← Chapters

အခန်း (၅၆၃)

Vol. 41 Ch. 563

အခန်း (၅၆၃)

Vol. 41 Ch. 563

ဟန်မူယဲ့က ပိုးစုန်းကြူးကျွန်း၏အမည်ကို ကြားလိုက်ရသောအခါတွင် ထွက်မသွားဘဲ ပြုံးလိုက်သည်။

“ပိုးစုန်းကြူးကျွန်းတဲ့လား”

“တော်ဝင်ရှုခင်းဓားဆိုင်ကို သိလား”

ဟန်မူယဲ့က ထိုင်ကျသွားသောလူငယ်ကိုကြည့်လိုက်ပြီး နွေးထွေးစွာပြောသည်။

“မင်းရဲ့နာမည်က ဘယ်သူလဲ”

‘ငါ့နာမည်ကို မေးနေတာလား’

လူငယ်၏မျက်နှာထားက ဖြူဖျော့သွားပြီး ဟန်မူယဲ့ကို လျင်မြန်စွာအရိုအသေပေးလိုက်သည်။

“အင်မော်တယ်ကြီး ကျွန်တော်က မိသားစုကို ထောက်ပံ့ပေးနေရတာပါ။ ကျေးဇူးပြုပြီး သွေးယဇ်ပူဇော်ဖို့ မသုံးလိုက်ပါနဲ့”

“ကျွန်တော့်အိမ်မှာ မွေးကင်းစကလေးနှစ်ယောက်လည်း ရှိပါသေးတယ်။ ကျွန်တော်သေရင် သူတို့အားလုံး သေသွားပါလိမ့်မယ်”

‘သွေးယဇ်ပူဇော်တာလား’

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ရုတ်တရက်လက်မြှောက်၍ ပိုက်ကွန်တွင်ငြိနေသောဓားကျိုးကို လှမ်းယူသည်။

ဓားကျိုးက တုန်ခါနေသည်။ အဝေးတစ်နေရာတွင် လေထုအားထိုးခွဲလာသော ဓားမြည်သံကို ကြားနိုင်သည်။

“ဆရာဦးလေး သူပဲ”

ကျူးဝူရှစ်က အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောသည်။

ကျူးဝူရှစ်၏အသံနှင့်အတူ ကောင်းကင်ထက်မှ ဖိအားတစ်ခု ကျဆင်းလာသည်။

ပေတစ်သောင်းရှည်လျားသော တောင်တစ်လုံးဖြစ်သည်။ ဆယ်မိုင်ပတ်လည်အတွင်း၌ရှိသော ပင်လယ်ရေသည် ပေတစ်ထောင်အထိ နိမ့်ဆင်းသွားသည်။

ထိုစွမ်းအားကြောင့် လှေကလေးသည် ချက်ချင်းဖိချခံလိုက်ရသည်။ လူငယ်က မျက်နှာတစ်ခုလုံးနီရဲသွားပြီး ဒွါရခုနစ်ပေါက်မှ သွေးများစီးကျလာသည်။

ဟန်မူယဲ့က နှာမှုတ်လိုက်ပြီး ဓားကိုမြှောက်သည်။

ဓားအလင်းသည် အဆုံးမရှိသောပင်လယ်ရေကို မွှေနှောက်လိုက်ပြီး လှေကလေးကို ရစ်ပတ်ထားသည်။

‌ရေဓာတ်မျိုးဆက်၏ ပထမဓားကွက်၊ ရေပြင်ညီလှေ ....

ရေပြင်ညီလှေဓားကွက်သည် ရန်သူကို တိုက်ခိုက်ရုံသာမက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်နိုင်သည်။

ဓားအလင်းသည် ရေထုကိုဦးဆောင်၍ လှေကလေးကို ရစ်ပတ်ထားပြီး ကျဆင်းလာသောစွမ်းအားများကို ရေလှိုင်းထဲသို့ လွှဲပြောင်းပေးလိုက်သည်။

ရေသည် အလွန်နူးညံ့သည်။

ဖိအားက မည်သို့ပင်သန်မာပါစေ အပိုရေလှိုင်းများကို ဖြစ်ပေါ်လာစေရုံသာ တတ်နိုင်ခဲ့သည်။

အကယ်၍ ဟန်မူယဲ့၏ ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားက အဆုံးမဲ့ပင်လယ်၏ရေထုကို မဆွဲဆောင်နိုင်လျှင် ထိုဖိအားကို တောင့်ခံနိုင်မည်မဟုတ်ပေ။

သို့သော် ပြန့်ကျဲကြယ်ကျွန်းစု၏ပတ်ဝန်းကျင်တွင် ရေထုသည် ကြည်လင်ပြီး နူးညံ့ညင်သာမှုရှိသည်။ ရေဓာတ်လိုက်ဖက်ညီမှုကိုလည်း ကောင်းမွန်စွာအသုံးချနိုင်သည်။

ဖိအားကြောင့် ပြင်းထန်သောရေလှိုင်းများ ဖြစ်ပေါ်လာသည်။

လှေပေါ်တွင်ရှိသောလူငယ်က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် ကောင်းကင်တစ်ခုသဖွယ်ဖြစ်နေသော နေရာအနှံ့သို့ပက်ဖျန်းသွားသည့်ရေထုကို မြင်ရသည်။

သူက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အရိုအသေပေး၍ တီးတိုးပြောသည်။

“မဟာအင်မော်တယ်၊ အင်မော်တယ်ကြီး ....”

လောကတွင် သာမန်လူသားများအားကာကွယ်ပေးမည့် ကျင့်ကြံသူများရှိနေကြောင်း သူမသိခဲ့ပေ။

‘ပိုးစုန်းကြူးကျွန်းရဲ့ ဘယ်ကျင့်ကြံသူတွေက လူသားတစ်ယောက်ကို ကယ်တင်လို့လဲ’

‘ဒီအင်မော်တယ်က တခြားလူတွေနဲ့ မတူသလိုပဲ’

ဟန်မူယဲ့က သူ့ကိုလျစ်လျူရှုထားပြီး လက်ထဲတွင်ရှိသောဓားကို ထပ်မြှောက်သည်။

လေထုထဲတွင် သွေးစွန်းနေသောအဖြူ‌ရောင်ဝတ်စုံနှင့် ကျူးဝူရှစ်တစ်ယောက် ရှိနေသည်။ သူ့မျက်လုံးများက ထက်မြိနေသောဓားတစ်လက်ကဲ့သို့ ရေထုကိုဖြတ်သန်းပြီး ဟန်မူယဲ့ကို ကြည့်နေသည်။

သူ့ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ရှိသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခွန်အားများကို ထုတ်ဖော်နေသည်။

လူအိုကြီး၏ရင်ဘတ်တွင် ရှည်လျားသောမုတ်ဆိတ်များက လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။ သူက ခုနစ်ပေကျော်အရပ်ရှည်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ဟီးဟီး၊ ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားက တကယ်မြင့်တာပဲ။ ဒီမိတ်ဆွေလေးက ရေဝိညာဉ်နန်းတော်နဲ့ ဘယ်လိုပတ်သတ်လဲမသိဘူး”

လူအိုကြီး၏အသံက ပေါ့ပါးနေသည်။

“ငါက အလင်းခုနစ်ပါးစံအိမ်ရဲ့ ဇူအော်ထျန်းယာပါ။ ဒီနေ့ဖြစ်သွားတာက နားလည်မှုလွဲတာလည်း ဖြစ်နိုင်တာပဲ”

လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် ကျူးဝူရှစ်က မျက်လုံးပြူးသွားသည်။ သူက လူအိုကြီးကိုကြည့်လိုက်ပြီး ခေါင်းငုံ့ထားသည်။

ရေဝိညာဉ်နန်းတော်၊ အလင်းခုနစ်ပါးစံအိမ် ....

ဟန်မူယဲ့က ကျောက်စိမ်းရောင်ဓားလေးမှတစ်ဆင့် ပြန့်ကျဲကြယ်ကျွန်းများ၏အင်အားစုကို မြင်ခဲ့သည်။

နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် မိသားစု ၁၅ခု ရှိသည်။ ဟန်မူယဲ့ရှာနေသော ခြောက်ထပ်ဓားစံအိမ်အမွေအနှစ်သည် စံအိမ်ခုနစ်ခုမှ ဆဌမခေါင်းဆောင်စံအိမ်တွင် ရှိနေသည်။

ကျောက်စိမ်းရောင်ဓားလေး၏ပိုင်ရှင်သည် ပိုးစုန်းကြူးကျွန်းမှ တော်ဝင်ရှုခင်းဓားဆိုင်၏ ဆိုင်ရှင်ဖြစ်ခဲ့ဖူးသည်။

နန်းတော်သုံးခုသည် ရေဝိညာဉ်နန်းတော်၊ ယွီလင်နန်းတော်နှင့် မိစ္ဆာတစ်သောင်းနန်းတော်တို့ ဖြစ်သည်။

ထိုနန်းတော်သုံးခုတွင် မဟာကျင့်ကြံသူများရှိနေပြီး ပြန့်ကျဲကြယ်ကျွန်းများ၏ နံပတ်တစ်အင်အားစုဖြစ်သည်။

စံအိမ်ခုနစ်ခုတွင်လည်း စောင့်ကြပ်နေသောကျွမ်းကျင်သူများရှိပြီး ခွန်အားကောင်းသည်။

မိသားစု ၁၅ခုတွင် ကျွမ်းကျင်သူများ အသီးသီးပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်နယ်မြေရှိသည်။ သူတို့က ကူးသန်းရောင်းဝယ်မှုများကိုလည်း လုပ်ဆောင်ကြသည်။

ပြန့်ကျဲကြယ်ကျွန်းများသည် စီးပွားရေးနယ်မြေဖြစ်သည်။

ဇူအော်ထျန်းယာသည် အလင်းခုနစ်ပါးစံအိမ်မှဖြစ်သည်။ အလင်းခုနစ်ပါးစံအိမ်၏နောက်ကွယ်တွင် အလင်းခုနစ်ပါးဓားဂိုဏ်း ရှိနေလိမ့်မည်။

ဟန်မူယဲ့က တစ်ဖက်လူ၏ခွန်အားကို ခံစားကြည့်နိုင်သည်။

ထိုလူက အနည်းဆုံး ဝိညာဉ်ကိုယ်ခွဲပဥ္စမအဆင့်သို့ရောက်နေသော ဓားတာအိုကျင့်ကြံသူတစ်ဦးဖြစ်သည်။

အဆုံးမဲ့ပင်လယ်နှင့် တာအို၏ဖိနှိပ်မှုကို မခံစားရသည့်အတွက် တစ်ဖက်လူ၏တိုက်ခိုက်နိုင်စွမ်းသည် အလွန်သန်မာလိမ့်မည်။

သို့သော် ဟန်မူယဲ့၏ဝိညာဉ်သည် ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များထက် ပိုမိုသန်မာသည်။ သူက တိုက်ပွဲကို မကြောက်ပေ။

“နားလည်မှုလွဲတာတဲ့လား”

“ခင်ဗျားက နားလည်မှုလွဲနေတာထင်တယ်။ ကျွန်တော်က ရေဝိညာဉ်နန်းတော်ကမဟုတ်သလို နန်းတော်သုံးခုနဲ့လည်း မသက်ဆိုင်ဘူး”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ ဓားဦးဖြင့် ညွှန်ပြသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျူးဝူရှစ်က ပြ့ုးသည်။ သူစကားပြောတော့မည့်အချိန်တွင် ဇူအော်ထျန်းယာက ပြောလိုက်ပြန်သည်။

“နားလည်မှုလွဲသွားလည်း ကိစ္စမရှိပါဘူး။ အငြိုးအတေးတွေမရှိသလို သင့်မြတ်တာလည်း မရှိတော့ဘူးပေါ့။ ငါက အလင်းခုနစ်ပါးစံအိမ်ရဲ့ကိုယ်စား မင်းကို ပြန့်ကျဲကြယ်ကျွန်းတွေဆီ ဖိတ်ခေါ်ပါရစေ”

ထိုသို့ဖြင့် သူက ဟန်မူယဲ့၏စကားကိုမစောင့်ဘဲ ခပ်ဟဟရယ်၍ ပျံထွက်သွားသည်။

ကျူးဝူရှစ်၏အပြုံးက တောင့်တင်းသွားသည်။ သူက ရုတ်တရက် လမ်းပျောက်သွားသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားဖြင့် ကျူးဝူရှစ်ကို ညွှန်ပြလိုက်သည်။

ကျူးဝူရှစ်က ကြောင်အသွားသည်။ သူက အံတင်းတင်းကြိတ်၍ စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက်သွားသည်။

သူ့ဒဏ်ရာက ပြင်းထန်သည်။ သူက ဟန်မူယဲ့ကို ကြောက်ရွံ့နေပြီး ထပ်မံမတိုက်ခိုက်ရဲတော့ပေ။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူတို့မတိုက်ခိုက်လျှင်လည်း ကိစ္စမရှိပေ။

သူက ကျောက်စိမ်းရောင်ဓားလေးနှင့်ပတ်သတ်နေသော ခြောက်ထပ်ဓားစံအိမ်ကိုရှာဖွေရန်အတွက် ပြန့်ကျဲကြယ်ကျွန်းများသို့ ရောက်လာခြင်းဖြစ်သည်။

ခြောက်ထပ်ဓားစံအိမ်သည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးနှင့် သက်ဆိုင်နေသည်။ ဟန်မူယဲ့က အထက်ဘုံသုံးပါးနှင့်ပတ်သတ်၍ အတော်လေးသိချင်နေခဲ့သည်။

သူက ကျင့်ကြံခြင်းနှင့် ပိုမိုပတ်သတ်လေ အထက်ဘုံသုံးပါးနှင့်ပတ်သတ်၍ ပိုသိချင်လာလေ ဖြစ်နေသည်။

‘အဲဒီမှာ မရေမတွက်နိုင်လောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေရှိနေပြီး လောကကို အုပ်စိုးထားနိုင်တာလား’

‘အထက်ဘုံသုံးပါးက နေရာကောင်းတစ်ခုမဟုတ်ဘူးလို့ ကောင်းကင်တာအိုဘိုးဘေးက ဘာဖြစ်လို့ပြောခဲ့တာလဲ’

ဇူအော်ထျန်းယာနှင့် ကျူးဝူရှစ်တို့ ထွက်သွားသောအချိန်တွင် လူငယ်က ပြန်ထိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းသည်။

ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် သူက လျင်မြန်စွာ ဦးညွှတ်ပြန်သည်။

“အင်မော်တယ်ကြီး ကျွန်တော့်နာမည်က ကျန့်တနျိုပါ။ ကျွန်တော်က တံငါသည်တစ်ယောက်ပါ”

ထိုသို့ဖြင့် သူက အကြိမ်ရေအနည်းငယ်ခန့် ထပ်မံအရိုအသေပေးလိုက်ပြီး ဆက်ပြောသည်။

“အင်မော်တယ်ကြီးက သွေးယဇ်ပူဇော်ချင်တယ်ဆိုရင် ကျွန်တော်က အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး နေ့ဝက်လောက် အချိန်ပေးပါ။ ကျွန်တော့်မိသားစုအတွက် စီစဉ်ပေးချင်လို့ပါ”

ဟန်မူယဲ့က ကျန့်တနျို၏မျက်နှာထားကို ကြည့်လိုက်သည်။ သူက အသက်စွန့်ရန် အမှန်တကယ် ဆန္ဒရှိပုံရသည်။

‘ပိုးစုန်းကြူးကျွန်းပေါ်မှာ သာမန်လူသားတွေက သွေးယဇ်ပူဇော်ကြတာလား’

ဟန်မူယဲ့က ထိုဖြစ်ရပ်ကို ကျောက်စိမ်းဓားထဲတွင် မမြင်ခဲ့ပေ။ ကျောက်စိမ်းဓားက သာမန်လူသားများ၏ဘဝကို ဂရုစိုက်ရန် အလေးမထားခြင်းလည်း ဖြစ်နိုင်သည်။

“ကောင်းပြီ။ ငါက တော်ဝင်ရှုခင်းဓားဆိုင်မှာ ရှိနေမယ်”

“မင်းက မိသားစုကို စီစဉ်ပေးပြီး တော်ဝင်ရှုခင်းဓားဆိုင်မှာ ငါ့ကိုလာရှာပါ”

ဟန်မူယဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။ သူက တစ်ချက်လှုပ်ရှားပြီး ကမ်းခြေသို့ ရောက်သွားသည်။ ထို့နောက် ဦးတည်ချက်ရှာပြီး ကျွန်း၏အလယ်သို့ သွားလိုက်သည်။

ကျွန်းလယ်တွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်နေပြီး အဆုံးမရှိ‌သောဈေးတန်းတစ်ခု ရှိနေသည်။

“တော်ဝင်ရှုခင်းဓားဆိုင် ....”

ကျန့်တနျိုက ခါးသီးနေသောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အသားပြားဖြစ်သွားခဲ့သော ငါးနှင့်ပုစွန်တုပ်များကို ကြည့်သည်။

သူက ငါးနှင့်ပုစွန်များကို ပင်လယ်ထဲသို့ ပြန်ချလိုက်သည်။ ပိုက်ကွန်ကို ဆေးကြောပြီး အကြိမ်ရေအနည်းငယ်ခန့် ကွန်ပစ်လိုက်သည်။ ထို့နောက် သူက ကမ်းရိုးတန်းတွင်ရှိနေသော မြစ်စွယ်တစ်ခုထဲသို့ ဝင်သွားသည်။

ထိုနေရာတွင် သစ်သားလှေအချို့နှင့်အတူ ဖုံးကွယ်နေသော ရေပေါ်ရွာလေးတစ်ရွာ ရှိနေသည်။

....

“ဆရာဦးလေး”

ကျူးဝူရှစ်က ခေါင်းငုံ့ထားလိုက်သည်။

သူက ဝိညာဉ်ကိုယ်ခွဲအဆင့်တွင်ရှိသော်လည်း အတားအဆီးနှင့်ကြုံတွေ့နေရပြီး အဆင့်တက်ရန် မျှော်လင့်ချက်မရှိတော့ပေ။ ထို့ကြောင့် သူက ဂိုဏ်းတွင် တန်ဖိုးထားမခံရပေ။

ဆရာဦးလေးဇူအော်ထျန်းယာသည် ဂိုဏ်း၏အာဏာနှင့်ကြွယ်ဝမှုအချို့ကို ဆုပ်ကိုင်ထားနိုင်သည်။ ထို့အပြင် သူက နယ်မြေတစ်ခုလုံးကိုသတ်ဖြတ်ခဲ့သော မဟာဓားကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

ဇူအော်ထျန်းယာ၏ရှေ့တွင် ကျူးဝူရှစ်က အပြစ်ရှိစိတ်ကို ခံစားရသည်။

အလင်းခုနစ်ပါးဓားဂိုဏ်းတွင် ဂိုဏ်းသားအချင်းချင်းသတ်ဖြတ်မှုကို တားဆီးထားခြင်းမရှိပေ။

ဇူအော်ထျန်းယာက ကျူးဝူရှစ်ကိုကြည့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“ငါက ဘာဖြစ်လို့မလှုပ်ရှားခဲ့တာလဲ မင်းသိလား”

‘ဘာဖြစ်လို့လဲ’

ကျူးဝူရှစ်က နားမလည်နိုင်သောမျက်နှာထားဖြင့် မော့ကြည့်သည်။

“ကျင့်ကြံခြင်းလောကမှာ သတ်ဖြတ်ခြင်းနဲ့တိုက်ခိုက်ခြင်းပဲ ရှိနေတာမဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက အရင်းအမြစ်တွေ ဖလှယ်နိုင်ဖို့ပဲ”

“မင်းက စားသောက်ပြီး ပျော်ပါးနေနိုင်ရင် သတ်ဖြတ်တာကို ကိုယ်တိုင်လုပ်ဖို့ လိုနေအုံးမှာလား”

ဇူအော်ထျန်းယာက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

‘စားသောက်ပြီးပျော်ပါးတာလား’

“သွားကြစို့။ အဲဒီကလေးက နန်းတော်သုံးခုနဲ့မပတ်သတ်ဘူးလို့ ပြောခဲ့တဲ့အတွက် သူ့အသက်က သိပ်ပြီး တန်ဖိုးမရှိဘူး”

“အသက်ခိုးယူခြင်းမျှော်စင်ကိုသွားပြီး တာဝန်တစ်ခုထုတ်ပြန်လိုက်မယ်။ ဝိညာဉ်ပုလဲသုံးသောင်းက အဲဒီကလေးရဲ့အသက်ကိုယူဖို့ လုံလောက်ပါတယ်”

‘တာဝန်တစ်ခုထုတ်ပြန်မှာလား’

‘အသက်ခိုးယူခြင်းမျှော်စင်’

‘ဝိညာဉ်ပုလဲသုံးသောင်း’

ဝိညာဉ်ပုလဲသုံးသောင်းသည် ဝိညာဉ်ကျောက်တုံးသန်းသုံးဆယ်နှင့် ညီမျှသည်။ သို့သော် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူတစ်ဦးအား ထိခိုက်အောင်လုပ်နိုင်သော ကျွမ်းကျင်သူတစ်ယောက်အတွက် နည်းပါးနေသေးသည်။

ပြန့်ကျဲကြယ်ကျွန်းများသည် ကျင့်ကြံခြင်းလောကနှင့် ကွဲပြားနေသည်ဟု ကျူးဝူရှစ်က ခံစားလိုက်ရသည်။

ကျင့်ကြံခြင်းလောကတွင် သန်မာသူများသည် လေးစားခံရသည်။ သို့သော် ဤနေရာတွင် ထိုသို့ဖြစ်ပုံမရပေ။

“ပြန့်ကျဲကြယ်ကျွန်းရဲ့စည်းကမ်းတွေက ထူးဆန်းပြီး တခြားနေရာနဲ့မတူဘူးလို့ မင်းထင်လား”

ဇူအော်ထျန်းယာက နောက်လှည့်မကြည့်ဘဲ တည်ငြိမ်စွာပြောသည်။

ကျူးဝူရှစ်က ခေါင်းညိတ်လိုက်သည်။

All Chapters