှတ်အသားကို ဖယ်ရှားပစ်လိုက်သည်။

“မဟာ .... မဟာအင်မော်တယ် ....”

ဟန်မူယဲ့ရောက်လာသောကြောင့် ပိုက်ကွန်သိမ်းလိုက်သောလူငယ်သည် တစ်ကိုယ်လုံးတုန်ခါပြီး ဖင်ထိုင်လျက်လဲကျသွားသည်။

“ဒါက ပြန့်ကျဲကြယ်ကျွန်းတွေရဲ့ ဘယ်ကျွန်းလဲ”

ဟန်မူယဲ့က ခေါင်းငုံ့လိုက်ပြီး ညင်သာစွာမေးသည်။

“ပိုးစုန်းကြူး၊ ပိုးစုန်းကြူးကျွန်းပါ”

လူငယ်က အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ဟန်မူယဲ့လျင်မြန်စွာထွက်သွားရန် မျှော်လင့်နေပုံပေါ်သည်။

All Chapters