← Chapters

အခန်း (၅၆၄)

Vol. 41 Ch. 564

အခန်း (၅၆၄)

Vol. 41 Ch. 564

သူက ဂိုဏ်းထဲတွင် နှစ်ထောင်ချီကျင့်ကြံထားသော အကြီးအကဲတစ်ဦးဖြစ်သည်။

သို့သော် ဆရာဦးလေးဖြစ်သူ၏ရှေ့တွင် သူက မမောက်မာရဲပေ။

“မရေမတွက်နိုင်လောက်တဲ့ နတ်ဘုရားဘုရင်တွေက တခြားကမ္ဘာတွေနဲ့ အရောင်းအဝယ်လုပ်ဖို့အတွက် ပြန့်ကျဲကြယ်ကျွန်းတွေကို တည်ဆောက်ခဲ့တယ်”

“နန်းတော်သုံးခုရဲ့ ယွီလင်နန်းတော်ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ယွီလင်တာအိုဂိုဏ်းက တည်ထောင်ခဲ့တယ်”

“နတ်ဘုရားဘုရင်က ဘာကိုပြောချင်တာလဲ မင်းသိလား”

“မင်းက ယွီလင်တာအိုဂိုဏ်းကို ကြားဖူးလား”

ဇူအော်ထျန်းယာက ညင်သာစွာပြောလိုက်ပြီး တစ်ခုခုအချက်ပြနေသကဲ့သို့ ကျူးဝူရှစ်ကို လှည့်ကြည့်သည်။

ကျူးဝူရှစ်၏မျက်လုံးထဲတွင် ထိတ်လန့်မှုများပေါ်လာပြီး တောင့်တင်းစွာ ခေါင်းညိတ်သည်။

နတ်ဘုရားဘုရင်များသည် နယ်မြေတစ်ခု၏ ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ သူတို့က နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်ပြီး သူတို့၏ကျင့်ကြံခြင်းက အမည်မသိအဆင့်တစ်ခုတွင် ရှိနေသည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် နတ်ဘုရားဘုရင်များ နှစ်ယောက်၊ သုံးယောက်ခန့် ရှိနေသောကြောင့် အဓိက ကမ္ဘာကြီးတစ်ခု ဖြစ်လာသည်။

နှစ်ထောင်ချီကျင့်ကြံလာခဲ့သော ကျူးဝူရှစ်က ယွီလင်တာအိုဂိုဏ်းကိုလည်း သိထားသည်။

ထိုဂိုဏ်းသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

ယွီလင်တာအိုဂိုဏ်းတွင် နတ်ဘုရားဘုရင်များ ရှိနေသည်။

‘ပြန့်ကျဲကြယ်ကျွန်းက ဘယ်လိုနေရာမျိုးလဲ။ ဘာဖြစ်လို့ အင်အားစုတွေအများကြီး စုစည်းနေတာလဲ’

ကျူးဝူရှစ်က နားမလည်နိုင်ပေ။

တာအိုပြိုင်ပွဲတွင် အသက်အန္တရာယ်နှင့်ကြုံတွေ့လာခဲ့လျှင် ပြန့်ကျဲကြယ်ကျွန်းသို့သွားပြီး ရှောင်တိမ်းနိုင်သည်ဟု သူ့ဆရာက ပြောခဲ့သည်။

သို့သော် သူက ပြန့်ကျဲကြယ်ကျွန်း၏အကြောင်းကို မသိပေ။

ဇူအော်ထျန်းယာက ခေါင်းခါလိုက်သည်။ သူက ချီစွမ်းအင်အလင်းများကိုထုတ်လွှတ်၍ ကုန်းမြေတစ်ခုနှင့်တူသော ဧရာမကျွန်းတစ်ကျွန်းဆီသို့ ပျံသန်းသွားသည်။

ကျွန်း၏တစ်ဖက်တွင် ချီစွမ်းအင်အလင်းများ တောက်ပနေပြီး သွေးရောင်တချို့လည်း ရောပါနေသည်။

....

ပိုးစုန်းကြူးကျွန်းသည် မိုင်သုံးရာခန့်ကျယ်ပြန့်သည်။ ပြန့်ကျဲကြယ်ကျွန်း၏ပတ်ဝန်းကျင်တွင် ပိုးစုန်းကြူးကျွန်းကဲ့သို့ကျွန်းများ တစ်ရာခန့်ရှိသည်။

ဟန်မူယဲ့က ၁၅မိနစ်အတွင်း၌ ကျွန်းပေါ်တွင်ရှိသောမြို့ဆီသို့ ရောက်လာသည်။

ဤဈေးတန်းကို မြို့လေးတစ်မြို့အဖြစ် ယူဆနိုင်သည်။ မြို့အပြင်ဘက်တွင် စိုက်ကွင်းများရှိပြီး ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးထာသည်။

ဟန်မူယဲ့မမြင်ဘူးသော ဝိညာဉ်သစ်သီးများလည်း ရှိနေသည်။

စိုက်ကွင်းများကို ပြုပြင်ထားပုံရပြီး ချီစွမ်းအင်တချို့ စိမ့်ဝင်နေသည်။

စိုက်ကွင်းထဲတွင် ချီစွမ်းအင်အလင်းဖြင့်တောက်ပနေသော လူသားနှင့်ကျင့်ကြံသူများ ရှိနေသည်။

ထိုလူများက သူတို့ကိုယ်တိုင် စိုက်ပျိုးနေခြင်းဖြစ်နိုင်သလို အင်အားစုတစ်ခုနှင့် သက်ဆိုင်ခြင်းလည်း ဖြစ်နိုင်သည်။

မြို့တံခါးဝသို့သွားရာလမ်းတွင် ဟန်မူယဲ့က ကျင့်ကြံသူအများအပြားကို မြင်ခဲ့သည်။

ထုံးကျောက်များခင်းထားသောလမ်းတွင် အဝတ်အစားအမျိုးမျိုးဝတ်ပြီး ကျင့်ကြံဆင့်မတူညီသောကျင့်ကြံသူများက သွားလာလှုပ်ရှားနေကြသည်။

သို့သော် ကျင့်ကြံသူအများစုက ပြုံးနေကြသည်။

ပြန့်ကျဲကြယ်ကျွန်းများသည် ကျင့်ကြံခြင်း၏ သုခဘုံတစ်ခု ဖြစ်ပုံရသည်။

ဟန်မူယဲ့က ထုံးကျောက်လမ်းပေါ်တွင် လျှောက်သွားနေပြီး ပတ်ဝန်းကျင်မြင်ကွင်းများသည် ကျောက်စိမ်းဓားလေး၏မှတ်ဉာဏ်နှင့် ထပ်တူကျသွားသည်။ ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်သွားသည်။

လမ်းဘေးတွင်ရှိသောဈေးဆိုင်များသည် အဆောင်လက်ဖွဲ့၊ ဆေးလုံး၊ ရှေးဟောင်းစာအုပ်၊ ဝင်္ကပါပြား စသည်ဖြင့် ရောင်းချနေကြသည်။

တချို့ဆိုင်များသည် နှစ်ဆိုင်၊ သုံးဆိုင်ခန့် အတူတွဲဆက်ထားပြီး ထူးခြားသောအငွေ့အသက်များကို ဖော်ထုတ်နေသည်။ တချို့ဆိုင်များက ထောင့်တစ်နေရာကိုသာ ပိုင်ဆိုင်ထားသည်။

ဝိညာဉ်ဆေးပင်၊ ဝိညာဉ်သတ္တု၊ မီးပြင်းဖိုနှင့် ဓားများကို ချရောင်းနေသော လမ်းဘေးဈေးသည်များလည်း ရှိနေကြသည်။

ထို့အပြင် အစေခံအဖြစ် အလုပ်လုပ်နေသော သာမန်လူသားများနှင့် အစားအစာရောင်းချနေသော သာမန်လူသားများကိုလည်း မြင်ခဲ့ရသည်။

ဟန်မူယဲ့က ထိုမြင်ကွင်းမျိုးကို နန်းမြို့တော်တွင်သာ မြင်ဖူးခဲ့သည်။

သို့သော် နန်းမြို့တော်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံး၏ ဗဟိုချက်ဖြစ်သည်။

အကယ်၍ ပြန့်ကျဲကြယ်ကျွန်းများ၏ ရာချီသောကျွန်းများအားလုံးသည် ဤသို့ဖြစ်နေလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နန်းမြို့တော်ထက် နိမ့်ကျခြင်းမရှိတော့ပေ။

ပြန့်ကျဲကြယ်ကျွန်းများ၏နောက်ကွယ်တွင် စိတ်ကူးမယဉ်နိုင်လောက်သော အင်အားစုတစ်ခု ရှိနေလိမ့်မည်။

လမ်းလေးခါပြောင်းပြီး သုံးမိုင်ခန့်လျှောက်လာပြီးသောအခါတွင် ဟန်မူယဲ့က နှစ်ထပ်စံအိမ်တစ်လုံးကို မြင်လိုက်ရသည်။

“တော်ဝင်ရှုခင်းဓားဆိုင်”

တံခါးနှင့်ပြတင်းပေါက်များသည် အနည်းငယ်အရောင်လွင့်နေပြီး လှေကားထစ်ပေါ်တွင် ရေညှိများတက်နေသည်။ ဤနေရာသို့ အချိန်အတော်ကြာသည်အထိ လူတစ်ယောက်မှလာခဲ့ပုံမရပေ။

ဆိုင်ရှေ့တွင်ရှိသော မဂ္ဂနိုလီယာသစ်ပင်နှစ်ပင်သည် အတော်လေးကြီးထွားနေပြီး စံအိမ်၏ပြတင်းပေါက်များကို ဖုံးကွယ်ထားသည်။

လမ်းတစ်ဖက်တွင်ရှိသောဈေးဆိုင်မှ လူတစ်ယောက်သည် တော်ဝင်ရှုခင်းဓားစံအိမ်ရှေ့တွင်ရပ်နေသော ဟန်မူယဲ့ကို မြင်သွားပုံရသည်။ သူက ခေါင်းထုတ်ကြည့်လိုက်ပြီး ပြောသည်။

“တာအိုရောင်းရင်းက ဓားအကဲဖြတ်ဖို့ ရောက်လာတာလား”

“တာအိုရောင်းရင်းကျောက်ယုကျင့်က ပိုးစုန်းကြူးကျွန်းကနေထွက်သွားတာက နှစ်သုံးဆယ်ကြာပြီ။ သူက တစ်ခေါက်မှပြန်မလာခဲ့ဘူး”

“ဓားအကဲဖြတ်ဖို့အတွက်ဆိုရင် လန်ဖျင့်လမ်းမှာရှိတဲ့ မြစ်ဓားဆိုင်ကို သွားလို့ရတယ်”

ဟန်မူယဲ့က ငါးအရိုးဖြင့်လုပ်ထားသော ပစ္စည်းများအားရောင်းချသည့် ဈေးဆိုင်ကိုကြည့်လိုက်ပြီး ပြုံးသည်။

“ခင်ဗျားက ငါးယောက်မြောက်ဦးလေးကျားပဲ ဖြစ်လိမ့်မယ်”

ကျောက်စိမ်းဓားလေးထဲတွင် ကျားဝူက ကမ္ဘာမြေသွေးကြောဖွင့်အဆင့်တွင်ရှိနေသည်ဟု ဖော်ပြထားသည်။ သူက ကြင်နာတတ်သောလူတစ်ယောက်ဖြစ်ပြီး ဓားပိုင်ရှင်ကျောက်ယုကျင့်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။

ကျားဝူက အံ့အားသင့်သွားပြီး ဗလာဖြစ်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ကျွန်တော့်နာမည်က ဟန်မူယဲ့ပါ။ ကျောက်ယုကျင့်က ကျွန်တော့်ရဲ့ ဆရာဦးလေးပါ။ သူက အခွင့်အရေးတစ်ခုရပြီး ဂိုဏ်းကိုပြန်သွားတယ်။ ပြီးတော့ တော်ဝင်ရှုခင်းဓားဆိုင်ကိုသွားဖို့ ကျွန်တော့်ကို ညွှန်ကြားခဲ့တယ်”

“ဦးလေးကျားက ကြင်နာတတ်တဲ့လူတစ်ယောက်လို့ ဆရာဦးလေးကျောက်က ပြောလိုက်တယ်။ ဓားဆိုင်နဲ့ပတ်သတ်ပြီး မသိတာရှိရင် မေးလို့ရတယ်တဲ့”

ကျောက်ယုကျင့်က အခွင့်အရေးတစ်ခုရပြီး ဂိုဏ်းသို့ပြန်သွားကြောင်း ကြားလိုက်ရသောအခါတွင် ကျားဝူက ပျော်ရွှင်သွားပြီး အားကျနေသည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“ဂိုဏ်းတွေရှိတာအ‌ကောင်းဆုံးပဲ။ ငါတို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ မတူတော့ဘူး ....”

သူက မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

“ကျားဝူက ဆိုင်ရှင်ဟန်ကို နှုတ်ဆက်ပါတယ်။ ငါက ပိုးစုန်းကြူးကျွန်းမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့တယ်။ ဆိုင်ရှင်ဟန်က တစ်ခုခုနားမလည်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်လိုက်ပြီး ဓားဆိုင်ဆီသို့ လျှောက်သွားသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ရွှေရောင်ဓားအလင်းတစ်ခုက ဆိုင်တံခါးနှင့် ထိတွေ့သွားသည်။

ကျောက်စိမ်းဓားထဲတွင် တံခါးဖွင့်ရန်အတွက် မှတ်တမ်းများကို မြင်ခဲ့သည်။ ထိုမှတ်တမ်းမရှိလျှင်ပင် ဓားစံအိမ်၏အမွေဆက်ခံသူတစ်ယောက်အနေဖြင့် ဟန်မူယဲ့အတွက် တံခါးဖွင့်ရန် ခက်ခဲမည်မဟုတ်ပေ။

ဟန်မူယဲ့က တံခါးဖွင့်လိုက်သောအခါတွင် ကျားဝူက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ကျင့်ကြံခြင်းနည်းစနစ်များကို လှည့်စားနိုင်မည်မဟုတ်ပေ။ ကျင့်ကြံခြင်းနည်းစနစ်နှင့် မရင်းနှီးသောလူက ဆိုင်တံခါးကို လွယ်ကူစွာမဖွင့်နိုင်ပေ။

ဟန်မူယဲ့က ဆိုင်ရှင်ကျောက်ယုကျင့်၏ ဂိုဏ်းတူညီငယ်တစ်ယောက် ဖြစ်လိမ့်မည်။

ဓားဆိုင်ပြန်ဖွင့်လာသောကြောင့် ပတ်ဝန်းကျင်ရှိဈေးဆိုင်များက အာရုံစိုက်ထားသည်။

ကျားဝူက ဟန်မူယဲ့နှင့် မိတ်ဆက်ပေးလိုက်သည်။

လူအများသည် ကျောက်ယုကျင့်၏အခွင့်အရေးကို အားကျနေကြသည်။ ထို့နောက် သူတို့က ဟန်မူယဲ့နှင့် မိတ်ဆက်လိုက်သည်။

ကျောက်စိမ်းဓား၏မှတ်ဉာဏ်များအရ ဟန်မူယဲ့က ရင်းနှီးသောဆိုင်ရှင်တချို့၏နာမည်များကို ထုတ်ပြောခဲ့သည်။

ထို့ကြောင့် တခြားလူများက သံသယဝင်တော့မည်မဟုတ်ပေ။

ကျောက်ယုကျင့်၏နောက်ကွယ်တွင် ဓားတာအို၏ ဂိုဏ်းကြီးတစ်ဂိုဏ်းရှိနေသည်။ ထို့ကြောင့် သူက ဆိုင်ဖွင့်လိုက်သောအချိန်တွင် လေးစားခံရသည်။

ဟန်မူယဲ့၏ကိုယ်ဟန်ကလည်း ဂိုဏ်းသေးတစ်ဂိုဏ်းမှ ရောက်လာသောပုံစံနှင့် မတူပေ။

ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော ကျင့်ကြံသူအများစုသည် မတော်တဆရောက်လာသော တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က အင်အားစုကြီးများအပေါ်တွင် မှီခို၍ အသက်မွေးဝမ်းကြောင်းပြုရသည်။

သူတို့က အင်အားစုကြီးမှလူများကို ကြောက်ရွံ့ကြသည်။

ဟန်မူယဲ့က လူတိုင်းနှင့် နှုတ်ဆက်စကားများ ဖလှယ်လိုက်ပြီး ရင်းနှီးအောင်ကြိုးစား၍ ဆိုင်ထဲသို့ ပြန်သွားခဲ့သည်။

ဓားဆိုင်၏ပထမထပ်သည် ဓားစံအိမ်ကဲ့သို့ သစ်သားစင်များနှင့် ပြည့်နေသည်။

ကျောက်ယုကျင့်က ဓားစံအိမ်၏ စမ်းသပ်ခံတပည့်တစ်ဦးဖြစ်သည်။ သူက သုံးထပ်စံအိမ်ကိုပင် မပိုင်ခဲ့ပေ။ သူက ဓားများကိုစုဆောင်းရန်အတွက် တော်ဝင်ရှုခင်းဓားဆိုင်ကို ဖွင့်လှစ်ခဲ့သည်။

သို့သော် သူက အခွင့်အရေးများရှာဖွေရန် ထွက်သွားသောအချိန်တွင် သေဆုံးခဲ့ရသည်။

ပထမထပ်တွင်ရှိသော သစ်သားစင်အများစုသည် ဗလာဖြစ်နေသည်။ ဓားအချို့ရှိသော်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး ဝိညာဉ်လက်နက်အဆင့်အထိမရောက်သော အဆင့်နိမ့်လက်နက်များဖြစ်သည်။

တော်ဝင်ရှုခင်းဓားဆိုင်က ဓားများကို ရောင်းချသည်။ တစ်ခါတလေတွင် ဓားများကို အကဲဖြတ်ရန်အတွက် ကူညီပေးသည်။

ဟန်မူယဲ့က ဓားစံအိမ်၏တပည့်တစ်ယောက်ဖြစ်‌သောကြောင့် ဓားနှင့်ပတ်သတ်၍ နက်ရှိုင်းစွာနားလည်ထားသည်။

ကျောက်ယုကျင့်က ပိုးစုန်းကြူးကျွန်းပေါ်တွင် တခြားလူများ၏ဓားကို အကဲဖြတ်ပေးပြီး အဆက်အသွယ်များ စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူက အခွင့်အရေးနှင့်ပတ်သတ်၍ သတင်းအချို့ ရခဲ့သည်။

စံအိမ်၏ဒုတိယထပ်တွင် ကျင့်ကြံခြင်းအတွက် တိတ်ဆိတ်သောအခန်းတစ်ခန်းနှင့် ဓားအကဲဖြတ်ပေးရန်အတွက် စောင့်ဆိုင်းရန်အခန်းတစ်ခန်း ရှိသည်။

သို့သော် ကျောက်ယုကျင့်က နှစ်ပေါင်းသုံးဆယ်ကြာသည်အထိ ပြန်မလာခဲ့သည့်အတွက် စံအိမ်သည် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသည်။

ဟန်မူယဲ့က အပေါ်ထပ်နှင့်အောက်ထပ်ကို ပတ်ကြည့်ပြီး သန့်ရှင်းရေးလုပ်လိုက်သည်။

ကျောက်စိမ်းရောင်ဓားလေးသည် ခြောက်ထပ်ဓားစံအိမ်၏အခွင့်အရေးနှင့် ပတ်သတ်နေသည်။

သို့သော် ဓားစံအိမ်ကိုရရန်အတွက် လွယ်ကူလိမ့်မည်မဟုတ်ပေ။

သူက အရင်ဆုံး ကျောက်ယုကျင့်၏ တူတပည့်ဖြစ်ရန် လိုအပ်သည်။ ထို့နောက် ဆိုင်ကိုလည်ပတ်ပြီး ဓားစံအိမ်မှကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် အဆက်အသွယ်များ စုဆောင်းရမည်။

ဓားစံအိမ်မှတပည့်များ၏ လမ်းညွှန်မှုမရှိလျှင် သူက ခြောက်ထပ်စံအိမ်ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က နေ့ဝက်အကြာတွင် ဒုတိယထပ်၏ တိတ်ဆိတ်သောအခန်းကို သန့်ရှင်းရေးလုပ်ပြီးသွားခဲ့သည်။

သူက အောက်ထပ်သို့ ဆင်းလာသောအခါ တံခါးဝတွင်ရှိနေသော ကျန့်တနျိုကို မြင်လိုက်ရသည်။

ဟန်မူယဲ့ရောက်လာသောအခါတွင် ကျန့်တနျိုက လှေကားပေါ်သို့ လျင်မြန်စွာတက်လာပြီး ပြောလိုက်သည်။

“ကျန့်တနျိုက ဒီကိုရောက်လာပါပြီအင်မော်တယ်။ အင်မော်တယ်ကြီးအတွက် အသက်စွန့်ဖို့ ဆန္ဒရှိပါတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“မင်းရဲ့မိသားစုကို ဘယ်လိုပြောခဲ့လဲ”

ဟန်မူယဲ့၏စကားကြောင့် ကျန့်တနျိုက အံ့အားသင့်သွားသည်။

သူက ခေါင်းငုံ့လိုက်ပြီး ညင်သာစွာပြောသည်။

“အင်မော်တယ်ကြီးတစ်ယောက်က ကျွန်တော့်ကို အစေခံအဖြစ်ခေါ်သွားတဲ့အတွက် သုံးနှစ်ကြာရင် ပြန်လာခဲ့မယ်လို့ ပြောခဲ့ပါတယ်”

“ကျွန်တော်ပြန်မလာရင်တော့ သူမက ကလေးတွေကိုခေါ်ပြီး နောက်ထပ်မိသားစုတစ်ခု ထူထောင်ပါလိမ့်မယ် ....”

ကျန့်တနျိုက ခေါင်းငုံ့ထားသည်။

“ကောင်းပြီ။ အဲဒါဆိုရင် မင်းက ဒီဆိုင်မှာ အစေခ့လုပ်ရမယ်။ ဆိုင်မှာနေပြီး ဆိုင်မှာစားရမယ်။ မင်းရဲ့မိသားစုဆီကို တစ်လတစ်ကြိမ် ပြန်သွားနိုင်တယ်”

“မင်းရဲ့လစာက မင်းရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်နေတယ်။ ဆိုင်က စီးပွားရေးကောင်းရင် တစ်လမှာ ဝိညာဉ်ကျောက်တုံး သုံးတုံးကနေ ငါးတုံးအထိ ပေးနိုင်တယ်”

All Chapters